ကျော်ဟုန်း - D လှိုင်း ရိုက်ခတ် မြည်ဟီးသံ

D လှိုင်း ရိုက်ခတ် မြည်ဟီးသံ
ကျော်ဟုန်း
ဧပြီ ၂၄၊ ၂၀၁၄

Photo AFP

၂၀၁၄၊ ဧပြီ၊ ၁၈-၁၉-၂၀။ ကျနော် ကနေဒါနိုင်ငံသို့  ခရီးထွက်နေသည်။ ကနေဒါ ၊ ဗန်ကူးဗား ဘီစီတွင် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ထူးခြားစွာလုပ်မည့်အကြောင်း ဒေသခံရောင်းရင်းများက သတင်းပါးထား၊ ဖိတ်ခေါ်ထားသည်။ ထို့ ကြောင့် ကြိုတင် ကတိအတိုင်း ကျနော့်သွားခဲ့သည်။ မိုးမခနှင့် မြန်မာ့ဂဇက်သတင်းစာအတွက် သတင်းယူရန်ရည်ရွယ်၍ သွားခြင်းဖြစ် သည်။ သည့်အတွက် ကျနော့်တွင် အင်တာနက်မကြည့်ဖြစ်၊ သတင်းမကြည့်ဖြစ်။

ဧပြီ ၂၁ ရက်တွင်မှ သတင်းကြည့်ဖြစ်ပါသည်။ ကျနော့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေ အများကြီးတက်လာနေ သည်။  သတင်းက သတင်းဆိုး။ ဘဘဦးဝင်း    တင် နာရေးသတင်း။ ကျနော့်မျက်စိတွေ ပြာမွဲသွား၊ ခေါင်း မူးမိုက်သွား၊ ရင် တလှပ်လှပ် တုန်ခါသွားခဲ့ရသည်။ ထိုနေ့ တနေ့ လုံး ကျနော် ဆောက်တည်ရာမရ။ ထိုင်လိုက်၊ ထလိုက်၊ ဆေးလိပ်ဖွာလိုက်။ အာရုံမှာစုစည်းမရ။

အာရုံတွေကို စုစည်းမရသဖြင့် ဘဘအတွက် ရည်စူးစာရေးချင်ပေမယ့် မရေးနိုင်။ အတွေးစိုင်က မှိုင်းမှုံနောက်ကျိနေသည်။ မိုးမခ၏စာမျက်နှာများတွင် ဘဘအကြောင်းလွမ်းစာတွေ၊ အမှတ်တရတွေ၊ ကာတွန်းတွေ၊ ကဗျာတွေ မျက်နှာလုံးပြည့်နေရာယူထားကြပေပြီ။ ဂုဏ်ပြုထိုက်သူ သူရဲကောင်းဘဘဦးဝင်း  တင်အတွက် လူမှုကွန်ရက်မျက်နှာပြင်များတွင်လည်း စက္ကန့် မလပ်အမှတ်တရတွေ၊ ၀မ်းနည်းပူဆွေးမှုတွေ ပြည့်နှက်လျှက်။ ကျနော့်မှာသာ ၀မ်းနည်းစိတ်ဖိစီးပြီး ဘာမှ လုပ်မရဖြစ်နေသည်။

ဘဘနှင့်ကျနော် ပတ်သက်မှုတွေ ကျနော် ဒီအချိန်မှာ ရေးချင်နေသည်။ အာရုံကို အမျိုးမျိုး တည့်မတ် စုစည်းဖို့  ကြိုးစားချိန်သည် တနေ့ တာ ကုန်ခဲ့သည်။ တကယ်တော့ သေခြင်းတရားဆိုသည်မှာ ဘဘတို့ လို (၈၄)နှစ်အတွက် အလွန် နီးစပ်မှန်း သိပါသည်။  အရွယ်တိုင်းမဆိုထားဘိ၊ မိခင်ဝမ်း   တွင်းမှာပင် သေခြင်းသည် စိတ်မချရ။ ဒါတွေ သိထားလည်း အတ္တအသိမှဘဘ သေဆုံးသည်ကို လက်မခံချင်။ စောလွန်းသည်။ မြန်လွန်းသည်။ ဒီလို ထင်သည်။ ဘဘက ကျနော်တို့ ရှေဆောင်၊ နေအလင်းရောင် ဖြစ်ခဲ့သူ။ ဘဘကို အားကျ တုယူခဲ့သူ ကျနော့်အတွက် ဘဘအကြောင်း ဟိုဟိုဒီဒီတွေးနေ၊ တွေနေ၊ ကြွေနေစဉ်တွင် ဘဘနှင့်ပတ်သက်ရာ ရေးဖို့  အကြောင်းအရာပေါ်လာခဲ့သည်။

