Eikyar Aww - Staire


ဖွတ်ကလေး၊ စေတနာရှင်တစ်ဦးနှင့် အထူးအမြန်ကု ဆရာဝန်ဂျီးများ
အီကြာအော်
မေ ၃၊ ၂၀၁၃



ယုန်ကန်ဆေးရုံကြီးတွင် လုနာရုံစောင့် အလုပ်လုပ်နေသည့် ဖွတ်ကလေးတစ်ယောက် အီကြာအော်၏အိမ်သို့ ဒေါနှင့် မောနှင့် ပေါက်ချလာတော့သည်။

“ဟေ့ကောင်…….ဖွတ်ကလေး၊ မင်း..ဘာတွေဖြစ်လာပြန်ပြီလည်းကွ”

“အဲဒီလူကို ကျုပ်တော့ ဖြတ်ရိုက်ပြစ်ချင်တယ် ဆရာအော်”

“နေပါဦးကွ…..ဖွတ်ကလေးရ၊ ဘယ်ကလူကို မင်းက ပြောနေတာလည်း”

“စေတနာရှင်တစ်ဦး ဆိုတဲ့လူပေါ့ဗျ၊ သူက ကျုပ်တို့ခက်သေးရွာက ဆရာဝန်ဂျီးတွေ မကောင်းကြောင်းတွေကို အပါတ်စဉ် အော်သံဂျာနယ်ထဲမှာ ပယ်ပယ်နယ်နယ် ရေးထားတယ်လေ”

“ဘာတွေများ ရေးထားလို့လည်းကွ”

“သူက အော်စီရွာ နိုင်ငံဂျားမှာ ဆေးကုတော့ အဲဒီက ဆရာဝန်ဂျီးတွေ တော်ကြောင်း၊ သဘောကောင်းကြောင်း၊ စေတနာရှိကြောင်း ရေးထားတယ်”

“တိုးတက်ချင်ရင်တော့ ကောင်းတာတွေ အတုခိုးရမယ်လေ ဖွတ်ကလေးရဲ့ ၊ ကောင်းတာတွေ ရေးထားတာ ဘာဖြစ်လို့လည်း”

“သူက ကျုပ်တို့ ခက်သေးရွာက အထူးကုဆရာဝန်ဂျီးတွေ မကောင်းကြောင်းတွေကို ရေးထားတာ မိုးကို မွှန်နေတာပဲ”

“ဘာတွေများ ပါလို့လည်းကွာ”

“သူ့မိန်းမကို ယုန်ကန်က နှလုံးအထူးကုဂျီး တစ်ယောက်နဲ့ ပြတာ လူနာလေးယောက်ကို တပြိုင်တည်းကြည့်ပြီး နားကျပ်နဲ့ ရင်ပတ်ကို စာတိုက်မှာ တံဆိပ်တုန်း ထုသလို အရမ်းမြန်လွန်းလို့ သူ့မိန်းမရဲ့  ရင်ပတ်ကိုတောင် နားကျပ်နဲ့ မထိဘူးတဲ့၊ တနာရီကို လူနာ ၁၀၀ လောက်ကြည့်တဲ့ အထူးကုဂျီးလို့ ပြောတယ်”

“ဟ….အဲဒါဆိုရင် လူနာတစ်ယောက်ကို ကြည့်တာ တစ်မိနစ်တောင် မကြာပါလား၊ ဟိုက်ရှားလဘတ်စ်….၊ငါတို့ ခက်သေးရွာက အထူးကု ဆရာဝန်ဂျီးတွေ ဂင်းနစ်စ်ရက်ကော့ဒ်ထဲမှာ ၀င်လောက်တယ်၊ တို့ခက်သေးရွာအတွက် ဂုဏ်ယူစရာပေပဲ”

“တလောက အမေဂျီးကားရွာက အထူးကု ဆရာဝန်ဂျီး တစ်ယောက်တော့ တစ်နေ့တည်း လူနာ အယောက် ၄၀ လောက်ကြည့်ရလို့ဆိုပြီး အသက်ထွက်မတတ် ဟစိဟစိနဲ့ ခံစားရတဲ့အကြောင်း ဖွဘုတ်ထဲမှာ ဖတ်ဘူးတယ် ဆရာအော်”


