Than Win Hlaing - Y.M.B.A Sayar Tin


သမိုင်းတကွေ့မှ ၀ိုင်အမ်ဘီဆရာတင်
သန်းဝင်းလှိုင်
ဧပြီ ၂၅၊ ၂၀၁၃



လွတ်လပ်ရေးတိုက်ပွဲဝင်အမျိုးသားစိတ်၊ မျိုးချစ်စိတ်ကို တပ်လှန့်နှိုးဆော်ခဲ့သည့် `တို့ဗမာသီချင်း´ ကို ရေးစပ်သီကုံးခဲ့သော အမျိုးသားဂီတစာဆို ၀ိုင်အမ်ဘီဆရာတင်ကို မန္တလေးမြို့ ရွှေဘုန်းရှိန် (မင်းသားစု) ရပ်၌ ၁၈၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ သီပေါမင်းလက်ထက် သွေးသောက်တော်ကြီးဟောင်း ဦးရန်အောင်နှင့် ဒေါ်သိန်းတို့ ဖြစ်သည်။ မွေးချင်းသုံးဦး အနက် ဒုတိယသားဖြစ်သည်။ မောင်တင်၏ အစ်မကြီးမှာ မမိဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။

မောင်တင် အသက် ၆ နှစ်သားအရွယ်တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟ (B.T.N) ကျောင်း၌ ပညာသင်ယူခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီး မှာ ဦးထွန်းရှိန် (နောင် ဖေ၊ ပု၊ ရှိန် ကိုယ်စားလှယ်အဖွဲ့ဝင်) ဖြစ်ရာ မောင်တင်သည် ငယ်စဉ်ကပင် မျိုးချစ်စိတ် သန္ဓေတည်ခဲ့သည်။ မကြာမီ မိဘများက အင်္ဂလိပ်စာပါ တတ်မြောက်စေလိုသဖြင့် ကယ်လီကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးစေခဲ့သည်။

၁၉၀၈ ခုနှစ် ၀န်းကျင်၌ မြန်မာတို့ မျိုးချစ်စိတ်ဓာတ်နိုးကြားတက်ကြွလာပြီး ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓကလျာဏယုဝအသင်းကြီး ထူထောင်ချိန်တွင် မောင်တင်မှာ ကိုးတန်းကျောင်းသားအရွယ်သို့ ရောက်နေပြီဖြစ်သည်။ ၁၉၀၉ ခုနှစ် အသက် ၁၇ နှစ် အရွယ်တွင် မောင်တင်သည် ဟိုက်စကူးဖိုင်နယ် စာမေးပွဲအောင်မြင်ခဲ့သည်။

ကိုတင်သည် ဟိုက်စကူးဖိုင်နယ်အောင်မြင်ပြီးနောက် အမ်ဘီတီ (M.B.T) အလွတ်ပညာသင်ကျောင်း၌ ကျောင်းဆရာ ၀င်လုပ်ခဲ့သည်။ ဆရာတင်သည် ငယ်စဉ်ကပင် ဂီတ၀ါသနာပါသူဖြစ်သောကြောင့် စာသင်ချိန်ပြီးလျှင် လက်ဆွဲဘာဂျာတီးမှုတ်နေတတ်သည်။ လက်ဆွဲဘာဂျာကိုလည်း ကျွမ်းကျင်စွာတီးဆွဲနိုင်သည်။ လက်ဆွဲဘာဂျာဖြင့် သီချင်းရေးစပ်ရာ၌ သံစဉ်ရှာခဲ့သည်။

