အုန်းနိုင် - ဂန္ဒီခန်းမကြေညာစာတမ်း (၁၁) (“ညီမလေး အရပ်ပုတယ်..။ဒေါက်မြင့်ဖိနပ် စီးပါ”)

အုန်းနိုင် - ဂန္ဒီခန်းမကြေညာစာတမ်း (၁၁)
(“ညီမလေး  အရပ်ပုတယ်..။ဒေါက်မြင့်ဖိနပ် စီးပါ”)
သြဂုတ် ၂၁၊ ၂၀၁၄


         နောက် အစီအစဉ်ကတော့ သဘာပတိ ဦးကြည်မောင်ရဲ့ နိဂုံးချုပ်မိန့်ခွန်းပါ။ သူက မနေ့က အဖွင့်မိန့်ခွန်း ပြောကတည်းက ပရိသတ်
သဘောကျသွားတာ သိတော့ အချိုး တစ်မျိုး ချိုးလိုက်ပါတယ်။ မတ်ခွက်ကို လက်နဲ့ တစ်ဝက်လောက် အုပ်လိုက်ပြီး
      “အခုပြောတာ နိဂုံးချုပ် မဟုတ်သေးပါဘူး။ အခုတင်က လဘက်ရည်သောက်ချိန်မှာ ကျနော့ မြေးလို အင်မတန်ခင်တဲ့ ကလေးနဲ့ တွေ့တယ်...။ ငါ့တော့ စကားပြောခိုင်းပြန်ပြီကွာ ..။  ငါကလည်း တစ်ခါပြော တစ်ခါဆိုသလို ဖြစ်နေတယ်..”
        ဒီအချိန်မှာ အောက်ဘက် လမ်းပေါ်ပရိသတ်ဆီက ကျယ်ကျယ်ပြောပါဆိုတဲ့ အသံတွေထွက်လာတယ်။ ဦးကြည်မောင်လည်း ဒီအသံတွေ ကြားတယ်။ မျက်နှာ ပြုံးဖြီးဖြီးနဲ့ ဆက်ပြောပါတယ်။
     “မနေ့ကလည်း ပြောရသေးတယ်ကွာ..။ နောက်ပြီး တော့ ဒီမှာလည်း အင်မတန်မှ စကားပြောကောင်းတဲ့ ရှမ်းပြည်က ကိုယ်စားလှယ်များ ငါတို့ ရှေ့မှာ ပြောသွားတော့ ငါပြောတောင် မပြောရဲတော့ဘူး..။ဒီတော့ ကလေးက ပြောတယ်။ အဘ သူ့ဆန်စား ရဲမှပေါ့ဗျ...တဲ့ ။ အဲလို ကြောင်လို့မရဘူး။ နောက်ပြီးတော့..”
 ( အောက်လမ်းမပေါ်မှ မကြားရဘူး ကျယ်ကျယ်ပြောပါ အော်သံများ ပိုကျယ်လာသည်။)
     ဦးကြည်မောင်က မျက်နှာ ပြုံးဖြီးဖြီး နဲ့ပဲ
     “သူတို့ မကြားအောင်ပြောတာ..။ ပြီးတော့ ဒီအထဲမှာ အသက်ကြီးတဲ့ ဆရာကြီး ဦးဝန်တို့လို လူပါတယ်။ အင်မတန်မှ ခဲခဲယဉ်းယဉ်း ထိုင်နေရတဲ့ မိုးကုတ်က ဆရာဝန်ကြီး ဦးအုန်းမောင်တို့ လို ပါတယ်။ ဒီလောက် တောင် စကားတွေပြော တာကြားပြီး တဲ့ အခါကျတော့ နားငြီးနေလိမ့်မယ် လို့ ဆိုတော့ ..