မေဒိနီဆရာတော် တလပြည့် ပူဇော် (ABMA News)



ခရစ်သက္ကရာဇ် ၁၉၉၀ - ပြည့်နှစ် - န.၀.တ. လက်ထက်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ရာ၌ ရန်ကုန်တိုင်းတွင် ဦးဆောင် ဆရာတော်တပါးအဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့သောကြောင့် တိပိဋက ဆရာတော် အပါအဝင် သံဃာတော်များနှင့် အတူ ၁၉၉၀ - ခုနှစ်မှ ၁၉၉၃ - ခုနှစ်အထိ (၃) နှစ်နီးပါး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသော၊ ၁၉၉၆-ခုနှစ်မှ စတင်၍ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်၌ ရတ္တညူ မဟာနာယကအဖြစ် သီတင်းသုံးနေထိုင်လျက် ၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၌ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်အား မြောက်ဥက္ကလာပမြို့နယ်၌ ဦးဆောင် သံဃာဟု ယူဆ၍ စစ်အစိုးရမှ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးသောကြောင့် ၂၀၀၇- ခုနှစ်မှ စတင်၍ ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် အတွင်းရှိ တပည့်သံဃာများထံ လှည့်လည် သီတင်းသုံး နေထိုင်တော်မူသော ဆရာတော် ဘဒ္ဒန္တ ဉာဏ၀ံသ သည် ၁၃၇၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၂) ရက် ၉.၃.၂၀၁၃  စနေနေ့ ညနေ(၄း၄၁) နာရီအချိန်တွင် ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ၉.၄.၂၀၁၃ နေ့တွင် ဆရာတော် ပျံလွန်ခြင်း (၁) လပြည့် အခမ်းအနားအား မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အပါအ၀င် ရွှေဝါရောင် သံဃာတော်များ ကြွရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နံနက် ၉း၀၀ နာရီတွင် စတင်ခဲ့ပြီး နံနက် ၁၁း၃၀ တွင် အောင်မြင်စွာ အဆုံးသတ် ရုတ်သိမ်းခဲ့ပါသည်။
ဆရာတော် လောင်းလျာသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ၀မ်းဘဲအင်းကျေးရွာ၌ ကောဇာသက္ကရာဇ်  ၁၂၉၃ ခုနှစ် ကဆုန်လဆန်း(၁၄) ရက်နေ့တွင် ဖခမည်းတော် ဥိးဘိုးချစ် + မယ်တော် ဒေါ်ငွေစိန် တို့မှ ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။
၁၃၀၄- နှစ်တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရိယ ကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၁၁ နှစ် အရွယ် ရှင်သာမဏေ ဘဝမှ စတင်၍ အစိုးရ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကု နှစ်ချင်းပေါက် အောင်မြင်ပြီး ရှင်သာမဏေ အကျော်၊ ၀ိနယဝိသာရဒအကျော် ဘွဲ့ တံဆိပ်တော်များကို ရှင်သာမဏေ ဘ၀နှင့်ပင် ထူးချွန်စွာ ရရှိအောင်မြင်ခဲ့ပါသည်။
၁၃၀၉- ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ အာဠာရ သည် ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီ ကျောင်းတိုက် တည်ထောင်ရာ၌ ဆရာတော်(၁)ပါး၊ ရဟန်း(၁)ပါး၊ သာမဏေ(၁)ပါး၊ ကျောင်းသား(၁)ယောက် (၁-၁-၁-၁-) ဖြင့်တည်ထောင်ရာတွင် ရှင်သာမဏေအဖြစ်ဖြင့် ပါဝင်ခဲ့ပါသည်။ ၁၃၁၃ -ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့တွင် မူလကျောက်ကုန်းတောရ မေဒိနီ တည်ထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တ အာဠာရ ကို ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သော ရဟန်းဘ၀သို့ တက်လှမ်းခဲ့ပါသည်။
ဆရာတော်သည် ညောင်လေးပင်မြို့ တောရကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယ၊ ကျောက်ကုန်းတောရ မေဒိနီ ဆရာတော် ဘဒ္ဒန္တ အာဠာရ (အဂ္ဂမဟာပဏိတ) စသော မြန်မာပြည် အရပ်ရပ်ရှိ ကျမ်းတတ်အကျော်အမော် ဆရာတော်ကြီးများထံ စာပေများ သင်ကြား၍။
၁၃၁၀-ခုနှစ်  ရှင်သာမဏေအကျော်
၁၃၁၀-ခုနှစ်   ၀ိနယ၀ိသာရဒအကျော်
၁၃၁၆-ခုနှစ်   သာသနဓဇဓမ္မာစရိယ
၁၃၁၆-ခုနှစ်   ၀ိနယာဓိကသီရိပ၀ရဓမ္မာစရိယ
၁၃၁၇-ခုနှစ်   သာသနဓဇသီရိပရဓမ္မာစရိယ
၁၃၁၈-ခုနှစ်   အင်္ဂုတ္တရနိကာယပါဠိပါရဂူ
၁၃၁၈-ခုနှစ်    ဗုဒ္ဓသာသန၀ိသိဋ္ဌဒီဃဘာဏက
၁၃၂၃-ခုနှစ်    ဒီဃနိကာယဘာဏကဂမ္ဘီရဉာဏ
