သတင်းတိုထွာ သောင်းပြောင်းထွေလာ (မလေးရှားလေယာဉ်၊ ယူကရိန်း၊ အစ္စရေး၊ အင်ဒို၊ နူကလီးယမြန်မာနဲ့ အမေရိကန်နယ်စပ်)

ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ
(မလေးရှားလေယာဉ်၊ ယူကရိန်း၊ အစ္စရေး၊ အင်ဒို၊ နူကလီးယမြန်မာနဲ့ အမေရိကန်နယ်စပ်)
သာဂိ၊ မိုက်ခဲစိန်၊ ဇူလိုင် ၂၃၊ ၂၀၁၄


ဒီတပတ်မှာလည်း သတင်းခေါင်းစဉ်တွေနဲ့ ထင်ရာမြင်ရာတွေကို သာဂိနဲ့ မိုက်ခဲစိန်တို့က ဖျော်ဖြေတင်ဆက်လိုက်ပါတယ်။ ပရိသတ်ကြီးက အကြံပေးမေးမြန်းထားတာတွေကိုလည်း အလျင်းသင့်သလို ထည့်သွင်းသွားပါမယ်။ ဒီတခါတော့ သာဂိက သတင်းတွေ စုစည်းတဲ့အသွား၊ မိုက်ခဲစိန်က အပြန်ပေါ့ဗျာ။

သာဂိ - ကဲ … မလေးရှားလေယာဉ်ကြီး MH17 ဇူလိုင် ၁၇က ယူကရိန်းပြည်၊ သူပုန်ထိန်းချုပ်ရာဒေသက ဝေဟင်မှာ ဒုံးကျည်ထိမှန် ပျက်ကျ ဆိုပါကလား။ အားလုံးသော ခရီးသည်နဲ့ ၀န်ထမ်း ၂၉၈ ဦးလုံး သေဆုံးကုန်ကြတယ်။ ဘယ်သူကများ ပစ်ချလိုက်ပါလိမ့်။

မိုက်ခဲစိန် - ရုရှားထောက်ခံတဲ့သူပုန်နယ်မြေမှာ ဆိုတော့ ရုရှားနဲ့ သူပုန်တွေကို နိုင်ငံတကာက ပြစ်တင်နေကြတာပေါ့။ လေယာဉ်ခရီးအစဖြစ်တဲ့ နယ်သာလန်က ခရီးသည်အများဆုံးဆိုတော့ နယ်သာလန်အစိုးရက သေဆုံးသူတွေ အကုန်လုံးကို သူတို့ဆီ ပို့ပေးဖို့ တောင်းဆိုနေတယ်။ လေယာဉ်ပိုင်ရှင် မလေးရှားအဲလိုင်းကတော့ ဘလက်ဘောက်စ်ကို အရပြန်ယူနိုင်ဖို့နဲ့ အပြစ်ရှိသူတွေကို အရေးယူဖို့ ပြောကြတယ်။ ဥရောပနဲ့ အမေရိကန်ကတော့ ယူကရိန်းပြည်တွင်းစစ်မှာ ရုရှားက နောက်ကွယ်က အားပေးနေလို့ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့ ပြင်ဆင်ဆွေးနွေးနေကြတယ်။ ရုရှားကတော့ စီအိုင်အေက လုပ်တာ၊ ယူကရိန်းတိုက်လေယာဉ်က ပစ်ချတာဆိုပြီး ပြန်လှန်စွပ်စွဲတယ်။ ပြီးတော့လည်း ပြီးသွားမှာပါပဲဗျာ။ အပြစ်မဲ့တဲ့ ပြည်သူတွေကတော့ ပြန်ပြီး အသက်ရှင်လာနိုင်တော့မှာ မဟုတ်ဘူး။ လက်သည်ကတော့ လက်နက်ကိုင်အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်သူအားလုံးပါပဲ။

သာဂိ - အစ္စရေးနဲ့ ဂါဇာက ဟာမတ်ပါလစ်စတိုင်း ပဋိပက္ခကလည်း အတော်ဆိုးလာပါလားဗျ။ လူ ၅၀၀ ကျော် သေဆုံး၊ အစ္စရေးစစ်သားတွေလည်း အထိအခိုက်များတယ် ကြားတယ်။ ကြားနေသလိုလိုလုပ်နေတဲ့ အိုဘားမားတို့ အမေရိကန်အစိုးရကလည်း အပစ်အခတ် ရပ်ကြဖို့၊ ပြေပြေလည်လည် ဖြေရှင်းကြဖို့ အခုတော့ ၀င်ပြောနေရပြီ။ ဒါကလည်း လက်နက်ကိုင်ပြီး အကြမ်းဖက်ဖြေရှင်းမှုတွေပဲ မဟုတ်လား။

