အရှင်စန္ဒိမာ (မွန်စိန်တောရ) - ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး တွေးမိသမျှ

အရှင်စန္ဒိမာ (မွန်စိန်တောရ) - ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး တွေးမိသမျှ
သြဂုတ် ၂၉ ၊၂၀၁၄

ယခုတလော ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးကိစ္စမှာ လူတွေရဲ့ စိတ်ဝင်စားမှု အတော်ပင် မြင့်မားနေတာကို သတိပြုမိပါတယ်။ မွန်လူမျိုးတွေအနေနဲ့ ဓမ္မစေတီခေါင်းလောင်းကြီးဟာ မွန်ဘုရင် ဓမ္မစေတီမင်းနဲ့ ဆက်စပ်နေတာမို့ မွန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်နဲ့ ဇာတိသွေးဇာတိမာန်ကို ထုတ်ဖေါ်ပြသနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်မှာ ဧကန်ပါ။ ဗုဒ္ဓကို ကြည်ညိုလေးစားကြသူ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ဓမ္မစေတီခေါင်းလောင်းကြီးဟာ ဗုဒ္ဓဘာသာအတွက် အလွန်တန်ဘိုးကြီးမားတဲ့ သာသနာ့အမွေအနှစ်တစ်ခု ဖြစ်မှာ အမှန်ပါ။ ဒါကြောင့် ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး ကြိုးပမ်းနေမှုဟာ မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ ယူဆနိုင်ပါတယ်။

သို့သော် ကျယ်ပြောလှတဲ့ မြစ်ကြီးတစ်ခုမှာ နှစ်ပေါင်းလေးရာကျော် နစ်မြုပ်နေခဲ့တဲ့ သာသနာ့တန်ဘိုးနဲ့ သမိုင်းတန်ဘိုးကြီးမားလှတဲ့ ဧရာမခေါင်းလောင်းကြီးကို ယနေ့ ဆယ်ယူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းဟာ စနစ်တကျ ဖြစ်သင့်တယ်လို့ ထင်မိပါတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ စနစ်တကျ စုပေါင်းဖွဲ့စည်းထားတဲ့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့တစ်ခု လိုအပ်မယ် ထင်ပါတယ်။ ထိုအဖွဲ့ဟာ အစိုးရရဲ့ ပံ့ပိုးကူညီမှုသာမက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုလည်း လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ယခု ခေါင်းလောင်းကြီးကို ဆယ်ယူဖို့ ကြိုးစားနေတဲ့ အဖွဲ့ဟာ ထိုကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု မဟုတ်တာ တွေ့ရပါတယ်။

လက်ရှိအဖွဲ့ရဲ့ ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ဖို့ ကြိုးစားအားထုတ်နေကြပုံဟာလည်း ခေတ်မှီနည်းပညာတွေ မထွန်းကားသေးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော် ခေါင်းလောင်းကြီး နစ်မြုပ်သွားခဲ့စဉ်ခေတ်အခါက အတွေးအခေါ်အစွဲအလန်း အစဉ်အလာယုံကြည်မှုတွေ ရှိကြတဲ့ ရှေးခေတ်လူတွေရဲ့ ကြိုးစားအားထုတ်ကြပုံနဲ့ ခပ်ဆင်ဆင် တူနေမလားလို့ တွေးမိပါတယ်။ ခေါင်းလောင်းကြီးဆယ်ယူနိုင်ရေး ကြိုးစားနေကြသူတွေရဲ့ ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှုကို လေးစားချီးကျူးမိပေမယ့် လုပ်ပုံလုပ်နည်းတွေကို မြင်ရတော့ အချိန်ကုန်လူပန်းပဲ အဖက်တင်မလား စဉ်းစားစရာပါ။  

တဆက်တည်း စဉ်းစားမိတာက ကိုယ့်နိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ စီးပွါးရေးဖွံ့ဖြိုးမှုအဆင့်အတန်း စတာတွေမှာ ကမ္ဘာ့စားရင်ဇယားရဲ့ အောက်ဆုံးအဆင့်မှာ ရောက်နေတာပါ။ မူးယစ်ဆေးဝါးပြဿနာ၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖေါက်မှု၊ တရားဥပဒေစိုးမိုးရေးမရှိမှု၊ ဆင်းရဲမွဲတေမှု စတာတွေမှာတော့ ကမ္ဘာ့စားရင်းဇယားရဲ့ ထိပ်ပိုင်းမှာ နေရာယူထားပါတယ်။

