မောင်ရစ် - လက်နက်အင်အား အကြမ်းဖက်အင်အားတို့ကို လူထုအင်အားဖြင့် ဖီဆန်ခြင်း

အယ်ဒီတာ့လက်ရေး ၃၅
မောင်ရစ် - လက်နက်အင်အား အကြမ်းဖက်အင်အားတို့ကို လူထုအင်အားဖြင့် ဖီဆန်ခြင်း

ဇူလိုင် ၂၂၊ ၂၀၁၄
၂၀၁၄ နှစ်လည်ကျိုးချိန်မှာ မြန်မာပြည်ရဲ့ အထွေထွေနိုင်ငံရေးအခြေအနေဟာ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်နေတယ်၊ တိုင်းသူပြည်သားတွေက ဒါကို ကျေနပ်နှစ်သိမ့်မှု မရှိဘူး။ အဲသည်အတွက် ထင်ရှားတဲ့ သက်သေပြချက်ကတော့ ၆၇နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထုဟာ လှည်းနေလှေအောင်း မြင်းစောင်းမကျန် လမ်းပေါ်ထွက်ပြီး ကွယ်လွန်ခဲ့ကြတဲ့အာဇာနည်ကြီးတွေကို အလေး ဂါရ၀ပြုခြင်းနဲ့အတူ ငြိမ်းချမ်းစွာ အကြမ်းမဖက်သော လူထုအင်အားကို ထုတ်ဖော်ပြသလိုက်ခြင်းပဲ ဖြစ်ပါတော့တယ်။

လတ်တလောအကြောင်းအချင်းအရာဖြစ်တဲ့ အာဇာနည်နေ့မှာ ကားဟွန်းမတီးရဆိုတဲ့ အမိန့်စာကို ဖီဆန်ပြီး လူထုဟာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ကားဟွန်းတွေတီးကြ၊ ဥသြသံတွေ ထုတ်ဖော်ကြပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တဦးချင်းစီ အဖွဲ့ချင်းအလိုက် လှုံဆော်ကြ၊ စည်းရုံးကြ၊ စုဝေးချီတက်ကြပြီး မြို့ရွာအသီးသီးက ဗိုလ်ချုပ်ရုပ်တု၊ ကျောက်တိုင်နဲ့ မော်ကွန်းတိုင်တွေမှာ စုဝေး အလေးပြုကြ၊ နိုင်ငံတော်သီချင်း၊ အာဇာနည်သီချင်း၊ ဗိုလ်ချုပ်သီချင်းနဲ့ အရေးတော်ပုံသီချင်းတွေ သီဆိုကြွေးကြော်ခဲ့ကြပါတယ်။ လူထုရဲ့ အုံကြွလာမှုကို လက်ရှိအစိုးရနဲ့ လွှတ်တော်က ပိတ်ပင်ဖိနှိပ်ခြင်းငှာ မစွမ်းသာတော့ သူတို့ကိုယ်တိုင် အာဇာနည်နေ့အခမ်းအနားတွေကို တက်ရောက်ပြီး နိုင်ငံတော်ပွဲတခုလိုမျိုး ထုတ်ဖော်ဆောင်ရွက်ရပါတော့တယ်။ အစိုးရကိုယ်တိုင်က ဥသြသံ မြည်ကြွေးဖို့ကို လိုက်လျောဆောင်ရွက်ရတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့သင်ခန်းစာဆိုတာ နိုင်ငံရေးပြသနာကို အကြမ်းဖက်နည်းနဲ့ မဖြေရှင်းရဘူးဆိုတာကို ပြသနေတယ်လို့ ပါတီရုံးချုပ်မိန့်ခွန်းမှာ ပြောကြားနေချိန်မှာပဲ ဗမာပြည်သူလူထုတရပ်လုံးကတော့ လက်ရှိနိုင်ငံရေးပြသနာတွေကို သက်ဆိုင်ရာတွေက အမြန်ဆုံး ဖြေရှင်းကြဖို့ ဖိအားပေးတဲ့ ပြယုဒ်အဖြစ်နဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော လူထုအင်အားနဲ့ လူထုဆန္ဒကို တခဲနက်ထုတ်ဖော်နေပြီ ဖြစ်ပါတယ်။

၂၀၁၄ နှစ်ဆန်းကတည်းက အစိုးရနဲ့ အာဏာရှင်အင်အားစုတွေဟာ လက်နက်အင်အား၊ အကြမ်းဖက်အင်အားတွေကို ဆက်လက်သုံးစွဲပြီး လူထု လူတန်းစာအသီးသီးကို ဆက်လက် ဖိနှိပ်နေခဲ့တာ ဖြစ်ပါတယ်။ လူထုကြီးကိုယ်တိုင်ကလည်း ဥပဒေနည်း၊ လွှတ်တော်နည်း၊ မဲဆန္ဒနည်းလမ်းများနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ မှန်ကန်သော နိုင်ငံရေးအဖြေပေါ်ထွန်းရေးတို့ကို မာန်တင်းပြီး သီးခံစောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။