မိုက်ခဲစိန် - မီဒီယာပေါ် တက်သလောက် ကျနော်တို့က ခံစားကြရတာပါ။ အာဖရိက၊ အရှေ့အလယ်ပိုင်း ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတွေက နင်းပြား လက်နက်မဲ့ပြည်သူတွေအားလုံးက လက်နက်ကိုင် အာဏာရှင်တွေ၊ အကြမ်းဖက်သမားတွေ၊ နိုင်ငံရေးသမားတွေလက်အောက်မှာ မြေစာပင်တွေချည်းပါပဲ။ အစ္စရေးနဲ့ ပါလစ်စတိုင်း ၂ဦးစလုံးက အလျော့မပေးတမ်း ပြသနာရှာနေမယ်ဆိုရင် အဖြေက တွေ့မှာ မဟုတ်ပါဘူး။ သည်တပွဲလည်း မကျေမလည်နဲ့ ပြီးသွား၊ နောက်တပွဲ နွှဲကြဦးမှာပဲ။ ခင်ဗျားအမေရိကန်ကြီးက နေရာတကာ ၀င်ဝင်ပါနေရတာကလည်း မရှိမကောင်း ရှိမကောင်းပဲ။ သူဝင်မပါရင် အခြားအင်အားကြီးတွေက ဘာမှ ၀င်လုပ်ပေးမှာ မဟုတ်ဘူး။ ၀င်ပါပြန်တော့လည်း အခြားရပ်ကြည့်နေသူတွေကပါ ၀င်လာကြပြန်ရော။

သာဂိ - အင်ဒိုနီးရှားတော့ အရပ်သားမြို့တော်ဝန် ဂျိုကိုဝီဒိုတော့ သမ္မတရွေးကောက်ပွဲမှာ ၅၃% နဲ့ ဗိုလ်ချုပ်ဟောင်းကို အနိုင်ရသွားပြီ ဆိုပါလား။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နံပါတ်လေး နိုင်ငံကြီးရဲ့ ရွေးကောက်ပွဲကြီးတော့ ပြီးရှာပြီပေါ့။
မိုက်ခဲစိန်- ပြိုင်ဖက် ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက လက်မခံဘူးတဲ့ဗျာ။ ပြိုင်ပွဲကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်နေတယ် ကြားတယ်။ တချို့ကလည်း မဲစာရင်းတွေ ပြန်လည် စစ်ဆေး ရေတွက်ပေးရမယ်လို့ တောင်းဆိုနေတယ် ဆိုပဲ။ အခြေခံဥပဒေခုံရုံးက နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက် ချပေးဖို့ လိုသေးတယ်။ အရပ်သားနိုင်သွားရင်တော့ အောက်တိုဘာ ၂၀ မှာ ကျမ်းကျိန်ရမှာပေါ့။ နို့မိုဆို ထပ်ကြာဦးမှာပဲ။ ရွေးကောက်ပွဲဆိုတာ အသေ အရှင် ပြိုင်ကြတာမှ မဟုတ်တာဗျာ။ အရှုံး အနိုင်ပြိုင်တာပါ။ ရှုံးလည်း နောက်တခါ ဆက်ပြိုင်ကြဦးပေါ့။ လူတွေက စိတ်ကြီးတာကိုး။

သာဂိ - ထားပါတော့ဗျာ။ ဗမာပြည်ဘက် လှည့်ကြဦးစို့။ ခင်ဗျားတို့တိုင်းပြည်မှာ နယူကလီးယားစက်ရုံကို တိုင်းပြည် ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်လာရင် ထူထောင်တည်ဆောက် ထုတ်လုပ်မယ်လို့ ပြောလိုက်ပါကလား။ ဘယ့်နှယ် နယူးကလီယားရည်မှန်းချက် မရှိပါဘူး လိုလို ဘာလိုလိုနဲ့ အခုတော့ အသံထွက်လာပြီ။ ဦးသိန်းစိန်အစိုးရလက်ထက်လား၊ ဦးရွှေမန်းကျရင်လား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်အစိုးရ တက်လာတော့ကျရင်လား။ နယူကလီးယားထုတ်ကြမယ် ဆိုတာက။

မိုက်ခဲစိန် - ယူနီတီသတင်းထောက်တွေ ထောင်တသက်ချလိုက်တာ သိပ်မကြာသေးခင် အခုလို ထုတ်ပြောလိုက်တော့လည်း ဒီနိုင်ငံတော်လျို့ဝှက်ချက်ဆိုတာက လျို့ဝှက်စရာ မလိုတော့ဘူးနဲ့ တူပါရဲ့ဗျာ။ ကဲ ဒါဆိုလည်း ယူနီတီကသတင်းသမားတွေ ပြန်လွှတ်ပေးလိုက်ရုံပေါ့။ ကျနော်သဘောကတော့ ဗမာပြည်မှာ သယံဇာတနဲ့ ရေမြေသဘာဝ တွင်းထွက်တွေ အခြေပြုတဲ့ စီးပွားရေး၊ နယူကလီးယားတို့ ဓာတုလက်နက်တို့ အခြေပြုတဲ့ နိုင်ငံရေး မူဝါဒတွေကို လုံးဝ ရပ်ဆိုင်းထားမယ်ဆိုတဲ့ အစိုးရမျိုးပဲ လိုချင်ပါတယ်။

