မောင်ဥက္ကလာ - ဖြစ်မှဖြစ်ရလေ - ရိုမီယို၊ ဂျပန်ကြီးနဲ့ ဖေ့ဘုတ်သုံး ငထက်ဖြား (ထွေထွေရာရာ ဤကမ္ဘာ)


မောင်ဥက္ကလာ - ဖြစ်မှဖြစ်ရလေ - ရိုမီယို၊ ဂျပန်ကြီးနဲ့ ဖေ့ဘုတ်သုံး ငထက်ဖြား (ထွေထွေရာရာ ဤကမ္ဘာ)
သြဂုတ်လ ၁၅၊ ၂၀၁၄

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ် သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ 


• ချစ်လွန်းသူ ရိုမီယို
ကို ဘယ်လောက်ချစ်တယ်ဆိုတာကို သက်သေပြချင်တဲ့ အင်္ဂလန်နိုင်ငံသား အာမန် ယက်စ်ဆန် (Amanj Yassen) တစ်ယောက် လပေါင်းများစွာ ခွဲခွါနေခဲ့ရတဲ့ ချစ်သူပြန်အလာကို ရိုမန်တစ်ဆန်ဆန် ကြိုဆိုမယ်ပေါ့။ ဒါနဲ့ ချစ်တဲ့သူ တအံ့တသြဖြစ်၊ သူ့အချစ်စစ်အချစ်မှန်ကို သိသွားရလေအောင် အိမ်အပေါ်ထပ် အိပ်ခန်းထဲ ကော်ဇောခင်းကြမ်းပြင်ပေါ်မှာ အသဲနှလုံးကို မြားထိုးဖောက်ဝင်နေတဲ့ပုံ (ငယ်ငယ်တုန်းက သူငယ်ချင်းတချို့  ဘုရားပွဲတွေမှာ သူတို့လက်မောင်း၊ လက်ဖျံတွေပေါ်မှာ အဲဒီလိုပုံမျိုး ဆေးမင်ကြောင် ထိုးခဲ့တာကို ပြန်မြင်မိတယ်) ကို စိတ်ရှည်လက်ရှည် ဖရောင်းတိုင်းတွေနဲ့ လှလှပပ ပုံဖော်ပြီး မီးထွန်းညှိ စောင့်ကြိုနေလိုက်တယ်။ စာဖတ်သူ … မျက်လုံးတချက်ပိတ်ပြီး မြင်ကြည့်လိုက် ဘယ်လောက် ဟက်ထိ စရာကောင်းတဲ့ မြင်ကွင်းလဲ။ ဒီလို အချိန်ပေး စဉ်းစား၊ ပြင်ဆင်ခဲ့ပြီး ချစ်သူရင်ခွင် ပြန်ရောက်ရှိလာမယ့် ချစ်တဲ့သူ ဂျူလီယက်ကို အိမ်အောက်ထပ်က စောင့်ကြိုနေခဲ့တယ်။ ချစ်သူရောက်လာချိန်မှာ အပေါ်ထပ်အိပ်ခန်းထဲက နှလုံးသားမီးက စတင်တောက်လောင်ပြီး ကော်ဇောကို ကူးဆက်၊ တအိမ်လုံး ဝါးမြိုလောင်ကျွမ်းနေတာကို သိလိုက်ချိန်မှာ အတော်နောက်ကျသွားခဲ့ပြီ။ ဘယ်လောက်ချစ်ကြောင်း အိမ်မီးရှို့ ပြီး သက်သေပြလိုက်တဲ့  ချစ်လွန်းသူ ရိုမီယို (ယက်စ်ဆန်) တစ်ယောက် နောက်တခါဆို ချစ်သူပြန်အလာကို ပန်း၊ ချော့ကလတ်တို့နဲ့ပဲ ကြိုတော့မယ်တဲ့။ တော်ပါပေစွ ရိုမီယိုရယ်။ ဗမာပြည်မှာဆိုရင်တော့ မီးသတ်ဌာနရဲ့  လျင်မြန်မှုနဲ့ တရပ်ကွက်လုံး ပြာကျသွားနိုင်တယ်နော်။ [Mirror, UK]



