MoeMaKa Reporter 003 - Great Gap between two religion, two community


ဘာသာ ၂ခု ၊ လူမျိုး ၂ ခု ရဲ့ ကြားက ကွာဟချက်တွေ အများကြီးပဲ
မိုးမခအထောက်တော် ၀၀၃၊ မေ ၂၊ ၂၀၁၃
            ဧပြီလကုန်မှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ကရဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဘာသာ ၂ ခုကြား၊ လူမျိုး ၂ စုကြားက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အရင်းခံအကြောင်းတွေ၊ တောက်လောင်နေဆဲ မီးတွေအကြောင်း ပွင့်ပွင့်လင်းလင်း စာနဲ့ ပေနဲ့ မှတ်တမ်းနဲ့ သိရတယ်။ ပြဿနာတခုကို ဖြေရှင်းဖို့အတွက် အရင်ဆုံး လိုအပ်ချက်က ပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်ဖို့ ဖြစ်တယ်ဆိုတဲ့ စကားနဲ့အညီ ဒီအစီရင်ခံစာဟာ မြန်မာပြည်မှာ ဒီပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်တာ၊ ဖော်ထုတ်လိုက်တာ၊ နိုင်ငံတော်အဆင့် အစိုးရအပါအ၀င် လူမှုအဖွဲ့အစည်း၊ အတိုက်အခံအင်အားတွေ အပါအ၀င်က အတူတကွ အတည်ပြုလိုက်တဲ့ အဆင့်အဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။
            “မင်းတို့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာန်တွေကြားမှာ၊ ရခိုင်တွေနဲ့ ဘင်္ဂါလီတွေကြားမှာ ပြဿနာတွေ ရှိနေသလား၊ ဖြစ်နေသလား လို့ မေးလာရင် ဟုတ်တယ်ဗျ၊ ရှိတယ်၊ ဖြစ်နေတယ်။ အစိုးရကကော၊ အတိုက်အခံတွေကပါ ၀န်ခံထားတယ်လို့ ပြောလိုက်နိုင်တဲ့ အဆင့်ကို ရောက်သွားတယ်။”
            အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးလို့ မျက်စိမှိတ်ငြင်းနေတဲ့ အစိုးရ၊ မင်းမဲ့စရိုက်တွေမို့လို့ လက်နက်နဲ့ နှိမ်နင်းရတာပါလို့ ဆင်ခြေပေးတဲ့ အစိုးရအဆက်ဆက်ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားပြည်နယ်စပ်က ဘာသာခြားလူမျိုးစုတစုနဲ့ ဒေသခံတိုင်းရင်းသားလူမျိုးတွေကြားက ပြဿနာတွေ၊ အငြင်းပွားမှုတွေ၊ သမိုင်းတောက်လျောက် အရေးကိစ္စတွေကို စစ်တပ်နည်း စစ်တပ်ဟန်နဲ့ ကိုင်တွယ်နေခဲ့ရာကနေ  ခုချိန်မှာ အဲသည်အမှောင်ရိပ်အောက်က ထွက်လာတာကိုတော့ ချီးကျုးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရခိုင်ပြည်နယ်၊ ဘင်္ဂလားနယ်စပ်က လူမျိုးစုတစုရဲ့ အရေးကနေပြီး မြန်မာပြည်အနှံ့က ဘာသာမတူသူတွေကြားက အရေးတခုအဖြစ် အသွင်ပြောင်းလဲလာနေတာကို လက်ပိုက်ကြည့်နေခဲ့ရင် နောင်မှာ မြန်မာပြည်တပြည်လုံး မီးလောင်တိုက်တွေ သွင်းကုန်ကြမှာကို ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရကြတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။
