ဇော်အောင် (မုံရွာ) - ဦးဆန်းဆင့်ပြီးနောက် မီးခိုးကြွက်လျှောက်



 ဇော်အောင် (မုံရွာ) - ဦးဆန်းဆင့်ပြီးနောက် မီးခိုးကြွက်လျှောက်
သြဂုတ် ၁၊ ၂၀၁၄

ရာထူးကထုတ်ပယ်၊ ထောင်သွင်းအကျဉ်းချပြီး၊ သိန်း၁၀၀ အလွဲသုံးစားမှုပြသနာ၊ ပစ်မှုကြီးပုဒ်မ ၄၈/၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ နှင့် ပြစ်မှုကြီးပုဒ်မ ၄၂/၁၄ ပြစ်မှုဥပဒေပုဒ်မ ၁၂၄(က) စသဖြင့် အမြန်ဆုံးတရားစီရင်ခံနေရပါတယ်။ ၂လအတွင် ၅ကြိမ် တရားရုံးထုတ်ခဲ့ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတော့ အမိန့်မနာခံလို့ သမ္မတရုံးက ဖြေရှင်းချက်ပေးပါတယ်။ သေချာတာကတော့ မြန်မာအစိုးရအဖွဲ့က ငွေ-အာဏာရှင်များ အုပ်စုက အနိုင်ရရှိသွားဖြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများက လူတော်၊လူကောင်း လို့သတ်မှတ်ထားခံရသူ၊ ဦးဆန်းဆင့် အတွက် ပြည်သူလူထုနဲ့ သံဃာထုများ အောက်မေ့သတိရကြမယ်၊ သူ့ကျန်းမာရေးနဲ့မိသားစုများအတွက်လည်း ကူညီဖေးမကြမယ် မျှော်လင့်ပါတယ်။ လောကကြီးဟာ တရားမမျှတမှုတွေ အများကြီးရှိပါတယ်။ ပြုပြင်ပြောင်းလဲတဲ့ မြန်မာနိုင်ငံကတော့ တရားမျှတတဲ့ မြန်မာနိုင်ငံ၊ တရားဥပဒေ စိုးမိုးတဲ့ မြန်မာနိုင်ငံသို့ ဦးတည်နေချိန်မှာ ဒါမျိုး အနစ်နာခံသွားသူတွေ၊ ဒီအရင်က အသက်၊ သွေး ပေးဆပ်သွားတဲ့ သံဃာ၊ ကျောင်းသား၊ လုပ်သားပြည်သူ တိုင်းရင်းသားများစွာ ရှိခဲ့ပါတယ်။ ရှိနေဆဲ ဖြစ်ပါတယ်။


ဒီအမှုကို လူများနားမလည်နိုင်ဖြစ်ရပါတယ်။ အကယ်၍ ဦးဆန်းဆင့်ဟာ အစိုးရသစ်လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် ဓားစာခံအသုံးချခံရတယ်..လို့ဆိုရင် ရပ်တန်းက၊ မရပ်သေးတဲ့ တိုင်းပြည်ဘဏ္ဍာငွေများ အကြီးစား၊ အလွဲသုံးစွဲနေသူများကို သတိပေးသံ..လို့ မှတ်ယူရပါမယ်။ ဒါဆိုရင် မကြာမီ လာဘ်စားမှု မရပ်တံ့နိုင်သည့် နိုင်ငံဘဏ္ဍာကို အကြီးကျယ်အလွဲသုံးသူ လူကြီးတစ်ဦး (ငါးအကြီးတစ်ကောင်) ကို အလားတူ အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီး၊ တရားရုံးတင်နိုင်မျှော်လင့်မိပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် မြန်မာနိုင်ငံနိုင်ငံ ပြုပြင်ပြောင်းလဲရေးအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖြတ်ရေးလုပ်ငန်း သမိုင်းဝင်ဖြစ်သွားပါမယ်။ အရာရှိကြီးများ အလွန်အကျွံ လာဘ်စား၊ အလွဲသုံးစားနေခြင်းများ ထိန်းချုပ်လာနိုင်ပြီး၊ တိုင်းပြည်လမ်းကြောင်းမှန်သို့ ရောက်လာမည် ဟု မျှော်လင့်ပါတယ်။


