Mar Mar Aye - 464


 
“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၆၄)
လွတ်လပ်ရေးတေးသံ နဲ့ မြသက်မူ
မာမာအေး
ဧပြီ ၁၆၊  ၂၀၁၃


(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ အမှတ်တရ ဘီဘီစီ အသံလွှင့်ဌာန
http://www.bbc.co.uk/burmese/ ၏  အသံလွှင့် ဆောင်းပါးကို ကူးယူ ဖော်ပြသည်)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … သက္ကရာဇ် ၂၀၁၃ ခု ရောက်ခဲ့ပါပြီလား။ ဒီနှစ်သစ် မကူးခင်ကဘဲ ပုဂံမြေရောက် မင်္ဂလမ်းဖေါက်နေတာနဲ့ မင်္ဂလာနှစ် သီချင်းလေးတောင် မသစ်ခဲ့ရပါဘူးရှင်။
 မြန်မာ့နှစ်သစ်နဲ့အတူ အမြဲတန်း မင်္ဂလာယူဘို့ မနှေးစရာ နက်ဖန်ဆိုဘဲ။ လွတ်လပ်ရေးနေ့ မြတ်မဟာ ရောက်လာတော့မှာပါ။

လွတ်လပ်ရေး ဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ ရှေ့ဆောင်ရှေ့ရွက် လူထုဖက်ကတက်နေ၊ နိုင်ငံ့ခေါင်းဆောင်တွေကို သတိရတယ်။

 တော်လှန်ရေး အဆက်ဆက် ပြည်သူ့အတွက် ရပ်ခဲ့တဲ့ သူရဲကေါင်းတွေ အာဇါနည်တွေကို အမျှဝေခဲ့တယ်။ အဲဒီ နိုင်ငံချစ်သူတွေထဲမှာ လွတ်လပ်ရေးအတွက် ၀ိုင်းဝန်း စည်းရုံး ပါဝင်ဆောင်ရွက်ခဲ့တဲ့ မာအေးတို့ ဂီတ အမိ အဖတွေလဲ ပါနေတာ ဆိုတော့ သူတို့ရေးခဲ့တဲ့ တေးတွေ၊ ဆိုခဲ့ကြတဲ့ သီချင်းတွေဟာ ရင်ထဲမှာ တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ တစိမ့်စိမ့် ပြန်လည် ကြားယောင်မိတာပေါ့ရှင်။

 ဒီသီချင်းတွေထဲမှာ အဓိကရ အဖြစ်ဆုံးကတော့ - အများသိကြတဲ့ တို့ဗမာသီချင်းပါရှင်။
ဝိုင်အင်ဘီ သခင်တင်ဘွဲ့ခံပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားခဲ့တဲ့ ဒီ တို့ဗမာသီချင်းက တပုဒ်ကို ယူပြီး လွတ်လပ်ရေးရချိန်မှာ စာပြောင်းထည့်သွင်း နိုင်ငံတော်သီချင်းဖြစ်ခဲ့ပါတယ်ရှင်။

(တို့ဗမာ - သခင်တင်)
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့မြေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ)၂ xx တို့ဗမာ တို့ဗမာပြေကို၊ တိုင်းရင်းသားအကုန်အစင်၊ တို့ပြေလို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာသခင် xx
 အော် အမျိုးသားရေး ကျိုးပမ်းကြပါ၊ တို့ဗမာ ဟေ့ တို့ဗမာ၊ အရှေ့က နေ၀န်းထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာ ဟေ့ တို့ဗမာ၊ ဗမာပြည်တ၀ှမ်းအကုန် xx
တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ အဲဒါ တို့ဗမာ xx


တချိန်က အထာကျခဲ့တဲ့ လူတိုင်းရသီချင်းတွေကို စာမြှောင်ကပ်ပြီး ကိုယ်လိုရာ စာပြန်ထည့်ဆိုကြတာတွေ ရှိခဲ့တဲ့အတိုင်း ဆက်ရှိနေတာပါဘဲ။