မကြာမီ တပည့်များက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် မန္တလေးမြို့ ၈၄ လမ်း နှင့် ၃၆ လမ်းထောင့်၌ ဗုဒ္ဓဘာသာလူငယ်များ (Young Men’s Buddhist) အင်္ဂလိပ်အလွတ်ပညာသင်ကျောင်းကို ၁၉၁၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းကျောင်းကို အတိုကောက်အားဖြင့် ၀ိုင်အမ်ဘီ (Y.M.B) ခေါ်ရာမှ ဆရာတင်ကိုလည်း ၀ိုင်အမ်ဘီဆရာတင်ဟု အများက ခေါ်ဝေါ်ခဲ့ကြသည်။ အဆိုပါကျောင်းသည် စတင်ဖွင့်လှစ် စဉ်က ကျောင်းသာ ၁၀ ဦးသာ ရှိခဲ့သော်လည်း သုံးလေးလ အကြာ၌ ကျောင်းသား ၅၀ အထိ တိုးတက်လာခဲ့သည်။ မန္တလေးသာမက အခြားမြို့ကြီးများမှ ကျောင်းသားများပါ လာရောက်ပညာသင်ယူခဲ့ကြသည်။ ဆရာတင်သည် သူ၏ ကျောင်းကို သုံးခါရွှေ့ပြောင်းဖွင့်လှစ်ခဲ့ရာ ၁၀ နှစ် ခန့် ကြာမြင့်ခဲ့သည်။

ဆရာတင်သည် စာပေဗဟုသုတ လေ့လာလိုက်စားလေ့ရှိပြီး၊ တခါတရံ ဘိလိယက်သွားထိုးနေတတ်သည်။ မိဘများကွယ်လွန်သွား ကြပြီးနောက် ဆရာတင်သည် မသီတာဆိုသူ တခုလပ်အမျိုးသမီးနှင့် လက်ဆက်ခဲ့သည်။ ဆရာတင်သည် မသီတာနှင့် သားသမီးမထွန်းကားခဲ့ ဘဲ ဇနီးသည်မှ ပါလာသည့် သားမောင်တေနောင်မှာလည်း အသက် ၁၄ နှစ် အရွယ်တိမ်းပါးသွားခဲ့လေသည်။
ဆရာတင်သည် ၀ိုင်အမ်ဘီအလွတ်ပညာသင်ကျောင်းကို ထူထောင်ပြီး မကြာမီတွင် ၀ိုင်အမ်ဘီတီးဝိုင်းကို တည်ထောင်ခဲ့သည်။ ယင်းဂီတ၀ိုင်းကို စန္ဒရားကိုဘသော်၊ တယောကိုဘကြွေနှင့် ကိုဘကြူ၊ ဂီတာကိုဘ၀င်း၊ ဘင်ဂျို ကိုဖူး၊ တာပလာကိုသက်ရှည်၊ အဆိုကိုဘငြိမ်း၊ ကိုဘိုးဖေ၊ ကိုအောင်ခိုင်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဆရာတင်သည် နေ့ဘက်တွင် သီချင်းရေးဖွဲ့ပြီး ညဘက်၌ စာသင်သည်။

ကျောင်းဆရာဘ၀တွင် ပထမဆုံးရေးစပ်သီကုံးခဲ့သော သီချင်းမှာ `အာကာသဇိုး´ ဖြစ်သည်။ အဆိုပါသီချင်းကို အငြိမ့်မင်းသမီး မြခြေကျင်း မငွေမြိုင်ကို သီဆိုစေရာ လူကြိုက်များထင်ပေါ်ကျော်ကြားလာခဲ့သည်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၈) အထိမ်းအမှတ် မန္တလေးမြို့ ဥပုသ်တော်ကုန်းတွင် ကျင်းပသောအခါ ဆရာတင်ရေးစပ်သည့် `ပထမကမ္ဘာစစ်´ သီချင်းကို မငွေမြိုင်အား သီဆိုစေရာ စစ်သားများအားလုံး မတ်တပ်ရပ်ပြီး အလေးပြုခဲ့ကြသည်။ ထို့နောက် မင်းသမီး ဥသြမယ်တင်အတွက် `ဟေမာန်တွင်း´ သီချင်း၊ ဥက္ကလာအေးကြည်အတွက် `ရွှေနွယ်ရိုး´ သီချင်း စသည်တို့ ရေးဖွဲ့ပေးခဲ့သည်။

