Last Boston Bomber caught alive



ဘော်စတွန်ဗုံးခွဲသူအဖြစ် စွပ်စွဲခံထားရသည့် ၁၉ နှစ် လူငယ်ကို အရှင်ဖမ်းဆီးရမိပြီ
မိုးမခသတင်းကောက်နုတ်ချက်၊ ဧပြီ ၂၀၊ ၂၀၁၃
ဧပြီ ၁၉ ၊ ညနေ ၇ နာရီခန့်မှာ ထွက်ပြေးလွတ်မြောက်နေသူ ဘော်စတွန်ဗုံးခွဲတရားခံအဖြစ် အစွပ်စွဲခံရသူ Dzhokhar A. Tsarnaev ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံအဖြစ်စွပ်စွဲခံရသူကို ၎င်းပုန်းအောင်းနေတဲ့ မော်တော်ဘုတ်အတွင်းမှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဆိုပါ ၁၉  နှစ်အရွယ် လူငယ် သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး အနီးဆုံးဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။
(နောက်ဆုံး တရားခံဖြစ်သူ ညီအငယ်)

ဧပြီလ ၁၈ ရက်နေ့ ညနေခင်းကတည်းက အဆိုပါ တရားခံ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးရာမှာ ညီအကို ၂ ဦးအနက် အကြီးဖြစ်သူ ၂၆ နှစ်အရွယ် Tamerlan Tsarnaev  ကို ၁၉  ရက်နေ့  နံနက်ခင်း အစောပိုင်း ၂ နာရီခန့်မှာ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ပါတယ်။ ညီဖြစ်သူ ၁၉  နှစ်အရွယ် Dzhokhar ထွက်ပြေးလွတ်မြောက်သွားပြီး ထိုအချိန်ကစပြီး ဘွန်စတွန်မြိုံတော်တခုလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ပြီး ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြပါတယ်။ ရုံးများ၊ ကျောင်းများ၊ လုပ်ငန်းများသာမက ဘတ်စ်ကားလိုင်းများ၊ ကားများကိုပါ ရပ်ဆိုင်းထားပြီး ပြည်သူအများကိုလည်း နေအိမ်မှာပဲ နေထိုင်ခိုင်းခဲ့ပါတယ်။
(ညီအကို ၂ ယောက်၊ ဧပြီ ၁၅ ၊ မာရသွန်ပွဲမှာ)

၁၉ ရက်နေ့ နံနက်ခင်းက ပိတ်ဆို့ဖမ်းဆီးကြရာမှာ MIT ကျောင်းက ပုလိပ်ဝန်ထမ်းတဦး သေဆုံးပြီး အခြားပုလိပ်တဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ တဖက်နဲ့ တဖက် ပစ်ခတ်ကြရာမှာ တရားခံတွေဘက်က ဗုံးတွေ၊ သေနတ်တွေနဲ့ ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်လို့ ဆိုပါတယ်။
 ၂၆ နှစ်အရွယ် သေဆုံးသူ တရားခံ Tamerlan ကို ၂၀၁၀ ခန့်က ပြည်ပတိုင်းပြည်တခုက တောင်းဆိုလို့ အမေရိကန်အစိုးရက ခေါ်ယူစစ်ဆေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဆိုပါ ညီအကို ၂ ဦးဟာ နှစ်အနည်းငယ်ခန့်ကမှ အမေရိကန်ပြည်ထောင်စုကို ဂရင်းကတ်ဖြင့် အမြဲတန်းနေထိုင်ခွင့်ဗီဇာနဲ့ ရုရှားပြည်ထောင်စုက ချေချင်းပြည်နယ်ကနေ ပြောင်းရွှေ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အကိုကြီးဖြစ်သူက အမေရိကန်ပြည်အပေါ်မှာ မကျေနပ်မှုတွေ ထုတ်ဖော်ပြောဆိုလေ့ ရှိသူဖြစ်တယ်လို့ စုံစမ်းတွေ့ရှိကြပြီး ညီဖြစ်သူကတော့ အမေရိကန်လူနေမှုနဲ့ အဆင်ပြေစွာ နေထိုင်တယ်လို့ ဆိုပါတယ်။ ၁၉  ရက်နေ့ နေ့ခင်းမှာ သတင်းဌာနတွေက သူတို့ မိဘတွေဆီ ဆက်သွယ်မေးမြန်းရာမှာ သူတို့ကလေးတွေကို အမေရိကန်အစိုးရက မတရားစွပ်စွဲ ဖမ်းဆီးနှိမ်နှင်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံရေး လုပ်ကြံမှုတွေ၊ ဘာသာရေးလုပ်ကြံမှုတွေ လုပ်တာဖြစ်တယ်လို့ မိဘတွေက ပြန်လှန်စွပ်စွဲခဲ့ပါတယ်။ ချေချင်းပြည်နယ်ဟာ အစွန်းရောက် ဘာသာရေးအကြမ်းဖက်သမားတွေ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းပြည်ဖြစ်တာမို့ မိဘတွေက ခါးခါးသီးသီး ငြင်းဆိုကြတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။ မေရီလန်းပြည်နယ်မှာ နေထိုင်သူ သူတို့ရဲ့ ဦးလေးတော့ သေဆုံးသူ အကြီးဖြစ်သူက အလကားကောင်လို့ ရှုတ်ချလိုက်ပါတယ်။ သူတို့ညီအကိုနဲ့ သိရှိသူတွေ၊ အမျိုးတွေကတော့ သူတို့ညီအကိုရဲ့ လုပ်ရပ်ကို ရှုတ်ချ ပြစ်တင်ကြပါတယ်။ ဘယ်အတွက်ကြောင့် ဒီလိုမျိုး အကျည်းတန်တဲ့ လုပ်ကြံမှု ကျူးလွန်သလဲဆိုတာ နားမလည်နိုင်ဘူးလို့ ပြောကြပါတယ်။