ဇူလိုင် ၂၀၁၄ သတင်း။   အစိုးရဝန်ကြီးဌာနရာထူးအရွှေ့အပြောင်းတွင် ဝန်ကြီး နှစ်ဦး၊ ပြန်ကြားရေးဝန် ကြီး ဦးအောင်ကြည်နှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဖေသက် ခင်တို့ အငြိမ်းစားယူခဲ့ရသည်။ ၎င်းတို့နေရာတွင် ဒုဝန်ကြီး ဦးရဲ ထွဋ်နှင့် ဒေါက်တာသန်းအောင် တို့အား ခန့်အပ်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇူလိုင် ၂၉ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။ ယခု နုတ်ထွက်သွားသော ဝန်ကြီးနှစ်ဦးမှာ အခြားဝန်ကြီးများ နှင့်စာလျှင် သဘောထားပျော့ ပျောင်းပြီး ၎င်းတို့ ဝန်ကြီးဌာန လုပ်ငန်းစဉ်များတွင် အတတ်နိုင် ဆုံး ပြည်သူနှင့်နီးစပ်ရန် ကြိုးပမ်း ခဲ့ကြသူများ ဖြစ်သည်။ ဒေါက်တာဖေသက်ခင်သည် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်မှ ဝန်ကြီးဖြစ် လာပြီး အောက်လက်ငယ်သား များကို နိုင့်ထက်စီးနင်းမရှိခြင်း၊ ကိုယ်ကျိုးစီးပွား မရှာခြင်းတို့ ကြောင့် ဝန်ကြီးဌာနအပြင် ဆေး ပညာ အသိုင်းအဝိုင်း၏ လေးစား မှုကိုလည်း ရရှိထားသူဖြစ်သည်။ သို့သော် အစိုးရအဖွဲ့တွင်းမှာမူ ပြုပြင်ပြောင်းလဲရေးတွင် မလိုက်ပါ နိုင်ဟု သတ်မှတ်ခံရသည်။ ဒေါက်တာဖေသက်ခင်သည် လှုရည်ချွန် ၆ထပ်ကွမ်း ပညာထူးချွန်သူ ဖြစ်သည်။  ဦးအောင်ကြည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းသူအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ စဉ်းစားစရာများဖြစ်သည်။


မျှော်လင့်ချက်တွေနဲ့ပဲ မြန်မာတတ်သိပညာရှင်များဟာ ပြည်ပမှာပဲ အလုပ်လုပ်နေရပါတယ်။ အမေရိကန်လွှတ်တော်မှာတော့ မြန်မာ့ဒီမိုကရေစီခရီးစဉ် ရပ်တံ့နေပြီလို့ ဝေဖန်ပါတယ်။

