ငါသည် လမ်းခရီးဖြစ်၏
ကေသွယ်၊ ဧပြီ ၂၄၊ ၂၀၁၄
ပန်းတွေ
အမျိုးစုံ အရောင်စုံစွာ ၀န်းရံ နေတဲ့ အပြာရောင်
ဓါတ်ပုံကြီး တပုံ ရဲ့ ၊ အပေါ်မှာ ၊ အင်္ဂလိပ်လို ရေးထိုးထားတဲ့ အဖြူရောင် စာတန်းကြီးတခုက
ထင်ထင်ရှားရှား ရှိလွန်းနေသည်။ ဓါတ်ပုံထဲမှာတော့
၊ အပြာရောင် အဖိုးကြီး တယောက်က မေးရိုးတွေ ကားနေအောင် နှုတ်ခမ်းကို တင်းတင်းစေ့လို့
။ သူ့ ရဲ့ အဘယ သဏ္ဍန် ဖြန့်ကားထားတဲ့ လက်ဝါးပြင်ပေါ်မှာတော့
အောင်ဆန်းစုကြည် ဆိုတဲ့ အနက်ရောင် စာလုံးက ထင်ထင်ရှားရှား ။
အပြာရောင်
အဖိုးကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ ၊ ၀မ်းနည်းအောက်မေ့ဘွယ်
အခမ်းအနားကို လာတဲ့ တခြားလူတွေ က တော့ ၊ အဲဒီ အပေါ်က စာတန်းကြီးကို သတိမူမိချင်မှ
မူမိ ကြလိမ့်မည်။ နေရာ အခင်းအကျင်း အဆင်ပြေလို့ သာ ၊ ယုဒသာန် ခန်းမ ထဲမှာ လုပ်ခြင်းဖြစ်ပေမဲ့
၊ ဦးဝင်းတင် ဟာ ၊ ခရစ်ယာန် ဘာသာဝင် မဟုတ်လေတော့
၊ ဒီစင်မြင့်ရဲ့ နဖူးမှာ နဂို တည်းက ရှိနေတဲ့ ၊ ဒီ ကျမ်းစာ တကြောင်းကို ၊ လူတွေ သိပ်ပြီး
ဥပဒ်မိ ကြမည် မထင်။
စာကြောင်း
အပြည့်အစုံက
I AM
THE WAY, THE TRUTH, AND THE LIFE. (John 14:6)
ကျမကတော့
ထူးခြား
တိုက်ဆိုင်လွန်းလှစွာ ယှဉ်တွဲမြင်နေရတဲ့ ဘဘရဲ့ ကြည်ညို စရာကောင်းလှတဲ့
ပုံရိပ် နဲ့ အဲဒီစာတန်းကို ကိုယ့်ဖာသာ ဆက်စပ်ပြီး၊
ကိုယ့်စိတ်ကြိုက် နိမိတ်ပုံ ယူကြည့် မိတော့သည်။
ဆရာကြီး
ယုဒသာန် မြန်မာလို ပြန်ထားတာကတော့ ၊ ငါသည်
လမ်းခရီး ဖြစ်၏ ။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏ - တဲ့။ အရှင်ယေရှု က၊ သူ သေ
ကာနီး မှာ ၊ သူ့ရဲ့ သာဝက တွေကို ၊ အားမငယ်ဖို့ ၊ ကြိုတင်ပြီးတော့ မှာခဲ့တဲ့ စကား
တခု ပါ။ ဘ၀ ကို ဘယ်လိုယုံကြည်ချက်နဲ့ ဆက်လေ
ျှာက်ရမလဲ ကောင်းမြတ်တဲ့ အကျင့်အလုပ်တွေကို
ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာနဲ့ သေခြင်းတရားကို မကြေက်ရွံ့ ဖို့ ဆိုတဲ့ ဒေသနာ သုံးပါး ကို ထင်ဟပ်ထားတယ်လို့
၊ ကျမကတော့ ၊ နားလည်မိတာပါပဲ ။ တကယ်တော့ ဘယ်ဘာသာ ယုံကြည်မူ မှာ မဆို ၊ လူသားရဲ့
ဝိညဉ်ရေးရာ အခြေခံ လိုအပ်ချက် တွေကို ၊ သူ့နည်း သူ့ဟန် နဲ့ ဆုံးမသွန်သင် ထားတာ ချည်းပါပဲ ။ ဘယ် ဘာသာကိုးကွယ်မူ
ကိုမှ မယူဆောင်ထားတဲ့ သူတွေမှာလည်း ၊ ကောင်းမြတ်တဲ့ ၀ိညဉ်စိတ်နှလုံးကို ကိုယ်တိုင်
တည်ဆောက်နိုင်ကြပါ တယ်။
အခု ပြောချင်တာက
ဘာသာယုံကြည်မူ အကြောင်း မဟုတ်ပါဘူး။ ဘဘဦးဝင်းတင်
က လည်း ၊ သူ့ကို ဘယ်လို အယူဝါဒတွေ ကိုးကွယ်ယုံကြည်မူတွေနဲ့ မှ တံဆိပ်ကပ်ခံ လိုပုံ လည်း မရပါဘူး။ ကိုယ့်ဘ၀ အတွက်
မတွေးပဲ ၊ သူများတွေအတွက် တွေးဖို့ မွေးလာတဲ့ သူတော်စင် ပုဂ္ဂိုလ်ကြီးမှာ ၊ ဗြဟ္မစိုရ်
