May 25th - NYC Meeting with 88 Generation Leaders


 ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့  
နယူးယောက်မြို့တော် မြန်မာတိုင်းရင်းသားများနှင့် မေလ ၂၅ စနေနေ့တွင် တွေ့ဆုံမည်
မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၂၆၊ ၂၀၁၃
မေလ ဒုတိယပတ်မှာ အမေရိကန်ပြည်ထောင်စုသို့ NED အဖွဲ့ကြီးရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး ၂၀၁၂ တုန်းက ချီးမြှင့်ခံထားရတဲ့ ဒီမိုကရေစီဆုကို လက်ခံကြမယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ဒေသခံ မြန်မာတိုင်းရင်းသားကွန်မြူနီတီအသီးသီးက တွေ့ဆုံနှုတ်ဆက်ကြဖို့ ပြင်ဆင်လျက်ရှိပါတယ်။
သူတို့ရဲ့ ပထမဦးဆုံး မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၅ ရက်၊ စနေနေ့၊ နယူးယောက်မြို့တော်မှာ ကျင်းပရန် စီစဉ်လျက်ရှိကြရာမှာ လောလောဆယ် ကုလရုံးချုပ်ရှိရာ အဆောက်အအုံက ခမ်းမဆောင်တခုမှာ ကွန်မြူနီတီတွေ့ဆုံပွဲဖြစ်မြောက်အောင် ကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။
တွေ့ဆုံပွဲဖြစ်မြောက်ရေး စီစဉ်သူများအနက် တဦးအပါအ၀င်ဖြစ်တဲ့ ကိုနေတင်မြင့် (347-944-7341) က ပြောကြားရာမှာ နယူးယောက်မြို့တော်နဲ့ အနီးပတ်ဝန်းကျင်က မြို့နယ်တွေက မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ်လူငယ်တွေကို ဆက်သွယ်အကြောင်းကြားပြီး ဖိတ်ခေါ်ထားကြောင်း၊ ရပ်မိရပ်ဖများသဖွယ်ဖြစ်တဲ့ ကဗျာဆရာမောင်စွမ်းရည်နဲ့တကွ စာနယ်ဇင်းသမားများ၊ ဘာသာရေးခေါင်းဆောင်များကိုလည်း အကြံဥာဏ်များ တောင်းခံပြီး စီစဉ်လျက် ရှိကြောင်း ပြောပြပါတယ်။
ထိုနည်းတူ မေလ ၂၆မှာ အော်လင်ဒို၊ ဖလော်ရီဒါပြည်နယ်၊ မေလ ၂၇မှာ ဖို့ဝိန်းမြို့၊ အင်ဒီယာနာပြည်နယ်တို့မှာ မြန်မာကွန်မြူနီတီ တွေ့ဆုံပွဲများ အသီးသီး ကျင်းပဖို့ ရှိတဲ့အကြောင်း ဇွန်လ ၁ ရက်မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဇွန်လ ၂ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့တော်၊ ၎င်းနောက် ဇွန်လ ၇ ရက်မှာ လပ်စ်ဗေးဂတ်စ်၊ စသည့် မြို့နယ်များက မြန်မာကွန်မြုနီတီပွဲများ ဆောင်ရွက်ကြဖို့ ရှိကြောင်း သိရှိရပါတယ်။ နယူးယောက်ပြည်နယ်က ယူတီကာမြို့က မြန်မာများနဲ့လည်း ဆုံတွေ့ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ အဲသည်နောက် အမေရိကန်မှ မထွက်ခွာမီ ၀ါရှင်တန်ဒီစီမြန်မာကွန်မြူနီတီနှင့် ဇွန် ၉ မှာ နောက်ဆုံးတွေ့ဆုံမှာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦးရဲ့ ခရီးစဉ်မှာ ၎င်းတို့နဲ့အတူ ၀ါရှင်တန်ဒီစီက မြန်မာ့အရေးလှုပ်ရှားသူ၊ ကိုအောင်ဒင်က လိုက်ပါပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကာလ၊ ဗကသလို့ ခေါ်ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ကိုမင်းကိုနိုင်က ဥက္ကဌအဖြစ် ဆောာင်ရွက်ခဲ့စဉ်က ဒုဥက္ကဌ ၂ ဦးအဖြစ် ကိုကိုကြီး နဲ့ အောင်ဒင်က အတူတူ တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ယခု အနှစ် ၂၄ နှစ်ကျော်မှာ သူတို့ ၃ ဦး အတူတူ ပြန်လည်ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ကတော့ ၈၈ အရေးတော်ပုံကာလက စလို့ လက်တွဲခဲ့ကြတဲ့၊ ကွဲကွာခဲ့ကြတဲ့ ရဲဘော်မိတ်ဆွေတွေ ပြန်တွေ့ကြမယ်၊ တိုင်ပင်ဆွေးနွေးကြမယ်လို့ ၀မ်းမြောက်ဝမ်းသာပြောပါတယ်။ မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံ မိတ်ဆက်ရ၊ အတွေ့အကြုံတွေ အမြင်တွေ ဝေမျှခွင့်ရမယ်လို့လည်း မျှော်လင့်လျက်ရှိပါတယ်။ ကိုကိုကြီးကတော့ ဒီမိုကရေစီအရေး အပြောင်းအလဲအတွက် ပြည်တွင်း ပြည်ပက အင်အားတွေ ဘက်ပေါင်းစုံကနေ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Comments