“အင်း….တို့ခက်သေးရွာ ဆရာဝန်ဂျီးတွေဆိုရင်တော့ လုနာ ၄၀ ကို နာရီဝက်လောက်နဲ့ ကြည့်နိုင်မယ်ထင်တယ်၊ တို့ရွာက အထူးကု ဆရာဝန်ဂျီးတွေကို နာမည်ပြောင်းပြီး အထူး အမြန်ကု ဆရာဝန်ဂျီးများလို့ ခေါ်ရင် ကောင်းမလားမသိဘူး”

“အေးလေ….တို့ခက်သေးရွာက လုနာဂျီးတွေကလည်း အထူး အမြန်ကုဂျီးတွေ နာမည်ကြီးပြီဆိုရင် ၀ိုင်းအုံ လိုက်ကြတာကိုးကွ”

“ကွန်တတီနဲ့ ကွာလတီ…အရည်အတွက်နဲ့ အရည်အသွေး ဆိုတာက ပြဒါးတစ်လမ်း သံတစ်လမ်းပဲလေကွာ ဖွတ်ကလေးရဲ့ ”

“ပြီးတော့…..ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ သွေးစစ်၊ အာလ်ထရာဆောင်း၊ အီးစီဂျီတွေ ကို ကော်မစ်ရှင်ရလို့ လိုလိုမလိုလို အတင်းလုပ်တယ် လို့လည်း ရေးထားသေးတယ် ဆရာအော်ရဲ့ ”

“ဒီလို ကော်မစ်ရှင်ရအောင်လုပ်တယ် ဆိုတာကတော့ ဆရာဝန်ဂျီးတွေကို စော်ကားတာပဲ၊ အရောင်းဈေးသည်လို ဆက်ဆံခံရတာ ဘယ်သင့်တော်မှာလည်း၊ ဆရာဝန်ဂျီးတွေ မခံသင့်ပေဘူးကွ”

“ကော်မစ်ရှင်ကတော့ ဆရာဝန်ဂျီးတိုင်း မယူချင်လည်း နေလို့မရဘူး၊ ဆေးရုံ၊ ဆေးခန်းတွေက သူတို့ဆီ လွှဲအောင်လို့ မယူဘူးဆိုလည်း အတင်းပေးတာပဲ

ဆရာအော်ရဲ့ ”

“ပေးချင်တဲ့သူက ပေးပေမဲ့လည်း ယူသူရှိမှ ပေးလို့ ဖြစ်မှာပေါ့ကွ၊ အေးလေ ယူရဲရင်တော့လည်း အပြောတော့ ခံနိုင်ရမှာပေါ့”

“ပြီးတော့ စေတနာရှင်က ဆရာဝန်ဂျီးတွေကို အခွန် သိန်း ၃၀၀၀ တောင် ဆောင်ခိုင်းတယ်”

“ဟ….များလှချေလား၊ ဒါဆိုရင်တော့ စေတနာရှင်ကြီး လွန်ပြီထင်တယ်၊ တစ်နှစ်ကို သိန်း ၃၀၀၀ ဆောင်ခိုင်းတာလားကွ”

“တနှစ်ကို သိန်း ၁၀၀ နဲ့ အနှစ်သုံးဆယ် ဆောင်ခိုင်းတယ် ပြောတယ်”

“အင်း…နေဦးကွ၊ လုနာ တစ်နေ့ကို ၃၀၀ လောက်ကြည့်တဲ့ ဆရာဝန်ဂျီး ဆိုရင်တော့ လူနာတစ်ယောက် ကျပ် ၁၀၀ ဆိုရင် လူနာ ၃၀၀ အတွက် နစ်နေ့ကို ကျပ် သုံးသောင်း တစ်လဆိုရင် ကျပ် ကိုးသိန်း၊ တစ်နှစ် ကျပ် သိန်း ၁၀၀ စွန်းစွန်းပေါ့”

