ဇွန်မိုး - သူသေလို့ ပွဲမပြီး (မြန်မာပြည်သို့ပေးစာ)


ဇွန်မိုး - သူသေလို့ ပွဲမပြီး  (မြန်မာပြည်သို့ပေးစာ)
သြဂုတ် ၁၇၊ ၂၀၁၄


တနေ့က သူငယ်ချင်းရွှေရီ ပို့လိုက်တဲ့ ဝမ်းသာစရာသတင်းထူးဆိုလို့ သူ့အီးမေးလ်ကို ဖွင့်ဖတ်ကြည့်ပြီး ပြုံးမိတယ်။ အကြောင်းက အပိုလိုသတင်းစာစောင်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ် - တိုင်းပြည်နဲ့လူမျိုးကို နှစ်ပေါင်း (၂၀) ကျော် မှတ်လောက်သားလောက် ကောင်းကျိုးပြုသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးများရဲ့  အရှင်သခင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ (အမျိုးအရမ်းချစ်တဲ့ မျိုးချစ်ကြီး၊ နောက်ဆုံးထွက်သက်ချိန်အထိ ကြိုးကိုင်အမိန့်ပေးသွားမယ့် မှော်ဆရာကြီး - Darth Vader) ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခြင်း ဆိုတဲ့အကြောင်း။ ဒီသတင်း အမှန်အကန်ဆိုတောင် ဝမ်းသာသလားလို့မေးရင် ဆိုးဆိုးကောင်းကောင်း လူတယောက် သေဆုံးတဲ့ကိစ္စကို ဝမ်းသာတယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ … လက်ရှိ  သက်ရှင်နေကြသေးတဲ့ တိုင်းကျော်ပြည်ကျော် ဗိုလ်ချုပ်တွေ ဒီနေ့ဒီအချိန်အထိ သွားလေသူများဖြစ်ကြတဲ့ သူတို့ရဲ့  ကျေးဇူးရှင်ကြီးတွေဖြစ်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စိန်လွင်၊ ဗိုလ်စောမောင်၊ ဗိုလ်တင်ဦးတို့ ဝိညာဉ်ချုပ်တော့ ကျန်ရစ်သူများက နာရေးသတင်း မထုတ်ပြန်နိုင်၊ ဈာပနာ အခမ်းအနား မလုပ်နိုင်၊  လိုက်လံပို့ဆောင်မယ့်လူမရှိ၊ အမျှဝေတဲ့ ပြည်သူနတ္တိ ဘယ်လိုဘယ်ပုံ လောကကြီးကိုစွန့်ခွါ သွားကြရသလဲဆိုတာကို သံဝေဂတရား မရကြသေးတဲ့အတွက် သနားမိတယ်။

ဒီလိုသတင်းမျိုးဆို တို့ရပ်ကွက်ထဲမှာ ကွိစိကွစိ ဖြစ်ကုန်ကြတယ် မဟုတ်လား။ တို့အဒေါ်တစ်ယောက်ကို ဖုန်းဆက်မေးကြည့်တော့ xxx ကောင်ကြီး သေတော့ အေးတာပေါ့လို့ မေတ္တာစိတ်များစွာနဲ့ ပြောရှာတယ်။ တကယ်တော့ အာဏာရှင် တစ်ဦးတစ်ယောက် သေခြင်းမသေခြင်းထက်၊  တို့တတွေ အမှတ်ရနေဖို့က သူစိုက်ပျိုးခဲ့တဲ့ ပြည်ဖျက် အာဏာရှင်အဆိပ်ပင် ဝေဝေဆာဆာနဲ့ ဆက်ရှင်သန်နေရင်တော့ တိုင်းပြည်အတွက် ဘာမှမထူးဘူးပေါ့။ ကြည့်လေ … ‘နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ ဆိုသလို (၂၆) နှစ်တိတိ တိုင်းပြည်ကိုဖျက်၊ လူမျိုးကို နှိပ်စက်ခဲ့တဲ့ ဗိုလ်နေဝင်း သွားရင် မြန်မာပြည်အခြေအနေ ပြောင်းလဲသွားနိုင်တယ်လို့ မျှော်လင့်ခဲ့တဲ့ တို့ပြည်သူတွေ၊ ဗိုလ်နေဝင်းကြီး အနိစ္စသဘောနဲ့ ကိစ္စချောသွားတော့ နောက်လာတဲ့ မောင်ပုလဲတို့ ဗိုလ်နေဝင်းရဲ့  စစ်အာဏာရှင်စနစ် ယန္တရားကြီးကို အရှိန်မြှင့်မောင်းပြီး  ခရီးဆက်လိုက်ကြတာ ဗိုလ်နေဝင်း အုပ်ချုပ်ကာလထက် အဆပေါင်းများစွာ ပိုဆိုးသွားခဲ့တယ် မဟုတ်လား။  တချို့ ဆို ဗိုလ်နေဝင်းကိုတောင် လွမ်းသလိုလို ဖြစ်ကြတယ်။

