အရှင်စန္ဒိမာ (မွန်စိန်တောရ) - ဆန်ဖရန်ဘေးဧရိယာအနီး တောအုပ်ရိပ်သာမှာ ဖါးအောက်ဆရာတော် ဝါဆိုနေတော်မူ


 
အရှင်စန္ဒိမာ (မွန်စိန်တောရ)  - ဆန်ဖရန်ဘေးဧရိယာအနီး တောအုပ်ရိပ်သာမှာ ဖါးအောက်ဆရာတော် ဝါဆိုနေတော်မူ
သြဂုတ် ၂၀၊ ၂၀၁၄


Pa Auk-Tawya Vipassana Dhura Hermitage တည်ရှိရာ Sebastopol ဆိုသော ကယ်လီဖိုးနီးယားပြည်နယ်၏ တောအုပ်ကြီးထဲ၌  တစ်ပတ်ကြာ နေထို်င်ခဲ့ခြင်းဖြင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ကျေးဇူးရှင် ဖါးအောက်ဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသအောက်မှာ ခေတ္တမျှ ခိုလှုံခွင့် ရခဲ့ပါသည်။


မိုလ်ဘိုင်းဖုန်းနှင့် အင်တာနက်အဆက်အသွယ်မရသည့်အပြင် မြို့ရွာလူသံမှ အတန်အသင့် ဝေးလံပြီး တိတ်ဆိတ်သီခေါင်သော နယ်မြေဒေသဖြစ်သောကြောင့် အမြင်အကြားစသည့် အာရုံများမှ ကင်းဆိတ်သော ကာယဝိဝေကဖြစ်သည့် နေရာဌါနတစ်ခု ဖြစ်ပါသည်။ ကာယဝိဝေကဖြစ်ခြင်းသည် စိတ်ကို အဆိုပါ အာရုံများမှ ခွါထားနိုင်မည့် စိတ္တဝိဝေကဖြစ်ရန်အတွက်လည်း အထောက်အကူ ဖြစ်စေပါသည်။     


Pa Auk-Tawya Vipassana Dhura Hermitage သည် ဆန်ဖရန်စစ်စကိုမြို့မှ တစ်နာရီခွဲလောက် ကားမောင်းရသည့် ခရီးအကွာအဝေးတွင် တည်ရှိပါသည်။ ဆန်ဖရန်စစ်စကိုမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ မြန်မာပြည်သားများသည် နေ့စဉ် ရောက်လာတတ်ကြပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လောင်းလှူခြင်းနှင့် ဖါးအောက်ဆရာတော်ဘုရားကြီးအား ဖူးမြှော်ကြည်ညိုခွင့်များ ရကြပါသည်။   

သြဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ ပြုလုပ်မည့် တစ်လတရားစခန်းအတွင်း ဖါးအောက်ဆရာတော်ဘုရားကြီးက ထိုင်ဝမ်နို်င်ငံမှ ရောက်လာကြမည့် ယောဂီ ၃၀ ကျော်ကို သမထဝိပဿနာတရားများ ဟောကြားပြသပေးမည်ဟု သိရပါသည်။ နေရာထိုင်ခင်းသည်လည်း ထိုမျှသော ယောဂီအရေအတွက်လောက်သာ ဆန့်ပါသည်။


လက်ရှိတွင် အမေရိကန်ရဟန်းတော်တစ်ပါး၊ ဂျာမန်သီလရှင်တစ်ပါး၊ ထိုင်ဝမ်မဟာယာနဘိက္ခုနီတစ်ပါး၊ အမေရိကန်သီလရှင်သစ်တစ်ပါးတို့ တရားအားထုတ်နေကြပြီး စကာင်္ပူနိုင်ငံသား ကျောင်းဒါယကာ ဇနီးမောင်နှံနှင့် မြန်မာအမျိုးသား အမျိုးသမီးယောဂီတချို့တို့က တရားလည်းအားထုတ်၊ ချက်ပြုတ်ရေးစသော ဝေယျာဝေစ္စကုသိုလ်အလုပ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးနေကြပါသည်။ 


ဖါးအောက်ဆရာတော်ဘုရားကြီးသည် ဝါကျွတ်လျှင် ကျွတ်ချင်း အင်ဒိုနီးရှား၊ ဗီယနမ်၊ ထိုင်းနှင့် တရုတ်ပြည်မ (ပီကင်း၊ ယူနန်) စသော အာရှနိုင်ငံတချို့တွင် ဖါးအောက်တရားဌါနရိပ်သာခွဲများ ဖွင့်လှစ်ခြင်းနှင့် တရားစခန်းများ၌ သမထဝိပဿနာတရားများ ဟောကြားပြသရန် ဓမ္မဓူတခရီး ဆက်လက်ကြွရောက်မည် ဖြစ်ပါသည်။


ဖါးအောက်ဆရာတော်ဘုရားကြီးသည် သက်တော် (၈၁) နှစ် ရှိနေပြီဖြစ်သော်လည်း လုံ့လဝီရိယကြီးမားစွာ ကမ္ဘာအနှံ့ လှည့်လည်ကာ သာသနာပြုတော်မူလျှက် ရှိပါသည်။ ဖါးအောက်ဆရာတော်ဘုရားကြီးသည် နောက်နှစ် လာမည့် ဝါကို ပြင်ဦးလွင်မြို့ ဖါးအောက်တရားဌါနရိပ်သာခွဲ၌ ဝါဆိုနိုင်ဖွယ်ရှိပါကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းမြောက်ဖွယ် သတင်းကောင်းကိုလည်း အသိပေးကြေငြာလိုက်ရပါသည်။