အောင်ဒင် - အပိုင်း (၇၁) လွှတ်တော်၊ မီဒီယာနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (က)


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၆၊ ဇူလိုင်လ ၂၄ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၂၂)
မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် ၇၁


အောင်ဒင် - အပိုင်း (၇၁) လွှတ်တော်၊ မီဒီယာနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (က)

#ဘေးသင့်နေတဲ့ သတင်းမီဒီယာများ

အခုတလော မြန်မာနိုင်ငံက သတင်းစာဆရာတွေ၊ သတင်းဂျာနယ်တွေ ဘေးသင့်နေတယ်ထင်ပါတယ်။ ပြည်သူ့ရဲ သတင်းတပ်ဖွဲ့က ဂျာနယ်အချို့က တာဝန်ရှိသူတွေကို ဖိတ်ခေါ်ပြီး ဂျာနယ်ထုတ်ဝေမှု ကုန်ကျစရိတ်များ၊ အရှုံးအမြတ်များအကြောင်း မေးမြန်းစုံစမ်းပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က မန္တလေးမြို့ပဋိပက္ခနဲ့ပတ်သက်ပြီး ဟောပြောတဲ့မိန့်ခွန်းမှာ "မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမည့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတက သတိပေးပြီး ၃ ရက်အကြာ၊ ဇူလိုင် ၁၀ ရက်နေ့မှာ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" နဲ့ တရားစွဲဆိုခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ကိုတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက်ကို ပခုက္ကူ ခရိုင်တရားရုံးက ပြစ်မှုထင်ရှားတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်ပါတယ်။ အဲဒီလို သတင်းသမားတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချတာကို မကျေနပ်လို့ ဇူလိုင် ၁၂ ရက်နေ့က ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာသည်တွေကို သမ္မတဦးသိန်းစိန် လာရောက်စကားပြောတဲ့ ရန်ကုန်မြို့၊ ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ တူညီဝတ်စုံနဲ့ အသံတိတ် ဆန္ဒပြကြတဲ့ သတင်းထောက်များဟာလည်း ခွင့်ပြုချက်မတောင်းခံပဲ ဆန္ဒပြလို့ဆိုပြီး ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားပါတယ်။

ဒါဟာဖြင့် တိုင်းပြည်ရဲ့ ပထမမဏ္ဍိုင်ဖြစ်တဲ့ အစိုးရက စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများအပေါ် သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်လာတာလို့ သုံးသပ်နိုင်ပါတယ်။ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးစနစ်ကလည်း အုပ်ချုပ်သူများရဲ့  လွှမ်းမိုးမှုခံနေရပြီး သတင်းသမားများကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးလိုက်ပါပြီ။ ဒါဆိုရင် ဒုတိယမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကရော မီဒီယာအပေါ် ဘယ်လိုသဘောထားပါသလဲ။

