Maung Wuntha - Articles


သတင်းမှန်တိုင်း သတင်းထူးဖြစ်သလား 
မောင်ဝံသ
မေ ၂၊ ၂၀၁၃



ယခုအပတ် ၃ မေ ၂၀၁၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

● ဖေ့စ်ဘွတ်သတင်းတစ်ပုဒ်နှင့် ဆက်စပ်လို့ 
ခုတစ်လော အင်တာနက် လူမှုစာမျက်နှာ Face book လောကမှာ ထင်ရှားတဲ့ သတင်းစာဆရာ (ကာတွန်းဆရာ)တစ်ယောက်က သူ့ရင်ထဲ ထိခိုက်ခဲ့ရတဲ့ သတင်းဖြစ်ရပ်မှန်တစ်ပုဒ်ကို တင်လိုက်တယ်ဗျ။ သူ့သတင်းက လူသူမနီး တောင်ခြေတစ်ခုမှာ တောင်ယာလုပ်နေတဲ့ သားအဖ ၃ယောက်၊ အဖေရယ်၊ ၁၅နှစ်အရွယ်သမီးရယ်၊ သူ့မောင်လေး တစ်ယောက်ရယ် နေကြရာက ဖအေလုပ်သူက အရက်တွေသောက် လူစိတ်ပျောက်ပြီး သမီးကို အဓမ္မကျင့်တယ်။ သမီးက ရဲစခန်းတိုင်တော့ ဖအေကို ဖမ်းချုပ်ထားတယ်။ သမီးလေးက ဖအေအချုပ်ထဲမှာ ဘယ်သူုမှ ကျွေးမွေးသူမရှိလို့ ထမင်းလာပို့ရှာတယ်။ အဲဒါ သတင်းသမားက ရွာနာမည်၊ မိန်းကလေးနာမည်၊ ဖအေနာမည်တွေပါ ဖော်ပြပြီး Face book သတင်းတင်လိုက်တယ်။ ဖအေအတွက် ထမင်းလာပို့ရှာတာကို ရုပ်မဖော်ဘဲ ဓာတ်ပုံရိုက်ထားတယ်၊ တင်ပေးဦးမယ်လို့ သူက ရေးလိုက်တယ်။ အဲဒီမှာ ကွန်မင့်တွေ တက်ပြီး သတင်းသမားကို ၀ိုင်းဝေဖန်တော့တာပါပဲဗျာ။ ရွာနာမည်၊ အသက်မပြည့်သေးတဲ့ မိန်းကလေးအပါအ၀င် ကာယကံရှင်တွေ နာမည် ထည့်ပြီး ဖော်ပြတာကို ၀ိုင်းဝန်းကန့်ကွက်ကြတယ်။ ဓာတ်ပုံလည်း ထပ်မတင်ပါနဲ့တော့လို့ ပရိသတ်တွေက တားမြစ်ကြပါတယ်။ သတင်းသမား က သူ့စေတနာကို ရှင်းပြသေးတယ်။ သူကတော့ ရင်ထဲထိခိုက်လွန်းလို့ပါလို့ ပြောတယ်။ သို့ပေမယ့် face book ပရိသတ်က လုံးဝလက်မခံပါဘူး။ ၀ိုင်းဝန်း တားမြစ်မှုကြောင့် သတင်းသမားက သတင်းဓာတ်ပုံ ဆက်မတင်တော့ပါဘူး။ ကျေးဇူးအထူးတင်ပါတယ် မိတ်ဆွေကြီးရေ။

ယခု သတင်းသမား မိတ်ဆွေကြီးဟာ တကယ်တော်တဲ့ ပုဂိုလ် တစ်ယောက်ပါ။ သူ့သတင်းတွေ သူ့ကာတွန်းတွေကို ကျွန်တော်တို့ စောင့်ကြည့်လေ့လာခဲ့ရပါတယ်။ သူ့နယ်မြေတစ်ဝိုက် တရားမျှတမှု မရှိတာတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရေးသားခဲ့လို့ တရားမျှတမှု အကျိုး ဖြစ်ထွန်းခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ ယခုကိစ္စမှာတော့ သူဟာ စိတ်ထိခိုက်လွန်းလို့ သည်လို အွန်လိုင်း တင်ဖြစ်သွားတယ်ဆိုတာ သူ့တင်ပြချက်မှာ ပေါ်လွင်နေပါတယ်။