၁၉၂၇ ခုနှစ်တွင် ဆရာတင်သည် ၀ံသာနုသီချင်းများကို စတင်ရေးဖွဲ့ကာ အငြိမ့်မင်းသမီး အဝေရာကြည်၊ ပျော်တော်ဆက် မတင်အောင်၊ ယုဇန ခင်သန်းကြည်၊ မင်္ဂလာအုန်းကြင်၊ ဂီတမယ် လှလေးစိန် တို့အား သီဆိုစေခဲ့သည်။

၁၉၂၈ ခုနှစ်တွင် ၀ိုင်အမ်ဘီတီးဝိုင်းအဖွဲ့ဝင် ဦးဘသိန်းက ရုပ်ရှင်ကုမ္ပဏီ ထောင်ကာ `ဗိုလ်ဆင်တောင်´ ဇာတ်ကားရိုက်ကူးခဲ့ရာ ၀ိုင်အမ်ဘီဆရာတင်က ဇာတ်ညွှန်းနှင့် ဒါရိုက်တာအပြင် ဇာတ်ဝင်သီချင်းများကိုပါ ရေးစပ်ပေးခဲ့သည်။ ကယားပြည်နယ်၌ မင်းသား ဘသိန်း၊ မင်းသမီး မစောတင်နှင့် ရိုက်ကူးခဲ့သည်။ မန္တလေးသို့ ပြန်လာစဉ် ဇနီး ဒေါ်သီတာနှင့် အကြောင်းမတိုက်ဆိုင်ဘဲ ကွာရှင်းပြတ်စဲခဲ့ကြသည်။ သို့ဖြင့် မန္တလေးမှ ရန်ကုန်သို့ တိတ်တဆိတ် ထွက်ခွာကာ လန်ဒန်အတ်ဦးအုန်းမောင်ထံ၌ ရုပ်ရှင်သီချင်းများ ရေးစပ်ကာ နေထိုင်ခဲ့သည်။ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီနှင့် မြန်မာအဆွေရုပ်ရှင်ကုမ္ပဏီတို့အတွက်လည်း သီချင်းများ ရေးပေးခဲ့သည်။
ဆရာတင်သည် ရန်ကုန်မြို့၌ နေထိုင်စဉ်အတွင်း မန္တလေးဗုဒ္ဓဘာသာအထက်တန်းကျောင်းတွင် ရင်းနှီးခဲ့သော မိတ်ဆွေဟောင်း သခင်ဘသောင်း နှင့်ပြန်လည် တွေ့ဆုံရာမှ မူလဓါတ်ခံ မျိုးချစ်စိတ်ဓါတ်မှာ ပြန်လည်နိုးကြားလာခဲ့သည်။ ဤသို့ဖြင့် `တကောင်းအဘိရာဇာ´ အစချီ တို့ဗမာသီချင်းများကို ၁၉၂၉ ခုနှစ် ခန့်တွင် ရေးဖွဲ့သီကုံးပေးခဲ့သည်။ သခင်ဘသောင်းက လိုအပ်သည့်အချက်အလက်များကို ဖြည့်စွက်၍ အကြံဥာဏ်များပေးခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ တွင် သခင်ဘသောင်းသည် တို့ဗမာအစည်းအရုံး ဗဟန်းရပ်၌ တည်ထောင်သောအခါ ဆရာတင်လည်း သခင်အစည်းအရုံးသို့ဝင်ရောက်ခဲ့ရာမှ ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာခဲ့သည်။

