Min Ko Naing & Ko Ko Gyi - Trip to USA to meet with Burmese Community - their words


မေလတွင် အမေရိကန်သို့လာရောက်မည့် ၈၈မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် (ကို)ကိုကိုကြီးတို့၏ စကား
မိုးမခ၊ ဧပြီ ၂၃၊ ၂၀၁၃
မေလလယ်မှ ဇွန်လလယ်အထိ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ၈၈မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို)ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့၊ ကြိုဆိုနှုတ်ဆက်ကြဖို့ ပြည်နယ်အသီးသီး မြို့နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေက ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်မြို့တော်၊ ဖလော်ရီဒါ၊ ဖို့ဝိန်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ လော့စ်အိန်ဂျလိစ်၊ လပ်စ်ဗေးဂတ်စ်၊ ယူတီကာ စတဲ့ မြို့နယ်တွေက သူတို့ကို ကြိဆိုဖို့ တွေ့ဆုံဖို့ အသီးသီး တက်ကြွစွာ ပြင်ဆင်လျက်ရှိပါတယ်။
မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တဲ့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ထောင်ဒဏ် အနှစ် ၂၀ အနှစ် ၆၀ ကျော် ချမှတ်ခံရတဲ့ နို်င်ငံရေးအကျဉ်းသား၊ ဗကသ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်၊ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ၊ ဘ၀သက်တမ်းတလျောက် မြန်မာပြည်လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် မြုပ်နှံစွန့်လွှတ် တော်လှန်တိုက်ပွဲဝင်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ထင်ရှားတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ၈၈မျိုးဆက်ဟောင်းတွေ နဲ့ ၈၈နောက်ပိုင်း မျိုးဆက်သစ်တွေ အားလုံးက တွေ့ဆုံဖို့ ပြင်ဆင်နေကြကြောင်းကို ယနေ့နေ့ခင်းမှာ တယ်လီဖုံးမှတဆင့် နှုတ်ဆက်ရင်း သတင်းစကားပါးဖြစ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ အမေရိကန်ပြည်ကို ရောက်ရှိနေထိုင် နေကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေ၊ မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေအတွက် ယခုအချိန် လာရောက်တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ မည်သို့သော နှုတ်ခွန်းဆက်စကား ပြောဆိုလိုပါသလဲလို့ မိုးမခက မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုမင်းကိုနိုင်က ပြောဆိုရာမှာ …
“ကျနော်တို့ကို NED အဖွဲ့က ဖိတ်တယ်။ ပထမအကြိမ် ဆုပေးပွဲဖိတ်တုန်းက ကျနော်တို့ ၈၈တွေကို ပတ်စ်ပို့မပေးဘူး စတာတွေကြောင့် ကျနော်တို့ မသွားဘူး။ အခုတကြိမ်မှာ ထပ်ဖိတ်တော့ ကျနော်တို့ လာဖြစ်တယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ ကျနော်တို့ ကျောင်းသားတွေ ရှိတယ်။ မျိုးဆက်ဟောင်းတွေ၊ မျိုးဆက်သစ်တွေ ရှိတယ်။ မြန်မာကွန်မြူနီတီအားကောင်းတဲ့ ပြည်နယ်တွေ ရှိနေတယ်။ အဲသည်မှာ မြန်မာပြည်နယ်စပ်က ဒုက္ခသည်စခန်းတွေက မွေးဖွားလာတဲ့ မျိုးဆက်တွေ ရှိတယ်။ သူတို့တွေက အစ ကျနော်တို့နဲ့ တွေ့ဖို့ စိတ်အားထက်သန်နေကြတယ်။ ကျနော်တို့ မျိုးဆက်တွေ အချင်းချင်းကတော့ ရှေ့သွားမယ်အလုပ်ကို တိုင်ပင်ကြမယ်။ နောင်မျိုးဆက်ကို ပေးရမှာကတော့ ကျနော်တို့အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ပြောပြမယ်။ သူတို့ဆီကတော့ သူတို့အပြင်မှာ နေရတဲ့ ဘ၀တွေ၊ သင်ရတဲ့ ပညာတွေကို ကျနော်တို့က ပြန်ယူရမှာပေါ့။ နားထောင်ရမှာပေါ့။ ပြီးတော့ သူတို့ သိထားတဲ့ အသိပညာတွေနဲ့ ပြည်တွင်းမှာ ဘယ်လောက် အလုပ်လုပ်လို့ရမလဲဆိုတာကို ကျနော်တို့ သိထားတဲ့ အခြေအနေနဲ့ ပြန်ပြောပြရမှာပေါ့။ ကျနော်တို့ ကွန်မြူနီတီတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းလုပ်ကြမယ်၊ ၀ိုင်းပြီး တိုင်ပင်ဆွေးဆွေးကြမယ်ပေါ့ဗျာ။”
လို့ ပြောသွားပါတယ်။
ကိုကိုကြီးက ပြောဆိုရာမှာ …
“ ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာပြည်ကနေ ထွက်ခွာသွားရတဲ့ ကျနော်တို့ မိတ်ဆွေတွေ၊ မျိုးဆက်တွေနဲ့ ပြန်လည် ဆုံတွေ့ရမှာဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ စိတ်လှုပ်ရှားတယ်။ နောက်ပြီးတော့ ၈၈ မတိုင်ခင်ကတည်း ထွက်ခွာသွားတဲ့ မျိုးဆက်တွေနဲ့လည်း တွေ့ဆုံကြရမယ်လို့ မျှော်လင့်တယ်။ လက်ရှိမှာ ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း တကယ်ကို ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့တွက် လိုအပ်နေတယ်။ ပြည်တွင်းမှာသာမက ပြည်ပက အင်အားစုတွေကပါ အဖက်ဖက်ကနေပြီး ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်နေတယ်။ အဲဒီကျမှသာ တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့၊ တပ်မတော်တို့က အင်အားစုတွေက ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမယ်။ အခုပြောင်းလဲရေးအတွက် ကျနော်တို့ဖက်က ဝေဖန်ထောက်ပြတဲ့ အပိုင်းတွေရှိတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲသည်အတွက် ကျနော်တို့တတွေက အပြင်မှာရှိနေတဲ့ မြန်မာတိုင်းရင်းသားတွေ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြပြီးတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွကို အားကောင်းခိုင်မာလာအောင်နဲ့ instituationlized ဖြစ်လာအောင်၊ ဖွဲ့စည်းပုံ စနစ်တကျဖြစ်လာအောင် ဖော်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်”
လို့ ပြောသွားပါတယ်။

Comments