တကယ်တော့ အုပ်ချုပ်ခံတွေကို ဘယ်လို နှိပ်ကွပ်အုပ်ချုပ်၊ အာဏာကို ဘယ်လို ထိန်းချုပ်ထားရမယ်ဆိုတာကို စနစ်တကျ လမ်းညွှန်ပြခဲ့တဲ့ အီတလီ စာရေးဆရာ၊ နိုင်ငံရေးသမား၊ အတွေးအခေါ်ပညာရှင် နီခရို မက်ခဗီလီ (Niccolò Machiavelli) ပြုစုခဲ့တဲ့ မင်းသား (The Prince) ကျမ်းစာကို စစ်သင်တန်းကျောင်းတွေမှာပို့ချ၊ အာဂုံဆောင်ထားကြတဲ့ ဗိုလ်ချုပ် အာဏာရှင်တွေက စာအုပ်ကြီးအတိုင်း နောက်မင်းက  ရှေ့ မင်းထက် တမျိုးနဲ့တမျိုး မရိုးရအောင် အစွမ်းပြလိုက်ကြတာကို တို့ပြည်သူတွေ တဝကြီး ခံခဲ့ရ၊ ခံနေရတယ်ဆိုတော့ အားလုံး အသိလေ။

ကြာခဲ့ပါပြီ… ဦးနေဝင်း ကွယ်လွန်ချိန်တုန်းက ဗိုလ်နေဝင်း သေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်း-မြန်မာနယ်စပ်မှာ ထုတ်ဝေတဲ့ ဧရာဝတီသတင်းစာမှာ အင်္ဂလိပ်လို ဆောင်းပါးတပုဒ် ရေးခဲ့ဖူးတယ်။ အဲဒီတုန်းက အာဏာရှင်ဗိုလ်နေဝင်း သေရင် ဘယ်လို နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ အကောင်းမြင် မျှော်လင့်ချက်နဲ့ ပြောဆိုနေကြတဲ့လူတွေကို ဒီလိုပဲ အာဏာရှင်သေပြီး သူတည်ဆောက်ခဲ့တဲ့ စနစ်ဆိုးကြီး ကွယ်ပျောက်ပျက်စီးမသွားဘဲ၊ ဆက်ရှင်သန်နေရင် ပိုဆိုးနိုင်တယ်လို့ သုံးသပ်တင်ပြခဲ့တယ်။ ဒါကြောင့် မြန်မာပြည်မှာ ဒီနေ့အထိ ဝေဝေဆာဆာ ဆက်လက်ရှင်သန်နေတဲ့ စစ်အာဏာရှင်စနစ် ရှိနေသ၍ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ တိုင်းပြည်ကို ဂျောက်ထဲကန်ချနေတဲ့ ကျေးဇူးရှင်တွေ နဲ့ သူတို့အမျိုးအနွယ်တွေ ဆက်ကြီးပွားပြီး၊ တို့ပြည်သူတွေ အမှောင်တိုက်ဂျောက်ထဲက ပြန်တတ်နိုင်မှာ မဟုတ်ဘူး။