 
အင်ဒိုနီးရှားပြုပြင်ပြောင်းလဲမှု


မြန်မာပြည်ထက် ၁၅နှစ်စောပြီး ဒီမိုကရေစီစနစ်ပြောင်းလဲခဲ့တဲ့ အင်ဒိုနိးရှား၊ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani အကြောင်းဖြစ်ပါတယ်။ သမ္မတယူဒိုယိုနို ၈နှစ်သက်တမ်းမှာ ၆နှစ်ကျော် (၂၀၀၈-၂၀၁၂)အောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့ပါတယ်။ အမျိုးသားများ ငွေ-အာဏာပြိုင်နေချိန်မှာ ထူးချွန်သူအမျိုးသမီးက ကြားခံဖြန်ဖြေခြင်းနဲ့ တိုင်းပြည်တိုးတက်ပေမဲ့၊  ငွေ-အာဏာရှင်များရဲ့ ဒဏ်ကိုမခံနိုင်တော့ ရာထူးကထွက်လိုက်ရပါတယ်။ ငွေ-အာဏာရှင်အုပ်စုက Sri Mulyani ကို ခြစားမှုနဲ့တရားစွဲဖို့ ကြိုးစားပေမဲ့ သမ္မတ ယူဒိုယိုနိုက ကာကွယ်ပေးခဲ့ပါတယ်။ ဝန်ကြီးရာထူးက နှုတ်ထွက်ခွင့်ရပြီး လက်ရှိ ကမ္ဘာ့ဘဏ် အကြီးအကဲအဖြစ် အင်ဒိုနီးရှားနိုင်ငံက ခြစားမှုတွေကို တိုက်ဖျက်လျှက် ရှိနေဆဲပါ။  မြန်မာနိုင်ငံအတွက် ကမ္ဘာ့အဆင့်အတန်းသို့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမဲ့ ငွေ-အာဏာရှင်များက   မြန်မာအစိုးရလည်း ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်၊ ကုလသမဂ္ဂအဖွဲ့များရဲ့ အကြံပေးချက်နဲ့ ခေါင်းခံလုပ်နိုင်မဲ့ ထူးချွန်သူအရပ်သားဝန်ကြီးများ လိုအပ်ပါတယ်။


အင်ဒိုနီးရှားဒီမိုကရေစီ မြန်မာထက် များစွာ သာလွန်နေလို့၊ ပြည်သူလူထု ဝင်ငွေကလည်း မြန်မာလူထုထက် ၃ဆ မြင့်နေပါတယ်။ သတင်းစာလွတ်လပ်ခွင့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေမှာလည်း မြန်မာနိုင်ငံထက် များစွာသာလွန်နေပါတယ်။ လောလောဆယ် ၂၀၁၄ သမ္မတရွေးကောက်ပွဲမှာ အရပ်သားဖြစ်တဲ့ ဂျိုးကိုဝီ ဆိုသူ သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရလို့ အင်ဒိုနီးရှား ဒီမိုကရေစီခရီးလမ်း ပိုမိုဖြောင့်ဖြူးသွားပါတယ်။ ဒါတောင် စစ်အာဏာရှင် အဆက်အနွယ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဗိုမို အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ပြီး ၅၃% - ၄၇% နဲ့ မဲသိပ်မကွာပါဘူး။ ငွေ-အာဏာရှင်များကို မလွန်ဆန်နိုင်တဲ့ ပြည်သူ ၄၇% ရှိနေတာ တွေ့နိုင်ပါတယ်။ အလားတူပဲ မြန်မာပြည်မှာလဲ ၃၀% လူထုမဲနဲ့ စစ်တပ်ရဲ့ ၂၅% မဲ ပေါင်းပြီး PR စနစ်နဲ့၊ အစိုးရအာဏာကို အာဏာရပါတီက ဆက်လက်ကိုင်ထားနိုင်ပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာ မြန်မာပြည် ညွန်ပေါင်းအစိုးရ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။


မြန်မာပြည်မှာလည်း အင်ဒိုနီးရှားက ဂျိုကိုဝီ ကဲ့သို့ ကိုယ်တိုင် အဂတိမရှိ ပေမဲ့၊  အခြား အဂတိလိုက်စားတဲ့ အုပ်စုများနဲ့ ပေါင်းသင်းနိုင်တဲ့ ဝန်ကြီးများစွာ ထပ်မံပေါ်လာမယ် မျှော်လင့်ပါတယ်။