“တစ်ယောက်ကို ကျပ် ၁၀၀ ဆိုရင် ကျွန်တော်တောင် ဆောင်နိုင်သေးတယ်၊ ဆရာအော် ဘယ်သူ့မှတော့ လျှောက်မပြောနဲ့နော်၊ ပြီးတော့ ကျပ် ၁၀၀ ဆိုတာ သူတောင်းစားကို ပေးရင်တောင် နည်းလို့ဆိုပြီး သိပ်ကြည်ချင်တာ မဟုတ်ဘူး”

“ငါက မင်းအောက်ဆိုက်၊ ဘေးဆိုက်တွေ ရနေတာတွေ မပြောပါဘူးကွာ၊ တို့ခက်သေးရွာက အမှုထမ်းတွေ ၀န်ဂျီးများအပါအ၀င် ၀န်ထမ်းတော်တော်များများ အဲဒီ အောက်ဆိုက်တွေ၊ အပေါ်ဆိုက်တွေနဲ့ပဲ ရှင်သန်နေရတာ မဟုတ်လား၊ ငါ နားလည်ပါတယ်ကွာ”

“ပြီးတော့ လူနာစာရင်းတွေကို ဆရာဝန်ဂျီးတွေက လိမ်ပြလိမ့်မယ် ဆိုတာလည်း ပါသေးတယ်၊ တော်တော် လူပါးဝတဲ့ စေတနာရှင်ပဲဗျ”

“မင်းကလည်းကွာ လူနာစာရင်း အမှန်ကို ဘယ် ဆေးရုံ ဆေးခန်းကများ အမှန်ပြမယ်ထင်လို့လည်း၊ တို့ ခက်သေးရွာက ဌာနပေါင်းစုံမှာ စာရင်းလိမ်ပြရေး အထူးကျွမ်းကျင်သူတွေက များမှများ”

“အင်း… ဆရာအော်ပြောတော့လည်း ဟုတ်တော့ ဟုတ်သား”

“ငါတို့ခက်သေးရွာရဲ့  ပြသနာက အဲဒါပဲကွ၊ အားလုံး အိပ်ချင်ရောင်ဆောင်တော့ အနှိုးရ ခက်တယ်လေ”

“ကျွန်တော်တော့ အိပ်ချင်ရောင်ဆောင်တဲ့ ဆရာဝန်ဂျီးတွေတော့ မတွေ့ဘူးဘူး၊ လူနာကို အပြင်ဆေးခန်းမှာ ညသန်းခေါင်ကျော်အထိ ကြည့်ရလို့ လုနာ ကြည့်ရင်း ငုပ်တုတ်အိပ်ပျော်သွားတဲ့ အထူး အမြန်ကုဂျီးတွေတော့ တွေ့ဘူးတယ် ဆရာအော်”

“ဒါနဲ့ အခု မင်းပြောတဲ့ စေတနာရှင်ကြီးကို အထူးအမြန်ကု ဆရာဝန်ဂျီးတွေက ဘာမှပြန်ပြီး မပြောကြ မရေးကြဘူးလားကွ”

“ဆရာဝန်ဂျီးတွေက တစ်ရက်တစ်ရက်တို လူနာရာချီပြီးကြည့်ရတာဆိုတော့ စေတနာရှင်ကို ပြန်ပြောဖို့ နေနေသာသာ အိမ်ပြန်ရောက်ရင် ပက်လက်ကို လန်ပြီး မီသားစုကိုတောင် စကားကောင်းကောင်း မပြောနိုင်ပါဘူးဆရာအော်ရယ်”

“အေးလေ အဲဒီလိုဆိုတော့လည်း အထူး အမြန်ကုဂျီးတွေခမျာ သနားစရာပါလား”

“ဒါနဲ့…ဖွတ်ကလေး ဆရာဝန်ဂျီးတွေအကြောင်းရေးတာ မင်းက ဘာလို့များ ဒေါသူပုန်ထနေရတာလည်း”

