Po Htet - အင်္ဂလိပ်လိုပါ ထည့်ရယ်ကြပါ


အင်္ဂလိပ်လိုပါ ထည့်ရယ်ကြပါ
ဖိုးထက်၊ မတ် ၂၈၊ ၂၀၁၄

ဟိုတစ်နေ့က အင်တာနက် မဂ္ဂဇင်း တစ်ခုမှာ မော်ဒယ်လ်မလေး တစ်ယောက်ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရသည်။ မှတ်မိသလောက် ပြန်ရေး ပြရရင် သူတို့ အဖွဲ့ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေသွားလည်တဲ့ အကြောင်း။ ပြောပုံက…

“သိတယ်မို့လား..ဒီ Yangon Airport Departure မှာကတည်းကလေ Baggage တစ်လုံး ပျောက်တာဆိုတော့ နည်းနည်းလေး worries များသွားတာပေါ့နော်။ ဒါပေမယ့် ဟို Beach လဲ ရောက်ရော အားလုံး အဆင်ပြေပါတယ်။ အားလုံး Smooth ဘဲလေ။ အားလုံး Ok။  မိသားစုတွေချည်းဘဲ Family Trip သက်သက်ဘဲလေ။ Only Family Trip ပါရှင်..ဟဲ..ဟဲ” ဆိုပြီး အင်တာဗျူးကို ဖြေသွားသည်။

          ဒီမှာ ကျွန်တော်ပြောချင်တာက ငယ်ရွယ်သူတွေရဲ့ ကြွားဝါချင်စိတ်ကို အပြစ်ပြောလိုခြင်းမဟုတ်။ ကျွန်တော်လို အသက်သုံးဆယ်ကျော် အကောင်တောင် တစ်ခါတစ်ရံ အလွန်ကြွားချင်ဆဲ ဆိုတော့ ဒီကောင်မလေးက အလွန်ဆုံး ရှိလှမှ ၂၄၊ ၂၅ ပေါ့။ ကြွားစေ ညီမလေးပေါ့ တွေးပေးပါတယ်။ ဒီမှာ ကျွန်တော် ပြောချင်တာက အင်္ဂလိပ်စကားတွေ အရမ်းကြီး စပ်၊ဟပ် ပြောတာကို မြင်ပြင်း ကပ်ခြင်းဖြစ်သည်။ သူ့ဘာသာ ဘန်ကောက်သွားသွား၊ ရေကူးဝတ်စုံ ၀တ်ဝတ် ကြည့်ကောင်းရင် ကြည့်လိုက်ရုံပါဘဲ။ ဒါပေမယ့် အင်္ဂလိပ်စာနဲ့ မြန်မာစာကြီးကို အတင်း စပ်ပြောနေတာတော့ စိတ်ထဲမှာ ဘ၀င်မကျ။ ထားပါတော့…ညီမလေးကို ခွင့်လွှတ်တယ်ဆိုတဲ့ စိတ်မွေးပါတယ်။ စိတ်ထားတတ်မှ ကုသိုလ်ရမှာမို့လား။

          နောက်တစ်ခါကျတော့ အွန်လိုင်းပေါ်မှာ အတော်ကြီး နာမည်ကြီးသည့် သတင်းဌာနတစ်ခု၏ စကားဝိုင်း ဆွေးနွေးပွဲတစ်ခု။ လာရောက်ဆွေးနွေးသော ပညာတတ်များက မြန်မာစကားကို အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြီး ပြောတာများ ဘုရားစူး…မိုးကြိုးပြစ်…သောက်သောက်လဲ ကြားလို့မှ မကောင်း။ ပေါင်မုန့်ကို ငပိသုတ်စားနေရသလို ပါဘဲ။ စားလို့တော့ ကောင်းသည်။ သို့သော်လည်း..လူကြားထဲ မသင့်တော်သော စားနည်းမျိုး။ အမြဲတမ်းကြီး တွဲဖက်စားသင့်သော အစားအစာ မဟုတ်ဘူးမို့လား။

အဲဒီလူကြီးတွေကိုတော့ အတော်ကြီး သောက်ညင်ကပ်သွားသည်။ စိတ်ထဲမှာ နည်းနည်းမှ ဘ၀င်မကျ။ ခွင့်မလွှတ်ဘူးဟေ့ဆိုပြီး မော်နီတာကို ကြည့်ပြီး ကြုံးဝါးမိသည်။ သူတို့ကတော့ ဆက်ပြောမြဲ..