 နိုင်ငံတော်သီချင်းသစ် လုပ်ဖို့ရာမှာတော့ ဒီအသံ ဒီအလိုက်ဟာ မြန်မာ့ရိုးတွင်းချဉ်ဆီအထိ စွဲပြီးနေလို့ ဘယ်အရာကမှ မကျော်လွှမ်းနိုင်ခဲ့ဘူး ဆိုတာ ဂီတစာဆိုတိုင်း ၀န်ခံနေကြရပါတယ်။
မာအေး အသံလွှင့်ရုံမှာ နိုင်ငံ့တာဝန် ထမ်းဆောင်နေတုန်းက တိုင်းပြည်မှာ ကျင်းပသမျှ ပွဲတော်တွေအတွက် အမြဲ အသံလှူနေခဲ့ရတာပါဘဲ။ လွှင့်တုန်း ခဏဘဲ နားထောင်ကြတာ များပါတယ်။
 စန္ဒရားလှထွတ် ရေးဖွဲ့တဲ့ တို့ပြည်ထောင်စုသား နဲ့ မောင်မောင်သီ ရေးတဲ့ ပင်ချင်းယှက်၍ နွယ်ချင်းခက်သော် နှစ်ပုဒ်သာ အမြဲ ရှင်သန်နေသလို ကျန်ရစ်ပါတယ်။

ပြင်ပက တေးသံရှင်တွေလဲ သူတို့တီးဝိုင်းအဖွဲ့တွေနဲ့ သီဆို အသံလွှင့်ကြတာတွေ ရှိပါတယ်။
အဲဒီအထဲမှာ ခုချိန်ထိ လူထုရင်ထဲ သိနေတဲ့ သီချင်းတပုဒ် "ဗိုလ်ရှုသဘင်" ဆိုတာကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ ရောက်တာနဲ့ သတိတရ အမှတ်ရနေကြပါတယ်။
ဂီတစာဆို တေးသံရှင် ဂီတာတင်အုန်း တည်ထောင်တဲ့ 'သစ်ဆန်းတူရိယာအဖွဲ့'က အဆိုတော် မြသက်မူ အသံလွှင့် သီဆိုခဲ့တဲ့သီချင်း ဖြစ်ပါတယ်။
သူလဲ မြန်မာ့သံအဆိုပိုင်တဲ့သူထဲက တယောက်ပါဘဲ။

သူနဲ့မာအေးက သိတ် အရွယ်မကွာကြဘူး။ နာမည်ချင်းလဲ သိတ်မကွာဘူးရှင့်။ မအေးငြိမ်း နဲ့ မအေးမြင့်လေ။ ဦးလေး ကိုတင်အုန်းက ရှပ်အင်္ကျီချုပ် သိတ်ကေါင်းတဲ့ ဆရာကြီးပေါ့။ မာအေးကို ရှပ်အင်္ကျီတွေ ချုပ်ပေးနေကျဘဲ။
သူတို့တီးဝိုင်းမျာ မာအေးဖေဖေက နှဲမှုတ်ပေးတော့ သီချင်းတိုက်ရတာကိုး။ မာအေးက အဖေ့စက်ဘီးနောက်မှာ အမြဲ လိုက်တာ ဆိုတော့ ဂီတလောက်မှာ မသိသူမရှိသလောက်လို့ ပြောရမှာပေါ့ရှင်။
မာအေးတို့ကို ငယ်သူငယ်ချင်းစာရင်းထဲ ထားလဲ ရနိုင်ပါတယ်။
ငယ်လေးကဘဲ သိကြ ခင်ကြလို့ပါ။ သူဆိုတဲ့ 'မျှော်သဇင်'တို့  'နှောင်းသဇင်'တို့ ဆိုတာ ပရိသတ်ကြိုက် သီချင်းတွေပေါ့ရှင်။ 
'အလွမ်းမင်းသမီးလေး' သီချင်းနဲ့ သူ စပြီး လူသိများခဲ့တာပါ။
 'မေတ္တာ'ကလဲ သူ့သီချင်းဘဲ။