“ဒီ ဆရာဝန်ဂျီးတွေက ကျွန်တော့ရဲ့  ကျေးဇူးရှင်တွေ ဆရာအော်ရဲ့ ၊ သူတို့ အပြင်ဆေးခန်းကနေ ယုန်ကန်ဆေးရုံကြီးကို လွှတ်တဲ့ ချစ်ကေ့စ် လူနာတွေဆိုရင် ကျွန်တော့ကို လက်ဘက်ရည်ဖိုး ကောင်းကောင်းပေးတယ်လေ”

“မင်းကလည်း မသထာရေစာတွေပါကွာ၊ ကြည့်လည်းလုပ်ဦး၊ လက်ဘက်ရည်နင်နေဦးမယ်”

“ဖွဘုတ်မှာလည်း ဆရာဝန်လေးတွေက သူတို့ဆရာဂျီးတွေအတွက် အတော်မခံနိုင်လို့ စေတနာရှင်ကို မေတ္တာပို့သထားကြတယ်လေ ဆရာအော်”

“မင်းလိုပဲနေမှာပေါ့ကွာ၊ အလုပ်မရှိ၊ လူနာမရှိ ဆရာဝန်လေးတွေ များတယ်ထင်ပါတယ်၊ တို့ခက်သေးရွာမှာ ဆရာဝန်တွေ အများကြီး ထုတ်လုပ်ထားပြီး အလုပ်မှ မပေးနိုင်တာ”

“စေတနာရှင်ဆိုတဲ့သုကိုတော့ ငါသဘောကျသား”

ထိုအခိုက်တွင် မီးဖိုချောင်ထဲမှထွက်လာသော ဒေါ်အွန်မေးက နားစွန်စားဖျားကြားသွားပြီး

“ကိုအော်….၊ဆရာဝန်တွေက ဆရာဝန်အလုပ် ရရ၊ မရရ လုပ်စရာတွေက အများကြီး၊ စာရေးဆရာ၊ သီချင်းအဆိုတော်၊ မော်ဒယ်၊ ဂျာနယ်တိုက်ပိုင်ရှင်၊ ဆေးရုံဆေးခန်းပိုင်၊ ဆေးကုမ္ဗဏီ၊ ရွှေဆိုင် အမျိုးမျိုး လုပ်စရာတွေက တစ်ပုံကြီးပဲ၊ ရှင့်ကိုယ်ရှင် ပြန်ကြည့်ဦး၊ အထူးအမြန်ကုဂျီးတွေကို လျှောက်ဝေဖန်မနေနဲ့၊ ရှင်တစ်နေကုန်လုပ်ရင်တောင် သူတို့ လူနာတစ်ယောက်ကြည့်စာ ရှာနိုင်တာ မဟုတ်ဘူး၊”

အီကြာအော်လည်း ထုံးစံအတိုင်း စကားနည်း ရန်စဲဟူသော ထုံးကို နှလုံးမူ၍ ဘာမှပြန်ပြောမနေတော့ပဲ တစ်နေ့လျှင်ထုပ်ခ ကျပ် ၃၀၀၀ နှုန်းဖြင့် ထုတ်လုပ်သူတစ်ဦးထံမှ လက်ခံထားသည့် ထုပ်လက်စ ဇီးထုပ် အပုံကြီးကိုသာ ဖွတ်ကလေးကို မျက်စပြစ်ပြကာ ပုခုံးတွန့်လိုက်လေသည်။

ဒေါ်အွန်မေးက ထပ်၍ ချီးကြူးထောမနာ ပြုလိုက်ပြန်သည်။

“ရှင်တို့ ဆရာတပည့် နှစ်ယောက်ကတော့ အထူးအလွန် လေပေါသူတွေလို့ နာမည်ပေးရင် ကောင်းမယ်ထင်တယ်”

ထိုအခါတွင် ဖွတ်ကလေး တစ်ယောက်လည်း သူ့အလုပ်ရှိရာ ယုန်ကန်ဆေးရုံကြီးဘက်သို့

ကြောက်အားလန့်အားဖြင့် အထူးအမြန် ထွက်ပြေးလေတော့သတည်း။         ။

သဗ္ဗေသတ္တာကမ္မသကာ

Comments