            အာဏာရှင် အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးသမားတွေအပါအ၀င် လက်နက်ကိုင်အာဏာပိုင်တွေက နယ်စပ်ဒေသက ပြောင်းရွှေ့အခြေချလာသူ လူမျိုးစုတွေနဲ့ ပတ်သက်ရင် တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ဒေသခံ တိုင်းရင်းသားတွေကိုယ်တိုင်မှာလည်း တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုမရခဲ့ကြလို့ သူတို့နည်း သူတို့ဟန်နဲ့ အသက်မွေးခဲ့ကြရတယ်။ ဒါတွေကနေပြီး ဘာသာရေး၊ လူမျိုးရေး အစွဲကြီးမှုတွေ၊ တင်းမာမှုတွေက ရှေ့တန်းရောက်လာပြီးတော့ မြန်မာပြည်အနှံ့အထိကို ဘာသာ ၂ ခုကြားမှာ သဘောထားတွေ ကွာဟတာ၊ သံသယတွေ ဖြစ်ပေါ်လာတာကို အတိအလင်း လက်ခံကြရမှာ ဖြစ်ပါတယ်။
            ဘယ်လိုမျိုး ကွာဟချက်တွေ ရှိနေသလဲ။
            မြန်မာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေမှာ ၉၆၉  လှုပ်ရှားမှုတွေ ဖြစ်လာတယ်။ အစ္စလာန်ဘာသာဝင်တွေကလည်း ပြည်တွင်းကနေ ပြည်ပအထိကို သူတို့တွေရဲ့ ခံစားချက်တွေ ဘဘောထားတွေကို ထုတ်ဖော်ဖြန့်ချိလာကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေကိုလည်း တဖက်နဲ့ တဖက် ပုတ်ခတ်စွပ်စွဲတာတွေ ပြစ်တင်တာတွေအထိ ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစွန်းရောက်ဖို့ အကြမ်းဖက်ဖို့ တိုက်ခိုက် ဖျက်ဆီးဖို့ သွေးထိုးလှုံဆော်သူတွေ အစုအဖွဲ့တွေကလည်း နေရာအနှံ့မှာ ပေါ်ထွန်းလာတယ်။ အားလုံးသော ပြည်သူတွေအကုန်လုံးဟာ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကျီးလန့်စာစားအခြေအနေမျိုးကို ရင်ဆိုင်နေတယ်။
            ဥပမာတခုအနေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးနဲ့ အဖွဲ့ကနေ အစ္စလာန်ဘာသာဝင်အချို့နဲ့ မန္တလေးမှာ ဆွေးနွေးကြတဲ့အကြောင်း ဖေ့စ်ဘွတ်က မိတ်ဆွေတဦးရဲ့ စာမျက်နှာမှာ တင်ဆက်ထားတာကို ဖတ်ရတာကို တင်ပြလိုပါတယ်။ ရက်စွဲကတော့ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ လို့ ဆိုပါတယ်။
            ကိုမြအေးတို့ဖက်က ဗုဒ္ဓဘာသာနဲ့ အစ္စလာန်ဘာသာတွေအကြား အထင်အမြင်လွဲမှုတွေကို ဖြေဖျောက်စေဖို့ ဘာတွေလုပ်ရင်ကောင်းမလဲဆိုပြီး သဘောထားတွေ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ကိုမြအေးနဲ့ အဖွဲ့က ပြောတဲ့ ၁ ချက်ကတော့ ဗလီတွေမှာ မြေအောက်ခန်းတွေ၊ စစ်စခန်းတွေလို ဆောက်မထားဘူးဆိုတာ ဖြေရှင်းပေးပါလို့ ပြောတယ်။ တဖက်က ဘာပြန်ပြောသလဲဆိုတော့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ ရဲတွေက ဗလီထဲ ဘာမှ မရှိဘူးဆိုတာ သိကြပါတယ်တဲ့။ မဟုတ်မမှန် စွပ်စွဲတာတွေကို အရေးလုပ်ပြီး ပြန်ဖြေရှင်းစရာ မလိုဘူးလို့ ပြန်ဖြေထားပါတယ်။