“အင်း…ဘယ်လိုပြောရမလဲ။ ဒီ civilization တစ်ခုလုံးကို change လုပ်တော့မယ်ဆိုရင် foundation တွေ ခိုင်ရမယ်ဗျ။ Strong ဖြစ်ရမယ်။ ပြီးတော့ အပြန်အလှန် Trust ရှိရမယ်။ ဒီ Trust ကလဲ အန္တိမ Trust ဖြစ်ရမယ်ဗျ။” ဘုရား..ဘုရား…မိုးကြိုးတွေတော့ ပြစ်ကုန်တော့မှာဘဲလို့ တွေးပြီး အမြင် အကတ်ကြီး ကတ်ပြစ်လိုက်သည်။ ယောက်င်္ကျား ချင်းကတော့ စိတ်မထားတတ်လို့ ငရဲသွားရမယ်ဆိုလဲ I ကတော့ Go ပြီးသားဘဲ။

ကွယ်လွန်သူ သမိုင်း ပညာရှင် ဒေါက်တာသန်းထွန်းတို့၊ ဆရာကြီး မင်းသုဝဏ်တို့ ၏ ဆရာဖြစ်သူ သတိုးသီရိသုဓမ္မာဘွဲ့ရ မစ္စတာ ဖာနီဗယ်ကို လူတိုင်း လိုလို သိကြသည်။ ကျွန်တော်တို့ လေးစား အားကျရတဲ့ ဆရာကြီးတွေ ကိုယ်တိုင်က လေးစားကြည်ညိုသော၊ မြန်မာနိုင်ငံအပေါ်မှာ အလွန်စေတနာရှိသော ပညာတတ်ကြီး တစ်ဦး။ ဒီဆရာကြီး၏ ပြောစကားကို ကိုးကားထားသော ဆောင်းပါးလေး တစ်ပုဒ် ကျွန်တော် ဖတ်ဘူးသည်။

ဆရာကြီးက မြန်မာစာနဲ့ ပါတ်သက်ပြီး “မြန်မာ့ ယဉ်ကျေးမှု ကျယ်ဝန်းသလောက် မြန်မာစကား ကျယ်ဝန်းသည်။ မြန်မာ့ ယဉ်ကျေးမှု နက်နဲ့သလောက် မြန်မာစကား နက်နဲသည်။ မြန်မာစကားသည် မြန်မာ တစ်မျိုးလုံး၏ စကားဖြစ်၍ လူအားလုံးတို့ အတွက်၎င်း၊ ကိစ္စအားလုံး တို့အတွက်၎င်း၊ ဆက်ဆံ ဖလှယ်မှု မဏ္ဍိုင်ကြီး ဖြစ်ပေသည်။” လို့ ပြောဘူးခဲ့သည်။ (ဖိုးထက် ပြောတာ မယုံလျှင် ဆရာကြီး မင်းသုဝဏ်၏ တက္ကသိုလ်ဝင် မြန်မာစာ ဆိုတဲ့ ဆောင်းပါး ကိုယ့်ဘာသာ ရှာ Read ကြ။)

