ဇော်အောင် (မုံရွာ) - ကျွန်တော်ကြားဖူးသောပုံပြင်တခု - သမ္မတနှင့်အခွန်ရှောင်သူများ


ဇော်အောင် (မုံရွာ) - ကျွန်တော်ကြားဖူးသောပုံပြင်တခု - သမ္မတနှင့်အခွန်ရှောင်သူများ
သြဂုတ်  ၂၄၊ ၂၀၁၄


အမေရိကန်နိုင်ငံတွင် သမ္မတများစွာ၊ အရွေးမခံရမီက သတင်းထောက်များ အင်တာဗျူးကြသည်။ သမ္မတဖြစ်လိုပါသလား ..မေးခွန်းကို ဂျွန်အက်ဖ်ကနေဒီ၊ အိုက်ဆင်ဟောင်ဝါ၊ ဘီလ်ကလင်တွန် ..နောက်ဆုံး ဂျော့ခ်ျဒဘလျူဘွတ်ခ်ျ၊ ဘာရက်အိုဘားမား  စသည်တို့က ဖြေကြားချက်မှာ ... မိမိသည် သမ္မတဖြစ်ရန်မပြည့်စုံပါကြောင်း၊ သမ္မတဖြစ်ရန်လည်းမမျှော်လင့်ပါကြောင်း၊ သမ္မတလည်းမလုပ်လိုပါကြောင်း... သို့သော် မိမိပါတီနှင့်ပြည်သူလူထုက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လာပါက အများပြည်သူဆန္ဒနှင့်အညီ သမ္မတလုပ်ပါမည် ..ဟုဆိုသတည်း။ အဆိုပါ သမ္မတလောင်းများသည် အားလုံး သမ္မတအဖြစ် ရွေးချယ်ခံရပြီး အမေရိကန်နိုင်ငံကို ၄နှစ် (သို့မဟုတ်) ၈နှစ် အုပ်ချုပ်ခဲ့ကြပါသည်။

ကွန်ပြူတာ၊ ဒေါ့ကွန်းများ အလွန်ခေတ်စားစဉ် သက္ကရာဇ် ၂၀၀၀ ခန့်ကဖြစ်သည်။ အလွန်အစွမ်းထက်လှသော စူပါကွန်ပြူတာကြီးတစ်ခုပေါ်လာပြီး ကမ္ဘာကြီးသည် စူပါကွန်ပြူတာများလက်အောက် ရောက်တော့မလား ..ဖြစ်နေချိန်၊ ထိုစူပါကွန်ပြူတာကြီးကို သတင်းထောက်များက အင်တာဗျူးကြသည်။ စူပါကွန်ပြူတာကြီး အမေရိကန်သမ္မတလုပ်လိုပါသလား.. မေးခွန်းကို စူပါကွန်ပြူတာကြီးက သမ္မတလုပ်လိုပါကြောင်း၊ အရည်အချင်းလည်းပြည့်စုံပါကြောင်း .. ဖြေခဲ့ပါသည်။ ထိုစူပါကွန်ပြူတာကြီး အမေရိကန်သမ္မတဖြစ်မလာခဲ့ပါချေ။

ယခု မြန်မာပြည်တွင် အမေရိကန်သမ္မတလုပ်လိုသူ ပေါများလှပေသည်။ ၂၀၁၅တွင် မည်သူသမ္မတဖြစ်မည်နည်း .. လက်ရှိ မြန်မာသမ္မတကြီးကတော့ ပြန်လုပ်လိုဟန်မရှိ။ သို့သော် ယခုတော့ မလုပ်လိုဟု မပြောတော့ပြန်ပါ။
တောင်ကိုးရီးယားတွင် သမ္မတရွေးပွဲများစွာအရှုံးချည်းဖြစ်နေခဲ့သူ၊ သမ္မတဖြစ်လိုသောဆန္ဒကို စွန့်လွှတ်လိုက်ပြီး၊ နိုင်ငံခြားတွင်ပါမောက္ခသွားလုပ်နေချိန်၊ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုံ အကြောင်း တင်ပြလိုပါသည်။ အသက်၇၃နှစ်အရွယ်ကျမှ သမ္မတရွေးပွဲကို မပြိုင်ချင်ပဲ လာပြိုင်သောအခါ အရွေးခံရပြီး၊ တောင်ကိုးရီးယားသမ္မတဖြစ်လာသည်။ ၁၉၉၈ - ၂၀၀၃ တောင်ကိုးရီးယားသမ္မတလုပ်ခဲ့ပြီး၊ အသက်၇၈နှစ်တွင် အနားယူသည်။ သူသည် ငြိမ်းချမ်းရေးသမားဖြစ်သည်။ သူ့လက်ထက်တွင် ကိုးရီးယားနိုင်ငံ အကြီးကျယ်တိုးတက်ခဲ့သည်။ သူ့လက်ထက်တွင် ကမ္ဘာ့ဖလားဘော်လုံးပွဲ အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့ပြီး၊ တောင်ကိုးရီးယားအသင်း ဆီးမီးဖိုင်နယ်အထိ တက်လာနိုင်ခဲ့သည်။ မြောက်ကိုးရီးယားနှင့်ငြိမ်းချမ်းရေးလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည်။  လာဘ်စားမှုများဖြင့် သေဒဏ်အရေးယူခံရသော သမ္မတဟောင်း စစ်ဗိုလ်ချုပ်ဟောင်း၂ဦး (ချွန်ဒူးဝမ် နှင့် နိုတေဝူး) တို့ကို သေဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့သည်။ စစ်ခေါင်းဆောင်ဟောင်း သမ္မတကြီး၂ဦးသည် နောင်တရခဲ့ကြသည်။ 