 
မြန်မာနိုင်ငံသားများ၏ ပြုပြင်ရမည့်တနပ်စားဝါဒ


တစ်နိုင်ငံလုံးမှာ အိမ်ခြံမြေဈေးနှုန်းတွေ တဟုန်ထိုး၊ တက်သွားပြီး၊ အထူးသဖြင့် နိုင်ငံခြားက ဝိသမကိုယ်ကျိုးသမားတွေနဲ့ မြန်မာ ငွေ-အာဏာရှင်များ ပူးပေါင်းမိသွားလို့ ဖြစ်ပါတယ်။ စိတ်ကောင်းရှိသူများလည်း ဘာမှမတတ်နိုင်ပါဘူး။ မိုးခါးရေ သောက်ရင်း၊ သူတို့ပိုင်တဲ့ အိမ်ခြံမြေများကို ဈေးကောင်းကောင်းနဲ့ ငှားရမ်း၊ ရောင်းချတဲ့ ခေတ်ရေစီးချောင်းမှာ မျောသွားပါတယ်။ ငွေဆိုတာ လူတိုင်းကြိုက်တယ်၊ လုပ်ပိုင်ခွင့်ကလဲ ရှိနေတယ်။ အများသူငှာလဲ လုပ်နေကြတော့ မြေကွက်ဖေါ်၊ ရောင်း၊ ဝယ်၊ စာချုပ်များကိုလည်း ငွေ-အာဏာနဲ့ ပယ်ဖျက်၊ အသစ်ချုပ် ..စသဖြင့် လုပ်ကိုင်နေတော့ စာချုပ်စာတန်းလုပ်ငန်းတွေလည်း အရမ်းအလုပ်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ရန်ကုန်မြို့လယ်၊ အိမ်ခြံမြေဈေးတွေ အမေရိကန်နယူးယောက် ဈေးနှုန်းရောက်သွားပါတယ်။ ဒါထက်ဆိုးတာက နယ်မြို့များရဲ့ အိမ်မြေဈေးကွက်ကလည်း အမေရိကန်အိမ်မြေဈေးကို ရောက်သွားပါတယ်။ အရှေ့တောင်အာရှ ဈေးထက် အများကြီးမြင့်မားသွားပါတယ်။ ဈေးကျဖို့ မြေကွက်ဖော်၊ ချပေး၊ တန်ဖိုးနည်းအိမ်ယာ ရောင်းချရေးလဲ မလုပ်ပါဘူး။ ဟန်ပြ ဆင်ပါးစပ်၊ နှမ်းပက်သလို လုပ်နေပါတယ်။ တောင်သူ လယ်မြေယာဥပဒေ အကောင်ထည်ဖေါ်မှုလည်း နှေးကွေးစွာလုပ်နေဆဲပါ။


အစားအသောက် ဈေးနှုန်းတွေလည်း သန့်ရှင်းသပ်ယပ်တဲ့ အစားဈေးနှုန်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားတွေထက် ဈေးကြီးနေတယ်။ အထူးသဖြင့် သားငါးဈေးနှုန်းများက နိုင်ငံတကာဈေးကို ရောက်နေတယ်။ ဟင်းသီးဟင်းရွက်ဈေးက သိပ်မတက်တော့၊ ဒါပဲ စားရတဲ့ မြန်မာသာမန်လူထုအတွက် တော်သေးတာပေါ့။
အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများလဲ အပုံအပင်၊ မြန်မာပြည်တွင်း ရောက်လာပါတယ်။ ကြည့်ကောင်းပြီး၊ အရည်သွေးညံ့တဲ့ ပစ္စည်းတွေချည်းပါ။ မြန်မာလူထုကလည်း ဒါတွေပဲဝယ်သုံး၊ ခဏနဲ့ပျက်စီးသွားတယ်။ နောက်ထပ်ဝယ်ပြန်တယ်။


