ဇာနီကြီး - ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် အံ့သြစရာမဟုတ်ပါ

 
ဇာနီကြီး -  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် အံ့သြစရာမဟုတ်ပါ
သြဂုတ် ၂၇၊ ၂၀၁၄

မိတ်ဆွေ ဦးအေးရဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့မလွယ်ကြောင်း၊ စင်ကာပူသတင်းစာက ဆောင်းပါးကို ထောက်ခံပြီး၊ လူ့ဦးနှောက်နဲ့လက်ရှိအခြေအနေတွေကို သုံးသပ်သွားပါတယ်။
 နိဂုံးကတော့ ... "သမ္မတကို လွှတ်တော်မှာ မဲပေးပြီး ရွေးတာကိုး။ ဒီချုပ်အနေနဲ့ အပြည့်အ၀ထောက်ခံရင်တောင်မှ စစ်တပ်ကို ကျော်ဘို့ မလွယ်ဘူးဗျို့။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီကိုအာဏာရလာအောင် အကောင်းဆုံး လုပ်နိုင်တာက တခြားပါတီတွေ အထူးသဖြင့် စစ်တပ်နဲ့ ပူးပေါင်းလိုက်ဖို့ဘဲ။  အခြေခံဥပဒေကို မပြင်ဘဲလုပ်လို့ရတာ ရှိပါသေးတယ်ဗျာ။ အနို့ လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်နိုင်သေးတယ် မဟုတ်လား။ သမ္မတလိုမဟုတ်တောင် သမ္မတလိုဘဲ သြဇာမညောင်းပေဘူးလားခင်ဗျာ။ အနှစ် ၄၀ လောက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ အော်လာခဲ့တဲ့စစ်တပ်ပေဘဲ။ ခင်ဗျားတို့အရပ်သားတွေကို နိုင်ငံရေးပါးမ၀သေးဘူး။ သူတို့ဆက်အုပ်ချုပ်မှ ဖြစ်မယ်လို့ ထင်နေသကိုးဗျာ။ သြော်၊ နောက်ပြီး ပြည်တွင်းစစ်ဆိုတာကြီးကလည်း နှစ်ရှည်လများ ဖြစ်နေတဲ့အတွက် ယူနီဖောင်းဝတ်တွေကို ဘေးဖယ်ထုတ်လိုက်ဖို့ ဆိုတာ ရေဝေးထက်ဝေးတဲ့ ဝေလာဝေးထဲကပါပဲ ..." လို့။

  မှတ်ချက်။  ။ ကျွန်တော်ရေးတာမဟုတ်ရပါခင်ဗျာ။ Nirmal Ghosh ဆိုတဲ့ဆရာကြီးရေးတာကို ကျွန်တော်က ဖတ်ကောင်းရုံ နည်းနည်းပါးပါး ကလိလိုက်တာပါ။

ကိုးကား၊ ရေးသားချက်တွေ၊ အကြောင်းပြချက်တွေကတော့ ကောင်းပါတယ်။ ဘာကြောင့် ဒေါ်စုသမ္မတမဖြစ်နိုင်သလဲ ..မေးခွန်းရဲ့ မြန်မာတစ်ယောက်အနေနဲ့ ဖြေရရင်
၁။ မိန်းမအုပ်ချုပ်တာကို မြန်မာတွေမခံနိုင်ဘူး။ စစ်တပ်ဆိုရင် ပိုဝေးတာပေါ့
 
၂။ မိန်းမဝန်ကြီးတောင် မြန်မာ့သမိုင်းမှာ မရှိသေးပါဘူး။
 
၃။ မိန်းမတစ်ဦး နိုင်ငံခေါင်းဆောင်ဖြစ်လာရင်၊ စစ်တပ်ထောက်ခံမှဖြစ်ပါမယ်။ ဒါမှမဟုတ်ရင် ဘနေဇာဘူတို (ပါကစ္စတန်သမ္မတ)လုပ်ကြံခံရသလိုဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် ထိုင်းက ဒေါ်ရင်လတ် စစ်အာဏာသိမ်းခံရသလိုဖြစ်မယ်။

