Kyaw Thu - FFSS Yangon Activity,

စစ်မှန်သော ငြိမ်းချမ်းမှုရှိရာသို့
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၁၊ ၂၀၁၃


လူသားတိုင်းသည် ငြိမ်းချမ်းရေးကို လိုလားနှစ်သက်ကြသူများဖြစ်သလို ဘာသာတရားတိုင်းသည် လည်း ငြိမ်းချမ်းရေးကိုသာ လိုလားပေသည်။ ယနေ့ခေတ် ကမ္ဘာ့တိုင်းပြည်အချို့၌ ပြည်တွင်းစစ်မီးများ လောင်မြိုက်ကာ ငြိမ်းချမ်းရေးနှင့် ဝေးနေရသည်ကို မြင်တွေ့ကြရသည်။ ငြိမ်းချမ်းရေးရရှိနိုင်ကြစေရန် အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူ့အဖွဲ့အစည်းများ ကြိုးပမ်းနေကြသလို မြန်မာနိုင်ငံတွင်လည်း ကချင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘဝများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ NGO, INGO များနှင့် လူ့အဖွဲ့ အစည်းများမှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် လှုပ်ရှားပါဝင်ခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မှု တကယ်စစ်မှန်သော ငြိမ်းချမ်းမှုကိုရရှိစေမည့် ငြိမ်းချမ်းရေးအလှူပွဲကြီးအား ကျင်းပခဲ့ပါတော့သည်။

 
 


ယနေ့ ၁ဝ.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူအလှူရှင်များ၏ ကုသိုလ်ကောင်းမှုအဖြစ် အမှန်တကယ် ငြိမ်းချမ်းမှုအစစ်ကိုရရှိစေမည့် အလှူတစ်ခုအဖြစ် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသော ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တွင် ပါဝင်ခဲ့သော သံဃာတော် (၁၅) ပါးနှင့် လူငယ် (၁၉) ဦးနှင့် ကိုရင် (၂) ပါးတို့အား သိက္ခာထပ်၊ ရဟန်းခံ ငြိမ်းချမ်းရေးအလှူတော်မင်္ဂလာပွဲကြီးအား မြောက်ဒဂုံမြို့နယ်၊ ၇ - ရပ်ကွက်ရှိ တက္က သီလာမဟာဇေယျသဒ္ဓိပဋ္ဌါန်းကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်း ငြိမ်းချမ်းရေးအဖွဲ့အား ရန်ကုန်လိုင်ဇာခရီးစဉ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေများနှင့် အသုံးပစ္စည်းများအား လှည်းကူးမြို့တွင် တစ်ကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ် လှူဒါန်းကူညီ ပံ့ပိုးပေးခဲ့သည်။ ထိုငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သည် လိုင်ဇာမြို့အထိ အောင်မြင်စွာလမ်းလျှောက်ကာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ ကြသော်လည်း ကချင်ပြည်နယ်တွင် စစ်ပွဲများထပ်မံဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့် စစ်မှန်သော ငြိမ်းချမ်းမှု ကိုရရှိစေရန်အလို့အငှာ သာသနာ့ဘောင်သို့ဝင်ရောက်ရန် ဆန္ဒဖြစ်ပေါ်လာသဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ရှင်ပြုရဟန်းခံ၊ သိက္ခာထပ်အလှူပွဲကြီးအား စီစဉ်ကျင်းပ ပြုလုပ်ပေးခဲ့သည်။ အလှူပွဲအား နံနက် (၉းဝဝ) နာရီအချိန်တွင် ဦးကျော်သူနှင့် အသင်းသူ/သားများတို့မှ ရေစက်သွန်းချကာ သတ္တဝါ အားလုံးက အမျှဝေခဲ့ကြသည်။ ၄င်းအလှူပွဲသို့ ရွှေညဝါဆရာတော်ကြီး တက်ရောက်ချီးမြှင့်ကာ ဖိတ်ကြား ထားသော ဧည့်သည်များနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မီဒီယာအသီးသီးတို့မှ တက်ရောက်ခဲ့ကြသည်။


 
 
ယခုကဲ့သို့ ငြိမ်းချမ်းမှုကိုလိုလား၍ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ကာ ငြိမ်းချမ်းမှုကို ရှာဖွေ ကြသော ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သားများတစ်ဖြစ်လည်း ဗုဒ္ဓ၏ သားတော်များ သည် ငြိမ်းချမ်းမှုအစစ်ကိုရရှိသကဲ့သို့ အများပြည်သူ၊ အလှူရှင်များ၊ နိုင်ငံသူ/သားများ အားလုံးသည်လည်း ယနေ့ယခု ဤအချိန်မှစ၍ လာမည့်နှစ်သစ်အခါသမယတွင် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ကချင်ပြည်ကြီး ငြိမ်းချမ်းပါစေ၊ လူသားအားလုံး ဘေးကင်းရန်ကွာစွာဖြင့် “ငြိမ်းချမ်းမှုအစစ်” ရှိရာသို့ လျှောက်လှမ်းနိုင်ကြ ပါစေဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငြိမ်းချမ်းရေး ဆုတောင်းစကားပါး လိုက်ရပါတော့သည်။

Comments