ဇာနည်ကြီး - မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း

မြောက်ကိုးရီးယားခေါင်းဆောင် အရေးအခင်း
ဇာနည်ကြီး
ဒီဇင်ဘာ ၁၆၊ ၂၀၁၃



၂၀၁၁တုန်းက ကွယ်လွန်သွားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong-il မှာ တစ်ဦးတည်းသော ညီမအရင်း Kim Kyung Hui ဆိုသူရှိပါတယ်။ အစ်ကို အုပ်ချုပ်စဉ်က ညီမဖြစ်သူဟာ ရာထူးကြီးများ ရခဲ့သူဖြစ်ပါတယ်။ မြောက်ကိုးရီးယားအင်ပါယာ ခေါင်းဆောင်သစ် အသက်၃၀အရွယ်  Kim Jong-un အာဏာရပြီး ၂နှစ်ကာလကို အဒေါ်ဖြစ်သူ Kim Kyung Hui နဲ့ သူမယောင်္ကျားဖြစ်သူ ဦးလေး Jang Sung-taek တို့က စောင့်ရှောက်ပေးခဲ့ပါတယ်။ ဦးလေးဖြစ်သူဟာ လက်ရှိ မြောက်ကိုးရီးယားမှာ ဒုတိယခေါင်းဆောင် အဆင့်ရှိသူ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၂၀၁၃ သတင်းအရ ဦးလေးဖြစ်သူကို သေနပ်ပစ်အဖွဲ့နဲ့ သေဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အဒေါ်ဖြစ်သူတို့ ဇနီးမောင်နှံမှာနိုင်ငံရေးတင်မကဘူး၊ အိမ်ထောင်ရေးအဆင်မပြေမှုများစွာရှိပုံပါပဲ။ မြောက်ကိုးရီးယား သတင်းထုတ်ပြန်ချက်အရ ဦးလေးဖြစ်သူ Jang Sung-taek ဟာ မိန်းမလိုက်စားသူ ဖြစ်ပြီး၊ အရက်သောက်စားသူဖြစ်တယ်။ လောင်းကစားမှုမှာ အကြွေး ပေါင်စတာလင် ၆.၄သန်း တင်နေသူလို့ ဆိုပါတယ်။ သူတို့ဆရာတပည့် အသိုင်းအဝိုင်းမှာ လိင်မှုဆိုင်ရ ရုပ်ပုံများနဲ့ အချင်းချင်းဖြန့်ဝေနေကြပြီး၊ ယိုယွင်းတဲ့အရင်းရှင်စရိုက်ဆိုးတွေ ရှိနေသူဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကင်မ် အင်ပါယာ အာဏာကို ထိပါးလာမဲ့ အန္တရယ်ကို ရှင်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ 

ခေါင်းဆောင် Kim Jong-un (အသက်၃၀) ကို နောက်ကထောက်ပို့ပေးနေသူ အမျိုးသမီး(၂)ဦးကတော့ သူ့ရဲ့ အဒေါ်အရင်း Kim Kyung-hui နဲ့ သူ့ဇနီးဖြစ်သူ Ri Sol-ju တို့ဖြစ်ပါတယ်။

ဦးလေးကို စိတ်ကုန်နေပြီဖြစ်တဲ့ ဇနီးလက်ချက်ပဲလို့ ဆိုပါတယ်။ အကြောင်းအချက်တွေ အများကြီးရှိပေမဲ့ ဒုတိယခေါင်းဆောင်ဖြစ်သူ သေဒဏ်ပေးခံရခြင်းဟာ ယောင်္ကျား လူမှုရေးအရှုပ်များကိုစိတ်ပျက်နေတဲ့ သူ့ဇနီးသည် Kim Kyung Hui ရဲ့လက်ချက်ပဲလို့ပြောဆိုကြပါတယ်။

ယခင်က Kim Jong-un ချစ်ကြိုက်ခဲ့ပြီး၊ အခြားစစ်ဗိုလ်ချုပ်တစ်ဦးရဲ့ သားနဲ့လက်ထပ်သွားတဲ့ ရီးစားဟောင်း Hyon Song-wol ကိုလည်း သေဒဏ်ပေးခဲ့ပါတယ်။ ခေါင်းဆောင် Kim ရဲ့ဇနီး လက်ချက်လို့ ပြောဆိုကြပါတယ်။ 

မြောက်ကိုးရီးယားအကျဉ်းထောင်များမှာ အကျဉ်းသား ၂သိန်းကျော် ရှိနေပြီး၊ သေဒဏ်ပေးခြင်းဟာ ယမန်နှစ်က ၁၇ဦး၊ ဒီနှစ်မှာ ၄၀ဦးထိ ရှိသွားပြီလို့ဆိုပါတယ်။ 


မြေက်ကိုးရီးယား ခေါင်းဆောင်သစ်လက်ထက်မှာ အမေရိကန်၊ ဂျပန်ကို အနုမြူလက်နက်၊ ဒုံးပျံများစမ်းသပ်ခြင်းနဲ့ ခြိမ်းချောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်တရုပ်ပြည်ရဲ့ ပုံစံအတိုင်း မြောက်ကိုးရီးယား စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒအသစ်နဲ့ စီးပွားရေးဖွင့်ပေးလိုက်ပါတယ်။ တရုပ်ပြည်က ကူညီပေးနေခြင်းဖြစ်ပါတယ်။ အခု ဦးလေးဖြစ်သူကို သေဒဏ်ပေးပြီး ကွပ်မျတ်လိုက်ခြင်းကို တရုပ်အစိုးရက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စီးပွားရေးဖွင့်ပေးပြီးတဲ့နောက် ဘာဖြစ်လာမယ်မသိနိုင်ပေမဲ့ တောင်၊ မြောက် ကိုးရီးယား၂နိုင်ငံ တစ်ပေါင်းတစ်စည်း ဖြစ်သွားရင်တော့ တရုပ်နိုင်ငံကြီးအတွက် သိပ်မကောင်းလှဘူး။ တချိန်မှာတော့ တောင်မြောက် တစ်နိုင်ငံတည်းဖြစ်မှာသေချာပါတယ်။