ရှာဖွေရေး ...

Loading...
Burmese Community News and Media Station –
PO Box 825, Yangon General Post Office, Yangon, Myanmar
PO Box 320-207, San Francisco, CA 94132-0207, USA –
send email to editors @ moemaka.net ((510) 854-6501)

Than Win Hlaing - Articles

ဘက်စုံ ထူးချွန်သော ကာတွန်းဆရာကြီး  ဦးဘဂျမ်း
သန်းဝင်းလှိုင်
မေ ၃၁၊ ၂၀၁၃ 



မြန်မာကာတွန်းလောကတွင် ကာတွန်းရွှေတလေး၊ ဦးဟိန်စွန်းနှင့် ဦးဘဂျမ်းတို့သည် စစ်ကြို ခေတ်က ထင်ရှားခဲ့သော ကာတွန်းဆရာကြီးများဖြစ်ကြသည်။ သူတို့သုံးဦးသည် ခေတ်ပြိုင် ကာတွန်း ဆရာများ လည်းဖြစ်ကြသည်။

ခေတ်ပြိုင် ကာတွန်းဆရာများဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ ကာတွန်း ရွှေတလေးသည် နိုင်ငံရေးကာတွန်းများကို အရေးသန်သည်။ သူ့ကျွန်ဘဝတွင် ကာတွန်းဖြင့် အမျိုး သားရေးစိတ်ဓာတ် နိုးကြားတက်ကြွ ထွန်းကားရေးကို လှုံဆော်ခဲ့သည်။ ဦးဟိန်စွန်းကား ဟာသ ကာ တွန်းများကို အရေးသန်ခဲ့သည်။ ဟာသနှင့် ပတ်သက်၍ ကိုယ်ပိုင်ဇာတ်ကောင်များ မွေးပြီး စာဖတ်သူ တို့အား ဟဒယ နှလုံးရွှင်မြူးစေခဲ့သည်။

အကြံပိုင်သော ငခွေး ကာတွန်းဇာတ်ကောင်မှာ ဦးဟိန်စွန်း၏ နာမည်ကြီးသော ဇာတ်ကောင် များအနက်မှ တခုဖြစ်သည်။

ဦးဘဂျမ်းကား သူတို့နှစ်ဦးနှင့်မတူ၊ ဦးဘဂျမ်းက စွယ်စုံရသည်။ စာနယ်ဇင်းတို့တွင် အနှစ်သုံး ဆယ် နီးပါး ကာတွန်းရေးဆွဲခဲ့သည်။ အကြောင်းအရာအစုံအလင်ကို ထူးထူးချွန်ချွန် ပြောင်ပြောင် မြောက်မြောက် ရေးဆွဲနိုင်ကြောင်းတွေ့ရှိရသည်။

ဦးဘဂျမ်း၏ ကာတွန်းများမှာ ကာတွန်းပုံများ ပီပီပြင်ပြင်ရှိခြင်း၊ စကားလုံးအသုံးအနှုန်း ထိထိ ရောက်ရောက်ရှိခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အကြောင်းအရာမျိုးစုံကို ရှုထောင့် ပေါင်းစုံမှ ရေးသားဝေဖန်တင်ပြနိုင်ခြင်း၊ ကလေးလူကြီး၊ ကျားမ လူတန်းစားမရွေး လက်ခံနှစ် သက် ခြင်း၊ လတ်တလော ဖြစ်ပျက်နေသည့် အကြောင်းအရာ အခြေအနေတို့ကို အချိန်မီတင်ပြခြင်း၊ အ တွေးအခေါ် ပြောင်းလဲရေးတွင ဦးဆောင်နိုင်ခြင်း၊ အမျိုးသားရေး ဟန်ပန်များ အထင်အရှားရှိခြင်း၊ ယ နေ့တိုင် ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိနေခြင်း စသည့် အချက်များဖြင့် ပြည့်စုံနေလေသည်။

ကာတွန်းရေးဆွဲရတွင်လည်း ဦးဘဂျမ်း၏ လက်ရာများမှာ တိကျပီပြင်၍ အရုပ်များမှာပြတ်ပြတ် သားသားရှိသည်။ လှုပ်ရှားမှု ဟန်ပန်များ အပြည့်အစုံ ရှိနေတက်သည်။ ဇာတ်ကောင်၏ မျက်နှာ အနေ အထား ၊ကိုယ်ဟန်အမူအရာတို့မှာ တစ်ပုံနှင့်တစ်ပုံ ကွဲပြား မသွား၊ ထပ်တူထပ်မျှ တချိုးတကျရှိသည်။ သူ၏ နာမည်ကြီး ဇာတ်ကောင်များဖြစ်ကြသော ဦးဖျောက်ဆိတ်၊ မောင်မြေဇာ၊ ဂွက်ထော်တို့၏ ပုံများ မှာ တစ်ပုံနှင့်တစ်ပုံမကွဲပြား၊ လက်ရာမပျက် ဆင်တူရှိသည်။

စာဖတ်သူက သူ့လက်ရာကို မြင်သည်နှင့် မည်သည့် ဇာတ်ကောင်ဖြစ်ကြောင်း အတတ်ပြောပြနိုင် သည် အထိ ဦးဘဂျမ်း၏ လက်ရာတို့သည် ပြောင်မြောက်လှပေသည်။

