သမီးကလေးရွာသူ၊သားများအတွက် ဆွမ်းဆန်စိမ်းအလှူမှ ထပ်ဆင့်လှူဒါန်းကြမည်






သမီးကလေးရွာသူ၊သားများအတွက် ဆွမ်းဆန်စိမ်းအလှူမှ ထပ်ဆင့်လှူဒါန်းကြမည်

ချမ်းမြ(မိုးမခအထောက်တော်)၊ ဧပြီ ၁၉၊ ၂၀၁၄


ထိုင်းနိုင်ငံ၊ ခွန်းကင်ခရိုင်၊ ခွန်းကင်မြို့ ရှိ အွန်ဒေးခြား ငါးဖမ်းပိုက်စက်ရုံတွင် ရောက်ရှိအလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများက မြန်မာနှစ်ဆန်း ၁ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်ကြရာ
ဘန်ကောက်မြို့ရှိ  “ကူညီကယ်ဆယ်ရေး နှင့် အောင်သပြေကျောင်းဆောင်” ဆရာတော်ဦးဇောတိက၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ “အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျောင်အဖွဲ့ ” ဦးစန္ဒောဘာသအပါအ၀င် သံဃာတော် အရှင်သူမြတ် ၉ ပါးတို့က အလှူခံကြွရောက်ခဲ့ကြသည်။

ရရှိလာသော အလှူခံပစ္စည်းများမှ မာမား၊ ငါးသေတ္တာ၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အမွေးတိုင် ဓါတ်ဆားရည်၊ အဖျော်ရည်၊ ဝေဖါ အစရှိသော အိတ်ပေါင်း ၁၅ အိတ်ကို သမီးကလေးရွာမှ ရွှေ့ပြောင်းလာသော DKBA အခြေစိုက်ဒေသ ကျောက်ခက်ရောက် မိသားစုများထံသို့ ထပ်ဆင့်ပြန်လည်ပေးလှူလိုက်ကြောင်း သိရှိရသည်။


ယခုအခါ ထောက်ပံ့ပေးမည့်ပစ္စည်းများကို ထိုင်းနိုင်ငံ အရှေ့မြောက် အိစန်နယ်မြေမှ နယ်စပ် မဲဆောက်ရောက်အောင်ပေးပို့မည့်ပွဲရုံများ ပိတ်ထားသဖြင့် နှစ်ဆန်း ၅ ရက်လောက်မှ နယ်စပ်ကို ရောက်လာမည် ဖြစ်သည်။ စက်ရုံကတာဝန်ရှိ မြန်မာများက ဆရာတော်နှင့်အတူ စီစဉ်ဆောင်ရွက် ချိတ်ဆက်ထားပြီးဖြစ်ကြောင်းသတင်းရရှိသည် ။