ထားပါတော့။ သူက နိုင်ငံခြားသားကိုး။ မြင်တတ်မှာပေါ့။ ကျွန်တော်တို့က နေ့စဉ်ပြောဆိုနေတော့ မြန်မာစကားများ အလေးပေးစရာ၊ ဘာတတ်စရာလိုလဲလို့ စောဒက တက်ကြလျှင် အမှားကြီး မှားပါလိမ့်မည်။ အထက်က ကျွန်တော် ညွှန်းခဲ့သော ဆောင်းပါးထဲမှာ ဆရာ မင်းသုဝဏ်က “မြန်မာစကားနဲ့ ရှင်းရှင်းတွေးပြီး မြန်မာစာနဲ့ ရှင်းရှင်းရေးတတ်ဖို့ အတွက် လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ သဒ္ဒါလဲ တတ်ရမယ်။ ၀ါကဖွဲ့ထုံးလဲ ကျွမ်းကျင်ရမယ်။ ပင့်ရစ် သတ်ပုံလဲ နိုင်ရမယ်။ စကားဝေါဟာရလဲ ကြွယ်ရမယ်။ ပါတ်ဝန်းကျင် လောကကိုလဲ မြင်တတ်၊ ကြားတတ်၊ လေ့လာတတ်ရမယ်။” လို့ ထပ်ပြောခဲ့သေးသည်။

          ကျွန်တော့် အဆင့်နဲ့ ဆရာကြီး မင်းသုဝဏ်ကို မအပ် မစပ် ကိုးကားပြ နေတာ အမြင်မတော်ရင်လဲ သီးခံလော့လို့ ဆိုရမှာပါဘဲ။  ကျွန်တော် ပြောတယ် ဆိုရင် လက်ရှိ မြန်မာပညာရှိကြီးများက ဒီကောင် ဘယ်က ကောင်လဲ၊ ဖိုးထက် ဘယ်လဲ၊ ဖိုးထက် ညာလဲ လုပ်နေမှာကိုး။ အခု အဲဒီဆရာကြီးတွေနဲ့ အကာအကွယ် ယူလိုက်တော့ ခုသာ ခံသာလေးတော့ ရှိတယ် ထင်တာပါဘဲ။

          မြန်မာစကားကို အရေး မဆိုထားဘိ။ နေ့စဉ်စကားပြောမှာကိုဘဲ အဆင်ပြေအောင် ဘယ်သူများ ပြောတတ်သလဲ။ ပြောတော့ ပြောနေမှာပေါ့။ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို ပြောတာ နားလည်ကြမှာပေါ့။

ဥပမာ “အင်း..အင်း..ပြုတ်ကျသွားတာ နာတာ…ဆေးမသောက်တော့ဘူးလေ.. ရူးသွားမှာစိုးလို့.. ရူးသွားရင်တောင်မှဘဲ တော်ကီ ကောင်းကောင်းလေးတွေနဲ့ မတွေ့ရင် ဒုက္ခ။ ဆိုတော့ကာ…connection lost။ တောက်… မြန်မာပြည်မှာ အင်တာနက်လိုင်းတွေ ဘာကြောင့် အခုထိ လူရုပ်မပေါက်တာလဲ။ မသာ သေဂျင်းဆိုးတွေ။ မျိုဆို့ဖို့ဘဲ တတ်ကြတယ်။”

ဒါက ကျွန်တော့် ဘေးကုတင်က အခန်းဖော် ဖုန်းပြောနေတာကို ကြားတဲ့ အတိုင်း လိုက်ပြီး ပြန်ရေးထားတာ။ ကျွန်တော်လဲ နားလည်တယ်။ သူလဲ နားလည်တယ်။ တစ်ဘက်က သူ့ကောင်မလေးကလဲ နားလည်တယ်။ ဒါပေမယ့် အဲဒီလို စကားမျိုးကိုမြန်မာစကား စစ်စစ်ကြီးလို့ သတ်မှတ်လို့ ရပါ့မလား။ ကိုင်းပါ…let it be ။

