ဆောင်းလူ - ပိတောက်တွေ မြုံနေတဲ့မြို့


ပိတောက်တွေ မြုံနေတဲ့မြို့
ဆောင်းလူ
ဧပြီ ၁၂၊ ၂၀၁၄
++++

စကားနောက် တရားပါ ...
လမ်းခုလတ်အရောက်မှ ဖောက်ပြန်ရေး ကြီးစိုးသွားလေတော့
ပိတောက်တွေတောင် မြုံသွားခဲ့ရပေါ့ ...။
.....
.....
လောကပါလတရားတွေနဲ့
သစ္စာတွေ ပျောက်ဆုံးနေတဲ့ မြို့ ...
သက်သေခံလက်မှတ်တွေ ကုန်ကူးခံရတဲ့မြို့ ...
အာလပ သလာပတွေနဲ့ ဒွေးရောယှက်တင် ပျော်မြူးနေတဲ့မြို့ ...
.....
.....

ဒီမြို့က စွေစွေကြည့်လိုက်ရင်
ဖုတ်ပူမီးတိုက် လိုင်စင်မဲ့တွေ ဟိုတစ ဒီတစ ..။
.....
.....

ဒီမြို့က စွေစွေကြည့်လိုက်ရင်
ဟိုးအဝေးက ... သူ့ကယ်နိုး ငါ့ကယ်နိုး ဘ၀များ ...။
.....
.....

ဒီမြို့ပေါ် စွေကြည့်လိုက်မှ
ခုတုံးလုပ်သူတွေကြား ပိတောက်တွေ ရင်ကွဲပက်လက် ...။
.....
.....

စနစ်တခုအတွက် အခိုင်အမာ ရပ်ခဲ့တဲ့မြို့
ပိတောက်တွေ မြုံနေမှ
သစ္စာတွေ ပျောက်ခဲ့ပါလားဆိုတာ သတိရမိတယ်။