ကြည့်လေ တနေ့ကပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  ဗိုလ်ချုပ်ခင်အောင်မြင့် က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော် ထိန်းသိမ်းခဲ့လို့ တိုင်းပြည် ငြိမ်ဝပ်ပိပြားခဲ့ကြောင်း၊ တပ်မတော်ခေါင်းဆောင်တွေ ချမှတ်ပေးခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအတွက် ယနေ့အထိ တပ်မတော်ရှိဖို့ လိုအပ်သေးတယ်ဆိုတဲ့ ပြောဆိုမှုတွေကြည့်ရင် သူတို့ တပ်မတော်ရဲ့  အခန်းကဏ္ဍကို တပြားသားမလျှော့။ သူ့လေသံက တို့ပြည်သူတွေအနေနဲ့ တပ်မတော်ကို ကျေးဇူးတင်၊ သိနားလည်ရမယ်ပေါ့။ ဒီလို ကျေးဇူးတင်ခံချင်တဲ့သူတွေက စစ်အာဏာရှင်စနစ်ကို စိုက်ပျိုးကျင့်သုံးခဲ့တဲ့ ဗိုလ်နေဝင်းကနေ ဆက်လက် ရေလောင်းပေါင်းသင် ပိုမိုရှင်သန် ကြီးထွားအောင် စွမ်းဆောင်နေတဲ့ ဗိုလ်သန်းရွှေ-ဗိုလ်သိန်းစိန် လက်ထက်ထိ သမိုင်းတလျှောက်လုံး သူတို့လက်ချက်ကြောင့် တို့နိုင်ငံ ကမ္ဘာ့အောက်ဆုံးအဆင့်ရောက်အောင် စွမ်းဆောင်ခဲ့တာတွေ၊ တိုင်းသူပြည်သားတွေ ဆင်းရဲမွဲပြာ နယ်ပယ်ကဏ္ဍအသီးသီး ပျက်စီးကျဆင်းခဲ့တာတွေ၊ တပ်မတော်ရဲ့  ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတော်မသတ်နိုင်တဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားလူမျိုးတွေရဲ့  အသက်အိုအိမ်မြောက်မြားစွာ ပျက်စီးဆုံးရှုံးမှုတွေ၊ နိုင်ငံတော် သံယဇာတတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ကြတာကို တို့စစ်အစိုးရကြောင့်လို့ တချက် ဝန်ခံပြောဆိုခြင်းမရှိဘူး။