          လက်ရှိ ကမ္ဘာကြီးက ရွာကြီး ဖြစ်လာသတဲ့။ အင်္ဂလိပ်စာ အရေးပါ အရာရောက်တာ လူတိုင်းသိ။ ကလေးသိ။ ခွေးသိ။ အင်္ဂလိပ်စာ ဖတ်၊ ရေး၊ ပြောနိုင်ရင် အလုပ် ကောင်းကောင်းရနိုင်သည်။ နိုင်ငံတကာနဲ့ ပြောဆို ဆက်ဆံရတာ လွယ်တာကိုး။ ဒါပေမယ့် အင်္ဂလိပ်လို စာအုပ်ကြီး ဖတ်နိုင်တာ ဂုဏ်ယူစရာမဟုတ်။ Facebook ပေါ် စာအုပ်ဓာတ်ပုံရိုက်ပြီး တင်ဖို့ မဟုတ်။ စာဖတ်ဖြစ်တာ၊ ဘာသာစကား တိုးတက်လာတာထက် ဘယ်အရာက အရေးကြီးမလဲ။  အင်္ဂလိပ်လို မွှတ်နေအောင် ပြောနိုင်တာ ချီးကျူးစရာပေမယ့် လက်မ ထောင်စရာမှ မဟုတ်တာ။ အင်္ဂလိပ်လို ပြောရင် အင်္ဂလိပ်လို သဒ္ဒါစည်းမျဉ်းစည်းကမ်း မှန်မှန်ကန်ကန်နဲ့ လှလှပပပြောပေါ့။ မြန်မာစကားပြောရင် မြန်မာစကားကို ထိထိမိမိ အားလူးဖုတ်ပေါ့။ အခုတော့ ပြုပ်တူး မနပ် စကားတွေ ပြောကြသည်။ (ဟ..Blind ကြီး ဟောက်စား လာလုပ်နေတယ်။ ဒီဘဲက ဘာလဲလို့ ဆဲချင်လဲ ဆဲကြစေ။)

          အတွေ့အကြုံရှိ တိုးဂိုက်တွေ၊ လုပ်သက်ရင့် တိုးဂိုက်တွေနဲ့ စကား စမြည် မြည်းစမ်းပြီး ခဏ ခဏ ကျွန်တော် စကား လက်ဆုံကျဘူးသည်။ အားလုံး လိုလိုက “တိုးဂိုက်လုပ်တာမှာ ဘာသာစကားထက် ဗဟုသုတနဲ့ ဧည့်သည်ကို အရိပ်သုံးပါး နားလည်ဖို့က ပိုပြီး အရေးကြီးတယ်ဗျ။ ဒါပေမယ့် ဘုရားထုံး သင်္ကန်းကပ်တာကို Active Voice  နဲ့တော့ ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဆိုလိုတာက ဘာသာစကားက သဒ္ဒါမှန်မှန်နဲ့ မှန်တန်း ပြောနိုင်ရင်လဲ ရတယ်။ ဧည့်သည်ကို ဂရုမစိုက်။ နားထောင်ချင်မှန်း မသိ၊ နားမထောင်ချင်မှန်း မသိ၊ အိပ်ငိုက်နေတာကို ဇွတ်နှိုးပြီး Beautiful English နဲ့ ပုဂံဘုရားတွေသည် ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ် နဲ့ သွားရှင်းပြနေလဲ ဟိုက ဆဲမသွား ကံကောင်းတယ်မှတ်ဗျ” လို့ ပြောတတ်ကြသည်။

          သူတို့ ဆိုလိုတာကို ကျွန်တော် နားလည်သလိုလိုရှိသည်။ အင်္ဂလန်မှာနေပြီး မြန်မာနိုင်ငံကို ပြန်လာကာ ငါ အင်္ဂလိပ်စကား မွှတ်နေအောင် ပြောတတ်တာဘဲ ဆိုတာနဲ့ဘဲ တိုးဂိုက်လုပ်စားလို့ မရသလိုဘဲ နေမှာပေါ့။ အခု လက်ရှိ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမှာပါသည့် တောင်ကိုရီးယားနဲ့ ဂျပန်တွေကိုဘဲ ကြည့်။ အများစုက အင်္ဂလိပ်စာမှာ သုံးစားလို့ မရ။ (အသားလွတ်ကြီးလဲ အထင်သွားမသေးပါနဲ့အုံး။ တကယ်ပြောတတ်သူများကြ တော့လည်း ဟို…ညောင်နာနာနဲ့ အင်္ဂလိပ်စကားကို အင်္ဂလိပ်နားမလည်အောင် ပြောတတ်သော ဒေးဗစ်ဘက်ဟမ်းလောက်တော့ သနားသေးသည်။)