            နောက် ၁ ချက်ကတော့ အစ္စလာန်ဘာသာဝင်များ ခေါင်းမြီးခြုံခြင်း၊ အကျီရှည်ဝတ်ခြင်း၊ မုတ်ဆိပ်ထားခြင်းတွေဟာ မြန်မာများ ၀တ်စားပုံနဲ့ ကွဲနေတယ်၊ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်တိုင်းမကျစရာ၊ အထင်လွဲစရာဖြစ်နေလို့ မြန်မာလိုပဲ ၀တ်စားသင့်တယ်လို့ တင်ပြသွားတယ်လို့ ဆိုပါတယ်။
            အဲသည်မှာ အခြားတဖက်ကလည်း ဒါကို ငြင်းပယ်ပါတယ်။ ပြန်လှန်ပြောဆိုသူကတော့ အစ္စလာန်ဘာသာဝင် ပညာရှင် မွဖ်သီအွမ်မာရ်လို့ ရေးထားပါတယ်။
            “ကွန်တော်တို့ အစလာမ်ဘာသာမှာ သီးခြားဝတ်စုံဆိုတာ မရှိပါဘူး-သီးခြားဝတ်စားရမယ်လို့ သတ်မှတ်ထားတာ လဲ မရှိပါဘူးသို့သော်လဲ ကွန်တော်တို့ဟာ ကွန်တော်တို့သာသနာရဲ့ ဦးစီးရှေ့ဆောင် မဟာတမန်တော်မြတ်ကို ချစ်ခင်မ လေးစားမ ကည်ညိုမတွေကောင့် မဟာတမန်တော်ရဲ့ ဝတ်စားဆင်ယင်ပုံကို အတုခိုး ဝတ်ဆင်ကပါတယ်။ တရားတော်က သတ်မှတ်ပြဌာန်းချက်အရ မုတ်ဆိပ်ထားကပါတယ်။ ဒီအကျီရှည်ဟာ အိယအမျိးသားတွေ ဝတ်တဲ့ပုံစံနဲ့သာ တစ်ထပ်ထဲတူနေ တာ မဟုတ်ပါဘူး-ရှေးဟောင်းတရုတ်လူမျိးများ ဝတ်ဆင်လေ့ရှိကတဲ့ အကျီနဲ့လဲတူပါတယ်- ဒီအကျီဟာ မဝတ်မနေရ ပြဌာန်းချက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားတဲ့ လွတ်လပ်မအရ ကွန်တော်တို့ ဝတ်ဆင်ကတာ မှန်ပေမဲ့- ကွန်တော်တခုမေးလိုပါတယ်လူများစုနဲ့ ပြေပြေလည်လည်ရှိဖို့အတွက်-ပြသနာရှာနေတာတွေစွတ်စွဲပြောဆိုနေတာတွေရန်ရှာနေတာတွေ ပီးသွားမယ်ဆိုရင် ဒီအကျီတွေ ကွန်တော်တို့ စွန့်လတ်ပစ်လိုက်ပါ့မယ် အစိုးရက အကျီရှည်မဝတ်ရလို့ အမိန့်ပေးလိုက်ပိါုင်ငံတော်ကို အုပ်ချပ်နေတဲ့အစိုးရရဲ့ အမိန့်ကိုနာခံဖို့ က ကွန်တော်တို့ သာသနာကသွန်သင်ထား ပီးသားဖြစ်ပါတယ်” လို့ ဖြေလိုက်တယ်လို့ ဆိုပါတယ်။ ဆိုတော့ သူ့စကားမှာက အစိုးရက အမိန့်ပေးမှသာ နာခံမယ်၊ သာမန်လူတွေကြားထဲက ဆွေးနွေးမှုတွေကိုတော့ မေးခွန်းတွေနဲ့ တုန့်ပြန်ထားတာကို တွေ့ရပါတယ်။ လူအများနဲ့ ပြေလည်ဖို့ လိုက်လျောပေးရင်ကော ပြဿနာက ပြီးသွားမှာလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါ။