မြန်မာနိုင်ငံသားများရဲ့ ဆင်းရဲမွဲတေမှု၊ ဗဟုသုတနည်းမှုတွေကြောင့်၊ အထူးသဖြင့်ကတော့ တနပ်စားဝါဒ အလွန်ထွန်းကားနေခြင်းဖြစ်ပါတယ်။ လူတိုင်းနီးပါး ငွေ-အာဏာ အသုံးချပြီး၊ လုပ်ချင်ကြတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူများ မြန်မာပြည်ပြန်လာလုပ်ဖို့ လုံးဝမဖြစ်နိုင်သေးပါဘူး။ တစ်နိုင်ငံလုံးမှာ ရပ်ကွက်အာဏာပိုင်က စပြီး၊ အာဏာအသုံးပြု၊ လုပ်ငန်းကြံ့ကြာသွားစေနိုင်လို့ တနပ်စား၊ လက်ဆောင်ပေးပြီး လုပ်ကိုင်နေရဆဲ ဖြစ်ပါတယ်။ အများစု မြန်မာလူထုဟာ လာဘ်ပေးဖို့လည်း ဝန်မလေးဘူး။ လာဘ်ပေးမှ ရမယ်ထင်နေသူများ၊ မစောင့်နိုင်၊ စိတ်မရှည်မှုများ၊ ကိုယ့်ကိစ္စ မြန်မြန်ပီးအောင် ဌာနဆိုင်ရာကို ပေးကမ်းလုပ်မှုများ၊ တစ်တိုင်းပြည်လုံး လူတွေရဲ့ စာရိတ္တပညာအားနည်းမှုထက်စာရင်၊ ချမ်းသာတဲ့လူတွေကို လိုက်ကြည့်နေသူများကြောင့် ၊ ဒီ တနပ်စား ဝါဒ ထွန်းကားလာရခြင်းဖြစ်ပါတယ်။

 
တပ်မတော်၏ အခန်းကဏ္ဍ


မြန်မာပြည်မှာ အစွမ်းထက်တဲ့ အင်စတီကျူးရှင်း Institution အလွန်နည်းပါတယ်။ ပါတီ၊ အစိုးရ၊ လွှတ်တော် မဟုတ်တဲ့ အဖွဲ့အစည်း ကို အင်စတီကျုးရှင်းလို့ သတ်မှတ်ရပါမယ်။ သမဂ္ဂများ၊ ရှစ်လေးလုံးမျိုးဆက်သစ်များ၊ လူရည်ချွန်အဖွဲ့ , MPC, UMCCI ၊ နိုင်ငံတကာ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ IMF, ADB စတဲ့ အဖွဲ့အစည်းများစွာ ရှိပေမဲ့၊ မြန်မာအစိုးရအပေါ် သြဇာရှိမဲ့အဖွဲ့ နည်းပါတယ်။  အင်ဒိုနီးရှားမှာတော့ အင်စတီကျူးရှင်းများ တော်တော် ခိုင်ခန့်နေပါတယ်။
မြန်မာပြည်ရဲ့ အားသာချက်က တပ်မတော်ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၊ ဖြောင့်မတ်၊ မှန်ကန်သူများအဖြစ် ရပ်တည်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ၂၅% စစ်တပ် လွှတ်တော်အမတ်များဟာ အစိုးရရဲ့ ခါးပိုက်ဆောင် အဖြစ်မဟုတ်ပဲ၊ နိုင်ငံအကျိုးကို ရှေ့ရှုတဲ့ အင်စတီကျူးရှင်း တစ်ခုဖြစ်နေဖို့ မျှော်လင့်ပါတယ်။ 

တပ်မတော် ခေါင်းဆောင်များကို စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးများကို ပံ့ပိုးမဲ့အစီအစဉ်များ ရှိပါတယ်။ ဦးပိုင်အဖွဲ့ဟာ တပ်မတော်စီးပွားရေး အဖွဲ့ဖြစ်ပါတယ်။ တကယ်တော့၊ တပ်မတော်သားများ စီးပွားမလုပ်တတ်ပါဘူး။ ဦးပိုင်လိမိတက်ကို ဝိသမစီးပွားရေးသမားများက ချယ်လှယ်နေရင်တော့ လက်ရှိ တပ်မတော်ရဲ့ သိက္ခာကို ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် တပ်မတော်သားများကို တနပ်စားဝါဒီများနဲ့ ဝေးဖို့လိုပါတယ်။ တပ်မတော် စစ်ဗိုလ်များကို နိုင်ငံတကာ စစ်တက္ကသိုလ်များ ပို့ပေး၊ ပညာတော်သင် များစွာ အရှေ့နိုင်ငံများသို့ စေလွှတ်နေပါတယ်။ အနောက်နိုင်ငံများထံလဲ ပညာတော်သင် များများစေလွှတ်ရပါမယ်။ ပညာတော်သင်စေလွှတ်ခြင်းဟာ စစ်လက်နက်ဝယ်ယူရေး ပေါ်လစီနဲ့ ဆိုင်ပါတယ်။  ဒါမှ အနာဂါတ် မြန်မာစစ်ဗိုလ်များ စားဝတ်နေရေး အဆင်ပြေပြီး၊ တနပ်စားအလုပ်များက လွှတ်မြောက်မှာဖြစ်ပါတယ်။