● ကာတွန်းစတင်ရေးဆွဲခဲ့ပုံ
ကာတွန်းဆရာကြီး ဥိးဘဂျမ်း ကာတွန်းဆရာ ဖြစ်လာပုံကလည်း စိတ်ဝင်စားစရာပင် ဖြစ်သည်။ ဦးဘဂျမ်းသည် ၁၉၂၆ ခုနစ်တွင် ကောလိပ် ကျောင်းသား ဘဝ၌ ကောလိပ်မဂ္ဂဇင်းထဲတွင် ကာတွန်း စတင် ရေးဆွဲရာမှ ကာတွန်းဆရာကြီး ဖြစ်လာသူ ဖြစ်သည်။ ဦးဘဂျမ်း၏  ပထမဆုံး ပုံနှိပ် ဖေါ်ပြခံရ သည့် ကာတွန်းပုံမှာ ကောလိပ် ဘော်ဒါဆောင်၌ ထမင်းကျွေးသည့်အခါ ဟင်းဖတ်နည်းပြီး အရည်များ နေသည့် အကြောင်းရေးဆွဲထားသည့် ပုံဖြစ်သည်။ ပုံမှာ ကျောင်းသား တစ်ဦး မတ်တပ်ရပ်ကာ ဘလေ ဇာကွတ် အင်္ကျီကိုချွတ်နေဟန် လုပ်နေစဉ် ကျောင်းသားတဦးက “ခင်ဗျား ဘာလုပ်မလို့လဲ” ဟုမေးရာ ထိုကျောင်းသားက“ ကြက်သားတုံးကို ဒိုင်ဗင်ထိုး ဆယ်မလို့”ဟုဖြေပုံ ကာတွန်းဆွဲ၍ အစားဆင်းရဲမှုကို သရော်ခဲ့သည်။


ထို့နောက် ဆရာကြီးသည် စကောက် (Scouk)ခေါ် ကင်းထောက်အဖွဲ့က ထုတ်ဝေသည့် ဘားမား ဘွိုင်း (Burma Boy) မဂ္ဂဇင်းနှင့် ကဝိမျက်မှန် မဂ္ဂဇင်းတို့တွင် ကာတွန်းများ ရေးဆွဲခဲ့သည်။

● စာရေးဘဝ
မကြာမီ ကောလိပ်မှ ထွက်၍ အတွင်းဝန်ရုံး (နောက်ဝန်ကြီးများရုံး) ဘွိုင်လာအင်စပတ်တော် ဌာနတွင် တစ်လ(၉ဝ) ကျပ်ဖြင့် စာရေးဝင်လုပ်သည်။ စာရေးဘဝတွင် ကြာရှည်စွာမလုပ် မကြာမီပင် ထွက်လိုက်ရလေသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ စစ်ပြီးခေတ် ဗမာပြည် ပန်းချီသမဂ္ဂ လေ့ကျင့် ခန်းတွင် ဦးဘဂျမ်းက ဤသို့ဟောပြောခဲ့သည်။

 “ပန်းချီဆရာ ဆိုတာ စိတ်နှင့်ပတ်သက်ပြီး လွတ်လွတ် လပ်လပ် နေချင်ကြတယ်။ချုပ်ချယ်မှုကို မခံ ချင်ကြဘူး။ ကိုယ့်ကိုယ်ကို ချုပ်ချယ်ရင် မကြိုက်ဘူး။ ဥပမာ ဆရာဆိုရင် ကောလိပ်မှ ထွက်ပြီး ရုံး တစ် ရုံး မှာဝင်ပြီး အလုပ်လုပ်ခဲ့တယ်။ ရုံးမှာလုပ်ရတာ ချုပ်ချယ်မှု တွေဟာများလာလို့ မခံနိုင်တော့ဘူး။ ဘယ်လိုလဲဆိုတော့ တနေ့ ဆရာ့ထက် ရာထူးကြီးတဲ့ရုံးက လူကြီးက ဆရာ့ကို အခေါ်ခိုင်းလို့ ဆရာ သွားရတယ်။

ဆရာ သူ့ရှေ့မှာ ရောက်ပြီးရပ်နေတော့ မော်တောင်မကြည့်ဘဲ မသိသလို သူ့စာသူရေးနေတယ် ဒါနဲ့ ဆရာလည်း ပြန်လာခဲ့တယ်။ သူတို့ရုံးက လူများက လူတိုင်းလိုလိုပဲ ဒီအကျင့်တွေရှိကြတယ်။ ဒါနဲ့ ဆရာ ပြန်လာလို့ တော်တော်ကြာတော့ ထပ်ပြီး အခေါ်ခိုင်းပြန်တယ်။ ဆရာ သွားပြန်တော့ စောစော ကလိုပဲ လှည့်တောင် မကြည့်ဘူး။ တော်တော်ကလေး ကြာသွားပြန်တော့ ဆရာလည်း ပြန်လာခဲ့တယ် နောက်တခါ အခေါ်ခိုင်းပြန်တယ်။ သွားပြန်တော့ ဒီအတိုင်းပဲ လှည့်လို့၊ မော့လို့တောင် မကြည့်ဘူး။ ဘာရမလဲ ဆရာက ချက်ချင်းပြန်ခဲ့တာပေါ့။

နောက်တကြိမ်ခေါ်လို့ ဆရာ သွားပြန်တော့ ရောက်ရောက်ချင်းပဲ အဲဒီလူကြီးက မင်းဘာပြုလို့ ပြန်ပြန် သွားသလဲလို့ ဆီးမေးတယ်။ အဲဒီတော့ ဆရာက ကျနော့်မှာ အလုပ်တွေ ရှိနေပါတယ်။ အချိန် ကုန်မခံနိုင်လို့ ပြန်သွားတာပဲလို့ ပြောလိုက်တယ်။ နောက်တော့ အဲဒီအလုပ်ခွင်ရဲ့ ချုပ်ချယ်မှုကို မခံနိုင် တာနဲ့ပဲ ထွက်ခဲ့တာပဲ” ဟုပြောခဲ့လေသည်။