သူတို့ကြွားလုံးတွေနဲ့ ပတ်သက်လို့ တစ်ခု သတိရလို့ ပြောချင်တယ် - ဘာမှ မဟုတ်တဲ့ တည်ဆောက်မှုတခုခု လုပ်ဖြစ်ရင် တို့တပ်မတော်အစိုးရ လုပ်တာ ဘာညာ ပြောလို့မဆုံး။ အခုလို မြန်မာပြည်မှာ မိုးကြီး ရေလျှံရေမြုပ်ဖြစ်၊ လူတွေ ရေဘေးသင့် ဒုက္ခရောက်တော့ ပြည်သူတွေ အုပ်ချုပ်မင်းကို မလေးစားလို့၊ ပြည်သူတွေ စည်းကမ်းမရှိလို့၊ မိုးရွာအောင်လုပ်တဲ့ မိုးနတ်သားကို အပြစ်တင်၊ တို့တပ်မတော်ကို အပြစ်မတင်နဲ့လို့ ပြောမယ့် လိပ်လို ပုဂ္ဂိုလ်ထူးကြီးတွေ မဟုတ်လား။
ဒါကြောင့်ပြောတာ တဗိုလ်ကြွသွားလို့ ပြည်သူတွေ အခြေအနေကောင်းသွားမယ်လို့ မထင်နဲ့။ ဒီနေ့ တွေ့မြင်နေတဲ့အတိုင်း စစ်ယူနီဖောင်းချွတ်ပြီး ရောင်စုံ တိုက်ပုံတောင်ရှည်တွေ (ရောင်စုံသောင်ကျန်းသူတွေ) နဲ့ ကျနော်တို့ အရပ်သားအစိုးရပါခင်ညားလို့ မလိမ့်တပတ်ပြောပြီး စနစ်တကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက ပြည်သူအတွက်လား၊ စစ်တပ်အတွက်လားဆိုတာ … မှတ်မိလား တို့ရပ်ကွက်ထဲက ဟို ကျပ်မပြည့်တဲ့ ကိုအောင်ရွှေတောင် သိတယ်။ ဘယ်သူမှ မသိတာကတော့ … ယူနီဖောင်းနဲ့ စစ်ဗိုလ်အရာရှိ ဘယ်သူဘယ်ဝါကို တပ်ချုပ်ကြီး (နောက်ကွယ်က မှော်ဆရာကြီး) က  ရွေးချယ်မယ်ဆိုတာကို ပြည်သူတွေမပြောနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိ။

 မြင်ကြတဲ့အတိုင်း … ဒီမိုးကျရွှေကိုယ်တွေက (၂၅) ရာခိုင်နှုန်းကို နယ်လည့် ဟောပြောမဲဆွယ်စရာမလို၊ လွှတ်တော်ထဲကို အခန့်သား ကြွတော်မူပြီး စားလိုက်၊ ငိုက်လိုက်၊ အိပ်နေရုံပဲ - ဘာမှ တင်ပြဆွေးနွေးစရာမလို၊ ဘာမှ စဉ်းစားစရာမလို။ ပြီးတော့ ကျန်တဲ့ ၅၀-၆၀ ရာခိုင်နှုန်း ရွေးကောက်တင်မြှောက်ခံ တိုက်ပုံတောင်ရှည်ဝတ် ကိုယ်စားလှယ်ကြီးတွေကလည်း အငြိမ်စားမဟုတ် ငြိမ့်ငြိမ့်လေး စားနေတယ့် ဗိုလ်ချုပ်တွေ ဖြစ်နေပြန်တယ် မဟုတ်လား။ အသဲကြားက မဲတပြားနဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ဆိုလို့ လက်ချိုးပြလို့ရတယ်နော်။ ပြည်သူရွေးကောက်တင်မြောက်ခံ လက်တစုပ်စာ ကိုယ်စားလှယ်တွေရဲ့  တင်ပြချက်တွေအားလုံးကို သူတို့ တပ်မတော် ထိန်းချုပ်လွှတ်တော်အတွင်း ကျင့်သုံးနေတဲ့ ဘုရားစူး ဒီမိုကရေစီစနစ်နဲ့ အားလုံးပယ်ချခံရမှာ သေချာတယ်။ ငါ့အမြင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို နောက်ဆုံးထွက်သက်အထိ ဘယ်နည်းနဲ့မှ အပြင်ခံ၊ အထိခံမှာ မဟုတ်ဘူး။