 
ငွေ-အာဏာသုံး၊ တနပ်စားဝါဒ ကျဆုံးရေး


ပြည်သူလူထုကို အရေးယူမဲ့အစား၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ ရင်းနှီးမှုလုပ်ငန်းလိုင်စင်၊ပါမစ် အဖွဲ့များစွာထဲက တနပ်စားလုပ်သူများကို နမူနာအဖြစ် မြန်မြန်အရေးယူဖို့ဖြစ်ပါတယ်။ မဆိုင်သူ အရေးယူခံရတဲ့ ဝန်ကြီးဟောင်း ဦးဆန်းဆင့်လို နောက်တစ်ခါ မဖြစ်ဖို့လိုပါတယ်။


AGD ဘဏ်ကိစ္စ ငွေ-အာဏာ သုံးပြီး၊ ငွေမဲခဝါချမှု ဟုတ်မဟုတ် အစိုးရက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ငွေမဲခဝါချခြင်းများကြောင့် တိုင်းပြည်တိုးတက်မှု နည်းရခြင်းဖြစ်ပါတယ်။  ငွေကြေးခ၀ါချမှု စောင့်ကြည့်ရေးအဖွဲ့ (The Financial Action Task Force- FATF) ရဲ့ စံနှုန်း (ငွေမဲ၊ အခွန်လွတ်နေသူ တနည်းအားဖြင့် နိုင်ငံဘဏ္ဍာတွေ ခိုးယူနေသူများ)  ၂၀၁၂ မှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာတို့ ငွေခဝါချတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အခု ၂၀၁၄မှာ၊ အင်ဒိုနီးရှားနဲ့မြန်မာ ၂နိုင်ငံ၊ နှစ်နိုင်ငံပဲ နာမည်ပျက်စာရင်း Black List ထဲကမထွက်နိုင်ပဲ ဖြစ်နေပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီအသစ်၊ ရင်းနှီးမြှတ်နှံမှုကော်မတီ တွေဖွဲ့စည်းပြန်ပါတယ်။ အထူးသဖြင့် အဂတိတိုက်ဖျက်ရေး ကော်မတီဝင်စာရင်းက လုပ်ပိုင်ခွင့်မရှိတဲ့ အခြေနေမှာ ဖြစ်နေပါတယ်။


အင်ဒိုနီးရှားထက် အားသာချက်တွေ မြန်မာပြည်မှာ ရှိနေပါတယ်။ ကမ္ဘာ့အသိမှတ်ပြု ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်ခံများ ရှိနေပါတယ်။ အာဏာရပါတီနဲ့ အစိုးရခေါင်းဆောင်ပိုင်ကလဲ ပွင့်လင်းနိုင်မျှ ပွင့်လင်းစွာ လုပ်ကိုင်နေပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် သမ္မတကြီး၊ တရားဥပဒေရေးတာဝန်ရှိသူများ အနေနဲ့ ပြက်သားစွာ၊ အရေးယူသင့်သူကို အရေးယူပြဖို့ပဲ လိုပါတယ်။