(လုပ်ကြံသူကို နောက်ဆုံးတွေ့လိုက်တဲ့ ခြေ ၂ ဖက်ပြတ်သွားတဲ့ လူနာ)

သူတို့ ၂ ဦးရဲ့ ဓာတ်ပုံတွေကို FBI က ၁၈  ရက် ညနေကမှ ထုတ်ပြန်ခဲ့ပါတယ်။  နာရီအနည်းငယ်အတွင်းမှာ အဆိုပါ ညီအကို ၂ဦးကို ခြေရာခံမိတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးထဲက တဦးကို ဗုံးမကွဲမီမှာ မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့သူတဦးကတော့ လက်ရှိ ခြေ ၂ ဖက်စလုံး ပြတ်တဲ့ ဒဏ်ရာရရှိခဲ့တဲ့ မာရသွန်ပြေးပွဲက လူနာ တဦး ဖြစ်ပါတယ်။ ညီအကိုထဲကတဦးက သူ့ခြေရင်းမှာ ဗုံးပါတဲ့ အိတ်ကို ထားရှိခဲ့တာ ဖြစ်ပါတယ်။ ထိုလူရဲ့မျက်နှာကို သူက နောက်ဆုံးအချိန်မှာ စေ့စေ့စပ်စပ် ကြည့်ခဲ့မိသူဖြစ်တာမို့ ဗုံးပေါက်ပြီး ခြေ ၂ ဖက်စလုံး ပြတ်တဲ့အထိ ဒဏ်ရာရပြီးနောက် ဆေးရုံမှာ သတိရရခြင်း ထိုသတင်းကို ပုလိပ်တွေကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ထုတ်ဖော်မှုကြောင့် FBI က ဓာတ်ပုံတွေ အများအပြားထဲကနေ ထိုညီအကို ၂ ဦးကို ဆွဲထုတ် ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀မ်းနည်းစရာတချက်ကတော့ အဆိုပါ ခြေ ၂ ဖက်စလုံး စွန့်ခဲ့ရသူ သတင်းပေးတဲ့ လူနာမှာ ကျန်းမာရေး အာမခံ မရှိတဲ့အတွက် ကုန်ကျတဲ့ ဆေးကုသစရိတ်ကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၁၉ ရက် တနေ့ခင်းလုံး ပိတ်ဆို့တားဆီးထားတဲ့ ခြောက်သွေ့နေတဲ့ ဘော်စတွန်မြို့မှာ အပြင်းအထန်အလုပ်လုပ်ကိုင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အစိုးရတောင်းဆိုချက်နဲ့ ဖွင့်လှစ် ၀န်ဆောင်မှုပေးဆောင်နေတဲ့ စားသောက်ဆိုင်များကတော့ Dunkin Donut ကော်ဖီဆိုင်တွေဖြစ်တယ်။ ဒိုးနပ်ဆိုင်တွေက ကော်ဖီနဲ့ မုန့်တွေ သုံးဆောင်အားပေးပြီး လုံခြုံရေးဝန်ထမ်းတွေက လွတ်မြောက်နေတဲ့တရားခံကို ရှာဖွေကြရတာ ဖြစ်ပါတယ်။