လက်နက်အင်အားတွေသုံးစွဲပြီးတော့ တိုင်းရင်းသားဒေသအသီးသီးမှာ စစ်ရေးတိုးချဲ့နေခဲ့တယ်။ စစ်ခေါ်သံတွေဟာ အရှိန်အဟုန်နဲ့ မြည်ဟီးလို့ နေခဲ့ပါတယ်။ အကြမ်းဖက်အင်အားတွေ သုံးပြီးတော့ နယ်စပ်ဒေသတွေမှာသာမက မြို့ရွာဒေသတွေမှာ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လောင်မီးမြိုက်စေခဲ့ပါတယ်။ မတရားတဲ့ အာဏာလက်နက်နဲ့ အလုပ်သမား၊ လယ်သမားလူတန်းစားအသီးသီးကိုလည်း မိသားစုအသိုက်အမြုံတွေ၊ စားဝတ်နေရေး လုံခြုံမှု အမိုးအကာတွေအောက်နေ ဆွဲထုတ်လို့ သောကပင်လယ်တွေ ဝေနေစေခဲ့ပါတယ်။ နိုင်ငံရေး လူမှုရေး လှုပ်ရှားသူ အစုအဖွဲ့တွေကိုလည်း နည်းမျိုးစုံသော မသမာသော နည်းလမ်းတွေနဲ့ ပိတ်ပင်တားဆီး ဖိနှိပ်နေခဲ့တာတွေ ဆက်လက် ကျုးလွန်နေခဲ့တာ ဟောသည် ၂၀၁၄ နှစ်ဆန်းကတည်းက တိုးသည်ထက် တိုးလာတယ်လို့ ဆိုရမှာပါ။

ဥပမာအားဖြင့် - အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲများကို လိုက်လံနှောက်ယှက်တားဆီးတာတွေ၊ ဟောပြောသူများကို တားမြစ်ခြင်း၊ ပုဒ်မ ၁၈နဲ့ အရေးယူတာတွေ။ အလုပ်သမား လယ်သမားတွေရဲ့ သပိတ်တိုက်ပွဲတွေကို ဖမ်းဆီးဖြိုခွဲခြင်း၊ သပိတ်ခေါင်းဆောင်များကို ချုပ်နှောင် ထောင်ချခြင်း … စတာတွေ။ ရခိုင်နယ်စပ် အရေးအခင်း၊ မန္တလေး အဓိကရုဏ်း၊ သမီးလေးကျေးရွာ ရွေ့ပြောင်းခံရခြင်း၊ မတရားသော ဥပဒေနည်းလမ်းတွေနဲ့ PR စနစ်ကို အကောင်အထည်ဖော်ရန် အားပေးခြင်း၊ သန္တိသုခ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စီးနင်းခြင်း၊ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်မှုအဆိုများ တင်သွင်းခြင်း၊ ပညာရေးနဲ့တကွသော ဘဏ္ဍာရေး၊ လူမှုရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှု အဆိုများ လွှတ်တော်မှာ ကန့်သတ်လာခြင်း၊ သာသာရေးနဲ့  အသင်းအဖွဲ့ လွတ်လပ်မှုများ ပိတ်ပင်ခြင်းသာမက သမဂ္ဂဖွဲ့စည်းခွင့်အရေးကို ပယ်ချခြင်း စတဲ့ မတရားအာဏာသုံးမှုတွေကို ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ စကားလုံးအဖြစ်သာ ရှိပြီး တိုင်းရင်းသားဒေသတွေမှာ သေနတ်သံ အမြောက်သံတွေသာ ကျယ်လောင်မြည်ဟီးလို့ လာနေပါတယ်။

သည်လိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အတိုက်အခံပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေရဲ့ အခြေခံဥပဒေပြင်ဆင်ရေးထဲက အချက်တချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ခြေလှမ်းတွေကို ရှေ့မတိုးနိုင်အောင် နိုင်ငံတော်က အစွမ်းကုန် အနှောက်အယှက်ပေးနေတာလည်း တွေ့နိုင်ပါတယ်။ ထိုနည်းတူ မီဒီယာသမားများ၊ မီဒီယာလုပ်ငန်းများက မီဒီယာသမားတွေကို အမှုတွေ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချလာတာတွေ၊ တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားတာတွေ၊ လုပ်ငန်းလည်ပတ်မှုတွေအပေါ် နည်းလမ်းမကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ကျုးလွန်လာတာတွေလည်း မြင်တွေ့နေရပါတယ်။

