မောင်မှန်ကန် (၀န်ထမ်းတဦး) - အာဆီယံဥက္ကဌ၊ သမ္မတဦးသိန်းစိန် ပညာရေးဝန်ထမ်းများအပေါ် မတရားကျင့်


မောင်မှန်ကန် (၀န်ထမ်းတဦး) - အာဆီယံဥက္ကဌ၊ သမ္မတဦးသိန်းစိန် ပညာရေးဝန်ထမ်းများအပေါ် မတရားကျင့်
ဇူလိုင် ၂၁၊ ၂၀၁၄၊ (မိုးမခပေးစာကဏ္ဍ)

၂၀၁၃ခုနှစ် မတ်လ ၂၉ ရက်နေ့စွဲဖြင့်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ် ၁၁၈(၃)၊ ၈ / သမ္မတရုံး အမိန့်အရဟုဆိုကာ ၂၉-၃-၂၀၁၃ နေ့စွဲပါစာအမှတ် ၁ ပညာ၊၂ (ဃ) ၂၀၁၃ (၄၁၈၀)ဖြင့် ဒေါက်တာဒေါ်ကျင်ဌေး (ပါမောက္ခ၊ဌာနမှုး) စီးပွားရေးပညာဌာန၊ အဝေးသင်တက္ကသိုလ် (ရန်ကုန်) အား ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် မယူမနေရပင်စင်အမိန့်ကို ပယ်ဖျက်လိုက်သည့် အာဏာပေး စာချွန်တော်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၁-၆-၂၀၁၄ နေ့တွင်ထုတ်ပြန်လိုက်ပါသည်။

အပြစ်မရှိသူအား ဌာနတွင်းကနဦး စုံစမ်းစစ်ဆေးခြင်းမပြုပဲ အာဏာကိုအလွဲသုံးစားလုပ်ပြီး မှားယွင်းစွာချမှတ်ထားသောအမိန့် ကိုပယ်ဖျက်လိုက်သည့်အတွက် ဖိနှိပ်ခံ ဆရာ၊ ဆရာမများက တရားလွှတ်တော်ချုပ်ကို ကြိုဆိုကျေးဇူးတင်နေကြပါသည်။

အလားတူ သမ္မတရုံး၏ ၂၇-၃-၂၀၁၃ ရက်စွဲပါစာအမှတ် -- ၅၇၇ /၂၅၂-ပြောင်းရွှေ့ / အဖရ (၂၀၁၃)
အရဟုဆိုကာ ပညာရေးဝန်ကြီးဌာန၏ ၂၈-၃-၂၀၁၃ ရက်စွဲပါ စာအမှတ်-၁ ပညာ ၂ (ဃ) ၂၀၁၃
(၄၁၅၄) အရ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်အသီးသီး၏ ပါမောက္ခ ၁၁ ဦးကို
ဌာနတွင်း စုံစမ်းစစ်ဆေးမှုမပြုလုပ်ပဲ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ပုဒ်မ၂၀၈ ကို ချိုးဖောက်ကာ အခြားဝန်ကြီးဌာနအသီးသီ;သို့ ကာယကံရှင်များ၏ ဆန္ဒသဘောထားများမပါဝင်ပဲ ဌာနကူးပြောင်းရွှေ့ခန့်ထားပါသည်။

သို့ဖြစ်ပါ၍ ၀န်ထမ်းစည်းမျဉ်းဥပဒေ၊ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့်မကိုက်ညီသော ထိုအမိန့်အား အမြန်ဆုံးပယ်ဖျက်ပေးပါရန် အာစီယံဥက္ကဋ္ဌ ၊သမ္မတ ဦးသိန်းစိန်အား တောင်းဆိုပါသည်။

ဒေါက်တာဒေါ်ကျင်ဌေးအပေါ် အာဏာကိုအလွဲသုံးစားပြုပြီး မှားယွင်းစွာဆုံးဖြတ်ခဲ့သော ကော်မီတီကပင် ဌာနအသီးသီးက ပါမောက္ခ ၁၁ ဦးအားလည်း အာဏာကို အလွဲသုံးစားပြုပြီး လွဲမှားစွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

၁၉-၆-၁၄ ရက်နေ့က ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာအစည်းအဝေးတွင်နိုင်ငံတော် သမ္မတဦးသိန်းစိန်က- မမှန်ကန်သည့်လုပ်ရပ်များကို ထိရောက်စွာ အရေးယူခြင်းမရှိပဲ၊ အချင်းချင်းဖုံးဖိပြီး ပြေပျောက်စေခြင်းမျိုးသည် လွဲမှားသောလုပ်ဆောင်မှုဖြစ်၊ လွဲမှားသော အုပ်ချုပ်မှုလုပ်ရပ်များသည် အစိုးရအဖွဲ့တစ်ခုလုံးအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့ပြီးအကြည်
အညိုပျက်စေနိုင်သည်ကို သတိပြုစေချင်ဟု ထည့်သွင်းပြောကြားသွားပါသည်။

သမ္မတကြီးပြောသကဲ့သို့ပညာရေးဝန်ကြီးဌာနတွင်ဖြစ်ပျက်နေပါသည်။ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ ၁၁ ဦးအပေါ် မှားယွင်းစွာဆုံးဖြတ်ထားသော ပါချုပ်များ၊ညွှ့န်ချုပ်များကို ယခုချိန်ထိ တစ်စုံတစ်ရာအရေးယူခြင်းမရှိပါ။ ဘာကြောင့်အရေးမယူရသလဲဟု အာဆီယံ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတကြီးကိုပင်မေးချင်ပါသည်။