သာဂိ - ကျုပ်တို့အမေရိကန်မှာတော့ တရားမ၀င်ခိုးဝင်လာနေတဲ့ အသက်မပြည့်တဲ့ ကလေးသူငယ်တွေကို တားဆီးနိုင်ဖို့ တက္ကဆပ်ပြည်နယ် ၀န်ကြီးချုပ် ရစ်ပယ်ရီက ပြည်နယ်စောင့်တပ်ကို ထုတ်သုံးတော့မယ်လို့ ကြေညာလိုက်တယ်။ ပြည်ထောင်စုအစိုးရ သမ္မတအိုဘားမားက ပျော့ပျော့ပြောင်းပြောင်းကိုင်တွယ်တာကို မက္ကစီကိုနဲ့ နယ်စပ်ပြည်နယ်ဖြစ်တဲ့ တက္ကဆပ်ပြည်နယ်က ပြည်နယ်ခေါင်းဆောင်တွေက အားမရကြဘူးဗျ။ သူတို့အာဏာလက်အောက်က ပြည်နယ်စစ်တပ်ကို နယ်စပ်မှာ ချထားပြီး မတရားကျုးကျော်လာသူ တပြည်သားကလေးသူငယ်တွေကို တားဆီးအရေးယူမယ်၊ တွန်းလှန်ရမယ်တဲ့ဗျ။

မိုက်ခဲစိန် - အင်း … ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်စနစ်ဆိုတော့လည်း ဗဟိုပြည်ထောင်စုက သဘောထားနဲ့ တပြည်နယ်ချင်းစီ သဘောထားတွေ မတူလည်း လုပ်လို့ကိုင်လို့ ရအောင် ဥပဒေတွေက အတိုင်းအတာနဲ့ ခွင့်ပြုထားတာကိုးဗျ။ တဖက်နိုင်ငံက လူမှောင်ခိုတွေကလည်း ကလေးသူငယ်တွေ သားသည်မိခင်တွေကို အိုဘားမားရဲ့ လူဝင်မှုကြည့်ကြပ်ရေး လွတ်ငြိမ်းချမ်းသာခွင့်အမီ အမြတ်ထုတ်နေကြတယ် ပြောကြတယ်။ အမေရိကန်ပြည်ထဲမှာ သားသမီးတွေနဲ့ ကွဲကွာပြီး အလုပ်လုပ်နေကြတဲ့ တပြည်သားမိဘတွေကလည်း သူတို့ကလေးတွေကို တွေ့ချင် ပေါင်းစည်းချင်လို့ ခေါ်နေကြတယ်လည်း ပြောကြတယ်။ တပြည်သားပြောင်းရွှေ့သူတွေနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံဆိုလို့ ကမ္ဘာမှာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျတို့လောက် ရှိတာကလား။ ဘယ်လူမျိုး ဘယ်ပြည်သားဖြစ်ဖြစ် အမေရိကန်ဖြစ်ခွင့်ဆိုတာ ခင်ဗျားတို့ဆီမှာမှ ရှိတာကိုး။ အမေရိကန်ဖြစ်ပြီးတာတောင် အမေရိကန်-မြန်မာ၊ အမေရိကန်-တရုတ်၊ အမေရိကန်-မက္ကစီကို ဆိုပြီး ကိုယ့်ဇာတိမူလကိုလည်း ထုတ်ဖော် ဂုဏ်ယူခွင့်လည်း ပေးသေးတာ ဆိုတော့ ထူးတာလား ရူးတာလား မပြောတတ်ပေါင်ဗျာ။ အမေရိကန်ကြီး ဘယ်လောက်သဘောထားကြီးသလဲ ဆက်စောင့်ကြည့်သေးတာပေါ့။

သာဂိ - ဒါက နိုင်ငံရေးသမားတွေ အာဏာပိုင်တွေ၊ အရင်းရှင်တွေရဲ့ သဘောထားပါဗျာ။ သာမန်ပြည်သူတွေရဲ့ သဘောထားက အရေးမကြီးပါဘူး။ အာဏာရထားသူက ငွေရှင်ကြေးရှင်တွေ နိုင်ငံရေးသမားတွေနဲ့ ပေါင်းသင်းပြီး သူတို့အကျိုးစီးပွားအတွက် လက်သင့်ခံတဲ့အခါ လက်ခံလိုက်၊ ပြန်ကန်ထုတ်ချင်တဲ့အခါ ပြန်ကန်ထုတ်လိုက် လုပ်နေကြတော့ လူတွေဟာ စကောထဲက ဇီးသီးတွေလို အနှံ့အပြား လိမ့်နေကြရတာပေါ့။ ကဲ … တော်သေးပြီ။

(Illustration - Saw Ngo)