ထို့နောက် ၁၉၃၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ၀ိုင်အမ်ဘီဆရာတင်ရေးစပ်ခဲ့သည့် တို့ဗမာသီချင်းရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယနှင့် စာဖတ်ခန်းမတွင် ဧည့်ပရိသတ်အခမ်းအနားဖြင့် ပထမဆုံး သီဆိုခဲ့သည်။ အဆိုပါသီချင်းကိုပင် နောက်တနေ့ ဇူလိုင် ၂၀ ရက်တွင် လူထုပရိသတ်တောင်းဆိုမှုကြောင့် ရွှေတိဂုံစေတီတော်ရှိ ရာဟုထောင့်ရှိ ဦစံထွန်းဒေါ်နှစ် ဇရပ်၌ လူထုအခမ်းအနားဖြင့် သီဆိုပေးခဲ့ပြန်သည်။ သီချင်းဆိုသည့်အခမ်းအနား၌ တို့ဗမာသီချင်းစာသားစာရွက်တစ်စောင်လျှင် တစ်ပဲဖြင့် ရောင်းချရာ ရောင်းမလောက် ဖြစ်ခဲ့ရသည်။

တို့ဗမာသီချင်း နာမည်ကြီးလာသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းဆရာ ဦးသန့် (နောင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) တို့က ဖိတ်ကြားသဖြင့် ၀ိုင်အမ်ဘီဆရာတင်နှင့် အဖွဲ့က တို့ဗမာသီချင်းသွားရောက် ဆိုပြခဲ့ကြသည်။ အဆိုပါ တို့ဗမာသီချင်းကို နောက်ပိုင်းတွင် ဓာတ်ပြားသွင်းခဲ့ရာ နိုင်ငံတ၀ှမ်းပျံ့နှံ့သွားခဲ့သည်။

ဝိုင်အမ်ဘီဆရာတင်ရေးစပ်၍ ကိုယ်တိုင်သီဆိုခဲ့သော တို့ဗမာသီချင်းစာသားမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ တကောင်းအဘိရာဇာ တို့ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ယိုးဒယားနဲ့ကုလားကိုပါ တိုက်ခိုက်ခဲ့တာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတစ်လှည့်ကြုံရ၊ ထုံးနဲ့မသွေ လောကဓမ္မတာပေ၊ ငါတို့ကံခေဖြစ်ရပြန်သလေ၊ သို့သော် အရင်းကို စစ်လျှင် ဗမာပြည်… ငါတို့ပြည်။

နောင် ဥဒါန်းဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်က ကမ္ဘာတစ်ခွင်လုံးမှာဖြင့် ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ တို့ဗမာ မဟုတ်လေသလား၊ (တို့ဗမာ ငါတို့ဗမာ)၂ (ဒါ ငါတို့ဗမာ )၂ အားလုံးညီညီယောက်ျားဘသား တို့ဗမာ နောင်လာနောင်သား ကောင်းစာဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြည် တို့ဗမာဖို့ပါ။ သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ ဇာမဏီသွေးတို့ဗမာ။

၂။ သံပြိုင် (ကမ္ဘာမကြေ ဗမာတွေ ဒါ ဒို့ပြည် ဒါ ဒို့ပြည် ဒါ ငါတို့ပြည်)၂ (တို့ဗမာ)၂ ပြည်ကို တိုင်းရင်းသား အကုန်အစင် တို့ပြည်လို့ မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင်။

၃။  (သြော်…. အမျိုးသားရေး ကြိုးပမ်းကြပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ သြော်…. အမျိုးသားရေး အားပေးကြပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ အရှေ့က နေ၀န်းထွက်သည့်ပမာပ တို့ခေတ်ကိုသာ ရောက်ရတော့မှာ မလွဲပါ။ တို့ဗမာ ဟေ့ တို့ဗမာ၊ ဗမာပြည်တ၀ှမ်း အကုန် ဒို့ အိမ်မှတ်ပါ တို့ဟာ မှတ်ပါ၊ အဲဒါ တို့ဗမာ)၂

၎။ သံပြိုင် (ကမ၁ဘာမကြေ တို့ဗမာပြည်)