။ကလေးက အဘ သည်လိုဆို ဒဏ္ဍာရီ တစ်ခု ပြောပြပါလို့ ဆိုတယ်။ အေး.. အဲလိုဆို ငါတော့ ဒဏ္ဍာရီ တစ်ခု ကြံမှပဲလို့ ဆိုပြီးတော့ တကယ်ဖြစ်တဲ့ အကျိုးအကြောင်းတစ်ခုပြောပြပါမယ်။ မြန်မာပြည်မှာ ဖြစ်တာလည်း မဟုတ်ပါဘူး ခင်ဗျာ။ မြန်မာပြည်နဲ့ မိုင်ပေါင်း သုံးထောင်လောက်ဝေးတဲ့ နေရာမှာ ဖြစ်ခဲ့တာပါ။ တိုင်းပြည်တစ်ပြည်ဟာ အုပ်ချုပ်တဲ့ လူတွေ အင်မတန် ညံ့ဖျင်းနေလို့ တိုင်းပြည်ဟာ အင်မတန် နစ်နာနေတဲ့ အချိန်ဖြစ်ပါတယ်”
              (ဩဘာသံများ)
          “...အဲဒီတော့ အစိုးရထဲမှာပါတဲ့ အဖွဲ့ဝင် တစ်ယောက်နဲ့ အရပ်သား တစ်ယောက်နဲ့ အင်မတန်ရင်းနှီး ကြပါတယ်။ အရပ်သသားက အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုကို အစိုးရအဖွဲ့ဝင်ကို သွားပြောတယ်။ သူငယ်ချင်း အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခုကို မင့်ကို ပြောချင်တယ်။ ငါ့ခြံထဲမှာ မနေ့ညက ဟို ဂြိုလ် တစ်ခုကလာတဲ့ ထူးထူးဆန်းဆန်း လူတွေ ရောက်နေတယ်။ ရောက်နေပြီးတော့ ငါတို့တိုင်းပြည်ကို အုပ်ချုပ်ချင်တယ်လို့ ပြောနေတယ်.. လို့ ဆိုတော့ ။ ဟာ - တကယ်လား။ ဒါဆို - သူတို့အုပ်ချုပ်ခိုင်းမယ်ကွာ.. တဲ့။ ဘာဖြစ်လို့လဲလို့
အရပ်သားက မေးတယ်။ ဒီတော့ အစိုးရအဖွဲ့ဝင်က ...ဟာ မင်းက ဘာဖြစ်လို့ မေးရတာလဲ။ သူတို့က တစ်ခြားဂြိုလ်က လာတယ်ဆိုတာ ဒဏ္ဍာရီ မဟုတ်ဘူးကွ။ ငါတို့က ဒီတိုင်းပြည်ကို ဒို့အုပ်ချုပ်မှ ရလိမ့်မယ်လို့ ဆိုနေတဲ့ ဟာကသာ ဒဏ္ဍရီကွလို့ ..”
                                 (ဩဘာသံများ)
“.ဒီလိုဆိုရင် စောစောတုံးက လူကြီးတွေကို လူငယ်တွေက တစ်နေ့လုံး အားသွင်းပေးထားတဲ့ ဟာတွေ နဲနဲတော့ အကြောတွေ များ လျော့ကုန်မလားလို့ပါ..”
