Kyaw Thu - FFSS Yangon Activity,


သံလိုက်အလျင် ကုသိုလ်ရှင်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၃၀၊ ၂၀၁၃


ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေး ချို့တဲ့နေသော ရောဂါဝေဒနာခံစားနေရသော ရဟန်းရှင်လူ မိဘပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအား ၂ဝဝ၃ ခုနှစ် ဧပြီ (၇) ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့မှစတင်၍ ခွဲစိတ်မွေးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ကြိမ်တည်း အသက်နှစ်သက် ကယ်တင်သည့်ကုသိုလ်အဖြစ် ခွဲစိတ်ခန်းခ အကုန်အကျခံကူညီပေးခဲ့ရာမှ ၂ဝဝ၇ ခုနှစ် မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်းကြီးအား အစပြု၍ ဖွင့်လှစ်ခဲ့ ရာမှ ယခုအချိန်တွင် ခေတ်မှီပစ္စည်းကရိယာများ၊ ဆေးဝါးများနှင့် ပြည့်စုံသော သုခကုသိုလ်ဖြစ်ဆေးခန်း ကြီးအဖြစ် အများပြည်သူလူထုတို့အား အကျိုးပြုနိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ အများပြည်သူ စေတနာရှင် အလှူရှင်များ၏ သဒ္ဒါတရားကြောင့်သာ ဖြစ်ပေတော့သည်။


၂၈.၄.၂ဝ၁၃ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး ဌာနအတွက် အမှန်တကယ် အသုံးဝင်လိုအပ်လျှက်ရှိသော US$ 7800 (ကျပ် - ၆၇ဝ၈ဝဝဝ) တန်ဖိုးရှိ Short Wave Diathermy machine (လျှပ်စစ်သံလိုက်လှိုင်းကုထုံးစက်) အား အလှူရှင်များဖြစ်ကြသော ဦးသန်းမြင့် + ဒေါ်တင်မာ (ကောင်းကြွယ်လှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုတို့မှ လာရောက် လှူဒါန်းခဲ့သည်။ ယင်းစက်သည် ခန္ဓာကိုယ်အတွင်းရှိ အဆစ်များအတွင်း အရွတ်များရောင်ရမ်းခြင်း၊ ပခုံး​အရွတ်၊ ဒူးနာ၊ နာတာရှည်ခါးနာခြင်းတို့အား အချိန်တိုအတွင်း အထိရောက်ဆုံးနှင့် အမြန်ဆုံးပျောက်ကင်း နိုင်သည်။ ၄င်းစက်ကိရိယာဖြင့် တစ်ကြိမ်အသုံးပြု ကုသမှုခံယူရုံဖြင့် ဝေဒနာအားလုံးဝပျောက်ကင်းသည် အထိ ကောင်းမွန်နိုင်ကြောင်း သိရှိရသည်။ ထို့ကြောင့် ယခုကဲ့သို့ မိဘပြည်သူတို့၏ ကျန်းမာရေးအတွက် အသုံးဝင်လှသော Short Wave Diatermy machine (လျှပ်စစ်သံလိုက်လှိုင်းကုထုံးစက်) လက်တွေ့ ချက်ချင်း ကုသပေးနေမှုများကို အလှူရှင်များတို့မှ လိုက်လံကြည့်ရှုကာ မုဒိတာပွားခဲ့ကြပြီး ဆေးကုသမှုခံ ယူနေကြသော ဝေဒနာရှင်များမှလည်း အထူးဝမ်းမြောက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


Short Wave Diatermy machine (လျှပ်စစ်သံလိုက်လှိုင်းကုထုံးစက်) လှူဒါန်းခဲ့သော အလှူရှင် များဖြစ်ကြသော ဦးသန်းမြင့် + ဒေါ်တင်မာ (ကောင်းကြွယ်လှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုတို့သည်လည်း မြင့်မြတ်လှသည့် ထိုကုသိုလ်ကောင်းမှုကြီးကြောင့် ကောင်းကျိုးအရှိန်အဟုန်တို့ သည် သံလိုက်စွမ်းအားကဲ့သို့ လျင်မြန်စွာခံစား စံစားနိုင်ပါစေကြောင်း မေတ္တာပို့သလိုက်ရပါတော့သည်။

Comments