            နောက်ဆက်လက်ပြီး တဖက်ကထုတ်ပြတဲ့ အကြောင်းအရင်းကလည်း စိတ်ဝင်စားစရာပါ။ မြန်မာပြည်မှာ စစ်အစိုးရက နှစ်ပေါင်းများစွာ ဖိနှိပ်ထားတယ်။ ဘာသာရေးကိုလည်း အထူးနှိပ်ကွပ်တယ်။ အစ္စလာန်ဘာသာဝင်တွေအပေါ် အထူးဆိုးတယ်။ ၈၈ အရေးတော်ပုံကြီးမှာ စစ်အစိုးရကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံက တော်လှန်ခဲ့ကြတယ်။ သို့သော်လည်း စစ်တပ်က အပြင်းအထန် နှိပ်ကွပ်ခဲ့တယ်။ ဒါကြောင့် တော်လှန်ရေးကို တိုက်ရိုက်မလုပ်နိုင်သူတွေက ဘာသာရေးကို ပိုမိုလိုက်စားလာကြတယ်။ အစ္စလာန်ဘာသာဝင်တွေဟာ အကျီအရှည်ဝတ်ပြီး မုတ်ဆိပ်အရှည်ထားလာတယ်။ ဒါဟာ စစ်အစိုးဆန့်ကျင်ရေးစိတ်အရင်းခံဖြစ်တယ်။ ဒါကို ဒီဖက်ခေတ်မှာ အမြင်တွေစောင်းပြီး အပြစ်တင်တာဟာ ၀မ်းနည်းစရာပဲလို့ အစ္စလာန်ဘာသာဝင်ဖက်က တုန့်ပြန်ထားပါတယ်။
            အဲသည်မှာ သူတို့ကနေ ထုတ်ပြတဲ့ ဥပမာဖြစ်ရပ်တခုကတော့ စိတ်ဝင်စားစရာပါ။
စစ်အစိုးရလက်ထက်မှာ တိုက်ပုံအကျီဝတ်တဲ့ မြန်မာလိုနေတဲ့ အစလာမ်ဘာသာရေးအဖွဲ့ အစည်းတွေ ဘာလပ်ရှားမမှ ခွင့်မပြခဲ့ဘူး။အံ့သစရာကောင်းတာက အကျီရှည်ဝတ်ပီး မုတ်ဆိပ်ထားပီှးုပ်ရှားတဲ့ အဖွဲ့အစည်းကိုတော့ လုပ်ပိုင်ခွင့်တွေအများကီးပေးခဲ့တာ ထင်ထင်ရှားရှားတွေခဲ့ရတယ်။
တိတိကျကျပြောရရင်တဗလိဂ်” လို့ ခေတဲ့ အပတ်စဉ်-လစဉ်-ှစ်စဉ် ခရီးထွက်ပီး သာသနာရေးကျင့်ကံတဲ့ အဖွဲ့ကို အထူးအခွင့်အရေးတွေပေးခဲ့တယ်လို့ ဆိုထားပါတယ်။ သူတို့တွေက သာမန်လူတွေထက် အခွင့်ထူးခံရတာတွေကို အကြောင်းပြပြီး အမျိုးသားရေးပြင်းထန်သူတွေက ကုလားတွေကို မုန်းတီးအောင် လှုံဆော်မှုတွေ ဖြစ်ပေါ်လာစေတယ်လို့ သူက မှတ်ချက်ပေးထားပါတယ်။ အဲသည်မှာ ထိုအဖွဲ့ဝင်တွေကလည်း ငါတို့လမ်းစဉ်မှန်လို့ စစ်အစိုးရက ခွင့်ပြုတယ်ဆိုပြီး စိတ်တွေဝင်ကုန်တယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်အုပ်စု မြန်မာတွေကို အိမ်ကြက်ချင်း အိုးမည်းသုတ် တိုက်တာပဲလို့ သူက သုံးသပ်ပြပါတယ်။ ဒါကြောင့် အခုပြဿနာတွေဟာ ခေတ်ရဲ့ ပြဿနာတွေပါ။ အခုအချိန်မှာ ပွင့်လင်းလွတ်လပ်မှု အမှန်တကယ်ရခဲ့ရင် လွဲမှားနေတာတွေ ပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ယူဆကြောင်း ပြောထားပါတယ်။ ဒီအတွက် အစ္စလာန်အဖွဲ့ကြီးတွေနဲ့ တဗလိဂ်က တာဝန်ရှိသူတွေကိုယ်တိုင် ဖြေရှင်းတာက ကောင်းပါလိမ့်မယ်လို့ သူက အကြံပေးလိုက်ပါတယ်။