              ပြီးတော့မှ စကားပြောခွက်ကို ဖုံးထားတဲ့ လက်ကို ဖယ်လိုက်ပါတယ်..။ ပြီး အသံနဲနဲမြှင့်ပြီး
“ကြွရောက်လာကြတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်များနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား...။ အလွန်တရာ ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံတဲ့  မဟတ္တမ ဂန္ဒီ ခန်းမဆောင်ကြီးထဲမှာ ကျနော်တို့ (၂) ရက်ကြာအောင်  တိုင်ပင်ဆွေးနွေး ခဲ့ကြပြီး ပါပြီ။ ရှေ့လုပ်ငန်းများနဲ့ပတ်သက်လို့လည်း အကြေအလည် ဆွေးနွေးခဲ့ကြပြီး.. ဆုံးဖြတ်ချက်များလည်း ချပြီး ဖြစ်ပါတယ်။ အပင်ပန်းခံပြီး ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများဟာအလွန်တရာ  အကျိုးရှိပါလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်နေပါတယ်။ ကျနော်တို့ အဓိကထားပြီး ဆွေးနွေးခဲ့ကြတဲ့  အချက်
တွေထဲမှာ အခြေခံဥပဒေ အကြောင်း၊   တွေ့ဆုံဆွေးနွေးရေး အကြောင်း၊ ပြည်သူ့လွှတ်တော်ခေါ်ယူရေး အကြောင်း၊ အဲဒီ အချက်သုံးချက်က အဓိက ဖြစ်ပါတယ်။ ဒီတော့ ဒါတွေကို ပြည့်ပြည့်ဝ၀ ပြောဆိုပြီး ဖြစ်တော့ ကျနော့် အနေနဲ့ကတော့ ဒါကို အကျယ်ချဲ့ပြီး ပြောဆိုလို တဲ့ အရာမဟုတ်တော့ပါဘူး...။ သို့သော်လည်းဘဲ ကျနော့်ကိုယ်ပိုင် ကျနော်ပေးချင်တဲ့ မှတ်ချက်အနည်းငယ်လောက်ကို ကျောရိုးလောက်သဘော ပြောပြပါမယ်”
                                   (လက်ခုပ်သံများ)
        “အခြေခံဥပဒေ ဆိုတာ ရေးတဲ့အခါမှာ ပျော့ပြောင်း အောင်ရေးရပါတယ်။ အင်္ဂလိပ်လို ဖလက်ဇေးဘယ်လတီ (Flexibility) ပေါ့။ ဖလက်ဇေဘယ်လတီပေါ့။ ပျော့ပြောင်းအောင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံဥပဒေများဟာ ဘယ်တော့မှ ရာသက်ပန် အတည်ဖြစ်တဲ့ ထုံးစံမရှိပါဘူး။ အမေရိက အခြေခံဥပဒေ တောင်မှဘဲ (၂၈)ကြိမ် ပြောင်းလဲခဲ့ ရပါပြီ။ ပထမ အကြိမ်ကတော့ ဒီအခြေခံဥပဒေဆွဲပြီးတော့ မရှေးမနှောင်းဘဲ ဆယ်ကြိမ်ပြင်ခဲ့ရပါတယ်။ နောက်ဆုံးပြင်တဲ့ အချက်နှစ်ချက်ကတော့ အခုအထိ မပြီးနိုင်သေးပါဘူး။ အတည်ပြုချက်မရသေးပါဘူး..”
                          (လက်ခုပ်သံများ)
        “ အဲလိုဆိုတော့ တချို့လူတွေက အခြေခံဥပဒေဆိုတာဟာ အင်မတန်မှ မွန်မြတ်တဲ့ တရားများလားလို့ ပေါ့ (Sacred) ဆေးခရက်ဆိုတဲ့ စကား၊ နောက်တစ်ခုက ဒါဟာ တစ်ခါလုပ်ခဲ့လို့ရှိရင် ရာသက်ပန် တည်တယ် (Permenent) ပါမင်းနင့် ဆိုတဲ့စကား၊ အဲဒီလို သူတို့ ယူဆပါတယ်။ သူတို့စိတ်ထဲမှာ အခြေခံဥပဒေ ဆိုတဲ့ဟာ ကျောက်တိုင်ကြီးများ၊ မော်ကွန်းထိုးထားသလို သာမာန်လူတွေ မြင်နိုင်တဲ့ဟာ မဟုတ်ဘူးလို့ ယူဆဟန်တူပါ တယ်။ သို့သော်လည်းဘဲ လက်တွေ့အလုပ် လုပ်နေတဲ့ လူများကတော့ ဒီလိုမယူဆပါဘူး။ လက်တွေ့အလုပ် လုပ်နေတဲ့ တကယ့်ဒီမိုကရေစီနိုင်ငံကြီးတွေထဲမှာ ဟိုး .. ရှေးတုံးက ကွယ်လွန် ခဲ့ပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ ရဲ့လက်တွေနဲ့ အခုခေတ် လူတွေရဲ့ လည်ဂုတ်ကို စမ်းပြီးတော့ ဆွဲထားတာမျိုး မဖြစ်စေသင့်ဘူးလို့ ယူဆပါတယ်။ အခြေခံဥပဒေ ဟာ ခေတ်နဲ့လိုက်လို့ အခြေအနေနဲ့ လိုက်လို့ ပြောင်းလဲရပါတယ်။ ဒါကြောင့် (၄၇) ခုနှစ် အခြေခံဥပဒေက ဘာလုပ်ထားတယ်၊ ညာလုပ်ထားတယ် ဆိုတာ ခေတ်နဲ့မလျော်ရင် ပြောင်းလဲလိုက်တာ
