တူမောင်ညို - တော်လှန်ရေးကို ကြောက်ဒူးတုန်နေသူများနှင့် စတိဖြစ်ဖြစ်စွန့်လွှတ်ချင်သူများ


တူမောင်ညို  - တော်လှန်ရေးကို ကြောက်ဒူးတုန်နေသူများနှင့် စတိဖြစ်ဖြစ်စွန့်လွှတ်ချင်သူများ
မိုးမခ၊ ဇူလိုင် ၂၈၊ ၂၀၁၄


တကယ်တော့ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ပြောနေ/လုပ်နေသည့် “တပြည်လုံးအပစ်အခတ်ရပ်စဲရေး” ဆိုသည်မှာ သွေးရိုး သားရိုးမဟုတ်၊ မူမှန်လမ်းမှန်မဟုတ်၊ ထောင်ချောက်တစ်ခုသာဖြစ်ပြီး။ ထိုထောင်ချောက်ထဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ ဝင်ရောက်လာအောင်  ဝန်ကြီး(ဗိုလ်)ဦးအောင်မင်းနဲ့ နောက်တော်ပါ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC ) သည် တောချောက်ပေး နေကြသူများသာဖြစ်သည်။
    သွေးရိုးသားရိုး၊ မူမှန်လမ်းမှန် အပစ်အခတ်ရပ်စဲရေးဆိုလျှင် ဤမျှ အချိန်ဆွဲကြံ့ကြာနေစရာ အကြောင်းလုံးဝမရှိချေ။
    (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် ငြိမ်းချမ်းရေးကို သွေးရိုးသားရိုးလိုလားသည် မှန်လျှင် ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက် သတ်ရပ်စဲကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်ရင်ဆိုင်ထားသည့်နယ်မြေတိုင်းရှိ မိမိစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို တစ်ဖက်သတ် ရပ်စဲလိုက်ကြောင်းကို ကမ္ဘာသိကြေညာလိုက်ရုံဖြင့်ကိစ္စပြတ်ပါသည်။
 ယခုထိုသို့မဟုတ် စစ်ရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း အကြပ်ကိုင်ကျုံးသွင်းနေသည်။

စစ်ရေးအရ
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို အဖက်ဖက်က လက်ဦးမှုရယူပြီး ဝိုင်းပတ်ချုပ်ကိုင်မိရေးအတွက် ၎င်းတို့ စစ်တပ် ကိုအဆက်မပြတ်လှုပ်ရှားနေစေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ လှုပ်ရှားမှုမှန်သမျှကို ကန့်သတ်နေသည်၊ ဝိုင်းပတ်ချုပ်ငင်နေ သည်။ ထိတွေ့မှုများ၊ တိုက်ပွဲများသည်  ကြံ့ဖွံ့အစိုးရစစ်တပ်၏ ထိုသို့သော “စိုးမိုးချုပ်ကိုင်ရေးလှုပ်ရှားမှုများ” ကြောင့်ပေါ်ပေါက်နေရ ခြင်း ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ကြံ့ဖွံ့အစိုးရစစ်တပ်အား သွားရောက်ထိုးစစ်ဆင်ခြင်းကြောင့် တိုက်ပွဲများပေါ် ပေါက် ဖြစ်ပွားနေရခြင်း မဟုတ်ချေ။
 မိမိတို့အား တစ်ဖက်ရန်သူက ဝိုင်းပတ်ချုပ်ငင်လာမှုကို ကြားဖြတ်ဟန့်တား၊ ဖောက်ထွက်တိုက်ခိုက်ရခြင်းသည် သာမန် စစ်ရေးလုပ်ထုံးလုပ်နည်းတစ်ရပ်သာဖြစ်သည်။ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများဘက်က ထိုသို့သော နည်းလမ်းဖြင့် ခုခံကာကွယ် နေကြသည့်သဘောသာဖြစ်သည်။