ထို့ကြောင့်အာဆီယံဥက္ကဋ္ဌ၊သမ္မတဦးသိန်းစိန်သည် အပြောနှင့်လက်တွေ့ ထပ်တူမကျသူဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်၁၀-၆-၂၀၁၄ နေ့ကပြောကြားရာတွင်-အုပ်
ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ၀န်ထမ်းများ၏စိတ်ဓါတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝအောင် တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်ကြိုးစားမှုဖြင့် ရာထူးအဆင့် တိုး၍ချီးမြှင့်ခြင်း၊ အရေးယူသင့်သူကိုအရေးယူခြင်းတို့ဖြင့် အုပ်ချုပ်ရေးယန္တရား ကောင်းမွန်အောင် ဆောင်ရွက်သွားရန်မှာကြားသွားပါသည်။

သို့သော်လည်း အပြစ်မရှိသော ဒေါက်တာဒေါ်ကျင်ဌေးနှင့်ပါမောက္ခ ၁၁ ဦး အားပုဂ္ဂိုလ်ရေးအရ မှားယွင်းစွာ အာဏာကိုအလွဲသုံးစားပြုပြီး ဆုံးဖြတ်ခဲ့သော
တာဝန်ရှိသူများကိုလည်း ချက်ချင်းအရေးယူသင့်ပါလျက်  အရေးမယူခြင်းသည်
သမ္မတကြီး၏ အဂတိ လိုက်စားမှုပင်ဖြစ်သည်။

တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊ သမ္မတ၏ အမိန့် မတည်ခြင်းတို့ပင်ဖြစ်သည်။ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရဆိုလျှင် အပြစ်မရှိသော ပါမောက္ခကြီးများ၏ အမိန့်ကို
အမြန်ဆုံးပယ်ဖျက်ပြီး နစ်နာသောပါမောက္ခများအား ကုစားပေးမည်မှာ အမှန်ပင်ဖြစ်သည်။ မိမိတို့၏မှားယွင်းမှု၊ သမ္မတရုံး၏မှားယွင်းမှုများကို သမ္မတကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီအစိုးရပီသမည်ဖြစ်သည်။

၂-၇-၂၀၁၄နေ့ကလည်းသမ္မတသည် - ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ဖြစ်စဉ်များအား မိမိတို့တစ်ဦးချင်းစီအတွက် စိန်ခေါ်မှုများစွာကိုရင်ဆိုင်ကျော်လွှားနေရတဲ့ အခြေအနေများ ဖြစ်တဲ့အတွက် ဒါတွေကိုလက်ခံပြီးအမှားအယွင်းများကို ပြင်ဆင်ခွင့်ပေးတဲ့နည်းလမ်းများနဲ့
လက်တွဲခေါ်ဆောင်ခြင်းဖြစ်ပါတယ်။ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် အန္တရာယ်ရှိလာတဲ့ အဆင့်ဖြစ်လာမှသာထိရောက်တဲ့အရေးယူမှုတွေကို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ အလေးအနက်ယုံကြည်တာကတော့ အသစ်အသစ်သောစိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် လက်တွဲကြိုးပမ်းဆောင်ရွက်ခြင်းနဲ့ ညှိနှိင်း အဖြေရှာခြင်းများကသာလျှင် နည်းလမ်းမှန်များဖြစ်တယ် ဆိုတဲ့အချက်ဖြစ်ပြီး အစဉ် ခံယူကျင့်သုံးလျက်လည်းရှိပါတယ်- ဟုပြောကြားသွားပါသည်။

သို့သော်လည်းပဲ သမ္မတဦးသိန်းစိန်သည် စာဖြင့်ပင်လျှင် သတိပေးခြင်းမခံရဘူးသော
အပြစ်တစ်စုံတစ်ရာမရှိသော ပါမောက္ခကြီး ၁၁ ဦးအား  ညှိနှိုင်းခြင်းမရှိပဲ အာဏာရှင် ဆန်ဆန် ပြောင်းရွှေ့ပြစ်လိုက်ခြင်းဖြင့် လူ့အခွင့်အရေး၊ ၀န်ထမ်းအခွင့်အရေးကို ချိုးဖေါက်လိုက်ပါသည်။

သို့ဖြစ်ပါ၍ ၀န်ထမ်းစည်းမျဉ်းဥပဒေပုဒ်မ -၃၈၊၄၃၊၄၄၊၄၅၊၄၈ တို့နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ၊ပုဒ်မ -၂၀၈ နှင့်မူလလူ့အခွင့်အရေး ဆိုင်ရာပုဒ်မ-၃၄၇တို့ကိုချိုးဖေါက်ထားသော သမ္မတရုံး၏ ၂၇-၃-၂၀၁၃ ရက်စွဲပါ စာအမှတ်-၅၇၇ /၂၅၂-ပြောင်းရွှေ့ / အဖရ (၂၀၁၃) အမိန့်ကိုအမြန်ဆုံး
ပယ်ဖျက်ပေးပါရန် အာဆီယံဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်အား ပါမောက္ခ ၁၁ဦးက တောင်းဆိုပါသည်။