၎။ ခပ်ရှင်းရှင်းရေးပြရရင်.. မြန်မာပြည်မှာ ယောင်္ကျားတစ်ဦးက မိန်းမအများကြီးယူလို့ရတဲ့ ဥပဒေက ဘင်္ဂလားမွတ်ဆလင်တွေလို အခိုင်အမာရှိတယ်။ မျိုးစောင့်ဥပဒေလို့ မိန်းမကိုနှိပ်ကွပ်တဲ့ ဥပဒေရှိနေတယ်။ မြန်မာအစိုးရဝန်ကြီး၊ ဝန်ကလေးတွေ အငယ်အနှောာင်းထားခြင်းက ပေါ်ပြူလာဖြစ်နေပေမဲ့... ။ မွတ်ဆလင်အရေးခင်းလို လုပ်ရင်၊ လိုက်လုပ်မဲ့ မြန်မာတလွဲမျိုးချစ်တွေ အများကြီးရှိပါတယ်...။

၅။ စစ်တပ်မှာတော့ အင်္ဂလိပ်အစိုးရလုပ်ထားတဲ့ မိန်းမရှုပ်ရင် ရာထူးပြုတ်တဲ့ ဥပဒေအခိုင်အမာရှိနေတယ်။ ဦးသန်းရွှေက စစ်တပ်ကို ပြန်လည်ပြုပြင်ပြောင်းလဲပြီး မိန်းမမရှုပ်အောင် လိင်၊ လာဘ်၊ လောင်းကစား (လ သုံးလုံး) ကင်းရှင်းအောင် လုပ်ခဲ့တယ်။ ဒါကြောင့် စစ်တပ် သန့်ရှင်းဖို့က အလွန်အရေးကြီးပါတယ်။
၆။ ခက်တာက စစ်ဗိုလ်များကို လစာ၊အခွင့်ရေးလောက်အောင် မလုပ်ပေးနိုင်ဘူး။ ဥပမာ စစ်ဗိုလ်တွေကို အမေရိကန်၊ ဥရောပတွေကို သင်တန်းလွှတ်ခြင်း မလုပ်နိုင်ပါဘူး။ ဒီတော့ စစ်ဗိုလ်တွေလဲ လာဘ်စားနည်း၊ အိမ်မြေခြံအရောင်းဝယ်တွေနဲ့ အကျင့်ပျက်နေဆဲပါ။  အခွန်ရှောင်နည်းကို ဦးသန်းရွှေ သိပ်အရေးမထားခဲ့ဘူး။ အခုတော့ အခွန်ရှောင်ရင်း စစ်ဗိုလ်ဟောင်းတွေ လိုင်စင်/ပါမစ်နဲ့ အကြီးအကျယ် ချမ်းသာလာခဲ့ပါတယ်။ 

နောက်ဆုံးရေးရင် အမေရိကန်မှာ အိုဘားမားသမ္မတဖြစ်မယ်လို့ တစ်နှစ်အတွင်းမှာ လူတွေလုံးဝမခန့်မှန်းနိုင်ဘူး။ ဖြစ်မယ်မှန်းတဲ့ ဟီလာရီကလင်တွန်လဲ ဖြစ်မလာခဲ့ဘူး။ အင်ဒိုနီးရှားမှာလဲ လက်ရှိသမ္မတဖြစ်လာတဲ့ ဂျိုကိုဝီ ဆိုတဲ့ အရပ်သားကို၊ သမ္မတရွေးပွဲမတိုင်မီ တစ်နှစ်လောက်မှ တဟုန်ထိုးတက်လာပြီး၊ ၂၀၁၄မှာ သမ္မတဖြစ်သွားပါတယ်။

ဒီတော့ မြန်မာပြည်မှာ ဘယ်သူသမ္မတ ၂၀၁၅ ဖြစ်မယ်ဆိုတာလဲ ရေးမနေချင်တော့ပါဘူး။ ထင်တဲ့လူတွေလည်း တစ်ယောက်မှ ဖြစ်လာမယ်မထင်ပါဘူး။ စောင့်ကြည့်ပါ။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး၊ လွှတ်တော်ထဲ အင်အယ်ဒီရောက်လာမယ်ဆိုတာ ခန့်မှန်းတဲ့လူတွေ မရှိသလောက်ပါပဲ။ ဦးသိန်းစိန်သမ္မတဖြစ်မယ်လို့ ခန့်မှန်းတာတွေလည်း ဖြစ်နိုင်ချေမရှိဘူးပဲ ထင်ခဲ့ပါတယ်။ ၃နှစ်အတွင်း အစိုးရသစ် လုပ်သွားတာတွေက မထင်မှတ်တာတွေတစ်ပြုံကြီးပါပဲ။

ကျနော် လုံးဝမမျှော်လင့်တာတွေ ဖြစ်လာမှာသေချာပါတယ်ဗျာ...။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅မှာ သမ္မတဖြစ်လာရင် ကျန်ုပ်အတွက် အံ့သြစရာမရှိပါဘူးလေ...။