နောက် ကိုမြအေးတို့ဖက်က တင်ပြတဲ့ အချက်တခုကတော့ ဗလီတွေကနေ မြန်မာဗုဒ္ဓဘာသာဝင်တွေကို လက်ထပ်ဖို့ ဆော်သြနေတယ်လို့ သတင်းတွေ ထွက်နေတာ၊ ထောက်ပံ့မှုတွေလုပ်တယ် ဆိုတာတွေဟာ မဟုတ်မမှန်ကြောင်း ဖြေရှင်းပေးစေလိုတယ်လို့ ပါဝင်ပါတယ်။ အစ္စလာန်ဘာသာဝင် ပြန်လှန်ဆွေးနွေးသူတွေဖက်က လက်မခံပါဘူး။ သူများအပြစ်တင်တိုင်း လိုက်ရှင်းရမယ်ဆိုရင် ပြီးတော့မှာ မဟုတ်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ အကြိမ်ကြိမ် ရှင်းဖူးပါတယ်လို့ သူက တုန့်ပြန်ပါတယ်။
ကိုမြအေးတို့ဖက်က ၂ ဖက်သော ဘာသာဝင်တွေ အတူတူပူးပေါင်းပြီး နိုင်ငံတော်တည်ဆောက်ရေးမှာ ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားတယ်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများလုပ်ဆောင်ကြဖို့ မှာကြားသွားတယ်လို့ ရေးထားပါတယ်။ အဲသည်မှာ တဖက်က ပြန်ပြောထားတာကတော့ ပြဿနာကို မီးထွန်းရှာနေတာက လူနည်းစုဖြစ်တယ်။ ကျနော်တို့ မန္တလေးမှာ အစလာန်ကို ဘက်ပေါင်းစုံကနေ ပြသနာရှာနေတဲ့ ဆရာတော် တစ်ပါးထဲရှိလို့သာပေါ့များများမဟုတ်ဘူး-အဲ့ဒီဆရာတော်လိုမျိ သုံးပါးလောက်ရှိကည့်လိုက် -န္တလေးမိ ပျက်သွားတာကာလှပီ လို့ သူက မှတ်ချက်ထုတ်လိုက်ပါတယ်။ ကျနော်တို့ဖက်က
သဘောထားပျော့ပြောင်းတဲ့ ထေကီးဝါကီး သံဃာတော်ကီးများထံ ချဉ်းကပ်သဝါဒခံပီး ဘာသာပေါင်းစုံ ချစ်ကည်ရငှ်းီးရေးကိုဆောင်ရွက်နေသလို အစလာမ်ဘာသာအပေမှာ သဘောထားတင်းမာပါတယ် ဆိုတဲ့ ဆရာတော်ဦးဝီရသူ တို့လို ဆရာတော်ကီးများနဲ့လဲ ဘာသာပေါင်းစုံချစ်ကည်ရေး- ငိမ်းချမ်းရေးတွေ လုပ်နေပါတယ်လို့ ဆိုလိုက်ပါတယ်။
ဆိုတော့ အထက်ကဆွေးနွေးပွဲမှာ တဖက်နဲ့ တဖက် ပြောဆိုနေကြတာတွေမှာ တိုက်ရိုက်ပြေလည်မှုဖြစ်စေတဲ့ စေ့စပ်မှုကို မတွေ့ရဘဲ၊ ၂ဖက်စလုံးရဲ့ ကွာဟနေတာတွေ၊ အထင်အမြင်လွဲနေတာတွေကိုပဲ ထုတ်ဖော်တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။
အဲသည်ရဲ့ အလွတ်သဘောဆောင်တဲ့ ဆွေးနွေးပွဲမှာ တဖက်ကတောင်းဆိုတာကတော့ ဗုဒ္ဓဘာသာဝင်တွေ hate speechတွေ ၀ါဒမဖြန့်ပါနဲ့လို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အဲသည်မှာ အစ္စလာန်အဖွဲ့တွေနဲ့ ဖေဖော်ဝါရီလထဲတွေ့ဆုံခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့က ပြန်လှန် တောင်းဆိုခဲ့တဲ့အချက်ကို ထိုသူက ကောက်နုတ်ခဲ့ပါတယ်။ ၀န်ကြီးတွေဖက်ကလည်း အစ္စလာန်ဘာသာဝင်တွေဖက်ကလည်း love speech တွေ များများ ပြောကြပါ။ ပြောခွင့်ရအောင် တင်ပြပေးပါ့မယ်လို့ ပြောသွားကြောင်း သူက ရေးထားပါတယ်။
ဆိုတော့ … အထက်ပါ အချက်များအရ ကွာဟနေတဲ့ ၂ ဘာသာ၊ ၂ လူမျိုး စလုံးက ခြားနားမှုတွေ လွဲမှားမှုတွေကို စေ့စပ်နိုင်ဖို့  ၂ဖက်စလုံးက စတင်ပြီး လုပ်ဆောင်ကြမှသာ အဖြေပေါ်မည်။ ပြဿနာတွေကို ရှင်းနိုင်လိမ့်မည်ဆိုတာ ထင်ရှားတယ်လို့ ဆိုချင်ကြောင်းပါ။