ထိုစဉ်က သူငယ်ချင်းဖြစ်သူ ကာတွန်းဦးဟိန်စွန်း၏ အားပေးမှု၊ မြှောက်ပေးမှု တို့ကြောင့် ပန်းချီ လောက၊ ကာတွန်းလောကထဲသို့ ခြေစုံပစ်ဝင် လိုက်လေသည်။

ယင်းနောက် ၁၉၃၀ ပြည့်နှစ်တွင် ကာတွန်းဦးဟိန်စွန်း၏ ကာတွန်းကို အင်္ဂလိပ်သတင်းစာဖြစ်သော ရန်ကုန်ဂေဇက်က ပထမဆုံး ဖေါ်ပြသဖြင့် ဦးဟိန်စွန်းက ဦးဘဂျမ်းအား “ခင်ဗျားလဲဆွဲပါ၊ ရန်ကုန် ဂေ ဇာတ်က အခြားကာတွန်း ဆရာများကိုလဲ ဆွဲခိုင်းပါဆိုလို့ ခင်ဗျားကို လာပြောတာပါ ”ဟု လာရောက် တိုက်တွန်းလေသည်။

ထို့ကြောင့်များ မကြာမီပင် ဦးဘဂျမ်းသည် ကာတွန်းတစ်ခု ရေးဆွဲပြီး၊ ရန်ကုန်ဂေဇက် အင်္ဂလိပ် လူမျိုး အယ်ဒီတာက သူ့ကာတွန်းကိုကြည့်ကာ တခစ်ခစ်ရယ်မောပြီးလျှင် “အဲသလိုရယ်စရာကောင်း တဲ့ အကြံတွေများ မင်းခေါင်းထဲကို ဝင်လာရင် ခပ်မြန်မြန်သာရေးပြီးယူခဲ့ကွာ၊ မင်းကာတွန်းကြည့်ရတာ ငါသိပ်သဘောကျတာပဲ” ဟုပြောကာ သူ့ကာတွန်းကို ရွေးချယ်လိုက်လေသည်။ သို့ဖြင့် ကာတွန်း နှစ်ပုံ ဆက်လက်ပေးပို့ရာ ထိုသတင်းစာက တစ်ခုမှမပယ်ဘဲ ထည့်သွင်းဖော်ပြပေးလေသည်။ သို့ရာတွင်    ကာတွန်းရေးဆွဲခ တစ်ပြားတစ်ချပ်မှ မရသဖြင့် ဦးဘဂျမ်းသည် စိတ်ပျက်နေမိသည်။ မကြာမီကာတွန်း သုံးပုံအတွက် ငွေ ၆၀ကျပ်တန် ချက်လက်မှတ်ကို စုပေါင်းပေးလိုက်ရာ ဝမ်းသာမဆုံးဖြစ်ခဲ့ရလေသည်။

ဆရာဦးဘဂျမ်းသည် အနုပညာသမားပီပီ အချုပ်အချယ်ကိုမကြိုက်၊ လွတ်လွတ်လပ်လပ် နေထိုင် တတ်သလို၊ သူ့ကလောင်ကိုလည်း ကန့်သတ်ချုပ်ချယ်မှုကိုလည်း မခံချင်ပေ။ ဤသည်နှင့်ပတ်သက်၍ ကာတွန်းဆရာ ဦးဘထွေး၏`ကာတွန်းဦးဘဂျမ်းနှင့် သူတို့အမြင်’ စာအုပ်၌-

“စစ်အတွင်း ဂျပန်ခေတ်တုန်းက ကိုဘဂျမ်းနဲ့ ပန်းချီကိုဘကြည်က ပြန်ကြားရေးဌာနမှာ ဝင်လုပ် တယ်။ ဆရာကတော့ ဂျပန်အစိုးရထုတ် ဗမာ့ခေတ်သတင်းစာမှာ လခစား ကာတွန်းဆရာအဖြစ်နဲ့ ကာ တွန်းဆွဲတယ်။ အဲဒီတုန်းက သံဖြူဇရပ်မှာ ဖောက်နေတဲ့ ယိုးဒယား-မြန်မာ မီးရထားလမ်းအတွက် လှုံ့ ဆော်တဲ့ ကာတွန်းပုံ တပုံကို ဦးဘဂျမ်းက ဆွဲပေးတယ်။ အဲဒီ ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ အဝတ် ဆေးဝါး ကောင်းကောင်းရနိုင်မယ်ဆိုတာတွေ ပါတယ်။ တနေ့မှာ ကိုဘဂျမ်း ဘူတာဘက် ရောက်လို့ ချွေးတပ်သားတွေ အဝတ်မပြည့်စုံ၊ အစားချို့ငဲ့။ ဆေးဝါးလဲ မရှိပဲ ဒုက္ခရောက်နေတာတွေ တွေ့ရတော့ စိတ်ထိခိုက်ပြီးဆက်မလုပ်တော့ဘဲညောင်တုန်းပြန်နေတယ်။နောက်စစ်ပြီးမှ ရန်ကုန်ပြန်လာတယ်။ ပြီးတော့ ဖဆပလ အစိုးရက သူ့ကို ရာထူးကြီးပေးပြီး ခန့်ပါမယ်ဆိုခဲ့ဖူးတာ ဖြစ်ပေမယ့် ဆရာဦးဘဂျမ်း က ဖဆပလ အစိုးရကိုလည်း သူ့ကာတွန်းနဲ့ ဝေဘန်၊ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်းဆိုတာကြီး ကိုလည်းသရော်ခဲ့လုပ်ခဲ့တာပါ။အဲဒီလိုပဲ အတိုက်အခံတွေကိုလည်း အလွတ်မပေးပါဘူး။ သူက ပုဂ္ဂိုလ်ရေး မသရော်ဘူး၊ ခေတ်ကိုသာ သရော်တာ၊ သူက သတင်းစာဖတ်၊ တိုင်းပြည်မှာ ဘာဖြစ်နေ သလဲဆိုတာ အကဲဖြတ်ပြီးတော့ ကာတွန်းရေးတာပဲ။ သူ မကြိုက်ရင် ရေးခိုင်းလို့ မရဘူး။ သူု ယုံကြည်တာကို ဆန့်ကျင်ပြီး ဘယ်တော့မှ မရေးဘူး။ “ဖော်လန်လည်း မဖားဘူး”ဟူ၍ မှတ်တမ်းတင်ထား သည်။