အခုလို နိုင်ငံရေးနဲ့ အထွေထွေအကြပ်အတည်းတွေနဲ့ ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်သူလူထုရဲ့ ထွက်ပေါက်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လာတဲ့ ၁၉ ဇူလိုင်၊ ၆၇ နှစ်မြောက် အာဇာနည်နေ့ပဲလို့ ဆိုရပါမယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေး ရေချိန်ကို တိုင်းတာမယ်ဆိုရင် သမိုင်းအစဉ်အလာကြီးမားတဲ့ အာဇာနည်နေ့အခမ်းအနားများ တနိုင်ငံလုံး အတိုင်းအတာ မည်၍မည်မျှ လွတ်လပ်ပွင့်လင်း စည်ကားကြီးကျယ်စွာ ကျင်းပနိုင်သလဲ ဆိုတာနဲ့ တိုင်းတာကြတယ်လို့ ဆိုနိုင်ပါတယ်။ အာဏာရှင်ခေတ်အဆက်ဆက်သာမက ယခုကြံ့ဖွံ့အစိုးရလက်ထက်တိုင်အောင် အာဇာနည်နေ့အခမ်းအနားများကို ကန့်သတ်ပိတ်ပင်တားဆီးမှုများကြားက ကျင်းပကြရတာဖြစ်ပြီး နိုင်ငံရေးအင်အားစုများနဲ့ ပြည်သူလူထုဟာ ကြီးမားသော စွန့်စားမှုနဲ့အတူ အကြမ်းမဖက်သော ငြိမ်းချမ်းတဲ့ လူထုစုဝေး ချီတက်မှုများနဲ့ လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ ယခု ၂၀၁၄ ၊ ၆၇ နှစ်မြောက် အာဇာနည်နေ့မှာတော့ ရဟန်း ရှင်လူ၊ မိဘပြည်သူလူထု တရပ်လုံးဟာ ကျောင်းသားလူငယ်တွေ မိမိတို့ ရင်သွေးတွေရဲ့ တိုက်ပွဲခေါ်သံဖြစ်တဲ့ လူထုအတိုင်းအတာဖြင့် ပြည်သူ့အာဇာနည်နေ့ ကျင်းပရေး ဖိတ်ခေါ်သံကို ညီညွတ်တက်ကြွစွာ တုန့်ပြန်ဟစ်ကြွေး ငြိမ်းချမ်းရေးတေးဖြင့် လူထုအင်အားကို ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ရဲ့ လက်ရှိကာလတလျောက်လုံးမှာ စစ်အာဏာရှင်တွေ အာဏာရှင်အသိုင်းအ၀ိုင်းတွေရဲ့ စိတ်တိုင်းကျ ချယ်လှယ်ဖိနှိပ်နေတဲ့ လက်နက်အင်အား၊ အကြမ်းဖက်အင်အား၊ မတရားတဲ့ ဥပဒေအာဏာအင်အားတွေကို ဖီဆန် တုန့်ပြန်ဖို့အတွက် မြန်မာပြည်သူလူထုဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းသော လူထုအင်အားကို ထုတ်ဖော်ပြသလိုက်ကြတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က မြန်မာပြည်တ၀ှမ်း မိုးကောင်းကင်တခုလုံးအောက်က မိုးစက်မိုးပေါက်တွေကြားထဲက တခဲနက်သော တစုတစည်းတည်း ညီညွတ် ချစ်ခင်သော ပြည်သူ့အင်အားထုတ်ဖော်မှု၊ ငြိမ်းချမ်းသော အကြမ်းမဖက်သော အာဏာဖီဆန်မှုဟာ ရှေ့ဆက်ကြမယ့်မြန်မာပြည် နိုင်ငံရေးအနာဂတ်အတွက်လည်း အင်အားတရပ်၊ အဓိဌာန်ပြယုဒ် တရပ်၊ မော်ကွန်းမှတ်တိုင်လည်း ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

မကြာမီ ကျရောက်တော့မယ့် ၂၆နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နေ့ထူးနေ့မြတ်မှာလည်းပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တိုင်တည်ရင်း ဒီမိုကရေစီနဲ့ လွတ်လပ်ရေး အရေးတော်ပုံအသီးသီးမှာ ကျဆုံးခဲ့ရတဲ့ မိဘ၊ သားသမီး၊ ညီအကိုမောင်နှမ၊ တိုင်းရင်းသားတွေကို ချီတက်ဂုဏ်ပြုတဲ့ ငြိမ်းချမ်းသော အကြမ်းမဖက် လူထုအင်အားထုတ်ဖော်ပြသမှုဖြင့် လက်နက်အင်အား၊ အကြမ်းဖက်အင်အားတို့ကို ဖီဆန် တွန်းလှန် ဖယ်ရှားနိုင်ကြဦးမည် ဖြစ်ကြောင်း လေးနက်စွာ ဆန္ဒပြုလိုက်ပါတယ်။

(သရုပ်ဖော် - စောငို)