ဤသို့ဖြင့် တို့ဗမာသီချင်းသည် လူသိများကျော်ကြားလာပြီးနောက် ၁၉၃၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြည်မြို့၌ ကျင်းပသောဒုတိယအကြိမ် မြောက် နှစ်ပတ်လည်ညီလာခံတွင် တို့ဗမာသီချင်းကို အမျိုးသားသီချင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ယင်းနောက် ၁၉၃၈ တွင် မြင်းခြံနှစ်ကျိပ်ရှစ်ဆူလှည့်လည်ပွဲ၌ နဂါးနက်ယိမ်းအဖွဲ့အတွက် ဆရာတင်က `ရွှေကိုယူသည်၊ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်ပါသည်´ စသည့် စာသားများပါ တေးသီချင်းကို ရေးဖွဲ့သီကုံးပေးခဲ့ရာမြင်းခြံရာဇဝတ်ဝန်၏ တားမြစ်ခြင်းကို ခံခဲ့ရသည်။ ယိမ်းအဖွဲ့ခေါင်းဆောင်မှာ ၆ လ အကျဉ်းချခံထားခဲ့ရရာ ဆရာတင်သည် များစွာစိတ်မကောင်း ဖြစ်ခဲ့ရသည်။

ခေတ်အပြောင်းအလဲတွင် ၀ိုင်အမ်ဘီဆရာတင်သည် ဆည်ဝန်ထောက်လှေသင်းမောင်မောင် (လှေသင်းအတွင်းဝန်မင်း ဦးရွှေမောင်၏ သား) လက်အောက်၌ ဆည်မြောင်းအင်စပက်တော်ဝင်လုပ်သည်။ ဆရာတင်သည် အလုပ်တွင် ဟန်ပြပြီး မြေအောက်ဖက်ဆစ်ဂျ ပန်တော်လှန်ရေး လုပ်နေခြင်းဖြစ်သည်။ ၁၉၄၅ ခုနှစ် မတ်လအတွင်း အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးဗထူး၏ မြန်မာ့တပ်မတော်နှင့် မဟာမိတ်တို့အကြား ဆရာတင်သည် ဆက်သွယ်ရေးတာဝန်ခံဖြစ်သည်။ ယင်းနောက် စစ်ကြီးပြီးချိန်တွင် တပည့်မောင်ဖူးအိမ်တွင် အတူနေထိုင်ခဲ့သည်။

ဆရာတင်သည် တပည့်မောင်ဖူးအား အလွန်ချစ်ခင်ရှာသည်။ တခါတရံ ဆရာတပည့်နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များပြောဆိုနေတတ်ကြ၏။ ၀ိုင်အမ်ဘီဆရာတင်ရေးစပ်သီကုံးခဲ့သော တို့ဗမာသီချင်းကို အခြေခံလျက် `တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ၊တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ´ ဟူသော ခြေဆင်းပိုဒ်နှင့် တေးသွားနှင့်စာသားကို မှီး၍ `ကမ္ဘာမကြေ မြန်မာပြည်´ စာသားဖြည့်သွင်း၍ နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