အောက်ခြေလူတန်းစားကို လိုက်ပြုပြင်နေလို့ မရပါဘူး။ လက်ရှိ အစိုးရဌနာဆိုင်ရာ၊ ဝန်ထမ်းတွေလည်း ပြည်သူလူထု သက်သာချောင်ချိရေးအတွက် ဥပဒေစိုးမိုးစွာ လုပ်ကိုင်ပေးခြင်း၊ တွေ့နိုင်ပါတယ်။ အဓိကတော့ အုပ်ချုပ်သူ ထိပ်တန်းအရာရှိကြီးများ လူတော်၊ လူကောင်း ဖြစ်ဖို့ပါ။ ဝန်ကြီး ဦးဆန်းဆင့် အရေးယူခံရခြင်း၊ တရားရုံးထုတ်ခြင်းတွေဟာ အစိုးရသစ်လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် အထောက်အကူ ဖြစ်သွားရင် ဝမ်းနည်းမှုကြားက၊ ဝမ်းမြောက်မှု ဖြစ်လာပါမယ်။ ကျန်တဲ့ ဝန်ကြီးနဲ့အပေါင်းပါအချို့ ဥပဒေအလွဲသုံးစား လုပ်စားနေမှုဟာ၊ တချက်ဆို ဒေါ်လာသန်းပေါင်းများစွာ အစိုးရဘဏ္ဍာငွေတွေ ဆုံးရှုံးပါတယ်။ 

ဥပမာ Sky-net စာချုပ်၊ ကြေးနီစီမံကိန်း-လက်ပတောင်း စာချုပ်များဟာ တဖက်သတ်စာချုပ်ဖြစ်ပြီး၊ နိုင်ငံတော် အကြီးအကျယ် ဆုံးရှုံးပါတယ်။


အစိုးရ စာရင်းစစ်အဖွဲ့ အလွန်အာဏာရှိဖို့ ၊ အစိုးရအဖွဲ့ရဲ့ ခါးပိုက်ဆောင် စာရင်းစစ်မဖြစ်ဖို့ အရေးကြီးပါတယ်။  ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ အစီရင်ခံစာမှာ အစိုးရဌာနအချို့ ငွေစာရင်း မမှန်မကန်သုံးစွဲနေမှုကို စစ်ဆေးချက် ၃၀၀ခန့်နဲ့ တင်ပြခဲ့ပါတယ်။ တိုးတက်လာပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းများ၊ ကုမ္ပဏီများရဲ့ ရင်းနှီးမြှတ်နှံ၊ ကူညီပေးငွေ ဘီလျှံပေါင်းများစွာ နဲ့ နိုင်ငံတော်ဘတ်ဂျတ် ဘီလျံပေါင်းများစွာကို စနစ်တကျ၊ တတ်သိကြွမ်းကျင်သူ လူတော်လူကောင်းများ လက်ကို ရောက်ရှိဖို့ မျှော်လင့်ပါတယ်။ အခွန်နဲ့ရင်းနှီးမြှတ်နှံမှုများဟာ အစိုးရဘဏ္ဍာ မဖြစ်လာပဲ၊ မဖြစ်စလောက်ငွေကို အစိုးရအရာရှိမင်းအချို့ ရယူနေရှိခြင်းက၊ အလွန်အားနည်းချက်ဖြစ်ပါတယ်။ မိမိ အာဏာရရှိချိန်အတွင်း ဒေါ်လာသန်းပေါင်းများစွာ နိုင်ငံတော် ဆုံးရှုံးသွားအောင် လုပ်မိသွားရင်၊ သိသိနဲ့ဖြစ်စေ၊ မသိလို့ဖြစ်စေ ဝန်ကြီးဦးဆန်းဆင့် အမှုလို ထုတ်ဖေါ်ပြီး၊ အမြန်ဆုံးအရေးယူတော့မယ်လို့ မျှော်လင့်ပါတယ်။ 


မျှော်လင့်ချက်ပေါင်း များစွာနှင့်ပါ။

(ဇော်အောင်(မုံရွာ) သည် မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်တဦး ဖြစ်သည်)