ပေါ့”
                              (လက်ခုပ်သံများ)
           “ ညီမလေး အရပ်ပုပါတယ်။ အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲမေးတော့ ဒေါက်မြင့်ဖိနပ်စီးလိုက်ပါ ဆိုသလိုပေါ့”
                             (ဩဘာသံများ)
            “ ဗြိတိသျှ  အခြေခံဥပဒေမှာ ဘယ်လိုတောင်  ပြောကြသလဲဆိုတော့ အမျိုးသားရဲ့ ခန္ဓာကိုယ်ကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဖြစ်အောင်
ပြောင်းလဲလို့ မရတာကလွဲရင် ကျန်တာအားလုံး ပြောင်းလဲလို့ ရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ဟာ.. ဒါဆိုရင်
အားလုံးသဘောပေါက်ပါပြီ”
                             (ဩဘာသံများ)
        “နောက်တစ်ခု ..ဘယ်သူ့အတွက်ရေးသလဲလို့ မေးရမယ်။ ပြည်သူ့အတွက်ရေးတယ်လို့ ပြောရမယ်။ ပြည်သူတွေရဲ့လွတ်လပ်ခွင့်အတွက်ရေးတယ်လို့ပြောရမယ် ...မဏ္ဍိုင်ကြီး သုံးခုရှိတယ်။ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ဆိုတာရှိတယ်။ ဒီမဏ္ဍိုင်သုံးခုက ဘယ်သူ့အတွက် ကာကွယ်ပေးသလဲ ဆိုတော့ သာမာန်ပြည်သူပြည်သားတွေရဲ့ လွတ်လပ်ခွင့်များကို အပြည့်အဝ ကာကွယ်ပေးတဲ့ မဏ္ဍိုင်တွေ ဖြစ်ပါ တယ်..”
                          (ဩဘာသံများ)
        “ဘာတဲ့ .. ပြည်သူလူထု လွတ်လပ်စွာ ပြောဆိုရေးသား စည်းရုံးအသက်မွေးဝမ်းကျောင်း၊ ပေါင်းသင်း သွားလာ လုပ်ကိုင် စားသောက် အပြည့်အစုံပဲ၊ ဒါတွေကို ဥပဒေပြုမဏ္ဍိုင်က ကျူးကျော်လွှမ်းမိုးမယ်။ တရား စီရင်ရေးမဏ္ဍိုင်က ကျူးကျော်လွှမ်းမိုးမယ် ဆိုလို့ရှိရင် ဒီမဏ္ဍိုင် သုံးခုက သူတို့ လုပ်ပိုင်ခွင့်များနဲ့ ကျူးကျော်တဲ့ မဏ္ဍိုင်တစ်ခုကို အမြဲချိန်ခွင်လျှာလို ညီမျှအောင်လုပ်ပေးတယ်။ မတရား မပြုကျင့်နိုင်အောင်
ချက်အင်ဘဲလန့် (Check  and  Balence) ဆိုတဲ့ဟာတွေ တစ်ခုနဲ့တစ်ခု ထေထားတယ်။ ထိန်းထားတယ်။ အဲလိုလုပ်ရပါတယ်”
                          (ဩဘာသံများ)
        “ဒီမဏ္ဍိုင်သုံးရပ်ကို ဘယ်သူရေးသလဲဆိုတော့ ပြည်သူတွေက ရေးပါတယ်။ ဒါကြောင့် ဒီမဏ္ဍိုင်သုံးခုက ပြည်သူတွေကို ဖိနပ်လို နင်းထားလို့မရပါဘူး”
                          (ဩဘာသံများ)
            “ ဒီတော့ တိုတိုနဲ့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ ဒီဥပဒေပြုမဏ္ဍိုင်ကို ထိပ်မှာတင်ထားတာဟာ မိဘပြည်သူတွေ ဖြစ်ပါတယ်။ မိဘ
ပြည်သူတွေ စိတ်မချမ်းသာမဲ့ အခြေခံ ဥပဒေမျိုးကို ကျနော်တို့ ဘယ်လိုမှ မရေးဘူး ဆိုပြီး သတိထားရင် ဒါလွယ်လွယ်နဲ့ ပြီးပါတယ်ခင်ဗျား ..”