နိုင်ငံရေးအရ
    အထင်အရှားဆုံးအကြပ်ကိုင်မှုမှာ “ကာချုပ်မူ ၆ ရပ်” ဆိုသည်ပင်ဖြစ်သည်။ ထို မူ ၆ရပ် ကို (ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နှင့် စစ်တပ်) တို့က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းချမှတ်ခဲ့ကြခြင်းဖြစ်သည်။
    တန်းတူရည်တူမရှိဆုံး၊ ဗြောင်အကျဆုံး လုပ်ရပ်လည်းဖြစ်သည်။ ထို “ကာချုပ်မူ ၆ ရပ်” ကို စစ်တပ်ပိုင်မြဝတီသတင်းစာ၌ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ ၆ ရပ်” (The six peace principles) ဟူ၍ ဇွန်လ ၁၇ ရက်မှ ၃၀ ရက်နေ့ထိ အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့်အထင်အရှားဖော်ပြခဲ့သည်။
    အပစ်အခတ်ရပ်စဲကိစ္စကိုဖြစ်စေ၊ နိုင်ငံရေးကိစ္စကိုဖြစ်စေ ဆွေးနွေးအဖြေရှာကြရာတွင် နှစ်ဖက်အပြန်အလှန် တန်းတူရည်တူရှိ ရေး သည် ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။ ၁၉၈၈ နောက်ပိုင်းမှစ၍ပြောရလျှင် (နဝတ-နအဖ)စစ်အစိုးရလက်ထက်မှ ယနေ့ စစ်တစ်ပိုင်းအစိုးရလက်ထက်အထိ တန်းတူရည်တူဆွေးနွေးပွဲမရှိခဲ့သေး။ စကားထဲထည့်ပြောနိုင်လောက်သည့် နိုင်ငံရေးဆွေး နွေးပွဲဟူ၍ လုံးဝမရှိ။
 (နဝတ-နအဖ) စစ်အစိုးရနှင့် ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးတို့က တစ်နပ်စားအကြံဖြင့်လုပ်သွားသော “ငြိမ်းချမ်းရေး” ဆို သည်မှာလည်း အပစ်အခတ်ရပ်စဲရေးသာဖြစ်သည်။ ဤသည်ကလည်း ၁၉၈၈ ခုနှစ်နောက်ပိုင် ပြင်းထန်လာသော မြို့ပြနိုင်ငံရေး တိုက်ပွဲ များကိုရင်ဆိုင်နိုင်ရန် တောတွင်းလက်နက်ကိုင်တပ်ဖွဲ့များကို ယာယီအားဖြင့်အချိုသပ်ထားခဲ့ခြင်းသာဖြစ်သည်။ အမျိုးသားညီလာခံမှာ နိုင်ငံရေးဆွေးနွေးပါဟူသောစကားမှာ လှည့်ဖျား မှုဖြစ်ကြောင်း၊ထောင်ခြောက်တစ်ခု သာဖြစ်ကြောင်းရှင်းလင်း သွားခဲ့ပြီဖြစ်သည်။
(နဝတ-နအဖ) စစ်အစိုးရ စိုးမိုးထားသည့် ကာလ၌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ “တွေ့ဆုံကြသည်” မှာလည်း အိမ်ချုပ်ချခံထားရသူနှင့်အိမ်ချုပ်ချထားသူများ၏ တွေ့ဆုံမှု၊ အိမ်ချုပ်ချခံထားရသူနှင့် ထောင်ပိုင်တို့၏တွေ့ဆုံမှုသာဖြစ်သည်။ ဗိုလ်အောင်ကြည် (လက်ရှိ ပြန်ကြားရေးဝန်ကြီး) နှင့် “တွေ့ဆုံမှု”ဆိုသည်မှာလည်း တည့်တည့်ပြောရလျှင် အကျဉ်းသားနှင့် ထောင်ပိုင်၏ ဆက်သားတွေ့ကြရခြင်းသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ(ဗိုလ်) ဦးသိန်းစိန်တို့ “တွေ့ဆုံမှု”ဆိုသည်မှာလည်း အတူယှဉ်တွဲရိုက်ခဲ့ကြဖူးသည့် ဓါတ်ပုံ တစ်ပုံမှလွဲ၍ ထူးထူးခြားခြားပြောစရာဆိုစရာမရှိခဲ့။ ထိုဓါတ်ပုံသည် ယခုအခါ ပင့်ကူမြှေးယှက်နေလောက်ရော့မည်။
ဆိုလိုချင်သည်မှာ လက်နက်ကိုင်အင်အားစုများကိုဖြစ်စေ၊ မြို့ပေါ်က နိုင်ငံရေးပါတီအင်အားစုများကိုပင်ဖြစ်စေ (နဝတ-နအဖ) စစ်အစိုးရနဲ့ ၎င်း၏ အမွေစားအမွေခံကြံ့ဖွံ့အစိုးရတို့က နိုင်ငံရေးအရ တန်းတူရည်တူ သဘောမထားခဲ့သည်ကိုပြောလိုရင်းဖြစ်သည်။
အမတ်ချုပ် ဗိုလ်ရွှေမန်းကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား လူထုအစိတ်အပိုင်းတစ်ခု၏ ခေါင်းဆောင်ဟူ၍သာ သဘောထားကြောင် ခပ်ပြောင်ပြောင်ပင်ပြောခဲ့ဖူးသည်မဟုတ်သလော။