• အားကစားဝတ်စုံ ကြိုက်တဲ့ ဦးဦးဂျပန်
ဖြစ်မှဖြစ်ရလေ ကိုဂျပန်ကြီးရယ်လို့ ဦးစွာပြောရတော့မယ်။ ဂျပန်နိုင်ငံ မီဟမမြို့  (Mihama) အရပ်နေ အသက် (၅၃) နှစ်အရွယ် ကိုအိချီ ဟီရိုစ် (Koichi Hirose) ရဲ့  ရောဂါက အဆန်းအပြား။ သူအလုပ်က ဝါခယမ အမျိုးသား နည်းပညာကောလိပ်ကျောင်း (Wakayama National College of Technology) ရဲ့  ဝန်ထမ်းတဦး။ သူ့အလုပ်အားချိန် ပြင်ပလုပ်ဆောင်မှုက အနီးအနားတဝိုက်မှာရှိတဲ့ ကျောင်းတွေကနေ ကျောင်းသူအားကစားမယ်တွေရဲ့  ဝတ်စုံများကို ခိုးဝှက်ယူခြင်း ဖြစ်နေတယ်။ အထက်တန်းကျောင်းသူ အားကစားမယ်များအတွက် ရည်ရွယ်ထားတဲ့ အားကစား ယူနီဖောင်းဝတ်စုံ (၆၀၀) ခန့်ကို ကျောင်းပေါင်း (၅၀) ကျော်ကနေ နွေရာသီကာလအတွင်း ခိုးယူခဲ့တယ်။ ခိုးရပါပစ္စည်းများနဲ့ အဖမ်းခံရတော့ သူ့ရဲ့  ဝန်ခံဖြောင့်ချက်က- ဒီလို အမျိုးသမီးငယ်တွေရဲ့  ဝတ်စုံတွေကို သူ အရမ်းနှစ်ခြိုက် မြတ်နိုးကြောင်း၊ အိမ်မှာနေတဲ့အချိန် အမြဲဝတ်ဆင်နေတတ်ကြောင်း မဖုံးမကွယ် ပြောရှာတယ်။ အထက်တန်းကျောင်းသူလေးတွေရဲ့  အားကစားဝတ်စုံနဲ့ ဂျပန်ကြီး ဘယ်လောက် လှလိမ့်မလဲဆိုတာ စာဖတ်သူတွေ တွေးမြင်ကြည့်ပေါ့။ ဒီစာရေးနေရင် သတိထားမိတာ ကွမ်းသီးလုံးလောက် ကြက်သီးတွေ ထလာတယ်။ [New York Daily News]



• ဖေ့ဘုတ် ချစ်သူ (၁) - ဒီဝတ်စုံနဲ့ လှလား
တောင်ပိုင်း အီလီနွိုင်းပြည်နယ် (Illinois) အနောက်ဖရန်ခ်ဖို့မြို့  (West Frankfort) မှာ ရဲတွေ ဒီရက်ပိုင်းအတွင်း အလုပ်တော်တော် ရှုပ်သွားခဲ့တယ်။ အဲဒီမြို့ မှာရှိတဲ့ အဝတ်အစား နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှ အဝတ်အစားတွေ၊ ရွှေငွေအလှပစ္စည်းတွေ မကြာခဏ အခိုးခံရနေတယ်။ ဆိုင်မှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပေမယ့် သူခိုးက အတော်လေး ပါးပါးနပ်နပ်ရှိ၊ ကွက်ကျော်နေတော့ ဖမ်းမမိဖြစ်နေခဲ့တယ်။ ဘယ်သူဘယ်ဝါ ခိုးယူနေတယ်ဆိုတာကို ရဲတပ်ဖွဲ့ နဲ့ ဆိုင်ပိုင်ရှင်တို့ အပူတပြင်း စုံစမ်းရှာဖွေနေခဲ့ပြီး၊ ဆိုင်ပိုင်ရှင် ခတ် ဝီလီယန် (Kert Williams) က လူမှု့ကွန်ယက်ဖေ့ဘုတ်ပေါ်မှာ ပျောက်ဆုံးနေတဲ့ ပစ္စည်းစာရင်း ပုံတွေကိုတင်ပြီး တွေ့ရှိပါက အသိပေးအကြောင်းကြားဖို့ ပန်ကြားခဲ့တယ်။ လူဦးရေ တစ်သောင်းအောက်ရှိတဲ့ မြို့ ငယ်လေးဆိုတော့ လူတွေက တဦးနဲ့တဦး သိကြတာများတယ်။ သိပ်မကြာပါဘူး - တနေ့ နာရီပိုင်းအတွင်းက အခိုးခံလိုက်ရတဲ့ ကျားသစ်ကွက် ဒီဇိုင်းဝတ်စုံကို စတိုင်ကျကျဝတ်ပြီး Selfie ကိုယ်ပုံကိုယ်ရိုက်ပြီး ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ဘော်ဘော်တွေကို ဖလန်းဖလန်းထ ‘တို့ ဒီဝတ်စုံလေးနဲ့ လှလား’ ကြွားလုံးထုတ် တင်ထားတဲ့ အသက် (၂၇) နှစ်အရွယ် ဒန်နီရယ် စက်တန် (Danielle Saxton) ဓါတ်ပုံကို Williams ရရှိခဲ့တယ်။ ချက်ချင်း ရဲကိုအကြောင်းကြားပြီး ဒန်နီရယ်အိမ်ကို သွားရှာတော့ ခိုးထည်ပစ္စည်းတွေနဲ့အတူ လက်ပူးလက်ကြပ် မိတာပေါ့။ Selfie ကြိုက်တဲ့ မပေါ့မပါး ဗိုက်ကြီးသည်မမ ဒန်နီရယ်တစ်ယောက် ခိုးထားတဲ့ပစ္စည်းနဲ့ မကြွားရဘူးဆိုတာ မသိဘူးလားနော် (မြန်မာပြည်က ဗိုလ်ချုပ်တွေ၊ ခရိုနီတွေဆို ဒီလို ခိုးထည်ပစ္စည်းတွေနဲ့ မကြွားတတ်ဘူး။ ဒါကြောင့် သိသာသိတယ် မမြင်ရဖြစ်နေတာ)။ ကဲ စာဖတ်သူတို့ ဒန်နီရယ် တင်ထားတဲ့ ဓါတ်ပုံလေးကိုကြိုက်ရင် like လုပ်ကြ။ Comment ရေးချင်ရင်လည်း အောက်မှာ ရေးသွားကြပေါ့။ [NBC News]