● ကျင့်ဝတ်ကို ဘယ်သူတွေက ထိန်းမလဲဆိုတဲ့ ပြဿနာ
သည်ဖြစ်ရပ်ကို ကျွန်တော် စိတ်ဝင်စားစွာ စောင့်ကြည့်ပြီး သတင်းသမားကျင့်ဝတ်ကို ဘယ်သူတွေက တကယ်တမ်း ထိန်းချုပ်သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပိုပြီး နားလည်သွားပါတယ်။ ကျွန်တော်တို့ သတင်းမီဒီယာသမားတွေမှာ ကျင့်ဝတ်တွေ ရှိပါတယ်။ စစ်သည်ကျင့်ဝတ်၊ ဆရာဝန်ကျင့်ဝတ်စသည်ဖြင့် ရှီနေသလို သတင်းမီဒီယာသမားတွေ မိမိတို့ကိုယ်မိမိတို့ ကိုယ့်အသိနဲ့ကိုယ်လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။ ကျွန်တော်တို့ ခေတ်ကျမှ အထူးအဆန်းရေးဆွဲ သတ်မှတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေး သတင်းစာဆရာကြီးတွေအဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတာပါ။ ကျွန်တော်တို့က ခေတ်နဲ့အညီ အင်တာနက်ခေတ်ရောက်တော့လည်း ၀က်ဘ်ဆိုက်တို့၊ ဖေ့စ်ဘွတ်တို့၊ ဘလော့ဂ်တို့ အသုံးပြုနေသူတွေအတွက်ပါ ကျင့်ဝတ်တွေ တိုးချဲ့ရတော့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက် လူမှုစာမျက်နှာပဲဗျာ၊ ကိုယ်ရေးချင်တာ ကိုယ်ပြောချင်တာတွေ ပြောခွင့်ရှိရမှာပေါ့လို့ အလွယ် ပြောလို့ မဖြစ်ပါဘူး။ အများပြည်သူ ဖတ်လို့ရတဲ့ မီဒီယာအဖြစ် အကျုံးဝင်တဲ့ အင်တာနက် လူမှုစာမျက်နှာ အသုံးပြုသူတွေ အတွက်လည်း ကျင့်ဝတ်ရှိရမှာ သေချာပါတယ်။ အိမ်သာနံရံမှာ မီးသွေးခဲနဲ့ ရေးချင်တာရေးတဲ့ အဆင့်မျိုးမဖြစ်သင့်ဘူးပေါ့ဗျာ။

● သတင်းဆိုတာ တိကျမှန်ကန်ရမယ်ဆိုတဲ့ခံယူချက်
ယနေ့ခေတ်မီဒီယာတွေမှာ သတင်း မှားယွင်းမှုတချို့နဲ့ ပတ်သက်လို့  စိုးရိမ်မကင်း ဖြစ်ပြီး တိကျမှန်ကန်တဲ့ သတင်းတွေကိုပဲ ဖော်ပြဖို့၊ တိကျမှန်ကန်တဲ့ သတင်းတွေရနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူတွေက ပွင့်လင်းမြင်သာဖို့ အလေးထား ပြောနေကြတယ်ဗျ။ ကျွန်တော်တို့ သမားရိုးကျ စွဲမှတ်ထားတာက သတင်းကောင်းတစ်ပုဒ်ရဲ့ အဓိက အင်္ဂါရပ်ဟာ တိကျ မှန်ကန်ခြင်းပဲ။ သတင်းဆိုတာမှန်ရတယ်။ မမှားရဘူး။ မကားရဘူး။ (မချဲ့ကားရဘူး)။ စာဖတ်သူတွေဆီကို အမြန်ဆုံး ရောက် စေရမယ်။ နောက်တစ်ချက်ကတော့ သတင်းဆိုတာ ထူးမှ သတင်းလို့ ခေါ်တယ်။ ထူးခြားမှု မရှိတဲ့ လုပ်ရိုးလုပ်စဉ် ကိစ္စတွေကို သတင်းအဖြစ် ထည့်သွင်းနေကြတာ ကျွန်တော်တို့တော့ အတော်မျက်စိနောက်ခဲ့တယ်။
မမှန်ရင် သတင်းမဟုတ်ဘူး။

