ဖိုးထက် - အရက်၊ အရိယာပုဂ္ဂိုလ်နှင့် နိုင်ငံရေး

အရက်၊ အရိယာပုဂ္ဂိုလ်နှင့် နိုင်ငံရေး
ဖိုးထက်
ဧပြီ ၁၉၊ ၂၀၁၄



“အရိယာပုဂ္ဂိုလ်တွေများ အရက်သောက်ရင်တောင် ရေဖြစ်သတဲ့ ..ချစမ်းပါ..မမူးပါဘူးကွ” လို့ ကျွန်တော်က အရက်ဝိုင်းတွေမှာ တိုက် တွန်းတတ်ခဲ့သည်။ အရက်သမား၊ အမူးသမားတို့ ထုံးစံအတိုင်း ကိုယ့်စကားကိုယ် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ သင့်တော်၏၊ မသင့်တော်၏ မစဉ်းစားဘဲ အရှင်လတ်လတ်မြေမြို သွားစေနိုင်သောစကားတွေကို ပြောခဲ့သည်။

အရင်က အဲဒီ “အရိယာပုဂ္ဂိုလ်တွေ အရက်သောက်ရင်တောင် ရေဖြစ်သတဲ့” ဆိုတဲ့ စကားကို သေချာ မစဉ်းစားဘဲ အရိယာပုဂ္ဂိုလ်ဆိုတော့ တန်ခိုးရှင်ကြီး ဖြစ်ပြီပေါ့။ ဒီတော့ အရက်ကို ကိုင်း..ရေဖြစ်စမ်းကွယ်လို့ အမိန့်ပေးတာနေမှာပေါ့။ ငါ့များ အရိယာမဖြစ်ရင်တောင် ရေကို ကိုင်းဟယ်… ဘလူးလေဘယ်လ်လေးဖြစ်စမ်းကွယ်လို့ အမိန့်ပေးလို့ရရင် သိပ်ကောင်းမှာဘဲလို့ သောက်လိုက်ကမ်းဆိုး မသိ တွေးမိသေး သာရယ်။ အဲဒီလောက် သောက်သုံးမကျတဲ့ အတွေးတွေ တွေးနေပေမယ့် ဘာကြောင့် အရက်က ရေဖြစ်ရသလဲ။ အရက်က အရက်ပေါ့။ အရက်က ရေဖြစ်တာ နှမြောစရာကြီးလို့ကို ထပ်ကွန့်တွေးသေးတာ။

အခု အသက်လေး သေခါနီးဖို့ တစ်ဝက်ကျော်လောက်မှတွေးမိမှ အရိယာပုဂ္ဂိုလ်တွေဆိုတာ ရုပ်ခန္ဓာကြီးရဲ့ ဖြစ်၊ ပျက်သဘောတွေ၊ ဆဲလ် တွေရဲ့ ဖြစ်လိုက်၊ ပျက်လိုက် သဘောတွေကို သတိမှတ်ပြီး အလုံးစုံ လိုက်ကြည့်နိုင်သူတွေမှန်း သေချာသိရတာ။ ဒီလောကကြီးမှာ ဘယ် အရာမှ မတည်မြဲ။ တစ်ချိန်ကျရင် အကုန်လုံး မာလကီးယားပြီး သံသရာလည်ကြမှာဘဲလို့ အတွေးရှိသလို၊ မြင်အောင်လဲ ကြည့်တတ် နေပြီးသား။ ဒီလိုပုဂ္ဂိုလ်ကြီးတွေအတွက်ကတော့ အရက်သောက်လဲ အရက်က ရေဖြစ်သွားတာတော့ မဖြစ်နိုင်ပါဘူး။ အရက်ရဲ့ ဂုဏ်သတ္တိ ဖြစ်တဲ့ ခါးသက်၊ မူးယစ်၊ မေ့မောစေတဲ့သတ္တိတွေကတော့ ရှိမှာပါဘဲ။ ဒါပေသိ အရက်တစ်စက်ရဲ့ လျှာဖြားကနေ သွေးကြောတွေထဲအထိ စိမ့်ဝင်သွားသည့်တိုင်အောင် သတိမှတ်ပြီး လိုက်ကြည့်နေနိုင်ကြသူတွေဆိုတော့ တစ်ခွက်လောက်နဲ့ မမူးဘူးထင်ပါရဲ့။