ဆရာကြီး ကာတွန်းဦးဖေသိန်းကလည်း သူ၏ “စာနယ်ဇင်း ကာတွန်းသမိုင်းစာတမ်း”တွင်- “အနုပညာ ရှင် တယောက်အနေဖြင့် ဦးဘဂျမ်း၏ အထူးခြားဆုံး ဂုဏ်အင်္ဂါမှာ ငွေမမက်ခြင်း ဖြစ်သည်။ ဦးဘဂျမ်း သည် ငွေရရန်အတွက် ကာတွန်းဆွဲသည် မဟုတ်၊ သူသည် တိုင်းပြည်အတွက် ကာတွန်းဆွဲ နေသည် ဟူသော ယုံကြည်ချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်သည်။”ဟု ရေးသားထားလေသည်။ အိုးဝေ ဦးညိုမြ က လည်း ဆရာဦးဘဂျမ်းနှင့် ပတ်သက်၍ ဤကဲ့သို့ ကောက်ချက်ချခဲ့ပါသည်။`ဆရာ ဦးဘဂျမ်းဟာ စိတ် သဘောထား နူးညံ့ပျော့ပျောင်းသူ တယောက်ပါ။ ဒါပေမယ့် သူ့သိက္ခာကို ထိပါးလာရင်တော့ ဆက် ဆက်ထိမခံတတ်ပါဘူး။ မာနလည်းကြီးပါတယ်။

တဖန် ကာတွန်း ဦးကျော်ဆန်း(ကစ) ကလည်း- “ အဲဒီအခါက ဆရာဦးဘဂျမ်းဟာ ကာတွန်းကို စက်နဲ့ လှည့်ထုတ်သလို ရေးနေတဲ့အခါပေါ့။ ဆရာက ကာတွန်းကို ဟိုပြင်ဒီပြင် လုပ်တဲ့ တိုက်ကိုတော့ ကာတွန်း မပေးဘူး။ တခါလည်း သတင်းစာတိုက်ကြီး တတိုက်က နိုင်ငံအဖွဲ့အစည်း တခုကို ဆော်တဲ့ ကာတွန်းတခု ရေးပေးဖို့ ဦးဘဂျမ်းကို ချဉ်းကပ်တယ်။ ပေးနေကျကာတွန်းခ ၂၅ ကျပ်အစား ၅ဝ ပေးပါ မယ်လို့လဲ ပြောတယ်။ အဲဒီတော့ ဦးဘဂျမ်းက ၅ဝ မဟုတ်၊ ငါးထောင်ပေးလည်း မရေးဘူး။ ကျုပ်ဆီက ကာတွန်းရဖို့လဲ မမျှော်လင့်နဲ့တော့ဆိုပြီး အဲဒီတိုက်ကို ကာတွန်းဖြတ်ထားလိုက်တယ်။ ပြီးတော့ ဆရာဦးဘဂျမ်းက ကျနော်တို့ကို စာများများ ဖတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။ တဖက်သား နစ်နာ သွားအောင် မရေးဘဲ ဟာသနှောပြီး ခံသာအောင် ရေးဖို့ အမြဲပြောတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးဖို့လည်း ပြောတယ်။ သူများခိုင်းတိုင်း မရေးပဲ ကိုယ်ယုံမှ ရေးဖို့လည်း ဆုံးမတယ်။’’ဟူ၍ ဖောက်သည်ချခဲ့သည်။

သို့ကလို မိမိယုံကြည်ချက်နဲ့ မိမိခံယူချက်ကို အတိမ်းအစောင်းမခံ သူ့ကလောင်အဖြစ် ဝေဘန် သင့်သည်ထင်လျှင် ရဲရဲဝံ့ဝံ့ တင်ပြခဲ့သော ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ၁၉ဝ၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ကြာသပတေးနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ၉-လမ်း၌ အဖ ပိုးကုန်သည် ဦးဖောင်၊ အမိ ဒေါ်မြင့်တို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်ဖြစ်သည်။

ငယ်စဉ်က ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကျောင်းတွင် စတင် ပညာသင်ကြားပြီး နောက် ရန်ကုန်မြို့ကူရှင်ကျောင်းသို့ ပြောင်းရွှေ့ကာ သတ္တမတန်းမှ စ၍ ပညာဆည်းပူးရာ ထို ကျောင်း မှပင် ၁ဝ တန်း အောင်ခဲ့သည်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူကာ ၁ဝ တန်း အောင်ခဲ့ ခြင်း ဖြစ်သည်။ ခရာဇ်နှစ် ၁၉၂၄ တွင် ရန်ကုန်ကောလိပ်သို့ ရောက်၍ အိုင်အေ (ဥပစာဝိဇ္ဇာ) အထက်တန်း အထိ ဆက်လက် ပညာဆည်းပူးခဲ့လေသည်။