တကယ်တော့ ကျနော်က ဘဘကို အပြင်မှာ ထိတွေ့ ဆက်ဆံခဲ့ရဖူးသူမဟုတ်။ ဒါပေမယ့် ပတ်သက်နှီးနွှယ်မှုတွေရှိနေသည်။ကျနော်က ဗမာပြည်မှာကတည်းက မဂ္ဂဇင်း ၂ အုပ်တွင် ပင်တိုင်ရေးခဲ့ရဖူးပါသည်။ ရုပ်ရှင်ကြေးမုံနှင့် သဘင်မဂ္ဂဇင်းအတွက် ရုပ်ရှင်၊ ဂီတအနုပညာသည်တွေနှင့် တွေ့ ဆုံ မေးမြန်းကာ ဆောင်းပါးရေးခြင်းဖြစ်သည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံတွင်မြန်မာနိုင်ငံဂီတပညာရှင်များသမဂ္ဂ၌ပါဝင်ခဲ့သည်။ ထို့ နောက် ပြည်ပြေးဘ၀  ရောက်   ၊ ပြည်ပရောက်ကာ ဘ၀   ကြမ်း     များရင်ဆိုင်နေရချိန်တွင် စာရေးခြင်း ပြတ်လပ်ခဲ့သည်။ ၁၉၉၅ တွင်မှ ထိုင်းနိုင်ငံ၌ ခေတ်ပြိုင်သတင်းစာ၊ လမ်းပြကြယ် စာစောင် တို့ တွင် နိုင်ငံရေးဆောင်းပါးများ  ရေးဖြစ်ပါသည်။ စင်္ကာပူနိုင်ငံ ထုတ်သော ရွှေမြန်မာတွင် နိုင်ငံရေးဆောင်းပါးရေးဖြစ်ပါသည်။  အခါမပြတ်ရေးခဲ့ခြင်းတော့ မဟုတ်။ ပြောချင်သည်က ကျနော့်မှာ စာရေးသည့် ဇ ရှိသည်။ စာရေးသူတို့ သည် ကိုယ်သိသမျှကို တပါးသူတို့ ကိုလည်း ဖြန့် လိုစိတ်ရှိသည်။ မဟုတ်မမှန်တို့ ကို ရွံမုန်းတတ်သူဖြစ်သည်။ များသောအားဖြင့် ထိုစိတ်ရှိကြပါသည်။ ဖောက်ပြန်ရေး စာရေးသူ စုန်းပြူး၊ ကြွက်ချေးတို့ လည်း အနည်းငယ်ရှိတတ်ပါသည်။ မဖောက် မပြန်၊ ပြည်သူ့ဘက်သား ဖြစ်သော၊ မှန်ကန်မှုသာမြတ်နိုးသော၊ စာနယ်ဇင်းသမားများသာလျှင် ပြည်သူက ချစ်ကြသည်။ လေးစားမြတ်နိုးကြသည်မှာ မြန်မာ၊ ကမ္ဘာတွင် သာဓကများစွာ ရှိပါသည်။ ဘဘ ဦးဝင်း       တင်ဆိုသည်က မိမိ သိသည်ကို အများသိစေလိုသည့်သူ၊ မှန်ကန်ခြင်း၊ မမှန်ကန်ခြင်းကို ထောက်ရှုတတ်သောသူ။ ပြည်သူဘက်က ခေတ်အဆက်ဆက် အမြဲရပ်ခဲ့သူမို့ အများက လေးစားကြည်ညိုခြင်းခံရသူဖြစ်သည်။ ထိုအပြုကို ကျနော် အားကျသည်။ ထို့ ကြောင့် ဘဘသည် ကျနော့်အတွက် စံဖြစ် ခဲ့ရသည်။