ဆရာတင်ရေးစပ်ခဲ့သော သီချင်းများစွာအနက် လူသိများသည့် သီချင်းအချို့မှာ-
၁။ အာကာသဇိုး  (မငွေမြိုင်ဆို)
၂။ ပထမကမ္ဘာစစ်အောင် (မငွေမြိုင်ဆို)
၃။ ဒို့ဗမာသီချင်း  (ဆရာတင်ကိုယ်တိုင်ဆို၍ ဓာတ်ပြားသွင်းခဲ့)
၎။ အမျိုးသားသီချင်း (၁၉၄၈ ခုနှစ်) ဆရာတင်၏ ဒို့ဗမာသီချင်းအသွားကို တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ အစချီသော
ဆီလျော်သော စာသားသွင်းခဲ့သည်။)
၅။ မိုးဒူးနဲ့တိုက်  (ဆရာတင်ကိုယ်တိုင်သီဆို၍ ဓာတ်ပြားသွင်းခဲ့)
၆။ သခင်သီချင်း
၇။ မော်တော်ကားသီချင်း (မြန်မာညွန့်အဖွဲ့ မင်းသမီးတလိုင်းမမြကျင်ဆို)
၈။ အုံ့ပုန်းချစ်  (၀င်းဦးပြန်လည်သီဆိုသည်)
၉။ အချစ်၏ ကျေးကျွန်
၁၀။ လက်ရုံးစစ်ချီ
၁၁။ ၀ံသာနု  (လူရွှင်တော်ကြီးဦးချစ်ဖွယ်ဆို)
၁၂။ မီးတုတ်  (လူရွှင်တော်ကြီးဦးချစ်ဖွယ်ဆို)
၁၃။ အောင်တော်မူ
၁၄။ ရွှေနွယ်ရိုး
၁၅။ လူကလေး
၁၆။ ဦးအောင်ဇေယျ
၁၇။ မယ့်ဖူးစာ
၁၈။ ပလုတ်တုတ်တုတ်
၁၉။ ပါးချိုင့်လေး   (စစ်ကြိုခေတ်က တက္ကသိုလ်ဖေသန်းဆိုခဲ့ပြီးဝင်းဦးပြန်လည်ဆို)
၂၀။ တောင်သူလယ်သမားသီချင်း
၂၁။ နှစ်ပါးသွားသီချင်း (ရွှေမန်းတင်မောင်ဇာတ်အဖွဲ့၌ စာရေးဆရာအဖြစ် လုပ်ကိုင်စဉ်အတွင်း ရွှေမန်းတင်မောင်အတွက်
ရေးစပ်ခဲ့သောသီချင်း) တို့ဖြစ်သည်။

ထို့အပြင် ၀ိုင်အမ်ဘီဆရာတင်သည် ရုပ်ရှင်ဇာတ်ကားအချို့၌လည်း ပါဝင်ရိုက်ခဲ့သေးရာ ၄င်းပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကား
များမှာ-

၁။ တော်မြိုင်လယ် (၁၉၂၄) အသံတိတ်၊ မန္တလေးအောင်ဇေယျရုပ်ရှင်၊ ဒါရိုက်တာ ဦးဘစိန်၊ မင်းသားမောင်မြမောင်၊ မင်းသမီး ဘီဘီ ခေါ် မဘီ၊ ၀ိုင်အမ်ဘီဆရာတင်က Art title Dialogue စကားပြောစာတန်းကို ရေးသားပေးခဲ့သည်။ ထိုစဉ်က အင်္ဂလိပ်-မြန်မာ စာတန်းထိုးကြသည်။

၂။  ဗိုလ်ဆင်တောင် (၁၉၂၈) အသံတိတ်၊ မန္တလေးအောင်ဇေယျရုပ်ရှင်၊ ၀တ္ထု ဇာတ်ညွှန်း ဒါရိုက်တာ ၀ိုင်အမ်ဘီဆရာတင် လူရွှင်တော် အဖြစ် ပါဝင်ခဲ့သည်။

၃။  လွတ်ပြီကျွတ်ပြီ (အသံတိတ်) အေ၀မ်းဖလင်၊ ဒါရိုက်တာ ဦးဘရှင်၊ မင်းသား ကျော်ဆွေ၊ မင်းသမီး မေမြ၊ ၀ိုင်အမ်ဘီဆရာတင် ဇာတ်ရံ။ ယင်းဇာတ်ကားကို ၁၉၄၈ ခုနှစ် မတ်လ ၆ ရက်နေ့တွင် စတင်ပြသခဲ့သည်။)

၎။  ကမ္ဘာမကြေ (အသံတိတ်) အေ၀မ်းဖလင်၊ မင်းသား ခင်မောင်၊ မင်းသမီး မေမြ၊ ချန်ထွန်းကြီး၊ သောကြာ၊ ၀ိုင်အမ်ဘီဆရာတင် (မထင်မရှားဆိုက်ပတ် Side part အဖြစ်ပါဝင်) ယင်းကားသည် ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြသသည်။

