Kyaw Thu - FFSS Yangon Activity,

ခွဲစိတ်ဖို့အရေး စိတ်အေးရလေပြီ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၈၊ ၂၀၁၃




နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၇ ခုနှစ် မတ်လ (၂) ရက် တောင်သူလယ်သမားနေ့မှ စတင်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း”အား အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး မိဘပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးခဲ့သည်မှာ (၆) နှစ်ကျော်ကာလသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ယခုဆိုလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်) အပြင် ပြည်၊  ကြို့ပင်ကောက်၊ ပဲခူးမြို့များတွင် တိုးချဲ့၍ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အခြားသော နယ်ဒေသမြို့နယ်များရှိ ကိုယ်ထူကိုယ်ထ ပရဟိတဆေးခန်းများသို့ လစဉ်ဆေးဝါးများ ထောက်ပံ့ပေးလျှက်ရှိသည်။ ထို့ကြောင့် “ကျန်းမာခြင်းသည် လာဘ်တပါး” ဟူသော ဆောင်ပုဒ်အတိုင်း အများပြည်သူတို့အတွက် ကျန်းမာခြင်းသုခများ ရရှိနိုင်စေရန်ရည်ရွယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အလှူရှင်၊ စေတနာရှင်များနှင် လက်တွဲကာ အစဉ်ကြိုးစားလျှက် ရှိပါသည်။


၁.၅.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပဲနွယ်ကုန်းမြို့ရှိ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှာက်မှု ပရဟိတလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ပေးနေသော Hundard Power မိသားစု၏ ကုသိုလ်ဖြစ်ဆေးခန်း၌ လိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး ခွဲစိတ်ကုတင်နှင့် ခွဲစိတ်ကုတင် (Operation Chair)နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများအား လှူဒါန်းပေးခဲ့သည်။ ၄င်းခွဲစိတ် ကုတင်သည် ကျပ်ငွေ (၁၄) သိန်းကျော်ခန့် တန်ဖိုးရှိပြီး အများပြည်သူအလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများဖြင့် ဝယ်ယူထားသော  အများပြည်သူတို့၏ ကောင်းမှုအလှူတော်ပင်ဖြစ်သည်။ Hundard Power မိသားစု၏ ကုသိုလ်ဖြစ်ဆေးခန်းအနေဖြင့် ခွဲစိတ်ခန်းသုံး ခွဲစိတ်ကုတင် (Operation Chair) နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပြည့်စုံစွာရရှိပြီးဖြစ်သည့်အတွက် ပဲနွယ်ကုန်းမြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ မှ ကျန်းမာရေးချို့တဲ့လူနာများနှင့် ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအတွက် ခွဲစိတ်ကုသမှု ပြုလုပ် ပေးနိုင်တော့မည်ဖြစ်သည့်အတွက် “ခွဲစိတ်ကုသဖို့အရေး ရင်အေးရပြီ” ဖြစ်ပါကြောင်း အများပြည်သူ အလှူရှင်အပေါင်းတို့အား  အသိပေးနှိုးဆော်အပ်ပါသည်။

Comments