ကျနော့်က ရှစ်လေးလုံးကာလတွင် ပါတီတွေဖွဲ့ ရန်ပြင်ဆင်ချိန်၌ ဒီ/ ငြိမ်း ပါတီက ပါတီဝင်။   ဒီချုပ်က မဟုတ်။ ထို့ ကြောင့်ဘဘနှင့် ဆုံခွင့် ကြုံခွင့် ရှိခဲ့သူ မဟုတ်။ သို့ သော် ဘဘ ရပ်တည်ချက်၊ နရသိန် သံပခြုပ်ထဲတိုင်အောင် ဘဘရဲ့ အလံမလှဲမာန်၊ ပြည်သူ့ အတွက် ခံယူချက်ဟန်များက ပြည်ပသို့ တိုင် ထွင်းဖောက်နိုင်၍ ပြည်ပနေ ကျနော်တို့ အတွက် အားမာန်တွေကူးစက်ခဲ့သည်မှာ အမှန်ပင်။

ဘဘအကြောင်း အရင်က နည်းနည်းသာသိသော်လည်း ကျနော် မလေးရှားတွင်နေထိုင်ရစဉ်၌ ပိုမိုသိခွင့်ရခဲ့ပါသည်။ မလေးရှားတွင် ဒီချုပ်အလံကို ပထမဆုံးစိုက်ထူနိုင်ခဲ့ကြသော ဒေါက်တာတာနိုင်လင်း ဦးစီးသည့် ဒီချုပ်(မလေးရှား)ပါတီ၌ ကျနော်က ပြန်ကြားရေးမှူးဖြစ်ခဲ့သည်။ တနေ့ ၌ ဒေါက်တာနိုင်လင်းရဲ့ နော်ဝေး    ရောက် ဒီမိုမိတ်ဆွေတဦးက ၄င်းတို့ ဆီကထုတ်သော( ဥဒါန်း) မဂ္ဂဇင်း အမှတ် ၁ နှင့် အမှတ် ၃ ကို ပို့ ပေးလိုက်သည်။ ထိုစာအုပ် ၂ အုပ်အနက် အမှတ်(၃)သည် ဘဘဦးဝင်းတင်နှင့်ပတ်သက်သမျှ ရေးသားဂုဏ်ပြုထားသည်။ ထိုအချိန်ကာလသည် ဘဘကို နရသိန်မှာ  ထပ်တိုးချုပ်နှောင် ချိန်ဖြစ်သည်။ လူထုက ပြန်လွတ်ရန် တောင်းဆိုနေချိန်။ ကမ္ဘာက ပြန်လွှတ်ရန် ဖိအားပေးချိန်ဖြစ်သည်။  ထို ဥဒါန်းမဂ္ဂဇင်းသည်  ဘဘကို ကမ္ဘာကဆုချီးမြှင့်ထားသည့် ရွှေကလောင်ဆုရငွေနှင့်ထုတ်သည်ဟုဆိုသည်။ ကျနော် အမှတ်မှားရင် ခွင့်လွတ်ကြစေ ချင်သည်။

ပြောချင်သည်မှာ ဥဒါန်း အမှတ်စဉ် ၃ ကြောင့် ဘဘ ဘ၀ ၊   ဘဘ ဒဿန၊ ဘဘခံယူချက်၊ ဘဘ ရပ်တည်မှု၊ ဘဘ၏ စာနာထောက် ထားမှုများကို သိခွင့်ရခဲ့သည်။ ထိုစာအုပ်၏ ဆောင်းပါးတပုဒ်တွင် ဘဘထံ လာရောက်လည်ပတ် တည်းခိုသောလူရွယ်၊ နာမည်မထင်ရှား လူတယောက်က ဘဘ ချက်ပြုတ်ကျွေးသမျှ စားသောက်သည့်အပြင်။ ထိုလူရွယ်၏ အ၀တ် များပါ ဘဘက လျှော်ပေး၊ မီးပူတိုက်ပေး သည်ကို အခန့် သား ဇိမ်ယူနေသဖြင့် ဘေးမှ အမြင်မတော်သူတဦးမှ ထိုလူရွယ်ကိုဟန့် တားသတိပေးလိုက်ရကြောင်းပါသည်။ ထိုသည်ကိုထောက်လျှင် ဘဘသည် သူ့ ထက် ဂုဏ်ငယ်သူအပေါ်ပင် မာနမရှိ၊ ဧည့်ပြုနိုင်သူဖြစ်ကြောင်းသိနိုင်သည်။ ထောင်အတူကျဖူး သူတို့ ဆို ပိုသိလိမ့်မည်ထင်သည်။ ဘဘအတွက် ထောင်ဝင်စာ     ပို့ ထားသည့် အစားအသောက်များကို ခွဲဝေ  ပေးကမ်းး ပုံတို့ သည် အတုယူစရာပင်။ အကျပ်အတည်းနှင့် ခေါင်းပါးနေသည့်ကြားကပင် ဘ၀တူများအပေါ်  ဘဘ စာနာထောက်ပုံတွေသည် အံ့သြစရာပင်။ မေတ္တာကြီးသည့် ဘဘ ဦးဝင်းတင်။