Corruption ကို မြန်မာလို အကျင့်ပျက်လာဘ်စားမှု ဟုခေါ်သည်။ အစိုးရဝန်ထမ်းများ အကျင့်ပျက်မှုဖြစ်သည်။ အခွန်ရှောင်ခြင်းသည် High Level Corruption ဖြစ်သည်။ မည်သို့အခွန်ရှောင်သနည်းကို ပြည်သူလူထု နားလည်ဖို့ခက်ပေသည်။ အစိုးရကိုယ်တိုင်ပင် အခွန်ကောက်နေကျ မရှိသောကြောင့် နားမှလည်ရဲ့လား သံသယရှိပါသည်။ အခွန်ဥပဒေ မရှိသောကြောင့်၊ အခွန်မကောက်တတ်၊ မကောက်ချင်သောကြောင့် တိုင်းပြည်ဘဏ္ဍများစွာ လိုင်စင်/ပါမစ် သမားများထံ ဒလဟော ရောက်သွားသည်။ အိမ်ခြံမြေဈေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများ အဆမတန်ဈေးကြီးသွားသည်။ မြန်မာနိုင်ငံလို ဆင်းရဲသောနိုင်ငံတွင် ဝန်ဆောင်မှုကဏ္ဍ ကြီးမားနေသည်မှာလဲ ပွဲစားအလွန်များနေသည့် နိုင်ငံဖြစ်နေသည်။ ဘာပဲလုပ်လုပ် အဆင့်တွေ အရမ်းများနေသည်။ 

မြန်မာပြည်သည် လျှင်မြန်စွား၊ ရိုးသားပွင့်လင်းစွာ တိုးတက်နေသည်။ ယခု နှေးကွေးသွားခြင်းသည် အခွန်ရှောင်မှုများကို မတားဆီးနိုင်သောကြောင့် ဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံ အခွန်စနစ်ကို ပြုပြင်ရန် ကူညီပေးမည် ဟု ကမ်းလှမ်းသော်လည်း မြန်မာသမ္မတအဖို့ လက်မခံနိုင်ပဲ၊ အခက်ခဲ ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော ကြောက်ခမန်းလိလိ အခွန်မပေးပဲ ကျိကျိတက်အောင် ချမ်းသာလာသောအုပ်စုကို မလွန်ဆန်နိုင်သောကြောင့်ဖြစ်သည်။ မည်မျှအခွန်ရှောင်နေသည်ကို ကြည့်ပါက Tax per GDP တွင် ကမ္ဘာ့နိုင်ငံများက ၄၀% ခန့် အခွန်ကောက်နေချိန် မြန်မာနိုင်ငံက ၃% ပင်မကောက်နိုင်ပဲဖြစ်နေသည်။ GDP 70 billion ရှိသော မြန်မာနိုင်ငံတွင် တစ်နှစ် ၃၇% (US$ 26 billion dollar) နှစ်စဉ် အာဏာပိုင်များနှင့်သူတို့အပေါင်းသင်း၅၀၀ ခွဲဝေယူနေကြသည်။ နိုင်ငံတော်က အခွန်မဆောင်၊ အခွန်မကောက်နိုင်သဖြင့် နိုင်ငံဘဏ္ဍာ အကြီးအကျယ် ဆုံးရှုံးနေရှာသည်။  ကြာလေဆိုးလေ ဖြစ်တော့မည်။ ထိုသို့သော နိုင်ငံသို့ ကုမ္ပဏီကောင်းများ လာရောက်ရင်းနှီးမြှတ်နှံမည်မဟုတ်။ ညစ်ပတ်သောကုမ္ပဏီများနှင့်သာ မြန်မာလူထု ကုသိုလ်ကံဆိုးနေဦးပါမည်။ 

အခွန်ရှောင်သူများကို ဥပဒေစိုးမိုးခြင်းနှင့်၊ ရရှိသောအခွန်ဘဏ္ဍာများကို ပွင့်လင်းမြင်သာစွာသုံးစွဲနိုင်ခြင်းတို့သည် အတူသွားရပါမည်။ ထိုအခြေအနေ ရောက်ဖို့ အဝေးဆို အဝေးကြီးဖြစ်နေရှာသည်။ 

ထို့ကြောင့်...
မြန်မာသမ္မတသည် အခွန်ရှောင်၊ လာဘ်စားဗိုလ်ချုပ်များကို တားဆီးရဖို့ မဖြစ်မနေလုပ်ရပါမည်။ မတားဆီးနိုင်ပါက၊ သမိုင်းတရားခံဖြစ်ပေတော့မည်။

စောင့်မျှော်ကြည့်ရှုရန်ဖြစ်သည်။

 ဇော်အောင်(မုံရွာ)