ဦးဝင်းတင်၊ ယုဒဿန်ခန်းမ နဲ့ ပန်းချီပြပွဲများ

 
ဦးဝင်းတင်၊ ယုဒဿန်ရိပ်သာ နဲ့ ပန်းချီပြပွဲများ

မင်းကျော်ခိုင်
ဧပြီ ၂၃၊ ၂၀၁၄
 


ကျနော်အဘဦးဝင်းတင်ကိုဆုံခဲ့တာ ၁၉၈၆ ဒီဇင်ဘာလပထမပါတ်ထဲမှာပါ၊
ယုဒသန်ရိပ်သာမှာ ကျနော်ပန်းပြပွဲတပွဲ တာဝန်ယူစီစဉ်တုန်းက၊ ပြပွဲနာမည်က Message Modern Art Exhibition ရည်ရွယ်ချက်က ပြည်သူကို Message တခု ပေးချင်တဲ့သဘောပါ၊
ပန်းချီဆရာ ၁၁ ယောက်ပါတယ်၊
ကျနော် စပွန်ဆာလုပ်ခဲ့တဲ့ပွဲ၊ ပန်းချီဆရာ ၁၁ ယောက်လုံး
ပြပွဲဝင်ကြေးတပြားမှမယူပဲ ပြပွဲ Catalogue ကို အဲဒီခေတ်က မဂ္ဂဇင်း ၂ ဖက်အဖုံးဆိုဒ် ကို Colourful ရောင်စုံ သုံးခဲ့တာ၊
(ကျနော်ပထမဆုံး စသုံးခဲ့တဲ့ ရောင်စုံ ပြပွဲကက်တလော့ပါပဲ)
အဲဒီပွဲမှာ ဆရာပန်းချီအောင်စိုး၊ ဆရာဦးဝင်းတင်တို့ လာအားပေးကြရင်း ဆရာဦးဝင်းတင်က
စာရေးဆရာပေါ်သစ်အနေနဲ့ မှတ်တမ်းစာအုပ်မှာ အမှတ်တရရေးသွားခဲ့တဲ့အပြင် ကျနော့်ကို မင်းလုပ်တဲ့ပွဲ နာမည်ရော ပန်းချီကားတွေရောကြိုက်တယ်၊
ဘာလုပ်လုပ် တခုခု အမှတ်တရကျန်နေတာ ငါသိပ်သဘောကျတယ်၊ ဆက်လုပ်ကွာ ဆိုပြီးအားပေးစကားပြောခဲ့တာအမှတ်ရမိတယ်...။

အဲဒီပြပွဲအကြောင်းကို လွန်ခဲ့တဲ့အပါတ်ထဲမှာ ပန်းချီဆရာကြီးမြင့်စော (ဆရာကျီး) နဲ့ဖုန်းပြောဖြစ်တော့ ဆရာကြီး(ကျီး) က ဟေ့ကောင် အဲဒီ Message ပြပွဲနောက်တပွဲထပ်လုပ်အုန်းကွာ ဆိုပြီး ကျနော့်ကိုအကြံပေးနေသေးတယ်၊ အဲဒီပြပွဲ ကက်တလော့က စံမင်း (ပန်းချီကိုစံမင်း) ဆီမှာရှိတယ်ကွ လို့ပြောပါသေးတယ်။

ကျနော် ပြည်သူချစ်တဲ့ပြည်သူ့ဘက်တော်သားတွေရဲ့ပုံတွေ ရန်ကုန်လောကနတ်ပြခန်းမှာ ပြပွဲလုပ်ဖြစ်တော့ အဘကိုဖိတ်ပါတယ်၊ ဒါပေမဲ့ အဘက ဆေးရုံပေါ်ရောက်နေပြီ၊ သူသာ ကျန်းမာရေးကောင်းနေခဲ့ရင် ကျနော့်ပြပွဲကိုလာပြီး တခုခု အမှတ်တရစကား၊ အမှတ်တရစာ ပြောခဲ့ရေးခဲ့အုန်းမှာပါ။

ခုတော့ အဘဦးဝင်းတင် (ဆရာပေါ်သစ်) ကွယ်လွန်ခဲ့ပါပြီ၊ သူနဲ့ကျနော်ဆုံခဲ့ဖူးတဲ့ ယုဒသန်ရိပ်သာမှာ ခေတ္တဂါရပြုခံနေတဲ့၊ ကျနော်လေးစားဂုဏ်ယူတဲ့ အဘဦးဝင်းတင်...
အာဏာရှင်တွေကင်းမဲ့ရာမှာ စံမြန်းနေပါစေလို့ ကျနော်ဆုတောင်းရင်း ...
ဆရာကွယ်လွန်ခြင်းအတွက် ဝမ်းနည်းစွာနဲ့ အမှတ်တရပုံတူ ခြစ်လိုက်ရပါတယ်။

လေးစားဦးညွှတ်လျက်
(မင်းကျော်ခိုင်)