ဒီနေရာမှာလဲ ကျွန်တော် သံသယ၀င်မိတာတစ်ခုရှိတယ်။ “ဟဲ့ ငါအရိယာဟဲ့….ငါက လောကကြီးကို အလုံးစုံ နားလည် ပြီးသားဟဲ့” ဆိုပြီး ဘယ်အရိယာမှ အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်နေမယ်လို့ မထင်ပါဘူး။ သောက်ရင်လဲ အရိယာလဲ မူးမှာပါဘဲ။ အရက်ဆိုတာ မူးတဲ့အမျိုး။ လူတစ်ချို့ကို ပျော်စေတဲ့ အရည်။ လူတစ်ချို့ကို ငိုစေတဲ့အရည်။ လူတစ်ချို့ကို အယုတ္တ အနတ္တတွေ ပြောစေတဲ့ အရည်။ လူ တစ်ချို့ကို သိမ်မွေ့စေပြီး ကဗျာကောင်းကောင်းတွေ ပွင့်အံကျစေတဲ့အရည်။ လူတစ်ချို့ကို လောကကြီးကို တခဏတာ မေ့စေတဲ့အရည်။ အရက်ရဲ့ ဂုဏ်သတ္တိကို ပြောရရင် ပြီးမယ်မထင်ဘူး။

အရက်ဆိုတာ ကောင်းကျိုး မပေးဘူး။ ဆိုးကျိုးတွေသာ ပေးတာလို့ လူတိုင်း ပြောတတ်ကြသားဘဲ။ ဘယ်ဘုရားမှ အရက်ကို “သောက်၊ သောက် တစ်ချိန်ကျရင် ငါက မင်းကို ကောင်းကင်ဘုံခေါ်သွား..အုံး…မှာ” လို့ဖြင့် ခရစ်တော်လဲ မပြောခဲ့ဘူး။ မိုဟာမက်သခင်ဘဲ မပြောခဲ့ဘူး။ ဒါပေမယ့်ပေါ့ဗျာ…ဒီမကောင်းတဲ့ အရက်ကိုဘဲ လူတွေ ဘာကြိုက်မှန်းမသိဘဲ အခုခေတ်ကြီးအထိ တာရှည်နေတာသာ ကြည့်ပါတော့။

အရက်ဆိုတဲ့ မြန်မာစကားလုံးက အာရပ်စကားလုံး တစ်ခုကနေ ဆင်းသက်လာတယ်လို့တော့ ဘယ်မှာ ဖတ်ဘူးမှန်း မသိဘဲ ဖတ်ဘူးခဲ့တယ်။ဗုဒ္ဓဘာသာမှာတော့ အရက်နဲ့ ပါတ်သက်ပြီး သေသေချာချာ ဘုရားဟော ရှိတယ်လို့ ပြောကြတာနဲ့ အရပ်ကူပါ၊ လူဝိုင်းပါ လည်မျိုညှစ် ၀ိုင်းရှာခိုင်းပြီး စာရှာဖတ်တော့ တွေ့တယ်။

ပါဠိစကားအရ အရက်ဆိုတာ သုရာတဲ့။ ကစော်ဖောက်သလို ဖြစ်နေတဲ့ အရည်ကို စတွေ့တဲ့ မုဆိုးရဲ့ အမည်ကို စွဲယူပြီး သုရာ လို့ အမည်ပေးခဲ့သတဲ့။ နယူတန် တို့၊ ပိုက်သာဂိုးရပ်စ်တို့၊ ယူကလစ်တို့လို ဒီမုဆိုးလဲ အမည်ပေးခံရတာဘဲ နေမှာ။  သစ်ပင် ခွဆုံတစ်ခုမှာ သလေးဆန်အစေ့တွေနဲ့ ကစော်ဖောက်ထားသလို ဖြစ်နေတဲ့ အရည်ကို သောက်ပြီး ကောင်းနေကြတဲ့ ငှက်တွေ၊ တိရိစ္ဆာန်တွေကို မြင်တဲ့ မုဆိုးက သူ့ဘာသာ အေးအေးဆေးဆေး မဖမ်းဘဲနဲ့ လျှာရှည် သွားသောက်တာနဲ့ အရက်ကို စတွေ့ခဲ့သတဲ့။ ထားပါတော့။ ဒီဇာတ်လမ်းက ဒီလောက် ပြောလိုက်ရင် လူတိုင်းနီးပါး သိကြပါပြီ။