          ဒါပေမယ့် အင်္ဂလိပ်စကား မတတ်တာနဲ့ဘဲ ကိုးရီးယားတွေ၊ ဂျပန်တွေ ဘယ်သူကများ နှိမ်ချ ကြည့်ရဲသလဲ။ ဘယ်နိုင်ငံခြားသားကများ တဆင့်နှိမ့်ဆက်ဆံရဲသလဲ။ အလုပ်ကြိုးစားသည်။ စည်းလုံးသည်။ စည်းကမ်းကောင်းသည်။ ဇွဲနဘဲ ကြီးသည်။ ကျွန်တော်ဆိုလိုချင်တာ သဘောပေါက်ပါလိမ့်မည်။ အင်္ဂလိပ်ဘာသာစကား  တတ်တာ ဂုဏ်ယူစရာဆိုပေမယ့်လဲ ပြုပ် တူး မနပ် စကားတွေ ပြောဖို့ မဟုတ်။ ဆရာကြီး ဦးဖေမောင်တင်တို့လို Physics ကို ရူပဗေဒ၊ Biology ကို ဇီဝဗေဒ စသည့် ပညာတတ်ကြီးတွေလဲ တွေးတောကြံဆနိုင်သည့် မြန်မာမှုပြုဖို့ မဟုတ်။ သူ့နေရာလေးနဲ့ သူ မြန်မာစကားလေးကို လေးစားကြစေဖို့။ အင်္ဂလိပ်စာကိုတော့  ခေတ်ကြီးကို အမှီလိုက်နိုင်ဖို့ Stepping Stone မျှသာ။ (ဟဲ..ဟဲ)

          လက်ရှိ ကျွန်တော်တို့ရဲ့ ‘အဖွားကြီး’ ကိုဘဲကြည့်။ အင်္ဂလိပ်လို ပြောရင် မွှတ်နေအောင် ပြောသည်။ ပြောတတ်မှာကိုး သူ့ယောက်င်္ကျားကြီးက အင်္ဂလိပ်ကြီးကိုး လို့ ပြောလာလျှင် ပြိုင်ဖက်ပြီး မာန်ဖီမနေချင်။ ဘွားတော် စကားပြောရင်  အင်္ဂလိပ်လို ပြောရင် အင်္ဂလိပ်လို။ မြန်မာလို မိန့်ခွန်းတွေ ပြောရင်လဲ မြန်မာလို ပီပီသသ။ ပီပီပြင်ပြင်။ နိုင်ငံခြား စကားပုံတွေတောင် ကြုံတောင့်ကြုံခဲ ကိုးကားခဲသည်။ ပြောခဲသည်။

          အဖွားကြီးမိန့်ခွန်း တစ်ခုကို ပြုပ်တူး မနပ် ဘာသာစကားနဲ့ ကျွန်တော် တွေးကြည့်သည်။

“ကျမတို့က ကျမတို့ရဲ့ Strength ကို ကျမတို့ သိရမယ်။ စည်းလုံးရမယ်။ Unity ဖြစ်ရမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ကျမတို့ မရောက်သေးပါဘူး။ ကျမတို့ အားလုံး လိုချင်တဲ့ Goal ကို ရောက်ဖို့ တစ်ယောက်နဲ့ တစ်ယောက် လက်ချင်း one by one သေသေချာချာ ဆုပ်ကိုင်ထားရမယ်။ tight hold ပေါ့နော်။” 

နားထဲမှာ ဘယ်လိုမှ အဆင်မပြေသော မိန့်ခွန်းတွေ အဖွားကြီး ဘယ်လိုမှ ပြောမှာ မဟုတ်ပေမယ့် အတွေးနဲ့တင် ရင်ထဲမှာ သိပ်ပြီး tired ဖြစ်တာပါဘဲ။ အဲဒီလို ပြောနေလို့ကတော့ left ear in..right ear out ဘဲလေ။