ဘဘအကြောင်း ချီးမွှန်းစရာတွေ တပုံတပင်မို့  ကျနော် ဒါတွေ မရေးချင်။ ရေးလဲ ကုန်နိုင်ဖွယ် မရှိ။ ဘဘကို အတုယူ၍ ကျနော် ခွပ်ဒေါင်းသံစာစောင်ထုတ်ဖြစ်ခြင်းအကြောင်းတော့ ရေးချင်ပါသည်။ ဘဘ သတင်းစာဆရာဘ၀ (၁၉၅၄-၇၅) တွင် နယ်သာလန်နိုင်ငံ၊ အမ်စတာ ဒမ်မြို့ တွင် စာအုပ်ထုတ်ဝေရေးပညာဆည်းပူးနေချိန်၊ ပြည်ပအခြေချ မြန်မာတို့ အတွက် ကိုယ့်ငွေကိုယ်စိုက်ဖြင့်(တို့ ပြည်သတင်း)  ဖြတ်၊ညှပ်၊ကပ် သတင်းစာ ထုတ်ဝေခဲ့ဖူးသည်ဟု  သိရသည်။ ထို လုပ်ဆောင်ချက်ကိုအတုယူပြီး ကျနော် ခွပ်ဒေါင်းသံစာစောင်ထုတ်ခြင်းဖြစ်သည်။ အကြောင်းကလည်း ဖန်လာလေသည်။ ဘဘဦးဝင်းခက် ကမ်းလှမ်း ပံ့ပိုးမှုဖြင့် မလေးရှား၌ ဒီချုပ်(မလေးရှား)ကို ထူထောင်နိုင် ခဲ့သည်။ သည်တွင် ကျနော်က အဖွဲ့ အစည်းဝေးပွဲတွင် ပါတီအာဘော်များ၊ ၀ါဒဖြန့် ချီရေးများအတွက် လစဉ်၊ သို့ မဟုတ် ၂ ပတ် တခါသော် လည်းကောင်း၊ စာစောင်ထုတ်သင့်ကြောင်း တင်ပြသည်။ အားလုံးသဘောတူညီကြ၍ ခွပ်ဒေါင်းသံစာစောင်ကို ၂ပတ် တကြိမ်နှုံးဖြင့် ထုတ်ဖြစ်ခဲ့လေသည်။ စာစောင်ထုတ်ဖြစ်၍ အကျိုးထူးများဖြစ်ခဲ့သည်။