ဒီမှာလဲ ကျွန်တော် စဉ်းစားမိတာက ဒီ မုဆိုး သုရာတွေ့တဲ့ အရက်က အရက်အကောင်းစားတော့ မဖြစ်နိုင်ဘူး။ အရက်အဆင့် မရောက်သေးဘူး ထင်တယ်။ ဘီယာ ခပ်ပြင်းပြင်း အဆင့်လောက်ဘဲ ရှိမယ်။ ဘီယာနဲ့ အရက် နင့်ဟာ အတူတူဘဲလို့ လာငြင်းမယ်ဆိုရင် ဦးနေအောင်ကြီး ခေါ်မှာဘဲ။  ပြီးတော့ အဲလ်ကိုဟောလ် ရာခိုင်နှုန်း ဘယ်လောက်ပါသလဲ။ စဉ်းစားစရာတွေပါဘဲ။ ရှိစေတော့။ ဒီအချိန် သူ့လို အရည်တွေ သစ်ပင်ခွကြားသွားတွေ့လဲ ရွှေတစ်ပိဿာပေးရင်တောင် ကျွန်တော်ကတော့ မသောက်ရေးချ မသောက်။ “ဘီအီးလေး တစ်ပိုင်းဆိုရပါပြီ မောင်မင်းကြီးသားရယ်” လို့ လာသောက်ခိုင်းတဲ့ လူကို တောင်းပန်မိမှာဘဲ။

သုရာ မုဆိုးနဲ့ ၀ရုဏ ရသေ့ကြီးတို့ ဖော်မြူလာဖော် ချက်ခဲ့တဲ့ တောအရက်၊  အာရပ်စကားလုံး တစ်ခုကနေ ဆင်းသက်လာတဲ့ အရက်ဆိုတဲ့ အရည်တွေဟာ ဘယ်အချိန်သောက်သောက် မူးမှာတော့ သေချာတယ်။ အရက်ကြောင့် ရတဲ့ ဒုက္ခတွေနဲ့ သုက္ခတွေကို ချိန်ထိုးကြည့်ရင် “မင်းနှယ်ကွယ်…ရူးနေလား။ တွေးစရာကို မလိုဘူး။” လို့ ကောင်းချီးသြဘာ ဆဲတော်မူကြမှာဘဲ။ ဒါပေသိ….အရက်ကောင်းတာတွေလဲ ရှိပါရောလို့ ကျွန်တော် စောဒကတက်ရင် အမူးသမားများသာ မကဘဲ အရက်ပျံထုတ်တဲ့ သူဌေးများကပါ ရှေ့နေလိုက်ကြမှာပါ။

ဗုဒ္ဓရှင်တော်မြတ်ရဲ့ အရက်ရဲ့ ဆိုးကျိုးတွေ ဟောပြောထားတာကို မနာခံဘဲ မင်းနှယ်..အကုသိုလ် များတာကွယ်လို့ လာပြောရင်လဲ ခံရမှာပါဘဲ။ ခက်တာက ကျွန်တော်က အရိယာမဟုတ်ဘူး။ လူ။ သာမန်လူ။ အရက်လား..သြော်..မကောင်းတဲ့ အရက် မကောင်းဘူး။ ကောင်းတဲ့ အရက်များကျတော့ အတော်ကောင်းတယ်လို့ ပြန်ပြောမိမှာပါဘဲ။