ကဲ အခုကြည့် … အန်အယ်လ်ဒီ၊ ရှစ်ပူးတွေ မနားမနေ ကြိုးပမ်းမှုကြောင့် နင်တို့တတွေလည်း လက်မှတ်တွေထိုး၊ ရပ်ကွက်ထဲကလူတွေ လှုံဆော်ရနဲ့ ပြည်သူတော်တော်များများ (၄၃၆) ဆိုတာ ဘာလဲ၊ ဘယ်လဲ သိနားလည်လာကြတော့၊ ကွက်ကျော်ရိုက်တော်တဲ့ ကျေးဇူးရှင်တွေက PR (Proportional Representation) စနစ် အချိုးကျကိုယ်စားပြုစနစ် ဆိုတာကြီး ဆွဲတင်ပြီး၊ အစကတည်းက နားရှုပ်နေတဲ့ ပြည်သူတွေကို ပိုရှုပ်စေတာပေါ့။ ကဲ (၄၃၆) ပြင်ဆင်ရေး အပူတပြင်း တောင်းဆိုနေသူတွေလည်း “ပီပီပြင်ပြင် အာခံရတော့မယ့်” ပီအာ ဆိုတာကြီးကို ဆန့်ကျင်အော်ရပြန်တယ်။ တို့တတွေ ပြောခဲ့သလိုပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူပြည်သားများဘဝ အေးချမ်းအဆင်ပြေရေးတို့လုပ်ဖို့ အသိဥာဏ်တစိတ် ထုတ်မသုံးကြပေမယ့်၊ သူတို့ ဖြိုဖျက်ချင်တဲ့ အတိုက်အခံ (ရန်သူ) ကို ဘယ်လို တိုက်ခိုက်ချေမှုန်းရမယ်၊ ဘယ်လို လှည့်စားလက်ဦးယူရမယ်ဆိုရင် ထုတ်သုံးလာတဲ့ ဥာဏ်နီဥာဏ်နက်တွေက အံ့သြဖို့ကောင်း၊ ကြောက်ဖို့ကောင်း။

တကယ်တော့ ဒါလဲ မဆန်းဘူး - နှစ်ပေါင်းများစွာ ဗျူဟာတွေချပြီး စစ်တိုက်လာခဲ့တဲ့ စစ်ဗိုလ်တွေပဲ သွေးအေးလက်အေးနဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် စစ်ဝါဒနဲ့ ရန်သူမှန်သမျှ ရှင်းဖို့ အမြဲအဆင်သင့်။ စစ်အာဏာရှင်စနစ်ရဲ့  ဆိုးကျိုးတွေကို ပြောရင်ပြောရင် ပြောချင်တဲ့ အကြောင်းအရာတွေက ပိုများလာတယ်။
အစပြန်ကောက်ပြီး ပြောရရင် အာဏာရှင် တစ်ဦးတစ်ယောက် သေပြီး၊ သူမွေးခဲ့တဲ့ အာဏာရှင်စနစ် အဓွန်ရှည် ရှင်သန်နေသ၍ တိုင်းပြည်ကတော့ ဘယ်လိုမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူး။