ခွပ်ဒေါင်းသံစာစောင်သည် နိုင်ငံရေးစာစောင်၊ ပြည်တွင်းသတင်းများ၊ နိုင်ငံရေးဆောင်းပါး၊ ကဗျာ၊ ထင်ရှားနိုင်ငံရေးခေါင်းဆောင်များ၏ အဆိုအမိန့် များ၊ နောက်ကျောဘက်ဖုံးတွင် လက်ရှိ ဒီမိုခေါင်းဆောင်များ၊ ၈၈ ကျောင်းသားခေါင်းဆောင်ပုံများကိုဖော်ပြ၍ တောင်းဆိုချက်များ၊ လှုံ့ ဆော်ချက်များကို ထည့်ပေးပါသည်။ ပြည်တွင်းသတင်းများကိုတော့ DVB၊ RFA၊ VOA၊ မိုးမခ၊ ယနေ့ မြန်မာတို့ မှ အလျဉ်းသင့်သလိုယူကာ သတင်းရေးသူအမည်များ၊ သတင်းဌာနများကိုပါ ထည့်သွင်းဖော်ပြပေးပါသည်။ကျနော်က အယ်ဒီတာအာဘော်၊ ကဗျာ၊ ဒါပဲရေးနိုင်ခဲ့သည်။ စာစောင်လုပ်တော့ ၀ိုင်းလုပ်မည့်သူမရှိ။ စာစောင်နှင့်ပတ်သက်ပြီးစီစဉ်တတ်သူလဲ မရှိ။ အစ အဆုံး တယောက်တည်းကိုယ်တိုင်လုပ်ခဲ့ရသည်။ အခက်အခဲပေါင်းများစွာကြုံသည်။ စာစောင်အရှိန်ရလာတော့ လုချင်တဲ့သူများပေါ်လာသည်။ ဘာမှ မလုပ်ဘဲ နာမည်လိုချင်သူတွေလည်း တွေ့ ရသည်။ ပါဝါသုံးပြီး         ဟိုရွှေ့ ၊ ဒီရွှေ့ လုပ်ခဲ့သူတွေလည်း ကြုံသည်။ စာစောင်တင် မဟုတ်။ ဒီချုပ် ပါတီ အတုပေါ်လာသည်။ ထိုပါတီအတုက အင်အားများလာပြီး အစစ်ကို တိုက်ခိုက်တာတွေရင်ဆိုင်ရသည်။ မဲဆောက်မှNGO ငွေစား နိုင်ငံရေးလုပ်သူတချို့ မှ ဆရာကြီးအထာနှင့် လာကာ ဆရာလုပ်သည်များနှင့်လည်း တွေ့ ရသည်။  ပြည်တွင်းဒီချုပ်၏ ဂုဏ်သိက္ခာ၊ စည်းကမ်းတို့ ကို လေးစားလိုက်နာပြီး အတုပါတီမှအင်အားများနှင့် ကျနော်မပေါင်းခဲ့။ ဒီလိုအမှန်တရားဘက်မှာ ရဲရဲရပ်နိုင်တဲ့ စွမ်းအားများ၊ ပြည်သူကို သတင်းများမှ တဆင့်ဘာလုပ်သင့်သည်ကို အသိပေးနိုင်ခြင်းများ စသည့်အကျိုးတရားများသည် ဘဘဦးဝင်း   တင်ကို အားကျပြီး စာစောင် ထုတ်ခဲ့ခြင်း၊ ထောင်ထဲမှ ဘဘက ဘာမထီ ကြံ့ကြံ့ခံပြခြင်း၊တို့ မှ ကျနော့်ထံကူးစက်လာသည့် အကျိုးများဟု မှတ်ယူသည်။ ဒါကြောင့် ကျနော် ဘဘကို စံအဖြစ် လေးစားကြည်ညိုခဲ့ရသည်မှာ ယခုတိုင်ထိ။ အသက်ရှင်သည်အထိ။ ဘဘ ဆုံးတော့ ကျနော် စာကိုမရေးနိုင်လောက်အောင် ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ စိတ်ခံစားမှုတွေ အထွဋ်အထိပ်လဲပြို နွမ်းခွေလျှက်။

ဘဘဦးဝင်းတင်သည် နောက်ဆုံးထွက်သက်အထိ နိုင်ငံနှင့်လူမျိုးအကျိုး၊ ဒီမိုကရေစီစစ်စစ်တည်ဆောက်နိုင်ရေး၊ တော်လှန်ရေးများ အပေါ်တွင် ဆန္ဒပြင်းပြသူဖြစ်ကြောင်း၊ သူ့ မှာတမ်း၊သူ့ စာတမ်းများက သက်သေပြုလျှက်ရှိသည်။ ဒီနှစ် ၂၀၁၄ သင်္ကြန်တွင်“ သင်္ကြန်ဆိုတော့ အပြောင်းအလဲ၊ နိုင်ငံရေးလဲ အပြောင်းအလဲ ဖြစ်စေ” ဟု ဘဘက ဆန္ဒပြု ဆုတောင်းစာရေးပေးခဲ့သည်။  ကျနော်တို့  မိုးမခအတွက်လည်း တွေ့ ဆုံမေးမြန်းခန်းတွင် “အခုက လမ်းဆုံလမ်းခွ။ လမ်းခုလတ် မဟုတ်ဘူး။ လမ်းခုလတ်ဆိုရင် ဆက်သာလျှောက်ကြ ပေတော့။ ဘယ်ရောက်မလဲဆိုရင် စစ်ကျွန်ဘ၀ပဲ ရောက်မှာပဲ” ဟု စကားလုံးကအစ တည့်မတ် ဆုံးမပေးခဲ့သည်။  ဤ မှာတမ်းသည် ၂၀၁၅ အတွက် ပြည်သူတရပ်လုံး သတိချပ်ရမည့် မှာတမ်းဖြစ်သည်။  ပြည်တွင်းတွင် ပထမဆုံးထုတ်သည့် မိုးမခမဂ္ဂဇင်းတွင် ဘဘက အမှာစာရေးကာ တွန်းအားတွေ၊ အင်အားတွေပေးခဲ့သည်။  ဒါတွေသည် မိုးမခ၀ိုင်းတော်သားများအတွက် တသက်တာ လွမ်းဆွတ်ဖွယ်ရာ။ တသသဖြစ်ကျန်ခဲ့စရာများပင် ဖြစ်သည်။