တရား က လွဲလို့ ဘာကိုမှ ကိုးကွယ်ယုံကြည်စရာ
လည်း မလိုပါဘူး။ အနေရဲ သလို အသေရဲ တဲ့ ကျားရဲ
ကြီးမှာ ၊ တမလွန်ကို လည်း ပူပင်စရာ မလိုပါဘူး။ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား ၊ လွတ်လပ်
မြင့်မားနေတဲ့ သူရဲကောင်း ၀ိညဉ်ဟာ ၊ ခန္ဓာကိုယ်ကြီး ချုပ်ညိမ်းသွားစေအုံးတော့ ၊ တတိုင်းပြည်လုံးက
လူတွေရဲ့ အသက်ဝိညဉ်တွေ ထဲမှာ ၊ ပြန်ပြီး ရှင်သန်
နေမှာပါ ။ တကယ်တော့ ဘဘဦးဝင်းတင် မသေပါဘူး။
အခု ပြောချင်တာက
၊ ဘဘဦးဝင်းတင် လူ့လောကထဲက မထွက်ခင် မှာ ၊ တတိုင်းပြည်လုံးကို ထပ်ကာတလဲလဲ ပြောသွားတဲ့
၊ သူ့ ရဲ့ လမ်းခရီး အကြောင်းပါ။ သူကိုယ်တိုင်
ပြတ်ပြတ်သားသား ရပ်ပြခဲ့တဲ့ လမ်းခရီး ၊ လူအုပ်ကြီးရဲ့
ကြားထဲမှာ တယောက်ထီးတည်း လက်ကို အမြင့်ဆုံး ရောက်အောင် ထောင်ပြီး အားလုံး မြင်အောင်ပြခဲ့တဲ့
လမ်းခရီး အကြောင်းပါ။ သူက ပြောခဲ့ ပါ သေးတယ်။ လမ်းခုလတ် မဟုတ်ဘူး။ လမ်းဆုံ လမ်းခွ
တဲ့ ။ ဒီမိုကရေစီကို သွားနေတဲ့ ခရီး လမ်းခုလတ်
မဟုတ်ဘူး။ စစ်အာဏာရှင် အရေခြုံစနစ်ကို လမ်းခွဲ ရမဲ့ လမ်းဆုံ လမ်းခွ တဲ့ ။ ကျမ အတွက်တော့
ငါသည် လမ်းခရီး ဖြစ်၏ - လို့ ၊ ဘဘ က ပြောနေသလိုပါပဲ ။
ကျမတို့
နှမြောတသ ရပါတယ်။ ဒါပေမဲ့ ၊ လူ့ဘ၀ ကြီးမှာ မြင့်မြင့်မြတ်မြတ် ရှင်သန်ပြသွားပြီး ၊
လူဖြစ်ရကျိုးနပ်လွန်းလှစွာ ၊ မေတ္တာတွေ အထောင်သောင်းနဲ့ လူ့လောကကြီးကို အနိုင်ပိုင်း သွားခဲ့တဲ့ ၊ ဘဘ
ဦးဝင်းတင် အတွက် ၊ ကျမတို့ ၀မ်းမြောက်ရပါတယ်။ ငါသည် သမ္မာတရားလည်း ဖြစ်၏- လို့ ၊ ဘဘ က ပြောနေသလိုပါပဲ ။
ကျမတို့
ဝမ်းနည်းမိ ပါတယ်။ ဒါပေမဲ့ ၊ သေမင်းကိုတောင်
ပြုံးပြ သွားခဲ့တဲ့ ၊ ဘဘဦးဝင်းတင် ရဲ့ ဘာမထီ
အပြုံးမြမြ နဲ့ စစ်အာဏာရှင် တွေကို လှောင်ရယ်နေတဲ့
တဟားဟားရီသံ တွေက ၊ ကျမတို့ကို နှစ်သိမ့် ပါ တယ်။ ငါသည် အသက် လည်း ဖြစ်၏ - လို့
၊ ဘဘ က ပြောနေသလိုပါပဲ ။
စင်မြင့်ပေါ်က
ပန်းတွေ နွမ်းမသွားခင် ၊ စင်မြင့်အောက်က ဖယောင်းတိုင်မီးတွေ ငြိမ်းမသွားခင် ၊ ဘဘ ရဲ့
အပြာရောင် ပုံရိပ်ကြီးကို အသေ အချာ ထပ်ကြည့် မိ တယ်။ ဒီတခါတော့ ဘဘ က မပြုံးပဲ ၊ စူးရှလေးနက်လွန်းတဲ့
အကြည့်တွေနဲ့ ၊ သူ့လက်ဝါးကြီး ကို ထပ်ပြီး
ဖြန့်ကားလိုက်တယ်။ အောင်- ဆန်း - စု- ကြည်
ဆိုတဲ့ စာလုံးလေးတွေ က၊ ပိုပြီး ပီသ လာတယ်။ ဘာပဲပြောပြော ဗမာပြည်ရဲ့ အနာဂါတ်အတွက် ၊ နိုင်ငံရေး
သူတော်စင်ကြီး က ၊ ဗိတ္တဇံ ပေး ထားခဲ့ပြီးပါပြီ။
သူ ပြောတဲ့ လမ်းခရီး အတိုင်း ဆက်လျှောက်နိုင် ကြ ဖို့ သာ ပါ ပဲ ။
ကေသွယ်
၂၃ ဧပြီ ၂၀၁၄
( ဘဘ ဦးဝင်းတင် အား ၊ ဤ စာစု ဖြင့် ပူဇော်ပါ၏ )