စာရှုသူ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို ကြိုက်သလို ကောက်ချက်ချနိုင်ပါရဲ့။ ဒါပေမယ့် ခင်ဗျား အရက်ဆိုတာ ရေလို့ ပြောလို့မရဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျား အရိယာမဟုတ်ဘူးဆိုတာ သိနေလို့လေ။ ဟုတ်တယ်။ ကျွန်တော်လို အကုသိုလ်အကောင်ရေးနေရတဲ့ စာကို ခင်ဗျား ဖတ်နေရကတည်းက ခင်ဗျား ကံသိပ်မကောင်းဘူး။ ခင်ဗျား အရိယာမဟုတ်ဘူး။ ဒါကြောင့် ဒီအရည်တွေကို ခင်ဗျားသောက်ရင် မူးကို မူးလိမ့်မယ်။ ခင်ဗျား အတွင်းစိတ်တွေ အကုန်ပေါ်လာအောင် အဲဒီ အရည်တွေက သွေးထိုး လှုံ့ဆော်လိမ့်မယ်။ ခင်ဗျား အီး အီးတွေတော့ စားမှာ မဟုတ်ပေမယ့် အံဖတ်တွေထဲ အိပ်ဖို့လဲ ၀န်လေးမယ် မထင်ဘူး။

နောက်ပြီး အရက်နဲ့ နိုင်ငံရေးကို ဆက်စပ်တွေးမိတယ်။ အတင်းကြီး ဆက်စပ်တွေးနေတယ်လို့ ထင်ရင် နေ့စဉ် ထမင်းစားတာလဲ နိုင်ငံရေး၊ ရေသောက်တာလဲ နိုင်ငံရေးဘဲ ဆိုတဲ့ တစ်မြန်မနေ့ကမှ အိုသွားတဲ့ ဦးကိုကိုကြီးနဲ့ ငြင်းပါ။ အခု ဖိုးထက်ပြောတာ ယုံပါ။ အရက်သောက်တာ နိုင်ငံရေးပါ။ နိုင်ငံရေးဟာ အရက်ပါ။ နိုင်ငံရေးမှာ အရိယာပုဂ္ဂိုလ် မရှိပါ။ အရိယာများဟာလဲ နိုင်ငံရေး မလုပ်ပါ။ သူ့ဘာသာ ၀င်သက်ထွက်သက်ကို သတိနဲ့ မှတ်နေရတာနဲ့ ဒီမိုကရေစီကို စိတ်ဝင်စားမယ် မထင်ပါ။

အရက်ကို သောက်ရင် သောက်သလောက် မူးသလို နိုင်ငံရေး၊ ငြိမ်းချမ်းရေးမှာလဲ အရိယာပုဂ္ဂိုလ်များ မရှိပါသောကြောင့် အံဖတ်ဆို့ မသေအောင် သောက်စား မူးယစ်ကြဖို့ လိုပါသည်။ ငါတို့က အရိယာကွဲ့ဆိုပြီး စွတ်သောက်ပြနေကြရင် မူးရူး၊ ပုဆိုးမနိုင် ပ၀ါမနိုင် ခွေးတစီစီဖြစ်နေမှာ စိုးမိသည်။ ခင်ဗျားတို့ အရိယာဖြစ်ဖို့မလို၊ အရက်မသောက်ဘဲ လူသူတော်ကောင်းကြီးတွေ လုပ်ဖို့မလို။ သောက်စရာရှိတာ သောက်ပါ။ မူးစရာရှိတာ မူးကြပါ။ သို့ပေသိ…သန်းခြောက်ဆယ်ထဲရှိ အရက်သောက်သုံးသူများထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်သော ကျွန်တော်က အရက်အကောင်းကို ဇိမ်ရှိရှိနဲ့ သောက်ချင်သည်။ တောအရက်တွေ မကြိုက်။ သစ်ပင်ခွကြားက ငှက်ချေးတွေနဲ့ ရောနေသော အရည်တွေ မကြိုက်။ ပြည်တွင်းဖြစ် နိုင်ငံတစ်ကာ အဆင့်မှီ အရက်တွေကို သောက်ချင်သည့် အရိယာပုဂ္ဂိုလ်မဟုတ်သည့် လူ။ ရိုးရိုးလူ။ တန်းတူရည်တူ အရက် အကောင်းတွေ သောက်ချင်သည့် လူ။ ခုတော့ ခင်ဗျားတို့ဘဲ ပြာလိုက်၊ မဲလိုက်။ ကျုပ်တို့မှာက “ကွယ်..ဘယ်လောက်သောက်သောက် ဗိုက်ကြီး ဖောင်းလာတာဘဲ ရှိတယ်။ မူးပါဘူး” လို့ ပြောပြောနေရတာ သိပ်တော့ မနိပ်လှပါ။