ဆေးရုံကြီးပေါ်က ဦးဝင်းတင်ကျန်းမာရေး


ဆေးရုံကြီးပေါ်က ဦးဝင်းတင်ကျန်းမာရေး
ရန်မျိုးသိန်း ဖေ့စ်ဘွတ်၊ ဧပြီ ၁၉၊ ၂၀၁၄


၂၀၁၄ ခုနှစ် ဧပြီလ (၁၈) ရက် ညနေပိုင်း။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေ သော ဦးဝင်းတင်အား ယနေ့ညနေပိုင်းတွင် ထပ်မံလာရောက်တွေ့ဆုံ၊ သတင်းမေးခဲ့သည်။ ဦးမင်းကိုနိုင်သည်လည်း ဦးဝင်းတင်ထံလာရောက်၊ သတင်းမေးခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးမင်းကိုနိုင်တို့သည် သမားတော်ကြီးများအဖွဲ့၏ အစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဘဦးဝင်းတင် ကုတင်ဘေးတွင် တစ်နာရီကျော်ထိုင် စကားပြော၊ သတင်းမေးခဲ့သည်။ ဧပြီလ (၁၇) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့စဉ်အဘဦးဝင်းတင်မှ သူ့အတွက် ပြင်သစ်မှ ချောကလက် လက်ဆောင်ပါလာသလားဟု မေးမြန်းခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ချောကလက်ပါလာကြောင်း နှင့် မနက်ဖြန်ပို့ပေးမည်ဖြစ် ကြောင်း ပြန်ပြောခဲ့သည်။ ခေါင်းဆောင်ကြီးနှစ်ဦး၏ နွေးထွေးသော၊ ဦးလေးတူမဆက်ဆံရေး သည် မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် ဗီတာမင်အားဆေးပင်ဖြစ်သည်။ နောက်ရက်များတွင် လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ည ၇ နာရီ၊ ၁၅ မိနစ်တွင် ဦးဝင်းတင်အား ကျောက်ကပ်ဆေးရန်အတွက် စတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်ပြီး၊ ကျောက်ကပ်ဆေး (ကျောက်ကပ်သွေးသန့်စင်)လျက် ကုသမှုကို ယနေ့ ညတွင် ဆီးနှင့်ကျောက်ကပ်ပါမောက္ခဋ္ဌာနမှူး ဒေါက်တာခင်မောင်ဋ္ဌေး နှင့် ဆရာဝန်ကြီးများ၊ မိသားစုဆရာဝန်ဒေါက်တာမြင့်သိန်းအပါအ၀င် ဆရာဝန်များ၊ သူနာပြုများ၊ ၀န်ထမ်းများက အထူး ကြပ်မတ်လျက် စတင်ဆောင်ရွက်မည်ဖြစ်သည်။ ယခုအချိန်ဆိုလျှင် ကျောက်ကပ်သွေးသန့်စင် ခြင်း (ကျောက်ကပ်ဆေးခြင်း)ကို စတင်နေပြီ ဖြစ်နိုင်သည်။

ဖေ့စ်ဘုတ်ပို့စ်တစ်ခုတွင် ယနေ့ည အဘဦးဝင်းတင်အား ကျောက်ကပ်ခွဲစိတ်ဖို့ တိုင်ပင်နေကြသည် ဟုဖော်ပြချက်သည် မှားယွင်းနေပါသည်။ ကျောက်ကပ်ခွဲစိတ်ရန် မဟုတ်၊ ကျောက်ကပ်ဆေးရန် ဖြစ်ပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။ ယနေ့ညပိုင်း ဦးဝင်းတင် ကျောက်ကပ်ဆေးနေသည့်အချိန်တွင် မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်းများ အားလုံး ၀ိုင်းဆုတောင်းပေးကြရန် ဆော်သြလိုက်ရပါသည်။

(မိုးမခဖြည့်စွက်ချက် - ရေဒီယိုသတင်းများအရ၊ ဦးဝင်းတင်၏ ကျောက်ကပ်နှင့် အခြားခန္တာကိုယ်တွင်း အစိတ်အပိုင်းများစွာ (နှလုံး၊ အဆုတ် စသည်) တို့မှာ ကောင်းမွန်စွာ အလုပ်မလုပ်တော့သဖြင့် ကျောက်ကပ်မဆေးဘဲ ထားပါက နောက် ရက်အနည်းငယ်သာ ခံနိုင်ရည်ရှိတော့သည်]ု ဆိုသည်။ ကျောက်ကပ်ကို ဆေးကျောမည်ဆိုပါကလည်း အသက် ၈၀ ကျော်နေပြီဖြစ်သည့်အတွက်၊ လက်ရှိအခြေအနေနှင့် တိုးတက်နိုင်သည့် ရာခိုင်နှုန်းမှာ ၂၀ ခန့်အထိသာ ရှိသည်။ သို့သော်လည်း ဦးဝင်းတင်ကိုယ်တိုင်နှင့် မိသားစုတာဝန်ခံတို့က ဆရာဝန်ကြီးများ ကောင်းသလို စီစဉ်ရန် ဆန္ဒပြုကြသည်။)