#သတင်းသမားများအရေး လွှတ်တော်အစည်းအဝေးမှာ မဆွေးနွေးကြပါ

သတင်းသမားများ အခုလို အုပ်ချုပ်ရေးအဖွဲ့ရဲ့  ရန်လိုမှုခံနေရချိန်၊ ကြီးမားတဲ့ ပြစ်ဒဏ်များကျခံနေရချိန်၊ တရားစွဲဆိုခံနေရချိန်ဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ ဒဿ     မပုံမှန်အစည်းအဝေးများ ကျင်းပနေချိန်ပါ။ ဒါကြောင့် သတင်းမီဒီယာများ ဖိနှိပ်ခံနေရတဲ့အရေး လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးများမှာ ဆွေးနွေးကြ၊ မေးမြန်းကြ၊ အရေးကြီးအဆိုတွေ တင်ကြမလားလို့ လေ့လာကြည့်မိပါတယ်။ မတွေ့ပါ။ လွှတ်တော်ကိုယ်စားလှယ်များအဖို့ သတင်းမီဒီယာသမားများဖိနှိပ်ခံရခြင်းထက် ပိုအရေးကြီးတဲ့ အခြားကိစ္စတွေရှိနေပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ ၂၅ ရက်နေ့မြောက်အစည်းအဝေးမှာပါ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း (ကြံ့ခိုင်ရေးပါတီ) က သူ့အတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ကြယ်ပွင့်ပြမေးခွန်းအဖြစ်နဲ့ မေးမြန်းပါတယ်။ သူ့မေးခွန်းက "မုဒုံမြို့ပေါ်တွင် ရပ်ကွက်ကြီး လေးရပ်ကွက်ရှိပါတယ်။ ၎င်းတို့မှာ မြို့မ (၁)၊ မြို့မ (၂)၊ မြို့မ (၃) နှင့် မြို့မ (၄) တို့ဖြစ်ပါတယ်။ ဝင်းကဖိုရပ်ကွက်သည် မြို့မ (၁) တွင် မုဒုံကြီးရပ်ကွက်ရဲ့  အနောက်ဘက်တွင်ရှိပါတယ်။ ဝင်းကဖိုရပ်ကွက်တွင် လူနေအိမ်တွေကြားထဲတွင် ကြက်မွေးထားသော အိမ်သုံးအိမ်ရှိသဖြင့် ရပ်ကွက်နေ ရပ်ကွက်သူ/ရပ်ကွက်သားများ ကြက်အနံ့ကြောင့် ကျန်းမာရေးထိခိုက်လျက်ရှိပါတယ်။ သို့ဖြစ်၍ ကျနော်မေးလိုသောမေးခွန်းမှာ ယင်းကြက်မွေးထားသော အိမ်သုံးအိမ်ကို လူနေရပ်ကွက်နှင့် ဝေးသောနေရာသို့ ပြောင်းရွှေ့ပေးရန်အစီအစဉ်ရှိ/မရှိ" ဆိုပြီး ဖြစ်ပါတယ်။

ဒီမေးခွန်းကို မွန်ပြည်နယ်အစိုးရရဲ့ ကိုယ်စား သမ္မတရုံးဝန်ကြီးဋ္ဌာန-၄ ဒုဝန်ကြီး ဦးအောင်သိန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်မှာ လာရောက်ဖြေကြားပါတယ်။ သူ့အဖြေက "မုဒုံမြို့နယ်၊ ဝင်းကပိုရပ်ကွက် ကြက်မွေးထားတဲ့ နေအိမ်သုံးအိမ်မှ အိမ်ရှင်များကို ၁၈-၆-၂၀၁၄ ရက်နေ့မှာ မုဒုံမြို့နယ်ကော်မတီ ၄ ရပ်ရှေ့မှာ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကြက်ခြံပိုင်ရှင်များမှ မွေးမြူထားတဲ့ ကြက်များမှာ ၁၅ ရက်သားရှိတဲ့အတွက်ကြောင့် အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန် တင်ပြခြင်းအတွက် ၂၅ ရက်သတ်မှတ်ပေးပြီးတော့ ၁၃-၇-၂၀၁၄ ရက်နေ့မှာ အပြီးဖယ်ရှားပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း ကော်မတီ ၄ ရပ်ရှေ့မှာ ကတိပြုပြီးဖြစ်တဲ့အတွက်ကြောင့် ဆက်လက်မွေးမြူလိုပါက ရပ်ကွက်နှင့်ဝေးသောနေရာကို ပြောင်းရွှေ့မွေးမြူ ရန် မှာကြားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်" လို့ ဖြစ်ပါတယ်။