နဝတ နအဖစစ်အစိုးရခေတ် ဝန်ကြီးတစ်ယောက်က နိုင်ငံခြားသတင်းဌါနတစ်ခုနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာကို ဒီနေရာမှာ ပြန်လည်ဖေါ်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဆင်းရဲကြပ်တည်းနေကြတယ်ဆိုတာ မဟုတ်ရပါဘူးတဲ့။ ရန်ကုန်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကို ကြည့်ပါတဲ့။ လူတွေနဲ့ အမြဲ ပြည့်ကြပ်နေတာပါတဲ့။ သူ့စကားအတိအကျတော့ မဟုတ်ပါ။ ထိုသဘောမျိုး သူဖြေသွားခဲ့တာသာ ဖြစ်ပါတယ်။ ယခုအစိုးရလက်ထက်မှာလည်း သူ့ကို သံယောင်လိုက်မယ့် လူတွေ ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေး ကျန်းမာရေး စီးပွါးရေး နိမ့်ကျတာ မမှန်ပါ။ အင်တာနေရှင်နယ်စကူးလ်တွေ ရန်ကုန်စတဲ့ မြို့ကြီးတွေမှာ ရှိနေပါပြီ။ ခေတ်မှီပုဂ္ဂလိဆေးရုံတွေ ပေါ်ပေါက်လာပါပြီ။ နိုင်ငံခြားမှာ သွားရောက်ဆေးကုနိုင်တဲ့ လူတွေလည်း များလာပါပြီ။ ပြိုင်ကားစီးနိုင်သူတွေလည်း များလာပါပြီ။ လက်မှတ်တွေကို ဈေးကြီးပေးဝယ်ကြည့်ရတဲ့ K-pop ဖျော်ဖြေပွဲကိုတောင် လူတွေ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြတယ် မဟုတ်လား။ ဒါတွေကို ကြည့်ရင် မြန်မာပြည်ဆင်းရဲတာ ဘယ်ဟုတ်ပါ့မလဲ။ စသည်ဖြင့် ထိုကဲ့သို့ အပေါ်ယံအမြင်တွေဟာ ရေပေါ်ဆီ လက်တဆုပ်စာ လူတန်းစားအလွှာမှာ ရှိနေနိုင်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း တိုးတက်မှုလက္ခဏာတွေ မြင်နေရတယ်။ တိုင်းရင်းသားများ လိုလားတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုစနစ်လည်း အကောင်အထည်ပေါ်လာပါတော့မယ်။ စသည်ဖြင့် အကောင်းမြင် မျှော်လင့်သူတွေ ရှိနိုင်ပါတယ်။

ဒီလိုနဲ့ ပြည်သူလူထုဟာ ရေပေါ်အရုပ်ရေးထားသလို အကောင်အထည်မရှိတဲ့ မျှော်လင့်ချက်တွေနဲ့ အကောင်းမြင်မှု လွန်ကဲပြီး အရေးအကြီးဆုံး ကိစ္စဖြစ်တဲ့၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ စိတ်ဝင်စားမှု လျှော့ကျသွားနိုင်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွေ မှေးမှိန်။ PR ရွေးကောက်ပွဲစနစ်ကျင့်သုံးရေုးု ရုပ်လုံးပေါ်လာ၊ နောက်ဆုံး စစ်အာဏာရှင်တွေ စိတ်ကြိုက်ပုံသွင်းထားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကြီး ထာဝရအခြေတည်ခိုင်မြဲရေး လမ်းကြောင်းမှာ လိုက်ပါမိရက်သား ဖြစ်သွားနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးကိစ္စဟာ အားသွန်ခွန်စိုက် လုပ်သင့်တဲ့ အရေးကိစ္စလား  စဉ်းစားစရာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာဟာ ထိုနိုင်ငံသူနိုငံသားများရဲ့ အတွေးအမြင် ဥာဏ်ပညာ ဆင်ခြင်နိုင်မှုစွမ်းအားနဲ့လည်း ဆက်စပ်မှု ရှိနေမယ် ထင်ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူမှုမှာ လူတွေရဲ့ စွဲလန်းယုံကြည်မှုတွေနဲ့ စဉ်းစားတွေးခေါ်နေကြပုံတွေကို ကြည့်ပြီး မြန်မာပြည်အနာဂတ်အတွက် ဆင်ခြင်အတွေးပွားစရာတွေ များစွာ ဖြစ်လာစေပါတယ်။

အာဏာရှင်စနစ်လောင်းရိပ်အောက်မှာ ရှိနေဆဲ နိုင်ငံတစ်နိုင်ငံမှာ တရားမျှတ ငြိမ်းချမ်း ခေတ်မှီတိုးတက်တဲ့ ဒီိမိုကရေစီစနစ်တည်ဆောက်နိုင်ရေး ရည်မှန်းချက်ဖြင့် ကျားကုပ်ကျားခဲ ကြိုးပမ်းနေရဆဲ အရေးအကြီးဆုံးကာလမှာ ပဓာနနဲ့ သာမညကို ခွဲခြားသိမြင်နိုင်တဲ့ ပြည်သူလူထုရဲ့ ဥာဏ်ပညာအမြှော်အမြင် အတော်ပင် လိုအပ်နေသေးတယ်လို့ ရိုးသားစွာ ထင်မြင်ယူဆမိပါတယ်။