တူမောင်ညို - လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း ဘယ်လောက်ဖြောင့်မတ်သလဲ


တူမောင်ညို - လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း  ဘယ်လောက်ဖြောင့်မတ်သလဲ
 (၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)


ဇူလိုင် ၂၉ ရက် နေ့က ပြည်သူ့လွှတ်တော်မှာ “အချိုးကျကိုယ်စားပြုစနစ်” (PR) ကိစ္စ ပွက်လောရိုက်သွားတယ်။
ပွက်လောရိုက်သွားရတဲ့အကြောင်းက  (NDF) ပါတီ လွှတ်တော်ကိုယ်စားလှယ်“ဦးအောင်ဇင်ရဲ့အဆို”ကို ထောက်ခံတာလား၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း (အသံ/Voice) “ပြောတာ” ကိုထောက်ခံတာလားဆိုတဲ့ကိစ္စဖြစ်တယ်။
ဒီဖြစ်ရပ်ဟာ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း “ဘယ်လောက်ဖြောင့်မတ်သလဲ” ဆိုတာကို စမ်းသပ်ဖော်ထုတ်ဖို့ အချက်အလက် တစ်ခုဖြစ်လာပါတယ်။
    ဒီချုပ်ဥက္ကဋ္ဌက လွှတ်တော်ဥက္ကဋ္ဌ  ဗိုလ်ရွှေမန်းကို ပြန်မေးခွန်းထုတ်ပြီးတဲ့နောက် ဗိုလ်ရွှေမန်းက လွှတ်တော်ကနေ သဘော ထားရယူတဲ့အပြောက ဒီလိုဖြစ်ပါတယ်။ (အပြန်အလှန်ပြောကြသည့် ရုပ်သံကို ဆောင်းပါးအဆုံးတွင်ဖော်ပြထားသည်)
    “ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်စေနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်အနေနဲ့ ကော်မတီ/ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့်အဆို ကို လွှတ်တော်အနေနဲ့သဘောတူပါသလားခင်ဗျာ” (၃ ကြိမ် - မေး) (သဘောတူကြောင်း ၃ ကြိမ်ဖြေကြား)။ သဘောမတူသူရှိပါသလား ခင်ဗျား ( ဖြေကြားသံမရှိ) သဘောမတူသူ မရှိတဲ့အတွက် “ဦးအောင်ဇင်ရဲ့အဆို” အတည်ဖြစ်ကြောင်းကြေညာပါတယ်။
    ဒီချုပ်ဥက္ကဋ္ဌအပါအဝင် ဒီချုပ်အမတ်အားလုံးက “ဗိုလ်ရွှေမန်းစကား” (ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်စေနိုင်ဖို့အတွက် ပြည်သူ့ လွှတ်တော်အနေနဲ့ ကော်မတီ/ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်မယ့်အဆို) ကို သဘောတူခဲ့ကြတာဖြစ်ပါလိမ့်မယ်။
     လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်း ဘယ်လောက်ဖြောင်မတ်သလဲ။
 ဗိုလ်ရွှေမန်း ညစ်မယ်ဆိုရင်ညစ်နိုင်တဲ့အကွက်ရှိတယ်။ သူကြေညာသွားပုံက “သဘောမတူသူ မရှိတဲ့အတွက် ဦးအောင်ဇင် ရဲ့အဆို အတည်ဖြစ်ကြောင်းကြေညာပါတယ်” ဆိုပြီးပြောသွားတာ ဖြစ်ပါတယ်။
     သေသေချာချာနားထောင်ကြည့်ရင် ဗိုလ်ရွှေမန်းအတည်ပြုသွားတာဟာ“ဦးအောင်ဇင်ရဲ့အဆို”ဖြစ်ပါတယ်။
 ဒီအဆိုကို အတည်ပြုသွားတဲ့ ဗိုလ်ရွှေမန်းဟန်ပန်နဲ့လေသံက ကျွဲမြှီးတိုနေပုံကို ရုပ်သံကြည့်တဲ့ အခါသတိထားမိကြပါလိမ့် မယ်။ ဒီချုပ်ဥက္ကဋ္ဌမေးတဲ့ မေးခွန်းကလည်း ဗိုလ်ရွှေမန်းအရှိုက်ကို ထိသွားပုံရတယ်။ ဇူလိုင် ၂၈ ရက်နေ့ကလည်း ဒီချုပ်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ကို တူကလေးထုပြီး (သတိပေးတယ်) ကြိမ်းထားတယ်မဟုတ်ပါလား။
    ဒီကိစ္စကို ဇူလိုင် ၃၀ ရက် အစိုးရပိုင်မြန်မာ့အလင်းသတင်းစာမှာတော့ “ရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင်က ဥပဒေ အကြောင်းအရာကိစ္စ ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင်သာ ဆုံးဖြတ်သွားရမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းသည် ” ဟူ၍ ဖော်ပြပြီး “အဆိုအပေါ်ကော်မရှင်ဖွဲ့စည်းဆောင်ရွက်သွားရန် လွှတ်တော်ကအတည်ပြုသည်” ဟူ၍ သတင်းကိုအဆုံးသတ်ထားပါတယ်။
    အဆိုဟုပြောလျှင် (NDF)ပါတီလွှတ်တော်ကိုယ်စားလှယ် “ဦးအောင်ဇင်ရဲ့အဆို” ကို ရည်ညွန်းခြင်းဖြစ်နေပါတယ်။ “ဦးအောင် ဇင်ရဲ့အဆို” ကလည်း မရိုးမသား၊ နှစ်မျိုးနှစ်စားဖြစ်နေတဲ့  ဗလောင်းဗလဲအဆိုဖြစ်နေပါတယ်။
    ဇူလိုင်၂၅ မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်မှာ “မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေရှိမည့် ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်ပွဲကျင်းပမည့်စနစ် တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း” ဟူ၍ဖြစ်ပြီး။
    ဇူလိုင် ၃၀ မြန်မာ့အလင်းသတင်းစာ၌ဖော်ပြထားပုံမှာ “ ပြည်ထောင်စုမြန်မာနိုင်ငံနှင့်လိုက်လျောညီထွေရှိမည့် ဒီမိုကရေစီစနစ် ကို ပိုမိုဖော်ဆောင်နိုင်သော အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့်ရွေးကောက်ပွဲနည်းလမ်းကို ပြည်သူ့လွှတ်တော်ရွေးချယ်တင် မြှောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ပေးရေး” ဟူ၍ဖြစ်ပါတယ်။
    အဆို၂ ခုကိုနှိုင်းယှဉ်ဖတ်ကြည့်လျှင် ထိုအဆို ၂ ခု အဘယ်မျှကွဲပြားခြားနားတယ်ဆိုသည်ကို အခြေခံအရေးအဖတ် ကျွမ်းကျင် သူပင်သဘောပေါက်နိုင်ပါတယ်။
    ဤဖော်ပြချက် ၂ ခုအတိုင်းဆိုလျှင် “ဦးအောင်ဇင်ရဲ့အဆို” မှာ  ၂ မျိုးဖြစ်နေပြီး တစ်ခုနှင့်တစ်ခုလည်း ခြားနားနေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းက “အတည်ဖြစ်ကြောင်းကြေညာ” ခဲ့သည်အဆိုမှာ ဘယ်အဆိုကိုပြောခြင်းဖြစ်သနည်း။
    ဇူလိုင် ၂၅ မြန်မာ့အလင်းသတင်းစာ၌ဖော်ပြထားတဲ့ အဆိုတော့ မဟုတ်တန်ရာ။ ဇူလိုင် ၃၀ အဆိုသာဖြစ်ဖွယ်ရှိနေပါတယ်။
    လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းသည် “ဘယ်လောက်ဖြောင့်မတ်သလဲ” ဆိုသည့်အချက်မှာ ထိုအဆို ၂ ခုကို အနက် ဘယ်အဆို ကိုအတည်ပြုသလဲ (ပြည်ထောင်စုလွှတ်တော်၌) ခွဲခြားတဲ့အခါ အထင်အရှားပေါ်လွင်လာပါလိမ့်မယ်။
ဒီချုပ်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များက “ဦးအောင်ဇင်ရဲ့ အဆို” ကိုမထောက်ခံကြောင်း၊ဥက္ကဋ္ဌကြီး၏ အသံ (Voice) ကို သာထောက်ခံကြောင်းပြောကြားနေကြပြီး၊ ထိုအကြောင်း စာရေးသားတင်ပြမည်ဟု ယခုကဲ့သို့  အခိုင်အမာပြောဆိုနေကြပါတယ်။