သို့ကလို လွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသားဂီတစာဆိုတော်ကြီး ၀ိုင်အမ်ဘီဆရာတင်သည် ရန်နိုင်စိန် ဦးစီးသော ပြဇာတ်အတွက်သီချင်းများသားပေးနေစဉ်အတွင်း မြန်မာ့လွတ်လပ်ရေးရရှိပြီး ၆ လ အကြာ ၁၉၄၈ ခုနှစ် သြဂုတ်လ ၈ ရက် နံနက် ၅ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ပန်းနာရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ `ကိုယ့်မင်းကိုယ့်ချင်းနှင့် နေချင်ပြီဗျာ´ ဟု မကြာခဏပြောလေ့ရှိသော ဆရာတင်သည် လွတ်လပ်ရေးရပြီးနောက်မှ ကွယ်လွန်သွားရာ ၄င်းဆန္ဒပြည့်ဝစွာဖြင့် ဘ၀ကူးကောင်းခဲ့သူဟု ဆိုရပေမည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုဿာန်၌ သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်ပြီး ၂ နှစ်အကြာ ၁၉၅၀ ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့နှစ်ပတ် လည်နေ့တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက်က ဆရာတင်အား ၀ဏ္ဏကျော်ထင်ဘွဲ့ နှင့် ရွှေတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဆရာတင်ကိုယ်စားအစ်မကြီး ဒေါ်မိနှင့် ခင်ပွန်း ဦးလုံး တို့မှ ဖွားမြင်သော တူမ ဒေါ်သက်ရှည်က မျက်ရည်လည်ရွှဲဖြင့် ဆုတက်ယူခဲ့သည်။

ယခုအခါ ဂီတစာဆို ၀ိုင်အမ်ဘီဆရာတင်ရေးသားခဲ့သော သီချင်းများနှင့်ပတ်သက်၍ အမွေဆက်ခံသူအဖြစ် ဒေါ်သက်ရှည်၏သမီးဒေါ်ညွန့်ညွန့်စိန်က တရားဝင်အမွေဆက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို ပြုလုပ်၍ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကချုပ်ဆိုခဲ့သည့် ၀ိုင်အမ်ဘီဆရာတင်ရေးခဲ့သည့် သီချင်းများ မူပိုင်သူအဖြစ် တရားဝင်လွှဲအပ်သော စာချုပ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ မူပိုင်ခွင့်လွှဲအပ်သည့် စာချုပ်၏ သက်သေများအဖြစ် ဆရာဝန်တင်မောင်ကြည်နှင့် ဆရာသိုက်ထွန်းသက်တို့က အသိသက်သေ လက်မှတ်ရေးထိုးကြသည်။


ဝိုင်အမ်ဘီဆရာတင်၏ တရားဝင်အမွေဆက်ခံသူ ဒေါ်ညွန့်ညွန့်စိန်၏ မိသားစုမျိုးရိုးမှာ အောက်ပါအတိုင်းဖြစ်သည်-

ဦးရန်အောင် + ဒေါ်သိန်း

ဆရာတင် (သားသမီးမရှိ)            ဒေါ်မိ (နှမ)

ဒေါ်သက်ရှည်      (မောင်) ဦးဘရီ

ဒေါ်ညွန့်ညွန့်စိန်        သားသမီး မရှိ

သား (၃)၊ သမီး (၁)
(ကိုကျော်ကျော်ထွန်း၊ ကိုမောင်မောင်ထွန်း၊ ကိုဇော်ဇော်ထွန်း၊ မယုယုဖြိုး)

စာကိုး
၁။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမတွဲ၊ ပညာရွှေတောင်စာပေ၊ ၂၀၁၀။
၂။ ရွှေသွေး၊ ၀ိုင်အမ်ဘီဆရာတင်အတ္ထုပ္ပတ္တိ ရန်ကုန်၊ ပင်မရေစီးစာပေ၊ ပထမအကြိမ်၊ ၁၉၆၅။
၃။ ပြည့်စုံ `၀ိုင်အမ်ဘီဆရာတင်´ Northern Star Journal (၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်)

Comments