ပြုပ်တူး မနပ် အင်္ဂလိပ်စကားကို တွေးနေရင်း ကျွန်တော့် အမ အလတ်ကို သတိရမိသည်။ သူငယ်ငယ်က အဖေနဲ့ အမေက သူ့ကို ရုပ်ရှင်ရုံ ခေါ်သွားသည်။ ဇာတ်လမ်းက အင်္ဂလိပ်ဇာတ်လမ်း။ ဇာတ်လမ်းစပြီး မကြာခင်မှာ ထို နိုင်ငံခြားသား မင်းသားက ရယ်သည်။ အဲဒီမှာ အမအလတ်က ရုပ်ရှင်ရုံထဲမှာ အသံကျယ်ကြီးနဲ့ အဖေ့ကို ထပြောတာက …

“ဖေဖေ…အင်္ဂလိပ်ကြီးကလဲ ရယ်တာ မြန်မာလိုကြီး ဟား …ဟား..ဟား” တဲ့။ အမေနဲ့ အဖေ့မှာ ရုပ်ရှင်တောင် ဖြောင့်အောင် ဆက်မကြည့်နိုင်တော့ဘဲ အိမ်ကို ပြန်လာခဲ့ကြသည်။

အခုလဲ ဒိတ်လိုင်းတွေ၊ ဆွေးနွေးပွဲတွေ၊ အင်တာဗျူးတွေမှာ အင်္ဂလိပ်စကား အရမ်းကြီး ပြောချင်နေသော သူများ၊ ထွန့်ထွန့်လူး ညီမလေးများ၊ ဆတ်ဆတ်ကြဲ ပညာတတ် နိုင်ငံရေး ဂုရုကြီးများ ၊  နိုင်ငံကျော် အနုပညာရှင်များ အနေဖြင့် ဆက်ပြီး ပြောကြပေါ့။ မစ္စတာ ဖာနီဗယ် ဘေးချိတ်၊ ဆရာကြီး မင်းသုဝဏ် သွားပေတော့။ ဖိုးထက် ခပ်ဝေးဝေး ချောင်မှာခွေနေ။

သို့သော် တစ်ခုဘဲ တောင်းဆိုချင်သည်။ ကြိုက်သလိုသာ ပြော။ ဒါပေသိ ကျွန်တော့်အမလတ်ပြောတဲ့ အင်္ဂလိပ်ရယ်နည်းလေးပါ ထည့်ရယ်ပေးပါ။

ဥပမာ တစ်ခုပေါ့ဗျာ… “ဒါ ..ကျွန်တော်တို့က အင်တာနေရှင်နယ်လ် စတန်းဒက်ဘဲလေ။ သုံးသိန်းဆိုတာ အင်တာနေရှင်နယ်လ်မှာလဲ ဒီလိုဘဲ ဘီဇီးနက်စ် ဆိုရှယ်ရက်တီတွေမှာ ရှိတာဘဲ။ ဒီသတ်မှတ်ချက်ကို ကျွန်တော်တို့က ၀ဲလ်ကမ်းလုပ်ရမှာ။ ဒါကို ခရစ်တီဆိုက်စ် လုပ်နေလို့ မဖြစ်ဘူးဗျ။ အခုတော့ အစိုးရ ဘာလုပ်လုပ် မကောင်းဘူး ဖြစ်နေတော့ ကျွန်တော်တို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး…. ‘အိပ်ခ်ျအေ…အိပ်ခ်ျအေ…အိပ်ခ်ျအေ’ … ”

(အိပ်ခ်ျအေ…အိပ်ခ်ျအေ..အိပ်ခ်ျအေ ဆိုတာ Ha Ha Ha။ အင်္ဂလိပ်လိုရယ်တာကို မြန်မာလို ပြောင်းရယ်ဗျာ..နော့်။ Just for kidding ပါဗျနော့်။ Don’t mind နော်။ အိပ်ခ်ျအေအီး..အိပ်ခ်ျအေအီး.. အိပ်ခ်ျအေအီး…)

ဖိုးထက်