                           (ဩဘာသံများ)
         “နောက်တွေ့ဆုံဆွေးနွေးရေး အကြောင်းပြောပါမယ်။ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာ ကျနော်တို့နဲ့ ဘယ်သူနဲ့ ဘယ်သူရယ်လို့
နာမည်တပ်ရေးနေစရာလဲ မလိုပါဘူး။ ကျနော်တို့ ဒီအလုပ်လုပ်နေတဲ့ နေရာမှာ နိုင်ငံရေးဆိုတာဟာ ပြဿနာ ရှိတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရပါတယ်။  လူ့လောကမှာ ပြဿနာတွေ ဒလကြမ်းပြည့်နေပါတယ်။ ဒါကြောင့် ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းတဲ့ အလုပ်ဟာ နိုင်ငံရေး အလုပ်ဖြစ်တယ်။ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ လုပ်ငန်းများကိုမှ အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ လူနည်းစုဘဲ ဖြစ်ဖြစ် အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ဘဲ ဖြစ်ပေစေ ပေါင်းသင်းဆက် ဆံရေး နယ်ပယ် အားလုံးမှာ တွေ့ရတဲ့ ပြဿနာတွေ ပြေလည်အောင် ဆွေးနွေးတဲ့ အခါကျလို့ရှိရင် သူ့ဝါဒ၊ သူ့အခွင့်အရေး၊ ဖျက်ဆီးဖို့ ၊ ကိုယ့်ဝါဒ ကိုယ့်အခွင့်အရေးကို သူကလည်း ဖျက်ဆီးဖို့၊ ပြောင်းလဲဖို့၊ ဒီလိုကြိုးစားတာဟာ ဆွေးနွေးတာမဟုတ်ပါဘူး။ ဒါဟာ တစ်ယောက်ကို တစ်ယောက် လည်ပင်းညှစ်ပြီးတော့ ဖျက်ဆီးတာ ဖြစ်ပါတယ်”
                              (ဩဘာသံများ)
        “ကျနော်တို့ဟာ ကျနော်တို့နဲ့ဆွေးနွေးရမဲ့ ဘယ်ပုဂ္ဂိုလ်ရဲ့ အယူဝါဒကိုမှ စွန့်လွှတ်ဖို့ မပြောပါဘူး။ သူ့ရပ်တည်ချက်တွေကို ပြောင်းလဲသွားအောင် ကျနော်တို့ လုံးဝ ကြိုးစားလိမ့်မယ် မဟုတ်ပါဘူး။ ကျနော်တို့မှာ ခံစားရချက်တွေ သူ့ဘက်က ခံစားရချက်တွေဟာ အကြောင်းမှန်တွေ ဖက်စ် (Facts) လား..။ အမှန်လား..။ တကယ်ရှိရဲ့လား..။ စိတ်ကူးပေါ်မှာ တည်ဆောက်ထားတာတွေလား..။ ဒါတွေကို ပြေလည်အောင် သူနဲ့ ကိုယ် နဲ့ ခံစားချက်တွေ ကို အပြည့်အဝ ပြောဆိုကြပြီးတော့မှ အလုပ်လုပ်လို့ ဖြစ်အောင် နေရာတစ်ခုကို ရှာကြဖို့ပဲ ဖြစ်ပါတယ်”
                              (ဩဘာသံများ)
        “ ကျနော်တို့မှာ နစ်နာချက်တွေရှိသလို သူတို့မှာ နစ်နာချက်တွေရှိတယ်။ ကျနော်တို့မှာ စိုးရိမ်ချက်တွေ ရှိသလို သူတို့မှာလည်း စိုးရိမ်ချက်တွေရှိမယ်”
                              (ဩဘာသံများ)