ဒီအချက်နဲ့ ပတ်သက်လို့ မနေ့တနေ့ကမှ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်လာခဲ့ပြီး၊ ဒီနေ့ အကြီးအကျယ် ချမ်းသာကြွယ်ဝ ထိပ်တန်းရောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့   ခေတ်သစ်နိုင်ငံရေးသမိုင်းနဲ့ တချက်နှိုင်းယှဉ် ပြောပြချင်သေးတယ်။ ဗိုလ်နေဝင်းထက် (၁) နှစ်စောပြီး ၁၉၆၁ မှာ ဗိုလ်ချုပ်ကြီးပက်ချောင်ဟီ စစ်တော်လှန်ရေးကော်မတီဖွဲ့ပြီး အာဏာသိမ်းယူခဲ့တယ်။ နောက် အစိုးရဖွဲ့စည်းပြီး သမ္မတ (၁၉၆၁-၁၉၇၉) ရာထူးယူ အုပ်ချုပ်ခဲ့တယ်။ အဲဒီအချိန်ကနေ သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ၁၉၇၉ ခုနှစ်အထိ၊ ပုန်ကန်ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်ချေမှုန်းပြီး ဒီမိုကရေစီအမည်ခံ အစိုးရကို သူတစ်ဦးတည်း တောက်လျှောက် ချုပ်ကိုင်ခဲ့တယ် (အခုလက်ရှိ သမ္မတပက်ဂွန်ဟီ က သူ့သမီး)။ အာဏာရှင် ပက်ချောင်ဟီ လုပ်ကြံခံရပြီး၊ သူ့အမွေးဆက်ခံသူက ဗိုလ်ချုပ်ကြီးချန်ဒူးဝမ်။ သူက ပက်ချောင်ဟီနဲ့အတူ အာဏာသိမ်းခဲ့တဲ့ သစ္စာခံနောက်လိုက်။ သမ္မတချန်ဒူးဝမ် (၁၉၈၀-၈၈) က ဆရာ့အရိုက်အရာခံယူပြီး စစ်အာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်ခဲ့တယ်။ သူလက်ထက်မှာ ဖြစ်ပွားတဲ့ လူထုပုန်ကန်မှုတွေကို ဆရာထက် လက်စောင်းထက်တဲ့ ဗိုလ်ချန်ဒူးဝမ် က ပက်ပက်စက်စက် သွေးချောင်းစီး နှိမ်နင်းခဲ့တယ်။ ဂွမ်ဂျူးမြို့  ပုန်ကန်မှုကို အကြမ်းဖက်ချေမှုန်းခဲ့လို့ လူရာနဲ့ချီ သေကြေခဲ့တယ်။၁၉၈၈ မှာ သမ္မတရာထူးက ဆင်းပြီး သူ့သစ္စာခံ ဗိုလ်ချုပ် ရိုတေဝူး (၁၉၈၈-၁၉၉၃) ကို ရွေးချယ်တင်မြှောက် အာဏာလွှဲပြောင်းလိုက်တယ်။ (သူ့လုပ်ရပ်အမှား ကျူးလွန်မှုတွေအတွက် ပြည်သူလူထုကိုတော့ ဝန်ချတောင်းပန်၊ နောက် နှစ်အတော်ကြာကြာ ဘုန်းကြီးဝတ်ပြီး နေခဲ့တယ်။)

 သမ္မတရိုတေဝူး က ဘယ်သူနဲ့ တူသလဲဆိုရင် အခုလက်ရှိ သမ္မတဦးသိန်းစိန်နဲ့တူတယ်လို့ ပြောလို့ရတယ်။ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေး။ သူ့ဆရာ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေမှုအတိုင်း ဒီမိုကရေစီစနစ် တည်ဆောက်နေပါပြီ။ ပြုပြင်မှုတွေ လုပ်နေပါပြီဆိုပြီး စစ်အုပ်စုကို ကာကွယ်ပေးခဲ့တယ်၊ နေရာပေးခဲ့တယ်။ ဆရာသမားတွေကို မလွန်ဆန်နိုင်ခဲ့ဘူး။ နောက်ဆုံး လူထုရဲ့  နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် အခြေအနေမဟန် ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲ၊ ဖိအားပေးမှုတွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပေးခဲ့တယ်။ ဒီတကြိမ်မှာ ပြည်သူတွေက စစ်အာဏာရှင်တွေကို ထောင်ကျအကျဉ်းစံ ရဲရဲတောက် ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ အထင်ကရ အတိုက်အခံခေါင်းဆောင် ကိမ်ယန်ဆမ် (၁၉၉၃-၁၉၉၈) ကို တောင်ကိုရီးယားနိုင်ငံရဲ့  (၇) ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တယ်။