ဦးဘဂျမ်းသည် မြန်မာကာတွန်း သို့မဟုတ် ရုပ်ပြောင်လောကတွင် အထူးထင်ရှားသော ကာ တွန်းဆရာ တဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ သုံးလေးနှစ်ခန့်မှ ကွယ်လွန်သည်။ ၁၉၅၂ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး လူကြိုက်အများဆုံးသော ကာတွန်း အနုပညာ ရှင်ကြီး ဖြစ်ခဲ့လေရာ`ကာတွန်းဝိဇ္ဇာ’ ချီးကျူးခေါ်ဝေါ်ခြင်း ခံရပေသည်။

ဦးဘဂျမ်း၏ ပထမဆုံး ရေးဆွဲသော ကာတွန်းသည် ၁၉၂၆ ခုနှစ်ထုတ် ရန်ကုန် ကောလိပ် မဂ္ဂ ဇင်းတွင် ပါခဲ့လေသည်။ ရန်ကုန်ကောလိပ်မှ ထွက်သောအခါ ကဝိမျက်မှန် မဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ်ဂျာနယ်၊ ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ သူရိယ၊ မြန် မာ့အလင်း၊ဗမာ့ခေတ်၊ ဟံသာဝတီစသည့် သတင်းစာများနှင့် ဒဂုံ၊ ရှုမဝ မဂ္ဂဇင်းများ၊ ယုဝတီဂျာနယ်၊တို့ တွင် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲခဲ့သည်။

ဟာသ ရုပ်ပြောင် ကာတွန်းများသာမက ကြော်ညာ ကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံများကို လည်း ရေးဆွဲသည်။ ပဲရော့က် ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင် “အသူရာ’နှင့် ‘ကြက် တောင် ကွ” ဇာတ်ကားများကို စီစဉ် ရေးသား ရိုက်ကူးခဲ့သည်။ “ဘီဂျီ စတူဒီယို” ဟူသော အမည်ဖြင့် ကလောင်တိုက် တည်ထောင်ခဲ့သည်။ ထို့ပြင် ဦးဘဂျမ်းသည် ကာတွန်းသာမက “သုည” ဟူသော က လောင်အမည်ဖြင့် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ဦးဘဂျမ်းသည် ဘလောက်တိုက်နှင့် တွဲ၍ ‘ရွှေမြို့ တော် ဝတ္ထုတိုက်’ဟူသော အမည်ဖြင့် ဝတ္ထုများ ထုတ်ဝေခဲ့ရာ သူကိုယ်တိုင် ရေးသားသော`ညီမလေး’ ဝတ္ထုသည် ထိုတိုက်မှ ထွက်ရှိခဲ့သည်။

ဦးဘဂျမ်းသည် ကာတွန်းရုပ်ပြောင်များ ရေးဆွဲရာတွင် ကိန်းကြီးခန်းကြီး မရှိပဲ အလျား ၅ ပေ၊ အနံ ၄ ပေခန့်ရှိသော စားပွဲဟောင်းကြီးပေါ်တွင် ကတ္တူပြား ခင်းကာ ရေးဆွဲခဲ့သည်။ လယ်ဂျာ စက္ကူ အပြာနုရောင်ကို အများဆုံး အသုံးပြုကာ ရေးဆွဲခဲ့သည်။ တရုတ် မင်ထောင့်ကိုလည်း သွေး၍ သုံး တတ်သည်။ ရုပ်ပုံများကို အရောင်ပေးသောအခါများတွင် ချည်ဆိုးဆေး ရောင်စုံတို့ဖြင့် ပေးလေ့ရှိ သည်။

ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့် ပုံပြင်များကို “ဘဂျမ်း” ဟူ၍ လက်မှတ် အပြည့်အစုံ ရေးထိုးပြီး မိမိအာဘော် မဟုတ်ပဲ၊ အခြားသူများ၏ အာဘော်ကို သရုပ်ဖော် ပေးရသောအခါ “ဘီဂျီ” (B.G) ဟူ၍ အတိုကောက် လက်မှတ် ရေးထိုးလေသည်။

ဂျပန်ခေတ်တွင် ဦးဘဂျမ်းသည် ပန်းချီ ဦးဘကြည်နှင့် အတူ အစိုးရပြန်ကြားရေး ဌာနတွင် လ ခစားပန်းချီဆရာ အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဂျပန်၏ ရုပ်သေးအစိုးရ ဖြစ်ရရှာသော ဒေါက်တာ ဘမော်၏ အစိုးရလက်အောက်တွင် အမှုထမ်းရသောကြောင့် ကာတွန်း ဦးဘဂျမ်းမှာ မလွတ်လပ်ဘဲ ဂျ ပန်ဝါဒဖြန့် ကာတွန်းများကိုသာ ရေးဆွဲနေရလေသည်။ ကာတွန်းများမှာလည်း ဂျပန်နှင့်ပေါင်း၍ လိပ် ကန်ကိုမောင်းထုတ်ကြပုံနှင့် ဂျပန်၏ ယိုးဒယား မြန်မာ မီးရထားဖောက်လုပ်ရေးအတွေက် ချွေးတပ်ထဲ ဝင်ချင်အောင် လှုံဆော်သည့် ပိုစတာ ကြော်ငြာ ကာတွန်းများကိုသာ ရေးဆွဲပေးရ၏။ ဦးဘဂျမ်း သာ မဟုတ်၊ ဦးဘကြည်ရော ၊ဦးဟိန်စွန်းပါ ရေးဆွဲပေးကြရာ ယင်းတို့၏ ကာတွန်းများကို အစိုးရထုတ် ဗမာ့ခေတ် သတင်းစာနှင့် ဂရိတ်တားအေးရှား သတင်းစာတို့တွင် တဆင့်ဖော်ပြလေသည်။ လွတ်လပ် မှုကို လိုချင်သော ဦးဘဂျမ်းမှာ ဂျပန်တို့လက်အောက်တွင် အလုပ်လုပ်ရသည်ကို မပျော်ပိုက်၍ လေး ငါးလ လောက်သာ လုပ်ပြီး ညောင်တုန်းသို့ လစ်ပြေးပေတော့သည်။ ဥိးဘကြည်နှင့် ဦးဟိန်စွန်းတို့ လည်း မကြာမီ လစ်ကုန်ကြသည် ဟုဆိုသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ပေါ်ထွက်လာသော သံတော်ဆင့် သတင်းစာတွင် အချပ်ပိုညပ်၍ ကလေးသတင်းစာ ထုတ်ဝေရာ၊ ယင်းသတင်းစာတွင် ဦးဘဂျမ်း၏ `မြွေမင်းသား’ ကာတွန်းဇာတ်လမ်း `မုန်တိုင်း’ ကာတွန်းဇာတ်လမ်း များပါရှိသည်။ 