         “သူ့ရာထူး သူ့ထမင်းစားရေး၊ သူကလေးကျောင်းထားရေး..၊ မိဘဆွေမျိုးတွေနဲ့ တင့်တောင့်တင့်တယ် နေရေး..၊ ကျနော်တို့မှာလည်း ဒီအလားတူ ပြဿနာတွေရှိပါတယ်”
                              (ဩဘာသံများ)
        “ကျနော်တို့ရဲ့ နေရေး၊ စားရေး၊ ဝတ်ရေး ကျနော်တို့ သားသမီးများ ကျနော်တို့ ဆွေမျိုးစုများ၊ ချမ်းသာဖို့ ဟာလည်း သူ့ဘက်က ဂရုစိုက်ဖို့ ရှိပါတယ်။ အဲဒီ ဂရုစိုက်ဘို့ ဟာတွေဟာ ဘယ်နေရာတွေမှာ ရှိတယ်။ တကယ်ဘဲ ရှိတယ်ဆိုတာ သိအောင် တင်ပြရမယ်။ သူ့ကိုလည်းကောင်း၊သူ့အခွင့်အရေးတွေကိုလည်းကောင်း  ကျနော်တို့မနင်းဘူး၊ မချိုးဘူး၊ မဖောက်ဘူး၊ ကျနော်တို့အခွင့်အရေးကိုလည်း မနင်းနဲ့ မချိုးနဲ့ မဖောက်နဲ့ အဲဒါဆို အလုပ်ဖြစ်ရော..”
                                (ဩဘာသံများ)
        “သူ့အခြေအနေလုံးဝ ပြောင်းအောင် ကျနော်တို့မလုပ်ဘူး။ ကျနော်တို့ အခြေအနေကိုလည်း လုံးဝ ပျက်ပြားအောင် မလုပ်ပါနဲ့။ အဲဒီရေချိန်ကို ဘာဖြစ်လို့ရှာမတွေ့နိုင်သလဲ ”
                                (ဩဘာသံများ)
       “လူတော်တွေဆိုတာ ကိုယ့်ကိုယ်ကို လက်ခမောင်းခတ်ပြီး ..ကျုပ်သိပ်တော်တယ်... လို့ အော်ဟစ်ပြဖို့ မဟုတ်ပါဘူး။ ကျနော်ဆိုရင်
လုံးဝ မတော်ဘူး။ ကျနော်ဟာ ..အာဝါးရား.. ဘဲ။ လမ်းပေါ်က ကောင်ဘဲ”
                               (ဩဘာသံများ)
         “ဒါပေမဲ့ ပြဿနာပြေလည်အောင် ဖြေရှင်းတတ်တဲ့သူမှ တကယ်တော်တာ။ ပြေလည်အောင် ပြဿနာ မဖြေရှင်းနိုင်ရင် သူ့ဟာသူ မိုးလား ကဲလား ဘာဘဲ ပြောပြော (လက်တဘက်ထဲ လက်ခုပ်တီးဟန်လုပ်ပြ) .. ဒါလုပ်နေတာပဲလို့ ကျနော်မြင်တယ်”
                                (ဩဘာသံများ)
           “.. ကျနော်တို့ဟာ ကျနော်တို့ခံစားချက်တွေကို အပြည့်အဝ ပြောမယ်။ သူတို့ကလည်း သူတို့ခံစားချက်တွေကို အပြည့်အဝ ပြောမယ်။ နှစ်ဘက်စလုံးက ဆွေးနွေးတဲ့ အခါမယ် ဘယ်ပုံ ဘယ်နည်းကို  စံ ထားပြီးတော့ ဘယ်လို ဆုံးဖြတ်ကြမယ် ဆိုတာ .. အဲဒီတစ်ခုသာ
အတည်ပြုနိုင်ပါစေ။ ကျန်တာဘာတစ်ခုမှ အခက်အခဲမရှိပါဘူး”
                                     (ဩဘာသံများ)
        “ကျနော်တို့က ဒီတိုင်းပြည်မှာနေပြီး ဒီတိုင်းပြည်မှာ သေကြမှာပါ။ ကျနော်တို့က နိုင်ငံခြားသားတွေ မဟုတ်ဘူး။ ကျနော်တို့က အဏုမြူဗုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ပစ်ဖို့မဟုတ်ဘူး”
                                     (ဩဘာသံများ) .. ..