အံ့ဩမိပါတယ်။ ရပ်ကွက်တစ်ခုထဲက ကြက်မွေးမြူရေးလုပ်တဲ့ အိမ်သုံးအိမ်ကိစ္စဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖြေရှင်းရမည့် ကိစ္စ၊ ဒါနဲ့မှ မပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့်အဖွဲ့အစည်းများက ဖြေရှင်းနိုင်တဲ့ ကိစ္စပါ။ လွှတ်တော်အဆင့်မှာ ဆွေးနွေးမယ်ဆိုရင်လည်း မုဒုံမြို့နယ်ကို ကိုယ်စားပြုတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက မွန်ပြည်နယ်လွှတ်တော်မှာသာ ဆွေးနွေးသင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ဆွေးနွေးဖြေရှင်းရမည့် ကိစ္စမဟုတ်ပါ။

အံ့ဩမိပါသေးတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေးများမှာ လွှတ်တော်ဥက္ကဋ္ဌကတဆင့် ပြည်ထောင်စုအစိုးရကို မေးခွန်းများမေးမြန်းရာမှာ ကြယ်ပွင့်ပြမေးခွန်းနဲ့ ကြယ်ပွင့်မပြမေးခွန်းဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အစည်းအဝေးကာလတစ်ခုမှာ ကြယ်ပွင့်ပြမေးခွန်း (၅) ခုပဲ မေးခွင့်ရပြီး အဲဒီ ကြယ်ပွင့်ပြမေးခွန်းများကို ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များက လူကိုယ်တိုင် လာရောက်ဖြေကြားရပါတယ်။ ကျန်တဲ့ မေးခွန်းတွေရှိသေးရင် ကြယ်ပွင့်မပြမေးခွန်းအဖြစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကို စာနဲ့ရေးသားမေးမြန်းရပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကလည်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို စာနဲ့ရေးသားဖြေကြားပါတယ်။ ဒီတော့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်ဥက္ကဋ္ဌကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်ရိုက်မေးမြန်းခွင့်ရတာ တန်ဘိုးရှိတဲ့ အခွင့်အရေးတစ်ခုပါ။ ဒါကြောင့်မို့ ကြယ်ပွင့်ပြမေးခွန်းတွေဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အရေးကိစ္စများ၊ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဖြေရှင်းမပေးနိုင်တဲ့အရေးကိစ္စများ၊ နိုင်ငံသားများရဲ့ အခွင့်အရေးများနဲ့ပတ်သက်တဲ့ အရေးကိစ္စများသာ ဖြစ်သင့်ပါတယ်။ မုဒုံမြို့ ရပ်ကွက်တစ်ခုက ကြက်မွေးမြူသူများအရေးကိစ္စက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းတစ်ခုဖြစ်လာတဲ့ အတွက် မေးမြန်းသူလွှတ်တော်ကိုယ်စားလှယ်ကိုရော၊ ခွင့်ပြုသူလွှတ်တော်အကြီးအကဲများကိုရော အံ့ဩမိပါတယ်။

#တရားမျှတမှုအကြောင်း မေးမြန်းဆွေးနွေး၊ သို့သော်လည်း အကျဉ်းကျသတင်းသမားများအတွက် မဟုတ်ပြန်

ဇွန်လ (၁၆) ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့မှာပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ယူနတီဂျာနယ်က သတင်းထောက်များ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" နဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ၄ လကျော် ကြာပြီးတဲ့အချိန်မှာပါ။ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မေးခွန်းနှစ်ခု မေးမြန်းပါတယ်။ မေးခွန်းက လူပုဂ္ဂိုလ်နှစ်ဦးကြား ငွေချေးငှါးမှုပြဿနာနဲ့ သက်ဆိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော ဒေါ်မြနှင်းဝေထံမှ ဦးမျိုးဆွေသိမ်းက ကျပ်ငွေ သိန်း ၂၅၀၀ ချေးယူခဲ့ပါတယ်။ အဲဒီ ချေးငွေကို ရွှေချောင်း ၄၄ ချောင်းအဖြစ်နဲ့ ချေးယူခဲ့ပြီး သုံးနှစ်အတွင်းမှာ ရွှေချောင်းများနဲ့ပဲ ပြန်ဆပ်ဖို့ ကတိပြုခဲ့ပါတယ်။ ဦးမျိုးဆွေသိမ်းပိုင် မန္တလေးမြို့၊ ၂၈ လမ်း၊ ၈၀-၈၁ လမ်းကြားရှိ လေးထပ်တိုက်နှင့် မြေပိုင်ဆိုင်မှုစာရွက်စာတမ်းများကို ဒေါ်မြနှင်းဝေထံ ငွေချေးငှါးမှုအာမခံအဖြစ် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သုံးနှစ်ပြည့်ခါနီးမှာ  ဦးမျိုးဆွေသိမ်းက  ဒေါ်မြနှင်းဝေကို လူချင်းလည်းအတွေ့မခံ၊ ချေးငွေကိုလည်း ပြန်မဆပ်ပဲ ရှောင်တိမ်းနေလို့  ဒေါ်မြနှင်းဝေက  ဦးမျိုးဆွေသိမ်းကို လိမ်လည်မှု၊ ပုဒ်မ (၄၂၀) နဲ့ တရားစွဲဆိုပါတယ်တဲ့။