မကြာမီမှာပင် ဟံသာဝတီသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ အိုးဝေသတင်းစာများ ပေါ် ထွက်လာရာ ဦးဘဂျမ်း၏ ကာတွန်းများလည်း သတင်းစာတိုင်းလိုလိုတွင် ပါဝင်လာသည်။ စစ်ပြီးခေတ် တွင် တဖြေးဖြေး စက္ကူများ ပေါများလာရာ စာနယ်ဇင်းများလည်း ပလူပျံသကဲ့သို့ ထွက်ပေါ်လာလေ သည်။ စာနယ်ဇင်းတိုင်းလိုလို ဦးဘဂျမ်းသည် သူ၏ ဇာတ်ကောင်အမည် အမျိုးမျိုးနှင့် အသုံးတော်ခံရ ပြန်သည်။

သူ၏ဇာတ်ကောင်များစာရင်းမှာ -

၁။ ကိုပြူး၊ မပြုံး၊ ကြွက်ကလေး၊  (သူရိယ၊ ကြီးပွားရေး)
၂။ မောင်ကြက်တောင်နှင့် ခင်ခင်ပြုံး (ကြက်တောင်ကွ ကာတွန်းရုပ်ရှင်)
၃။ ဦးဖျောက်ဆိတ် (သူရိယ၊ ဗမာ့ခေတ်) ရသေ့ကြီး ဦးဖျောက်ဆိတ်နှင့် သူ့ခေတ်
၎။ ဘခွေး၊ မအေး (သတင်းစုံဂျာနယ်)
၅။ တက်ပု၊ ငညို (ရုပ်ပြောင်စာစောင်)
၆။ မောင်မြေဇာနှင့် အဘ (ဟံသာဝတီ)
၇။ ဂွက်ထော် (ယုဝတီဂျာနယ်)
၈။ မုန်တိုင်း (သံတော်ဆင့်)   တို့ဖြစ်သည်။

ဦးဘဂျမ်းသည် ပေါ်ထွက်လာသော မဂ္ဂဇင်းများ၌ ဝတ္ထုသရုပ်ဖော် ပုံများကိုလည်း ရေးဆွဲပေးခဲ့ သည်။

ထို့နောက်  ရှုမဝမဂ္ဂဇင်း ပေါ်ထွက်လာရာ ရှုမဝဦးကျော်က ဦးဘဂျမ်း၏ ဆန္ဒအတိုင်း လုပ်ကိုင် ခွင့်ပေးခဲ့သည်။ ဦးဘဂျမ်းကလည်း ကာတွန်းများကို ရောင်စုံခြယ်သကာ အစွမ်းပြလေတော့၏။ က လေးများအဖို့ ဆေးရောင်စုံကာတွန်း ဇာတ်လမ်းများ ဖြစ်သည့် လိပ်ကမ္ဘာမကြီး၊ နှမမုန့်ထောင်း၊ မောင် မုန့်ရောင်း၊ နေကြာနန်းရှင် တို့မှာ ကလေးရောလူကြီးပါ စွဲမက်စေခဲ့သည်။

ရှုမဝ၏ ပင်တိုင်စာရေးဆရာ သော်တာဆွေ၏ ဟာသဝတ္ထုများကို ဦးဘဂျမ်းက ကာတွန်းဖြင့် သရုပ်ဖော်ရေးဆွဲပေးခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာလွတ်လပ်ရေး ရရှိခဲ့ရာ ဦးဘဂျမ်းသည် လွတ် လပ်ရေးကို သူနှင့်အတူ သူ၏ဇာတ်ကောင်များကလည်း လှိုက်လှဲစွာကြိုဆိုခဲ့လေသည်။ လွတ်လပ်ရေး ပူပူနွေးနွေး ရချိန်တွင် မြန်မာနိုင်ငံတွင် သောင်းကျန်းမှု အမျိုးမျိုးနှင့် ရင်ဆိုင်ရာ ဦးဘဂျမ်းလည်း မနေ သာတော့ဘဲ သောင်းကျန်းသူများအား ခပ်ကြမ်းကြမ်း နှက်လေတော့သည်။ မြေအောက်ရောင်စုံ သောင်းကျန်းသူများကိုသာ နှက်ခဲ့သည်မဟုတ်၊ မြေပေါ်ရှိလက်နက်ကိုင်၊လဲဗီးတပ်၊ ပြူစောထီး စ သော အစိုးရခါးပိုက်ဆောင် တပ်များကိုလည်း အုပ်ခဲ့သေးသည်။

