အာဏာသိမ်း ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်ရာထူး ယူပြီ


အာဏာသိမ်း ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်ရာထူး ယူပြီ

(အောင်အောင်ဝင်း ကောက်နုတ် ဘာသာပြန်သည်)
သြဂုတ် ၂၁၊ ၂ဝ၁၄

ထိုင်းနိုင်ငံ အာဏာသိမ်းစစ်ခေါင်းဆောင် Prayuth Chan-ocha ကို သူ့စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ကြာသပတေးနေ့မှာ ခန့်အပ်လိုက်ပါတယ်။

CNN ရုပ်သံကတော့ ဒီဗိုလ်ချုပ် တယောက်တည်း အရွေးခံတာ အရွေးခံလိုက်ရတယ်လို့ ကြေညာပါတယ်။

စစ်ကောင်စီကို ကန့်ကွက်ဝေဖန်တာတွေမလုပ်ဖို့ စစ်တပ်က ဖိအားပေးနေတဲ့ ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာပါဝါ ပိုပေးလိုက်ခြင်းပါပဲ။

ဒါဟာ မေ ၂၂ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အရေးကြီးဖြစ်ရပ်တခုပါ။

အပေါ်မှာ တွေ့ရတာကတော့ တာ့ခရိုင်မြို့တော်ရဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဓာတ်ပုံနဲ့ ဝါဒဖြန့်ဆိုင်းဘုတ်ကြီးပါ။

ဝန်ကြီးချုပ်ရာထူးကနေဖြုတ်ချခံခဲ့ရတဲ့ ရင်လတ်ရှင်နာဝပ်ရဲ့အစိုးရကို ၆ လ ကြာ ဆန္ဒပြကန့်ကွက်မှုတွေအပြီး စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့တာပါ။
ဆန္ဒပြမှုတွေမှာ လူသေဆုံးမှုအများအပြား ရှိခဲ့ပေမယ့် အဲဒီနောက်ကလိုက်လာတဲ့ အာဏာသိမ်းမှုကတော့ သွေးထွက်သံယိုမရှိခဲ့ပါ။

ကာကွယ်ရေးဦးစီးချုပ် (ကာချုပ်)ကို ဒီရာထူး ပေးလိုက်ခြင်းဟာ မကြာခင်ပေါ်ပေါက်လာမယ့် ကြားဖြတ်အိမ်စောင့်အစိုးရဖွဲ့စည်းရေးအတွက် ဆိုသော်ငြားလည်း တကယ့်အာဏာကတော့ စစ်ကောင်စီလက်ထဲမှာပဲ ခိုင်ခိုင်မြဲမြဲ ရှိနေပါမယ်။

ကာချုပ်က ၂၀၁၅ နှောင်းပိုင်းမှာလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို တနှစ်လောက် ကြိုလုပ်ချင်တယ်လို့ ပြောထားပြီးသားပါ။

ကာချုပ်ရဲ့အသက်က ၆၀ ရှိပါပြီ။ ရှေ့လထဲ တပ်ကနေ အနားယူပါမယ်။
အာဏာသိမ်းအပြီးဖွဲ့လိုက်တဲ့ စစ်ကောင်စီရဲ့အကြီးအကဲအဖြစ် ဆက်ရှိနေပါလိမ့်မယ်။

အခု သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်လိုက်ပေမယ့် ထိုင်းဘုရင်ရဲ့ အတည်ပြုချက်တော့ လိုနေပါတယ်။

ကာချုပ်က လမ်းပြမြေပုံ အဆင့် ၃ ဆင့် အပြီးမှာ အာဏာ ပြန်အပ်မယ်လို့ ဆိုထားတာပါ - အဲဒီအဆင့်တွေကတော့ -
 ပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲမှုကို စောင့်ကြည့်မယ့် ကြားဖြတ်အစိုးရ၊ ရွေးကောက်ပွဲ ဆိုတာတွေကို ပြီးစီးအောင် လုပ်ဖို့ပါ။

အနောက်နိုင်ငံတွေကတော့ အာဏာသိမ်းအစိုးရကို သံတမန်ဆက်သွယ်ရေးတွေ လျှော့ချထားပါတယ်။

အခု ထိုင်းမှာ လုပ်လိုက်တဲ့ အပြောင်းအလဲ ဆိုတာတွေက အပေါ်ယံ မိတ်ကပ်လိမ်းခြင်း၊ ကြည့်ကောင်းရုံ လုပ်ခြင်းပါပဲလို့ သူတို့က ဆိုပါတယ်။

ကာချုပ်ဟာ စစ်သားဖြစ်တယ်၊ ဒီမိုကရေစီနည်းအရ ရွေးကောက်ထားတဲ့နိုင်ငံရေးသမား မဟုတ်ဘူး၊ အနောက်နိုင်ငံတွေကတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်လာရေး ဆက်ပြီး ဖိအားပေးမယ်လို့ သံတမန်တဦးက ဆိုပါတယ်။

ကာချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကတော့ ရင်လတ်အစိုးရဖြုတ်ချရေးဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ဆင်တူနေပါတယ်။
ဆန္ဒပြသူတွေက ထိုင်းရွေးကောက်ပွဲမှာ ရင်လတ်ရဲ့အစ်ကို ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သြဇာသက်ရောက်မှု ကင်းစေချင်ကြသူတွေပါ။

စစ်ကောင်စီက အာဏာရယူကတည်းက မစ္စတာသက်ဆင်နဲ့ ဆက်နွယ်မှုရှိတဲ့ အရပ်ဘက်နဲ့ ရဲဘက် အရာရှိအများအပြားကို ရာထူးကနေ ဖြုတ်ချဖယ်ရှားပါတယ်။

ကာချုပ် ဘာဆက်လုပ်မယ်ဆိုတာကို ခန့်မှန်းရခက်တယ် -  ပြန်လည်သင့်မြတ်ရေး၊  ကြားဖြတ်အစိုးရ၊ ရွေးကောက်ပွဲတို့ကို  အချိန်ကိုက် မဖော်ဆောင်ဘူး ဆိုရင်တော့ ထိုင်းမှာ ပြဿနာတွေ ထပ်ဖြစ်မယ် လို့ ဘန်ကောက် မဟီဒေါ တက္ကသိုလ် ပညာရှင်တဦးဖြစ်တဲ့ Gothom က သုံးသပ်ပါတယ်။

ဒီကနေ့တော့ ထိုင်းကာချုပ်က မြန်မာကာချုပ်နဲ့ ပုဂံမှာ တွေ့ပါတယ်။
တချို့သော သဘာဝတွေ တူညီတဲ့ စစ်တပ်နှစ်ခု ဆက်ဆံရေး ကောင်းနေတယ်လို့ သတင်းမှာ ရေးထားပါတယ်။

  • ကိုးကားချက် - 7Day online, CNN နဲ့ REUTERS သတင်းများ