ဒေါ်ခင်စောဝေနဲ့  ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့  သဘောထားက “ဒီငွေချေးငှါးမှုမှာ ဦးမျိုးဆွေသိမ်းက ဒေါ်မြနှင်းဝေထံက ငွေချေးငှါးရာမှာ အာမခံပစ္စည်းပေးအပ်ပြီး ချေးငှါးတာဖြစ်လို့ ချေးငွေတွေပြန်မဆပ်တာဟာ လိမ်လည်မှုမမြောက်ပဲ သာမာန်ပဋ္ဋိညာဉ်ချိုးဖောက်မှုသာဖြစ်တယ်။ ဒါကြောင့် တရားစွဲဆိုရာမှာ တရားမမှုအဖြစ်နဲ့သာ စွဲဆိုရမှာဖြစ်ပြီး ချမ်းမြသာစည်တရားရုံးက ဦးမျိုးဆွေသိမ်းကို ပြစ်မှုကြောင်းအရ တရားစွဲဆိုထားခြင်းဟာ တရားစီရင်ရေးယန္တရားအား အလွဲသုံးစားလုပ်ရာရောက်တယ်။ ဒါကြောင့် ဦးမျိုးဆွေသိမ်းဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တရားမျှတမှုကို ခံစားခွင့်မရပဲ နစ်နာနေတယ်” လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်ခင်စောဝေက (၁) ဦးမျိုးဆွေသိမ်းဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တရားမျှတမှုကို ခံစားခွင့်မရပဲ နစ်နာနေတယ်ဆိုတာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သိရှိပါသလား၊ (၂) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ "ဦးမျိုးဆွေသိမ်း၏တင်ပြချက်အပေါ် ဥပဒေနဲ့အညီ ဆုံးဖြတ်ထားခြင်းမရှိကြောင်း၊ ပုဒ်မ ၄၂၀ ဖြင့် ဦးမျိုးဆွေသိမ်းအား ရာဇဝတ်မှုအဖြစ် အရေးယူထားခြင်းမှာ မှားယွင်းနေကြောင်း" သုံးသပ်တွေ့ရှိချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မည်ကဲ့သို့ သဘောထားပါသလဲ၊ဆိုပြီး မေးမြန်းပါတယ်။