ထို့ပြင် နိုင်ငံရေးသမားများ လုပ်ကိုင်ပုံကိုကြည့်၍ ဤကဲ့သို့ ဆော်ခဲ့သေးသည်။

“ဗမာပြည် လွတ်လပ်ချိန်မှစ၍ ယနေ့အထိ အချို့သော နိုင်ငံရေးသမားများ ရရှိခဲ့သောဂုဏ်ထူး များမှာ ဖော်ပြပါအတိုင်း ဖြစ်ပါကြောင်း” ဟု

အစချီကာ -

၁။ လောက်ကောင် ၂။ စားဖား  ၃။ အချောင်သမား  ၄။ သွေဖည်ရေးသမား  ၅။ လက်ကိုင်တုတ် ၆။ ခွတုတ်  ၇။ ဖော်လံဖား  ၈။ ဆိတ်ခလောက်  ၉။ မနုဿီဟ  ၁၀။ ဖြုတ်၊ “နောင်ရဆဲ ရလတ္တံ့သောဂုဏ် ထူးများကို အခွင့်သင့်တိုင်း ဆက်လက်ဖော်ပြမည် ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေညာအပ်ပါသ တည်း” ဟူ၍အဆုံးသတ်ထားလေသည်။

အနုပညာရှင် တယောက်အနေဖြင့် ဦးဘဂျမ်း၏ အထူးခြားဆုံး ဂုဏ်အင်္ဂါမှာ ငွေမမက်ခြင်းဖြစ် သည်။ ဦးဘဂျမ်းသည် ငွေရရန်အတွက် ကာတွန်းဆွဲသည်မဟုတ်၊ သူသည် တိုင်းပြည်အတွက်ကာ တွန်းဆွဲနေသည် ဟူသော ယုံကြည်ချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်သည်။

နိုင်ငံခြား၌ ပညာဆည်းပူးရန် အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင်မရှိ၊ ငြင်း ဆန်ခဲ့လေသည်။ ဦးဘဂျမ်းတွင် ကိုယ်ပိုင်ဇာတ်ကောင်များ ရှိခဲ့သည်။ ဗမာ့ခေတ်သတင်းစာတွင် ဦး ဖျောက်ဆိတ်၊ ဟံသာဝတီသတင်းစာတွင်`ချာရာကာသီမောင်မောင်၊ မြေဇာ’  စသည်တို့ဖြစ်သည်။ ဇာတ် ကောင်ဦးဖျောက်ဆိတ်ကို ဒုတိယကမ္ဘာစစ်မတိုင်မီက သူရိယသတင်းစာတွင်ရေးပြီး၊ စစ်ပြီးသောအခါ သူရိယသတင်းစာတိုက်က မယူ၍ ဗမာ့ခေတ်သတင်းစာတိုက်သို့ပြောင်းပေးခဲ့သည်။

ဦးဘဂျမ်းသည်  ပုဂ္ဂိုလ်ရေးအရသရော်ပြီး ရေးသားခြင်းမပြုခဲ့ပေ။ ခေတ်နှင့်စရိုက်သဘာဝကို အခါကထားသရောခဲ့သည်။ နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ကာ တိုင်းပြည်တွင်း ဖြစ်ပျက်နေသော အရေးအကြောင်းတို့ကို လေ့လာအကဲဖြတ်ပြီးမှ ပုံရေးလေ့ရှိသည်။

‘ဦးဘဂျမ်း စကားပြောလျှင် သလိပ်ကပ်သံ ပါတတ်သည်။ စကားပြောလျှင် လေသံတိုးတိုးဖြင့် ပြောတတ်သည်။ ရယ်ရွှင်ဖွယ်ရာများကို အမြဲပြောလေ့ရှိသည်။ ရုပ်ပြောင်ကာတွန်းများ ရေးဆွဲလျှင်ဆွဲ၊ မဆွဲလျှင် စာဖတ်နေတတ်သည်”ဟူ၍ ဆရာကြီးနှင့် နီးနီးကပ်ကပ် နေထိုင်ခဲ့သော ဦးဟိန်းစွန်း (၁၉ဝ၂- ၁၉၈၇)က ပြောပြသည်။

ဆရာကြီးသည် စာဖတ် ဝါသနာထုံ၍ စာလည်း အလွန်ဖတ်သူဖြစ်သည်။ ဗလရှင်ဆေးပြားအမြဲ ငုံလေ့ရှိသည်။ ကိုယ်တိုင် ဓာတ်ပုံရိုက်တတ်ရုမက ဖလင်ဆေးခြင်း၊ကူးခြင်း လုပ်ငန်းများကိုလည်း နိုင် နင်းစွာ လုပ်ကိုင်နိုင်သည်။ စာနယ်ဇင်းများ၌ အခါအခွင့်သင့်လျှင် ဆောင်းပါးများ ရေးလေ့ရှိသည်။

၁၉၃၆.ခုနှစ် စက်တင်ဘာလတွင် ပဲခူးမြို့သူ ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။ ဆရာကြီး၏ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ကွန်တင်နင်တယ် အဆောက်အဦ၌ ကျင်းပခဲ့သည်။ ဆရာဦးဘဂျမ်း ၏ ရှေးဦးစွာ ရန်ကုန်မြို့၁၄ လမ်း အမှတ် ၄၈ နေအိမ်တွင် နေထိုင်ပြီး ထိုမှတဆင့် ၁၃ လမ်း၊ အမှတ် ၃၇ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်သည်။