မြန်မာပြည်အပြင်ဖက်က နိုင်ငံတကာမှာလည်းပဲ ဘာသာခြားတွေအချင်းချင်းကြားမှာ ပြဿနာတွေ ရှိကြောင်းပါ။ အထူးသဖြင့် အနောက်အုပ်စု ခရစ်ယာန်ဘာသာဝင် လူများစုရှိတဲ့ နိုင်ငံတွေနဲ့ အစ္စလာန်ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူ အစုအဖွဲ့တွေ၊ နိုင်ငံတွေကြားထဲမှာ ပြဿနာတွေ ရှိပါတယ်။ ပြဿနာကို ပြဿနာအဖြစ် လက်ခံထားတဲ့အတွက် တိုင်းပြည်တွေမှာ ပြဌာန်းထားတဲ့ တရားဥပဒေ၊ လွတ်လပ်ခွင့် အာမခံမှု၊ တရားမျှတမှု ဘောင်ထဲကနေပဲ ဖြေရှင်းမှုတွေ ရင်ဆိုင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာအားဖြင့် မြန်မာပြည်က နယ်မြို့မှာ ဖြစ်ပွားသလို ရာဇ၀တ်မှု၊ အငြင်းပွားမှုတွေကို တရားဥပဒေရှုထောင့်၊ လုံခြုံရေး ဥပဒေစိုးမိုးရေး ရှုထောင့်ကပဲ ရပ်တည်ပြီး ဖြေရှင်းမယ်ဆိုရင် လူထုတွေကြားထဲက မင်းမဲ့စရိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားစရာမရှိနိုင်ပါ။ အာဆီယံနိုင်ငံတွေထဲက ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဘာသာခြားတွေအချင်းချင်း အကြမ်းဖက်တာ၊ သတ်ဖြတ်ကြတာဟာ တရားဥပဒေစိုးမိုးမှု၊ ကာကွယ်စောင့်ရှောက်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရတွေက ပျက်ကွက်လို့ အားနည်းလို့ ဖြစ်ရတာချည်းပဲ ဖြစ်ပါတယ်။ သည်တော့ ပဋိက္ခနယ်မြေက လူထုဟာ ဥပဒေကို သူတို့လက်ထဲမှာ ထည့်ပြီး စီရင်ကုန်ကြရတာကြောင့် သွေးချောင်းစီးကြရတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းက အာရပ်နွေဦးမှာ အစ္စလာန်ဘာသာဝင်တွေနဲ့ အခြားဘာသာဝင်တွေ အတူတူ ပူးပေါင်းပြီး အာဏာရှင်တွေ၊ အစွန်းရောက်တွေ၊ အစွဲအလန်းကြီးသူတွေကို ဆန္ဒပြ ဖြုတ်ချခဲ့ကြတယ်။ ဖြုတ်ချတာက တပိုင်းပဲ။ နောက်ပိုင်းကာလမှာ ဘာသာတူတွေ အချင်းချင်း၊ ဘာသာခြားတွေအချင်းချင်း သာတူညီမျှ၊ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ဖို့၊ ဖြေရှင်းဖို့၊ ထူထောင်ကြဖို့ဆိုတာက အရေးကြီးတဲ့ အရေးပါတဲ့ ကဏ္ဍနဲ့ စိန်ခေါ်ချက်ဖြစ်ပါတယ်။ ပြဿနာက ၂ ဖက်ကြားထဲက ကွာဟမှုတွေဖြစ်တယ်လို့ သဘောမထားဘဲ၊ ပြဿနာက ဟိုဖက်ကချည်းပဲလို့ တဖက်သတ်မြင်နေသမျှ ကာလပတ်လုံး ကျနော်တို့ ပြေလည်အောင် ဖြေရှင်းနိုင်ကြမှာမဟုတ်ဘူး။
hate speech ကို ၂ ဖက်စလုံးက ရပ်ပါ။ love speech ကို ၂ ဖက်စလုံးက စပါ။ ကြားထဲက အဖျက်သမားတွေ သူတို့လမ်း သူတို့သွားပါလိမ့်မယ်။ သူတို့နောက်တော့ လိုက်မသွားပါနဲ့။

Comments