သူနဲ့ မာအေး တူတာလေးတွေ ရှိတယ်။ မဟုတ်မခံတာတို့ စွာကျယ် သီးမခံတာတို့မှာပေါ့။
ပွင့်ပွင့်လင်းလင်းချင်းမို့ ခင်မိတယ်ထင်တာပါဘဲ။
အိမ်ထောင်ကျတာလဲ သိတ်မကွာဘူး။ ၁၉၅၉ တုန်းက မြသက်မူ၊ ပြီးတော့ အမ တင်တင်မြ၊ နောက်က မာအေးချစ်သူနဲ့ပြေးဖြစ်ခဲ့တာ တနှစ်ထဲဘဲ။

ဂီတာဦးတင်အုန်းက မြန်မာ့အသံမှာ ဂီတစီစဉ်ရေးမှူး အလုပ်ကို ယူလိုက်တော့ အဖွဲ့လိုက် အသံလွှင့်တာ သိတ်မလုပ်နိုင်ဘူးလေ။ ဒါကြောင့် အသံလွှင့်တာ ဝေးဝေး သွားပါတယ်။
မြသက်မူနဲ့မာအေး သူအသံလွှင့်ရုံမှာ အသံလာသွင်းမှ တွေ့တော့တာပေါ့ရှင်။

သူနဲ့ နောက်ဆုံး တွေ့တာလဲ မြန်မာ့အသံမှာပါဘဲ။ ဖဲထီးတချောင်း ဂျိုင်းကြားညှပ်ပြီး ဒေါခီးလာပုံရပါတယ်။
သူငယ်ချင်း! ငါ့ရုပ်ကို ကြည့်စမ်းပါဦးအေ၊ ငါ ပါးရေလဲ မတွန့်သေးပါဘူး။ အဲဒါ ရုပ်ကျနေလို့ မရိုက်ပေးနိုင်ဘူး တဲ့။ တီဗွီရိုက်မလို့ တင်တာကို ညင်းလွှတ်လိုက်လို့ တဲ့။ ဂီတ၀ါသနာကို ခေတ်အဆက်ဆက်မှာ ပါဝင်လိုတဲ့ မြသက်မူ သူငယ်ချင်း၊ မင်းနဲ့လဲ သံသရာတကွေ့မှ တွေ့ကြရတော့မယ် ဆိုတာ စာစောင်ထဲ ဖတ်ရမှ သိခဲ့တယ်။
 နက်ဖန်ဆို လွတ်လပ်ရေး မင်းသီချင်းလေးနဲ့ သတိရနေဦးမယ်။



*(ဗိုလ်ရှုသဘင် - မြသက်မူ)

ထွဋ်မြတ်တဲ့ စံဌာနီ၊ လွတ်လပ်တဲ့ မြန်မာပြည်၊ ကျွတ်အစဉ် လွတ်သဘင် ဆင်နွှဲခဲ့ပြီ၊ သဘင်ပွဲ သဲညံစီ xx
ဗမာ့ဟန်ရေး ရှေးထုံးမပျက်ပေါင် မရိုးစည်မောင်း ငြိမ့်ညောင်းဝေေ၀စီ xx
မင်းခန်းစုံစုံညီညီ ဗိုလ်ရှုခံ နန်းခမ်းမဆီ၊ လျှမ်းပကြိုင်လျှံကါနော်၊ နိုင်ငံတော်သမတ ကြွချီ အောင်လံတော်ကို အလေးပြုကြသည် xx
ဗိုလ်ရှုသဘင် ဆင်ယင်တဲ့ခါမီ ကြည်း၊ ရေ၊ လေ စစ်သမီး မကျန်ရ ဗမာ့တပ်မတော် စုံစုံညီ၊ ချီတက်ကါမနှေး အလေးပြုကြပြီ xxxx


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်
 

Comments