၁၃၂၆-ခုနှစ်    ဗုဒ္ဓသာသနဒီဃနိဏာယ ကောဝိဒ စသော ဘွဲ့တံဆိပ်တော်များ ရယူနိုင်ခဲ့ပါသည်။
၁၃၂၈-ခုနှစ်တွင် မူလ ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကို တည်ထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တ အာဠာရ သည် “ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကို တည်ထောင်ခဲ့တာ ဦးဉာဏ၀ံသ အတွက် တည်ထောင်ခဲ့တာဟု” အတိအလင်း မိန့်ကြားပြီး ဆရာတော် ဦးဉာဏ၀ံသကို ကျောင်းတိုက် ၀န်ဆောင် နာယကအဖြစ်ဖြင့်ခန့်အပ် တာဝန်ပေးခဲ့ပါသည်။
နာယကတာဝန် ယူပြီးသည့်နောက် ကျောက်ကုန်းတောရ မေဒိနီကျောင်းတိုက်ကြီးကို ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်း ဓမ္မာစရိယတန်း စာသင်သားသံဃာ (၂၀၀) ကျော် ဖြစ်အောင် ပဓာန နာယက ဆရာတော်အဖြစ် တာဝန်ယူ စီမံအုပ်ချုပ်ပြီး သာသနာရေး ၀န်ကြီးဌာနမှ ကျင်းပသော ပထမပြန်စာမေးပွဲ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း တို့၏ ပုစ္ဆကတာဝန်၊ ဓမ္မာစရိယတန်း၏ ပုစ္ဆာကတာဝန်၊ ပါဠိပါရဂူ ပုစ္ဆကတာဝန်၊ တိပိဋ္ဋက စာမေးပွဲ ပုစ္ဆကတာဝန်များနှင့် နိုင်ငံတော် သံဃသမ္မုတိ သံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ သြ၀ါဒါစရိယတာဝန်၊ ရွှေကျင် ဂိုဏ်လုံးဝန်ဆောင် နာယက တာဝန်များကို ထမ်းဆောင်ရင်း ခရစ်သက္ကရာဇ် ၁၉၉၀ - ပြည့်နှစ် န.၀.တ. လက်ထက်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ရာ၌ ဆရာတော်သည် ရန်ကုန်တိုင်းတွင် ဦးဆောင် ဆရာတော်အဖြစ် ပါဝင် လက်မှတ် ရေးထိုးခဲ့သည့်အတွက် တိပိဋကဆရာတော်နှင့် အခြား သံဃာတော်များနှင့်အတူ ၁၉၉၀ - ခုနှစ်မှ ၁၉၉၃ - ခုနှစ်အထိ(၃) နှစ်နီးပါး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရပါသည်။ ၁၉၉၃-ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာသောအခါ အထိန်းသိမ်းခံရသော ဆရာတော်များသည် မိမိ၏ မူလ သီတင်းသုံးသော ကျောင်းများတွင် သီတင်းသုံးနိုင်ပါသော်လည်း ဆရာတော် ဦးဉာဏ၀ံသ သည် လက်ရှိ ကျောင်းတိုက်အတွင်းရှိ တပည့် စာချဆရာတော်များမှ န.၀.တ၊ န.အ.ဖ. ဟု ခေါ်ဆိုသော စစ်အစိုးရများနှင့် ပူးပေါင်း၍ ဆရာတော် ဦးဉာဏ၀ံသ အား နိုင်ငံတော်ဆန့်ကျင်သည့် ဆရာတော်ဖြစ်သည့်အတွက် ကျောင်းတိုက်မှ လက်မခံနိုင်ပါ ဟု  ပြောဆို၍ (မိမိကိုယ်တိုင် တည်ထောင်ခဲ့သော ကျောင်းတိုက်ကို) တပည့် စာချပုဂ္ဂိုလ်များက မတရားသဖြင့် အဓမ္မ လုယူ သိမ်းပိုက်ခဲ့သောကြောင့် ဆရာတော်သည် မိမိ၏ တပည့်သံဃာများ၏ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ခဲ့ရပါသည်။
ဆရာတော်သည် ၁၉၉၆-ခုနှစ်မှ စတင်၍ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်၌ ရတ္တညူ မဟာနာယကအဖြစ် သီတင်းသုံးနေထိုင်လျက် ၂၀၀၇- ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၌ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်(မိမိ)ကို မြောက်ဥက္ကလာပမြို့နယ်၌ ဦးဆောင်သံဃာဟု ယူဆ၍ စစ်အစိုးရမှ ပဏိစ္စာရာမ ပရိယတ္တိကျောင်းတိုက်ကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးသောကြောင့် ဆရာတော်သည် “မိမိကြောင့် တပည့်သံဃာများ ရှာဖွေမေးမြန်းဖမ်းဆီး ထိန်းသိမ်းခံရသည့်အတွက် စိတ်မကောင်းသဖြင့်” ၂၀၀၇- ခုနှစ်မှ စတင်၍ ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် အတွင်းရှိ တပည့်သံဃာများထံ လှည့်လည် သီတင်းသုံးနေထိုင်ရင်း ၁၃၇၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၂) ရက် ၉.၃.၂၀၁၃  စနေနေ့ ညနေ(၄း၄၁) နာရီအချိန်တွင် ကရင်ပြည်နယ် ကော့ကရိပ်မြို့နယ် နဘူးကျေးရွာ အောင်သိဒ္ဓိကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
-- 
ထွန်းအောင်(ABMA)
အနန္တဂုဏ်အင် ကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တ ဉာဏ၀ံသ ၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်

Comments