(ဆေးရုံကားပေါ်မှာ တွေ့လိုက်ရတဲ့ တရားခံ)

အာဏာပိုင်တွေက လုံခြုံရေးအင်အား ၉  ထောင်ကျော်နဲ့ ပိတ်ဆို့ထားပြီး ရှာတဲ့နေရာမှာ နောက်ဆုံး မတွေ့နိုင်တော့ဘူး ထင်လို့ ညနေ ၆ နာရီမှာ အပြင်မထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ခဲ့ပါတယ်။ အဲသည်မှာ ရပ်ကွက်က အိမ်ရှင်အမျိုးသမီးတဦးက အိမ်နောက်ဖေးမှာ သိမ်းဆည်းထားတဲ့ မော်တော်ဘုတ်ကို သွားစစ်ဆေးတဲ့ဆီမှာ ဒဏ်ရာရနေတဲ့ တရားခံကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပုလိပ်တွေကို ချက်ခြင်းအကြောင်းကြားလိုက်လို့ လုံခြုံရေးအဖွဲ့တွေက ရောက်ရှိ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

( တရားခံပုန်းနေတဲ့ မော်တော်ဘုတ်)

ဧပြီလ ၁၅ ရက်နေ့က ဘော်စတွန်မြို့ နှစ်စဉ်ကျင်းပနေကျ အမျိုးသားနေ့ မာရသွန်ပြေးပွဲမှာ လက်လုပ် ဗုံး ၂ လုံး ပေါက်ကွဲပြီး လူ ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၈ နှစ်အရွယ် ကလေး ၁ဦး၊ တရုတ်နိုင်ငံသား ကျောင်းသူ တဦး နဲ့ ၂၈ နှစ်အရွယ် အမေရိကန်အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ လူ ၂၀ ကျော် ပြင်းထန်စွာ ခြေလက် ပြတ်တောက် ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဧပြီလ ၁၇ မှာ သမ္မတအိုဘားမားကိုယ်တိုင် ဗုံးပေါက်ကွဲမှုဝမ်းနည်းခြင်းနှင့် ဆုတောင်းအခမ်းအနားကို တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ တရားခံအဖြစ် သံသယရှိသူ ၂ ဦးကို ဧပြီင်္လ ၁၈ရက်နေ့မှာ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပါတယ်။ ညနေခင်းမှာပဲ ခြေရာခံမိပြီး ဧပြီ ၁၉  ညနေခင်းမှာ တဦးကို အသေ၊ တဦးက ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ 

(လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်ခုတ်တီး ကြိုဆိုနေတဲ့ ဘော်စတွန်လူထု)

သမ္မတအိုဘားမားက ဖမ်းဆီးပြီး နာရီပိုင်းအတွင်း သတင်းကြေညာချက်ကိုယ်တိုင် ထုတ်ပြန်ခဲ့ပြီး ဘော်စတွန်က ပြည်သူတွေနဲ့ ရဲရင့်တဲ့ လုံခြုံရေးဝန်ထမ်းတွေကို ကျေးဇူးတင်တယ်၊ ဂုဏ်ယူတယ်လို့ ပြောကြားသွားပါတယ်။ အသက်မသေဘဲ ကျန်ရစ်သူတွေ၊ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့အတူ အမေရိကန်ပြည်သူတွေ အတူလက်တွဲရပ်တည်ပြီး ပြန်လည်ကုသရေးတွေ ထူထောင်ရေးတွေ လုပ်ကြမယ်လို့ ပြောသွားပါတယ်။ မူလအကြောင်းခံကိုလည်း ထုတ်ဖော်သွားမယ်လို့ ပြောပါတယ်။

Comments