ဒီမေးခွန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြသိမ်းက လာရောက်ဖြေကြားပါတယ်။ သူ့ရဲ့  အဖြေမှာ ဒေါ်မြနှင်းဝေရဲ့  တိုင်တန်းချက်အရ ချမ်းမြသာစည်မြို့နယ် အမှတ် (၁) ရဲစခန်းနဲ့ ချမ်းမြသာစည်မြို့နယ်တရားရုံးက ဦးမျိုးဆွေသိမ်းကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရအမှုဖွင့်အရေးယူခဲ့တယ်။ ဦးမျိုးဆွေသိမ်းက ၎င်းအပေါ်စွဲဆိုထားသည့်အမှုအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၅၆၁/က) အရ ချေဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားရာ အောင်မြင်ခြင်းမရှိခဲ့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအဖြစ်  ဦးမျိုးဆွေသိမ်းက ဆက်လက်လျှောက်ထားရာမှာလည်း  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ပြင်ဆင်ချက်ကို ပလပ်ခဲ့၊ အဲဒီနောက် ချမ်းမြသာစည်မြို့နယ်တရားရုံးက အမှုကို ဆက်လက်စစ်ဆေးပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ဦးမျိုးဆွေသိမ်းကို အမှုမှ အပြီးအပြတ်လွှတ် (တရားသေလွှတ်) ကြောင်း စီရင်ချက်ချခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားလိုဖြစ်တဲ့ ဒေါ်မြနှင်းဝေက မကျေနပ်ရင် အထက်တရားရုံးအဆင့်ဆင့် အယူခံတင်သွင်းနိုင်တာမို့ တရားစီရင်မှုလုံးလုံးလျားလျားမပြီးပြတ်သေးတဲ့ အခြေအနေမှာ ဒေါ်ခင်စောဝေရဲ့  သဘောထား မေးမြန်းချက်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားမပေးနိုင်ကြောင်း ဖြေကြားပါတယ်။

ထူးဆန်းနေတာက ဒေါ်ခင်စောဝေနဲ့ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက ဦးမျိုးဆွေသိမ်းတစ်ယောက် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်၊ တရားမျှတမှုကို မခံစားရဘူး၊ ဦးမျိုးဆွေသိမ်းကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းဟာ မှားယွင်းတယ်ဆိုပြီး ဦးမျိုးဆွေသိမ်းဘက်က ရပ်တည်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မေးခွန်းထုတ်တာဖြစ်ပေမည့် တကယ့်တရားခွင်မှာ ဦးမျိုးဆွေသိမ်းက အနိုင်ရသူပါ။ ချမ်းမြသာစည် တရားရုံးက ဦးမျိုးဆွေသိမ်းကို တရားသေလွှတ်တာ  ဧပြီလ ၄ ရက်နေ့ကဆိုတော့ ဒေါ်ခင်စောဝေ မေးခွန်းထုတ်တဲ့ ဇွန်လ ၁၆ရက်မတိုင်ခင် နှစ်လကျော်လောက်ကတည်းကပါ။ ဒါကို ဒေါ်ခင်စောဝေ သိပုံမရပါ။ တစ်ခါ တရားသူကြီးဦးမြသိမ်းရဲ့  အဖြေအရ ဒီအမှုမှာ တရားခံဖြစ်တဲ့ ဦးမျိုးဆွေသိမ်းဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေလေးယောက်ထဲမှာ တစ်ဦးက ဒေါ်ခင်စောဝေလိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး  ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒေါ်ခင်စောဝေရဲ့  မေးမြန်းချက်ဟာ ရိုးသားမှုရှိပါ့မလားလို့ သံသယဖြစ်စရာရှိနေပါတယ်။

ပိုပြီးထူးဆန်းတာက ဒေါ်ခင်စောဝေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဟာ နိုင်ငံသားနှစ်ဦးအကြား ငွေချေးငှါးမှုကြောင့် ဖြစ်တဲ့ ပြဿ     နာမှာ သူတို့ မှန်တယ်ထင်တဲ့ဘက်က ရပ်တည်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တရားစီရင်ရေးရာ မေးခွန်းထုတ်ပေမည့် နိုင်ငံသားများအားလုံးရဲ့  စာပေလွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ တရားစီရင်မှုများကိုတော့ မေးခွန်းထုတ်ခြင်း၊ ဝေဘန်ခြင်းမရှိတာပါ။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ သက်တမ်းနုနယ်သေးတဲ့ စာပေလွတ်လပ်ခွင့်ကို မပျက်ဆီး၊ မပြိုလဲအောင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။

(ဇူလိုင် ၁၇၊ ၂၀၁၄)