ဘဘရဲ့ နောက်ဆုံးခရီးမှာ ဒီမိုကရေစီရေးအတွက် လက်တွဲတိုက်ပွဲဖော် ဒေါ်အောင်ဆန်းစုကြည်က “ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူသားများ သိက္ခာတို့ ကို မြှင့်တင်ပေးတဲ့ ဆရာ ဦးဝ   င်းတင်ကို ဦးညွှတ် ဂါဝရ  ပြုပါတယ်” ဟု ၀မ်းနည်း ဂုဏ်ပြု ဦးညွှတ်ခဲ့လေသည်။ ဘဘဆုံးတော့ ဘဘကို ကြည်ညိုသူများက နိုင်ငံတ၀ှမ်း၊  ပြည်ပရောက်စခန်းက မြန်မာနိုင်ငံသားတွေ ၀မ်းနည်းပူဆွေးကြသည်။ လူသား၊ သက်ရှိအားလုံးတို့ သည်တနေ့ နေ့ ၊ တချိန်ချိန် သေခြင်းကို ရင်ဆိုင်ရမည်မှာ သဘာဝ  ၊၊ ဘဘကို ကြည်ညိုကြလျှင် တကယ်လေးစားကြလျှင်သူ၏ နောက်ဆုံးထွက်သက်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ် မြန်မာပြည်မှာထွန်းကားရေး၊ ဒီမိုတိုက်ပွဲအောင်နိုင်ရေးတို့ ကိုဆက်လက်ကြိုးစားခြင်းဖြင့် ဘဘကို ဂုဏ်ပြုစေချင်သည်။ မဟုတ်၊ မတရား၊ အမှားများကို သိပြီး ပြောနိုင်ဆိုနိုင်၊ တွန်းလှန်နိုင်သူများအဖြစ် ပြုပြင်၍ နိုင်ငံ့အကျိုး၊ တမျိုးသားလုံးကောင်းကျိုးများကို ဆောင်ရွက်ကြခြင်းနှင့် ဘဘဦးဝင်း     တင်ကို ဂုဏ်ပြုကြပါလို့  တိုက်တွန်းလိုသည်။

ဘဘကတော့ Dလှိုင်း၊ Dလှိုင်းဆိုသည်မှာ ဒီမိုကရေစီလှိုင်း။
ဘဘ၏ ၀ိဥာဉ် D လှိုင်းက ဒီမိုကရေစီကို အဟန့် အတားလုပ်သူများကိုလည်း ရိုက်ပုတ်တိုက်ခိုက်နေဦးမည်။
ဒီမိုကရေစီတိုက်ပွဲကို မိမိတတ်နိုင်သည့်ဘက်မှ လုပ်ဆောင်နေသူများကိုလည်း တွန်းအားပေး ရိုက်ခတ်နေဦးမည်။    ။

ဘဘ ဦးဝင်း တင် …
ဘ၀ အဆက်ဆက်မှာ
မတော် မတရား၊ မမှန်မကန်လုပ်သူအပေါင်းကို
အောင်မြင်နိုင်ရသောသူ ဖြစ်ပါစေ။
ငြိမ်းချမ်းရာ ဘုံဘ၀မှာ  စံမြန်းနိုင်ပါစေ။