           “အမေရိကန်နဲ့ ရုရှားတွေနဲ့ တင်းမာတာမျိုး၊ ကျနော်တို့မှာ တင်းမာစရာ တစ်ခုမှ မတွေ့ပါဘူး။ ဘာပြုလို့ ကျနော်တို့အချင်းချင်း
ဆက်သွယ်ရေး ဒါလောက်ခက်ခဲနေကြရတာလဲ”
                                    (ဩဘာသံများ) .. .. ..
           “ ဒါ လွယ်လွယ်ကလေးရယ်။ ဒီကိစ္စကို ကျနော်တို့ တူညီကြတဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြီးတော့ စစ်ဆေးပြီးတော့ အလုပ်ဖြစ်အောင် လုပ်ကြဖို့ပဲ လိုပါတယ် ခင်ဗျား.. ။ ဒီတော့ ကျနော်ရှည်ရှည်လျားလျား ပြောရင်း တစ်ချက် နှစ်ချက်ပြောမယ်ဆိုပြီး ခြောက်ချက်ဖြစ်သွားမှာ စိုးလို့ ဒီမှာဘဲ နှုတ်ခမ်းသပ်ပါမယ်”
                               (ဩဘာသံများ).
           “အင်အားအပြည့်နဲ့ ဝင့်ကြွားစွာ ဂန္ဒီခန်းမသို့ ရောက်ရှိလာကြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ .. ကျနော်တို့ရဲ့ ညီအစ်ကို၊
မောင်နှမတို့ဟာ ကျနော်တို့ရဲ့ပူးပေါင်းဆွေးနွေးပွဲမှ ရရှိအပ်တဲ့ အသိ၊ ဗဟုသုတ၊ စိတ်ဓါတ်တို့နဲ့ မူလရှိပြီးဖြစ်တဲ့ အလွန်ကောင်းတဲ့ စိတ်ဓါတ်၊
ဇွဲ၊ အင်အားတို့ကို ဆထက်ထမ်းပိုး တိုးတက် အောင် ဦးခင်မောင်ဆွေတို့၊ ရှမ်းပြည်က ကိုယ်စားလှယ်တို့ရဲ့ နုနယ်ပျိုမြစ်တဲ့ ဘက်ထရီတွေနဲ့ ကောင်းကောင်း အားသွင်းပေးခဲ့ပါပြီ”
                                  (ဩဘာသံများ) ..
