အရှင်စန္ဒိမာ (မွန်စိန်တောရ) - ကောသလမင်းအိပ်မက် (၁၆)ချက်အပြင်

အရှင်စန္ဒိမာ (မွန်စိန်တောရ)    -  ကောသလမင်းအိပ်မက် (၁၆)ချက်အပြင်
သြဂုတ် ၂၅၊ ၂၀၁၄

တောင်သူလယ်သမားများ ထောင်ချခံကြရမှုတွေကို ကြားနေရတာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း တောသား တောင်သူလယ်သမားမိဘမျိုးရိုးမှ လာသူမို့ ပိုပြီး ကိုယ်ချင်းစာနာစိတ် ဖြစ်ရပါတယ်။ ဒါကြောင့် ဒီအကြောင်းကို မနေနိုင်လွန်းလို့ မကြာခဏ ရေးနေမိတာပါ။ အစိုးရအာဏာပိုင်၊ စစ်တပ်နဲ့ ငွေရှင်ကြေးရှင်ကုမ္ဗဏီတွေ ပူးပေါင်းပြီး တောင်သူလယ်သမားများရဲ့ လယ်ယာမြေတွေကို မတရားသိမ်းယူခဲ့ကြတယ်။ သိမ်းယူထားကြတဲ့ လယ်ယာမြေတွေကို စစ်တပ်က ငွေရှင်လုပ်ငန်းရှင်တွေကို ပြန်လည်ရောင်းချ သီးစားခချ လုပ်ကိုင်ခွင့်တွေ ပေးခဲ့ကြတယ်။ မူလပိုင်ရှင် တောင်သူလယ်သမားများကတော့ ဘာလျှော်ကြေးမှ မရ။ လယ်ယာမြေတွေဆုံးရှုံးကာ ဘဝပျက်သွားကြရတယ်။

ယခု ပွင့်လင်းမြင်သာ ပြောဆိုဆန္ဒထုတ်ဖေါ်ခွင့်တွေ အထိုက်အလျှောက် ရလာပြီဆိုတဲ့ အရပ်သားအစိုးရခေတ် ရောက်လာတော့ တောင်သူလယ်သမားများဟာ သူတို့နစ်နာဆုံးရှုံးခဲ့ကြရတဲ့ လယ်ယာမြေတွေကို ပြန်ရဖို့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြကြတယ်။ မထူးခြားတော့ တဆင့်တက် ထွန်တုံးတိုက်ပွဲတွေကို ဆင်နွှဲကြတယ်။ ရလဒ်ကတော့ ပိုင်နက်ကျူးကျော်မှုပုဒ်မ၊ အကျိုးဖျက်ဆီးမှုပုဒ်မတွေနဲ့ အရေးယူထောင်ချတာ ခံကြရတယ်။ မိအေးနှစ်ခါနာဆိုတာကို တောင်သူလယ်သမားများ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံခံစားလိုက်ကြရပါပြီ။  

တောင်သူလယ်သမားများရဲ့ လယ်ယာမြေတွေကို မတရားသိမ်းယူခဲ့ကြစဉ်က တာဝန်ရှိစစ်ဗိုလ်တွေဟာ သူခိုးဓါးပြမှုပုဒ်မနဲ့ အရေးယူမခံကြရဘဲ၊ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်လုပ်ကိုင်နေကြတဲ့ ငွေရှင်တွေဟာ သူခိုးဓါးပြတွေနဲ့ ပူးပေါင်းကြံစည်မှုပုဒ်မနဲ့ အရေးယူမခံကြရဘဲ ကိုယ့်လယ်ကွက်တွေထဲ ဝင်ရောက်ထွန်ယတ်ကြတဲ့အခါကျတော့ မူလပိုင်ရှင် တောင်သူလယ်သမားများခင်မျာမှာ ပိုင်နက်ကျူးကျော်မှုပုဒ်မ၊ အကျိုးဖျက်ဆီးမှုပုဒ်တွေနဲ့ အရေးယူခံကြရတယ်။ မတရားတာတွေက ဗြောင်ကျလွန်းပါတယ်။

စစ်တပ် အစိုးရအာဏာပိုင်တွေ ငွေရှင်တွေနဲ့ ကျောမွဲတောင်သူလယ်သမားများရဲ့ အားပြိုင်ပွဲ၊ တနည်းအားဖြင့် လက်နက်အာဏာငွေရှိကြတဲ့ လူတွေနဲ့ လက်နက်အာဏာငွေမရှိကြတဲ့ လူတွေရဲ့ အားပြိုင်ပွဲလို့ ပြောရမှာပါ။ ဘယ်သူတွေ အနိုင်ရကြသလဲ။ အများသိကြတဲ့ အတိုင်းပါ။

လက်နက်အာဏာငွေ ရှိကြသူတွေက မှန်သလား။ ဒါမှမဟုတ် လက်နက်အာဏာငွေ မရှိကြသူတွေက မှန်သလား။ မှန်ကန်ရင် ကွဲတတ်သတဲ့။ ကမ္ဘာသိ နိုင်ငံကျော် ဟာသလူရွှင်တော် ဇာဂနာ ပြောခဲ့တဲ့ စကားလို့ ဆိုတယ်။ ပညတ်သွားရာ ဓါတ်သက်ပါဆိုတဲ့ စကားလည်း ရှိလေတော့ မှန်ကန်လို့ ကွဲရုံမျှဆိုရင် တော်ပါသေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မှန်ကန်သူများ အရေးယူထောင်ချတာ ခံနေကြရပါပြီ။  

လူ့လောကကြီးမှာ ဂျွန်းထိုးမှောက်ခုံဖြစ်ရပ်တွေကို တွေ့မြင်ရတာ များလွန်းလို့ ဥာဏ်မမှီနိုင်တော့ပါဘူး။ ကောသလမင်းအိပ်မက် (၁၆)ချက်ထဲမှာ ထပ်ဖြည့်စရာတွေ အချက်ပေါင်းများစွာ ရှိနေပြီ ထင်ပါတယ်။

တဖက်သက်အနိုင်ကျင့် မတရားပြုလုပ်တာတွေကို ခံနေကြရသူ ဆုံးရှုံးနစ်နာနေကြရသူ တောင်သူလယ်သမားများကို သနားကရုဏာစိတ် ဖြစ်ရပါတယ်။

ဒါ့အပြင် မတရားမှုတွေကို လက်ရဲဇတ်ရဲ ကျူးလွန်နေကြသူတွေကိုလည်း သနားကရုဏာစိတ် ဖြစ်မိပါတယ်။ ဘာကြောင့် မတရားမှုပြုလုပ်နေကြသူတွေကို သနားကရုဏာစိတ် ဖြစ်မိသလဲဆိုတာ သူတို့ကိုယ်တိုင် နားလည်နိုင်ကြပါလေစ။ သဘောပေါက်နိုင်ကြပါလေစ။ နားလည်သဘောပေါက်နိုင်ကြပါစေလို့ လေးလေးနက်နက် ဆုတောင်းနေမိပါတော့တယ်။    

Photo - Irrawaddy Burmese News