ယခုတော့ “တော်လှန်ရေး”ဆိုသည့်စကားလုံးကို ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့က မပြောရ၊ မဆိုရ၊ မသုံးစွဲရ ဟု ဆန့်ကျင်နေကြသည်၊ တားမြစ်နေကြသည်။ “တော်လှန်ရေး”နှင့်ပတ်သက်လာလျှင် စကားလုံးကိုပင် သူတို့ကြောက်ဒူး တုန် နေကြပါကလား။
ဤသို့“တော်လှန်ရေး”ကို အုပ်စိုးသူက ကြောက်ဒူးတုန်နေသကဲ့သို့ “တော်လှန်ရေး” ထဲကလည်း လူအချို့ကလည်း “တော်လှန်ရေး”ကို သွေးလန့်နေကြသည်ဟုကြားရသည်။ “တော်လှန်ရေး”ကြောင့် မပြေမလည်ဖြစ်နေရသည်၊ ကြံ့ကြာနေရသည်ဟူ၍ သုံးသပ် ပြောဆိုနေသည်ဟူ၍လည်းကြားရသည်။ ကြည့်ရသည်မှာ အနှီပုဂ္ဂိုလ်အချို့သည် “ တော်လှန်ရေး” ကို “စတိ” ဖြစ်ဖြစ်စွန့် လွှတ် လိုပုံရသည်။
အင်းစိန်တိုက်ပွဲကာလမှာ၊ ခြောက်လုံးပြူး လက်ထဲခဏထည့်ပါ ဆိုပြီး ဓါတ်ပုံရိုက်အမြတ်ထုတ်တာခံရဖူးသည့် စောဘဦးကြီး ၏ အတွေ့အကြုံကိုလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ မမေ့သင့်ပါ။ ထို့အပြင် “မပူပါနဲ့ ခဏလေးပါ၊ လူထုအမြင် ကောင်းအောင် လက်နက်ချပြီး ဓါတ်ပုံရိုက်မယ်၊ဒါပြီးရင် လက်နက်တွေပြန်ပေးမယ်” ဆိုတဲ့ အတွေ့အကြုံကို ကြုံခဲ့ဖူးသော ဗိုလ်ချုပ်ကြီး စောဘိုမြ၏ အတွေ့အကြုံကို ၂၀၁၄ ခုနှစ်၊ မတ်လတွင်၊ နေရီရီစာအုပ်တိုက်က ထုတ်ဝေခဲ့သော “ကျွန်တော့်ဘဝ ဖြတ်သန်းမှု အစစ် အမှန်” (စောဘိုမြ) စာအုပ်၌ဖတ်ကြည့်ကြစေချင်ပါသည်။
 အုပ်စိုးသူအဆက်ဆက်အားစွန့်လွှတ်အနစ်အနာခံကာ တိုက်ပွဲဝင်သွားခဲ့ကြသော တော်လှန်ရေးခေါင်းဆောင်များ၊ ကျဆုံး လေပြီးသောတော်လှန်ရေးအာဇာနည်များ၊ တော်လှန်ရေးတိုက်ပွဲတွင်းက မျက်စေ့ ကိုယ်လက်စွန့် လွှတ်ခဲ့ရသည့်ဒုက္ခိတများ၏ သစ္စာကို တော့စောင့်သိရိုသေကြဖို့လိုပါသည်။ ( တော်လှန်ရေး)ဆိုသည်မှာ(ဗိုလ်)ဦးအောင်မင်းပေးသော “ကားပါမစ်”မဟုတ်သဖြင့် လက်လွှဲ ရောင်းချ ရန်မလွယ်ကူပါ။ ဝယ်မည့်သူလည်းရှိမည်မထင်ပါ။
သို့ပါ၍ အပစ်အခတ်ရပ်စဲရေးကိုတန်းတူရည်တူညှိနှိုင်းဆွေးနွေးကြစေလိုပါသည်။ အုပ်စိုးသူငြိုငြင်မှာစိုးသဖြင့် “တော်လှန်ရေး” ကို စတေးရတဲ့၊ ထိုးကျွေးရတဲ့ အပစ်အခတ်ရပ်စဲကတော့ဖြင့် မဖြစ်သင့်မဖြစ်ထိုက်ဟုထင်ပါသည်။ ဒို့ တိုင်းရင်းသားတွေရဲ့တော်လှန်ရေး ကို ဒို့တိုင်းရင်းသားတွေကပဲ ကိုယ်ပိုင်ဆုံးဖြတ်ကြမည်ဟုဆိုလျှင်တော့ကား မှတ်ချက်ပေးစရာများများမရှိတော့ပါ။
အုပ်စိုးသူအကြိုက် “သောင်းကျန်းသူနဲ့ သောင်းကျန်းသူအဖွဲ့အစည်းများ”ဟူ၍ပြောင်းခေါ်ကြမလား။