    “အန်တီတို့ voice ကနေပြီးတော့ နားထောင်မယ်။ နားထောင်ပြီးတော့ voice အထဲမှာပါတဲ့အတိုင်း၊ ဥက္ကဋ္ဌကြီး ပြောသွား တဲ့အတိုင်း အဆိုကို ထောက်ခံတာပါဆို ပြီးတော့ အန်တီတို့ရဲ့ကိုယ်စားလှယ်တွေ အားလုံးလက်မှတ်ထိုးပြီးတော့ တရားဝင်တင်မယ်”
  
 “၂၀၀၈ အခြေခံဥပဒေနဲ့စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” တည်မြဲနေသမျှ အတိုက်အခံပါတီတိုင်း ဖောဖောသီသီရနေမယ့် အခွင့်အရေးတစ်ခုကတော့ မိမိတို့ပါတီမူဝါဒ၊သဘောထားနဲ့ မကိုက်ညီတဲ့၊ လက်မခံနိုင်တဲ့ အဆိုနဲ့လုပ်ငန်းစဉ်မှန်သမျှ လွှတ်တော်ထဲမှာ တင်ပြလာတဲ့အခါ “ဝေဖန်/ကန့်ကွက်ခွင့်” ပဲဖြစ်ပါတယ်။ ဒီလို ကန့်ကွက်ခွင့်ကို ကြံ့ဖွံ့လွှတ်တော်နဲ့စစ်တပိုင်းအစိုးရက ရက်ရက်ရောရော ပေးထားမှာပါ။ ဘာလို့လဲ။ အတိုက်အခံပါတီများရဲ့ဝေဖန်/ကန့်ကွက်မှုဟာ “၂၀၀၈ အခြေခံဥပဒေနဲ့စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို အရောင်တင်ပေးနေလို့ဖြစ်ပါတယ်။

    ညွန်း
-    အလဲဗင်းမီဒီယာရုပ်သံ Link (https://www.youtube.com/watch?v=Q9-rTM5M8-E&list=UUzoPb9sKVAHd-pIzv9R GGRA )
-    မြန်မာ့အလင်းသတင်းစာ၊ (၂၅ ဇူလိုင် ၂၀၁၄)
-    မြန်မာ့အလင်းသတင်းစာ၊ (၃၀ ဇူလိုင် ၂၀၁၄)