အဲဒီအချိန်ကစပြီး စစ်မှန်သော ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို တဟုန်းထိုး တည်ဆောက်လုပ်ကိုင်နိုင်ခဲ့တယ်။ သမ္မတ ကိမ်ယန်ဆမ် လက်ထက်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အာဏာအလွှဲသုံးစားလုပ်၊ တိုင်းပြည်ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်း (၄၀၀) ကျော် ခိုးဝှက်ခဲ့တဲ့ သမ္မတဟောင်း ဗိုလ်ချုပ်ကြီးချန်ဒူးဝမ် နဲ့ ဗိုလ်ချုပ်ကြီးရိုတေဝူးတို့ကို ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်တသက်တကျွန်း နဲ့ ဒဏ်ငွေ ဒေါ်လာ သန်း ၂၀၀ နီးပါး နိုင်ငံတော်အစိုးရကို ပြန်ပေးဆပ်ဖို့ ပြစ်ဒဏ်ချခဲ့တယ်။ အခု အကျဉ်းချုပ်ပြောခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံရေးသမိုင်းကိုကြည့်ရင် စစ်အုပ်ချုပ်ရေးအောက်မှာ ဘာဆိုဘာမှ တိုးတက်ပြောင်းလဲမှုမရှိခဲ့ဘူး။ ပြည်သူတွေ သတ်ဖြတ်ခံရတယ်၊ ဆင်းရဲဒုက္ခရောက်ကြတယ်၊ လူထုဆူပူဆန္ဒပြမှုတွေ အဓိကရုဏ်းတွေ တောက်လျှောက်ဖြစ်ခဲ့တယ် (အခု ကိုရီးယားရှပ်ရှင်တွေကို တမ်းတမ်းဆွဲနေတဲ့ ရွှေဗမာတွေကို တောင်ကိုရီးယား စစ်အစိုးရလက်အောက်မှာ ထုတ်လုပ်ခဲ့တဲ့ ကိုရီးယားရှပ်ရှင်တွေကို ပြလိုက်ရင် ဟယ် … ဗမာရုပ်ရှင် ကြည့်နေရသလိုပဲလို့ ပြောကြလိမ့်မယ်)။

 တောင်ကိုရီးယားနိုင်ငံရဲ့  ဒီနေ့ချမ်းသာမှုက ၁၉၉၅ ခုနှစ်နောက်ပိုင်း စစ်တပ်ထိန်းချုပ်မှုကင်းတဲ့ ဒီမိုကရေစီအစိုးရလက်ထက်ရောက်မှ စတင်ခဲ့တာ။ ဒါကြောင့် ဗိုလ်ချုပ်ပက်ချောင်ဟီ သေပြီး အမွေးဆက်ခံတဲ့ စစ်ဗိုလ်တွေနဲ့  အာဏာရှင်စနစ်ကြောင့် အမှောင်တိုက်ထဲမှာ ကာလရှည်စွာ ဒုက္ခမျိုးစုံနဲ့ နေခဲ့ရတယ်။ တို့မြန်မာပြည်မှာလည်း ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ ဂိုးသွားပြီး၊ သူတို့အမွေးခံ စစ်ဗိုလ်ချုပ်တွေ စစ်အာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်နေသ၍ ဒီမိုကရေစီအစိုးရပြောပြော၊ အရပ်သားအစိုးရပြောပြော တိုင်းပြည်နဲ့ လူထုက ဂျောက်ထဲအမှောင်ထဲ ဆက်နေရမှာ သေချာတယ်။ ငါ့ ဟောပြောချက်က စစ်ဗိုလ်ကတော်တွေ ကိုးကွယ်တဲ့ အီးတီး ထက် ပိုမှန်တယ်။

ကဲ ကောင်းပြီ … ရေးရင်ရေးရင်နဲ့ စာလည်း တော်တော်ရှည်သွားပြီ။ ကျောင်းတုန်းက ဖတ်ခဲ့တဲ့ ကိုရီးယား နိုင်ငံရေးသမိုင်းအကြောင်း ပြောခွင့်ရကြုံလို့ ပြောလိုက်တာပါ။ ကိုရီးယားအကြောင်းပြောရင်နဲ့ တခုခု သတိရလာသလိုပဲ။ အခုတော့ တော်ပြီ။ နောက်မှ မအောင့်နိုင်တာတွေ ထပ်ရေးလိုက်မယ်။ နင်တို့ မိဘတွေ၊ မောင်နှမသားချင်းတွေလည်း သတိရကြောင်း ပြောလိုက်ပါ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 
ဇွန်မိုး