မောင်စွမ်းရည် - “ ကျောက်ခေတ်လက်ကျန် ဒို့မြန်မာများ”


မောင်စွမ်းရည် -  “ ကျောက်ခေတ်လက်ကျန် ဒို့မြန်မာများ”
ဇူလိုင် ၂၆၊ ၂၀၁၄


ဒို့တိုင်းပြည်က
ခေတ်နောက်ကျခဲ့။

တောင်ကြီးတွေက ရှေးကျ
တောကြီးတွေက ရှေးကျ
မြေကြီးတွေက ရှေးကျ
ကျောက်လွှာတွေက ရှေးကျ
ရှေးကျဆို-
“ပေလီယိုလစ်သစ်’’လား
“မီဆိုလစ်သစ်”လား

လူသားတွေက် ကျောက်ခေတ်သာသာ
စားတာလဲ ကျောက်ခေတ်အစာ
ဝတ်တာလဲ ကျောက်ခေတ်ပမာ

အမဲလိုက်တာလဲ ခုထိပဲ၊
အမဲလိုက်ခံရတာလဲ ခုထိပဲ၊
ဂူအောင်းတာလဲ ခုထိပဲ။

ဒါပေမဲ့လဲ-
မိုးတွေရွာတော့၊ ရွာတဲ့မိုးဟာ
ခေတ်ဆန်လိုက်တာ-

ကျည်ဆန်မိုးတဲ့၊ ဗုံးဆန်မိုးတဲ့
ဒုံးပျံမိုးတဲ့။

ကျောက်ခေတ်ရွာနေ
ကျောက်ခေတ် လူသားတွေ
သေတော့ “မော်ဒန်”
ကျည်ဆန်မှန်လို့တဲ့။

နှောင်းခေတ်သုတေသီတွေက
ကျည်ဆန်မှန်တာကို
မိုးကြိုးမှန်တယ် ထင်လေမလား။

သြော်- ဘယ်လိုပဲသေသေ
သေတော့ မြေကြီးပါပဲလေ။

(၂၀၁၄ မေ၁၃။ နယူးယောက်)