            “ ဤခန်းမထဲက ထွက်သွားတဲ့အခါမှာ ကိုယ့်နေရာ အသီးသီးကို ပြန်တဲ့အခါမှာ တိုင်းပြည်အတွက် ခါတိုင်းထက် တိုးတက်ပြီး
လုပ်ဆောင်ကြပါမယ်ဆိုတဲ့ ထက်မြက်တဲ့ အဓိဋ္ဌာန်နဲ့ မိမိတို့ဒေသ အသီးသီးမှာ ရှိကြတဲ့ မိမိတို့ရဲ့ မိဘပြည်သူတွေကို လုပ်ကျွေးနိုင်ကြပါစေလို့ .. ဗဟိုအလုပ်အမှုဆောင် ကော်မတီများရဲ့ ကိုယ်စား ကျနော်က ဆုတောင်းရင်း ဤအစည်းအဝေးကြီးကို ကြွေးကြော်သံများနဲ့ အောင်မြင်စွာ ပြီးဆုံးမယ်ဖြစ်တဲ့အကြောင်း .. .. ရိုသေလေးမြတ်စွာ ကြေညာ အပ်ပါတယ်ခင်ဗျား.”
                         .(ရှည်လျားသော ဩဘာသံများ)။
        နောက်ဆုံးအစီအစဉ်အနေနဲ့တော့ ကြွေးကြော်သံများ အဖြစ် ၊မဆလ..ပုံစံအတိုင်း...လေးခု..တို့အရေး .ငါးခု...အောင်ရမည်..မူနဲ့ 
        (၁) အမျိုး သားဒီမို ကရေစီ  အဖွဲ့ ချုပ် ဥကဌ  ဦးတင်ဦး၊အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ  နိုင်ငံ ရေး အကျဉ်းသားများအားလုံးလွတ်မြောက်ရေး
       (တို့ အရေး....တို့ အရေး)
    (၂)ပြည်သူ့ လွှတ်တော်  အမြန်ခေါ်ယူရေး      (တို့ အရေး....တို့ အရေး  )
    (၃)အေးချမ်း ချောမွေ့ စွာ  အာဏာလွှဲ ပြောင်းရေး        (တို့ အရေး...တို့ အရေး)
    (၄)ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး       (တို့ အရေး....တို့ အရေး)
    (၅) ဒီမိုကရေစီ အရေးတော် ပုံ                  (အောင် ရမည်....အောင် ရမည်)
    လက်သီးလက် မောင်း တန်းပြီး  ကြွေးကြော် လိုက်ကြပါတယ်..။

            ပဲခူးတိုင်း လွှတ်တော် ကိုယ်စားလှယ်များ အုပ်စုလိုက်ဓါတ်ပုံရိုက်ကြဦးမယ် ဆိုလို့    စင်မြင့် ပေါ်တက်ကြပါတယ်..။လွှတ် တော် ကိုယ်စားလှယ်မဟုတ်တဲ့  တိုင်းစည်းရုံး ရေးမှူး  ဦးနိုင်ဦး ၊ဦးသိန်းလွင် နဲ့ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)တို့ လည်း  အတူ ဓါတ်ပုံရိုက် ကြ ပါတယ်..။တိုင်းတာဝန်ခံ  ဦးမြလေးကတော့  လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်ရက်နဲ့   ဘာကြောင့်မှန်းမသိ..။ဓါတ်ပုံ ၀င်မရိုက်ပါဘူး..။ တခုခုတော့  တခုခုပါပဲ..။
             စင်မြင့် ပေါ်က  ပြန်ဆင်းတော့  ဆရာကြီး မင်းသုဝဏ်ကို ထိုင်ပြီးဦးချကန်တော့ ခဲ့ပါသေးတယ်...။
     အပြင်က  ဗိုလ်အောင်ကျော် လမ်းတလျှောက်နဲ့ ကုန်သည်လမ်းတလျှောက်မှာလည်း လူတွေကြိတ်ကြိတ်တိုး စည်ကားနေပါတယ်...။ ဒီနေ့ တော့  မိုးမရွာလို့  ခြောက်ခြောက်သွေ့ သွေ့ ဘဲ ပြန်နိုင်ခဲ့ ပါတယ်..။ အပြန်တော့   စောသေးတာ နဲ့   ဘတ်စ်ကား နဲ့ ဘဲ  ပြန်ဖြစ် ခဲ့ ပါတယ်...။