၁၉၄၈.ခုနှစ်တွင် ဇနီး ဒေါ်ခင်ကြည်သည် သားဦး ယောက်ျားလေး မောင်ကျော်ညွန့် ဖွားမြင်ပြီး နောက် မကြာမီ ကွယ်လွန်ရာ ဦးဘဂျမ်းးသည် အလွန် စိတ်ထိခိုက်သွားရှာသည်။ ထို့ကြောင့် ဦးဘ ဂျမ်း၏ ဇာတ်လိုက်ကျော် ဦးဖျောက်ဆိတ်သည် ရသေ့ဝတ် ပြောင်းကာ`ရသေ့ကြီး ဦးဖျောက် ဆိတ်” ဖြစ်လာရသည်။

၁၉၅၃.ခုနှစ် ဇန်နဝါရီလတွင် အနာပဆုပ် ပေါက်ခါ မကျန်းမမာ ဖြစ်လာပြီးလျှင် အရွယ်ကောင်း နာမည်တက်နေဆဲအချိန် ၁၉၅၃.ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့လေ သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို တာမွေ စာဆိုတော် သုသာန်၌ ဂူသွင်း သဂြိုင်္ဟ်ခဲ့လေသည်။

ဦးဘဂျမ်း ကွယ်လွန်ပြီးနောက် ၁၉၅၄.ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ အစိုးရက ဦးဘ ဂျမ်းအတွက် အလင်္ကာကျော်စွာဘွဲ့ကို ကျန်ရစ်သူ ဦးဘဂျမ်း၏ တဦးတည်းသောသား မောင်ကျော် ညွန့်အား ဂုဏ်ပြုပေးအပ်ခဲ့လေသည်။ ထိုဂုဏ်ပြုပွဲ၌ ပန်းပုပညာရှင် ဦးဟန်တင် ထုထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်း ပန်းရုပ်ပုံကို ပန်းချီ ဦးငွေလှိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။

ဆရာကြီး ဦးဘဂျမ်းသည် ဖဆပလ အစိုးရပေးအပ်ခဲ့သော အလင်္ကာကျော်စွာဘွဲ့ကို ကွယ် လွန်ပြီးမှ ရရှိခဲ့သော်လည်း ဖဆပလအစိုးရ အလင်္ကာကျော်စွာဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့များ ဖောဖော သီသီကြီး ပေးနေသည်ကို သရော်ခဲ့လေသည်။ ဖဆပလအစိုးရသည် စာပေနှင့် အနုပညာ လောက၌ ထင်ရှားခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဇာတ်မင်းသား ရွှေမန်းတင်မောင်၊ ဂီတစာဆို ရွှေပြည် အေး တို့ကို အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့သလို စာရေးဆရာကြီး ရွှေဥဒေါင်း လူရွှင်တော် ဟာသ မင်းသားကြီး ဖိုးပါကြီး၊ ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး၊ ဂီတပညာရှင် ဒေါ်ကြည်အောင် တို့ကို ဝဏ္ဏ ကျော်ထင်ဘွဲ့ ပေးအပ်ခဲ့လေသည်။ ဦးဘဂျမ်းသည် ပန်းချီဆရာကြီး ဦးငွေလှိုင်၊ ဘိလပ်သို့ လေ့လာရေးခရီးထွက်ခါနီး နှုတ်ဆက်ပွဲ၌ “ဦးငွေလှိုင်ဟာ ဝီရိယကြီးသူ ဖြစ်တဲ့အတိုင်း နိုင်ငံခြားမှာ ပန်း ချီပညာကို ကြိုးစားလေ့လာ ရေးဆွဲမှာ မလွဲကြောင်း ပြန်မာပြည်ရောက်တဲ့အခါ ဆီဆေး ရေဆေး မှင်ဆွဲ ပန်းချီ လက်ရာအစုံ ထူးချွန်ပြောင်မြောက်လာမှာ သေချာကြောင်း အဲဒီအခါ ဖဆပလ အစိုးရက “ဝဏ္ဏစုတ်တံ၊ သတိုးသီရိ ဆီဆေး ရေဆေး စတဲ့ ဘွဲ့တွေ ချီးမြှင့်သင့်ကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားရာ ပရိသတ် ပွဲကျသွားခဲ့သည်ဟု သိရသည်။

မည်သို့ဆိုစေ ကွန်လွန်သည့်တိုင်အောင် လူထုအား ကာတွန်းပညာဖြင့် အမှန်တရားအား ထောက်ပြ ဝေဘန် ဖော်ထုတ်တင်ပြခဲ့သော ဆရာကြီး၏ အနုပညာ လက်ရာနှင့် ဂုဏ်သတင်းသည် နှစ်ပေါင်းများစွာ သင်းပျံ့မွှေးထုံနေမည်မှာ မလွဲဧကန်ပင်တည်း။

စာကိုး….။
၁။ ကာတွန်း ဦးဖေသိန်း၊ စာနယ်ဇင်းကာတွန်း သမိုင်း၊ စိတ်ကူး ချိုချို စာအုပ်တိုက် ဒု ကြိမ်၊    ၂ဝဝ၉၊
၂။ ဘဂျမ်း၊ ဂျာနယ်ပြောင်၊ မှတ် ၅၊(၁၉၅၈. စက်တင်ဘာ)

၃။ တင်ထွန်း` ဘက်စုံ ကျွမ်းကျင်ထူးချွန်သော ကာတွန်း ဦးဘဂျမ်း’’ ကြေးမုံသတင်းစာ၊  တနင်္ဂနွေနေ့ အထူးထုတ် (၁-၁၁-၉၂)