ဖေ့ဘုတ် ချစ်သူ (၂) - သုံးပြီးရင် log out လုပ်ဖို့ မမေ့နဲ့
အမေရိကန်ပြည်ထောင်စု မီနီဆိုတာပြည်နယ် (Minnesota)၊ စိန့်ပေါလ်မြို့  (Saint Paul) နေ ဂျိမ်းစ် ဝူဒ် (James Wood) တစ်ယောက် အိမ်ပြန်ရောက်ချိန်မှာ အိမ်ထဲရှိ ပစ္စည်းတွေ ဗြောင်းဆန် ဖရိုဖရဲဖြစ်နေတာကို တွေ့မြင်လိုက်ရတယ်။ စားပွဲပေါ်မှာရှိတဲ့ သူ့ အကြွေးဝယ်ကတ်ပြား (Credit cards)၊ ပိုက်ဆံ နဲ့ လက်ပတ်နာရီတွေ မရှိတော့ဘူး။ သူကို အလန့်ထညက် ဖြစ်စေတာက သူ့ကိုယ်ပိုင်ပစ္စည်းမဟုတ်တဲ့ စိုထိုင်းညစ်ပေနေတဲ့ ဖိနပ်တစ်ရံနဲ့ ဘောင်ဘီတစ်ထည်ကို ကြမ်းပြင်ပေါ်မှာတွေ့တော့ တော်တော်လေး တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်တဲ့။ တစ်ဦးတစ်ယောက် သူ့အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး၊ ပုန်အောင်းနေကာ သူကို ရန်ပြုတိုက်ခိုက်မလားပေါ့။ ဒါနဲ့ သတိနဲ့ အိမ်ထဲလျှောက်ကြည့်တော့ သူ့ အလုပ်ခန်းထဲက ကွန်ပြူတာ ပွင့်နေပြီး၊ ဖေ့ဘုတ် အင်တာနက် စာမျက်နှာတစ်ခု ဖွင့်ထားတာကို တွေ့တယ်။ ဂျိမ်းစ် အိမ်ထဲ ခိုးဝင်လာတဲ့ သူခိုးက ဖေ့ဘုတ်ချစ်သူ၊ အမှန်အကန် သုံးစွဲသူတစ်ယောက် ဖြစ်နေတယ်။ ကိုယ်ရွှေသူခိုးက အချိန်ရှိခိုက် ဖေ့ဘုတ်စာမျက်နှာဖွင့်ပြီး Status Update, Like ဘာညာ လုပ်၊ ဂျိမ်းစ် နာရီဝတ်ပြီး ဓါတ်ပုံတောင် ရိုက်တင်ထားသေးတယ်။ ဂျိမ်းစ်အဖို့ ကံကောင်းချင်တော့ ဖောက်ထွင်းဝိဇ္ဇာ ငထက်ဖြား က ဖေ့ဘုတ်သုံးပြီး မပိတ် (log out) မလုပ်သွားဘူး။ ဒီတော့ ဂျိမ်းစ် အိမ်ထဲကို ဖောက်ထွင်းခိုးဝင်ခဲ့တဲ့ သူခိုးက အသက် (၂၆) နှစ်အရွယ် နီကိုလက်စ် ဝိဂ် (Nicholas Wig) ဆိုသူဖြစ်ကြောင်း သိတော့၊ ရဲကို ချက်ချင်း အကြောင်းကြလိုက်လို့ ပြည်သူ့ရဲတပ်ဖွဲ့က အလျင်အမြန် နီကိုလက်စ် အိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတဲ့အခါမှာ ဂျိမ်းစ် လက်ပတ်နာရီကို ဝတ်ထားတဲ့ နီကိုလက်စ်ကို ခိုးထည်ပစ္စည်းတွေနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီဖောက်ထွင်းခိုးယူမှုအတွက် ထောင် (၁၀) နှစ် ကျနိုင်ပြီး၊ ဒဏ်ငွေ ဒေါ်လာ နှစ်သောင်း ပေးဆောင်ရမယ်တဲ့။ ကဲ ဒီလောက်တော်တဲ့ ငထက်ဖြား နီကိုလက်စ် တစ်ယောက်ကိုလည်း Like လုပ်ကြပါအုံး။ ဟဲ့ . . . ညွတ်ချွတ်ဖျား။ [CBS News, Minnesota]