တကယ်တမ်း ပြောမယ်ဆိုရင်  ]မမှန်သတင်း} (false news) ဒါမှမဟုတ် ]မသေချာသော အချက်အလက်} (inaccurate facts) ဆိုတဲ့ စကားအသုံးအနှုန်းတွေကိုက သူ့စကားနဲ့သူ ၀ိရောဓိ ဖြစ်နေ တယ်လေ။ မမှန်ဘူးဆိုရင် သတင်း(news)မဟုတ်တော့ဘူး။ မသေချာဘူး ဆိုရင် အချက်အလက်(facts) မဟုတ်တော့ဘူး။

သတင်းမှားတွေနဲ့ သတင်းမဟုတ်တာကို သတင်းလုပ်ပြီး ပေးတာတွေကြောင့် စာဖတ်ပရိသတ် ဘယ်လိုနစ်နာသလဲဆိုရင် တစ်လွဲတချော်တွေ နားလည်ပြီး လမ်းချော်ကုန်ကြတယ်။  စာနယ်ဇင်းတွေဟာ ပြည်သူလူထုရဲ့ နား၊ မျက်စိတွေဖြစ်တယ်လို့ ဆိုရင် စာနယ်ဇင်းတွေက အမှားတွေ ပြော၊ အမှားတွေနားထောင်၊ အမှားတွေ မြင်နေကြရင် ပြည်သူတွေလည်း အမှားသံသရာထဲ လည်နေတော့မှာပဲပေါ့။

● သာမန်ပရိသတ်ကတောင် သိတယ်
ကိုင်း-ဒါဆိုရင် အထက်က ဥပမာပေးခဲ့တဲ့ သတင်းမျိုးကို ဘယ်လို ပြောမလဲ။ သတင်းက မှန်တယ်။ တိကျတယ်။ ဖအေက အမှန်ပဲ ကျူးလွန်တာဟုတ်မဟုတ်ဆိုတာကတော့ တရားရုံးက မဆုံးဖြတ်ရသေးလို့ မပြောနိုင် သည့်တိုင် ရဲစခန်းရောက်နေတာအထိကတော့ အကောင် အထည်နဲ့ ခိုင်လုံတဲ့ သတင်း ဖြစ်နေပြီ။ သို့ပေမယ့် သတင်းကျင့်ဝတ်အရ ဒီလို အသက် မပြည့်သေးသူရဲ့ အဖြစ်ဆိုးသတင်းမျိုး၊ သည်သတင်းကို ထောက်ကူမယ့် သတင်းဓာတ်ပုံမျိုးကို ပုံနှိပ်မီဒီယာသာမက အွန်လိုင်းမီဒီယာမှာလည်း မဖော်ပြသင့်ဘူးလို့ သာမန်စာဖတ်ပရိသတ် ကတောင် သိနေကြပါပြီ။ လက်ခံနေကြပါပြီ။

သည်ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက် ဝေဖန်ချက်တွေကို ဖတ်ပြီး ကျွန်တော်ကတော့ အတော်ကလေး အားတက်သွားပါတယ်။  အထက်မှာ ရေးခဲ့သလိုပါပဲ၊ သတင်းသမားကျင့်ဝတ်ကို ဘယ်သူတွေက တကယ်တမ်း ထိန်းချုပ်သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပိုပြီး သဘောပေါက်သွားပါတယ်။

သတင်းသမားကျင့်ဝတ်ကို တကယ်တမ်း ထိထိရောက်ရောက် ထိန်းချုပ် ပဲ့ပြင်နိုင်သူတွေကတော့ စာဖတ်ပရိသတ်ကြီးနဲ့ သတင်းမီဒီယာ အချင်းချင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

၂၈ ဧပြီ ၂၀၁၃
maungwuntha@gmail.com

Comments

Anonymous said…
ပြည်သူတွေကပဲ ထိန်းချုပ်သွားတာဟာ စစ်မှန်တဲ့ အမှန်တရားပါ။ အာဏာရှင်တွေကတော့ ပြည်သူတွေကို အထင်သေးပြီး အရာရာ သူတို့အာဏာနဲ့ ၀င်ရောက်ထိန်းကြောင်းမှ ဖြစ်မယ်လို့ထင်တဲ့ အတွေးအခေါ်က အရိုးစွဲနေတုန်းပါပဲ။ တကယ်တမ်း ပြည်သူတွေ သူတို့ထင်သလို မတုံးပါဘူး၊ မအပါဘူး။