Kamarpale - Poem


ကျနော် အဖြေရှာနေတာ
ကမာပုလဲ
ဧပြီ ၂၆၊ ၂၀၁၃



ကျနော် အဖြေရှာနေတာပါ ...
ကျနော် အဖြေရှာနေတာ ...
ကျနော့်ကို အမေမွေးတဲ့ ၁၉၆၂ ခုနှစ်ကစခဲ့ ...
မွေးကတည်းက ကျနော် ငိုတယ်
အဲဒါ အဖြေရှာတာပဲ
တကသ အဆောက်အဦကြီး မိုင်းခွဲဖျက်ဆီးခံရတယ်
အတုအယောင် ငြိမ်းချမ်းရေးပျက်တယ်
ကိုကိုးကျွန်းကို နိုင်ငံရေးအကျဉ်းသားတွေ ပို့တယ်
တရုတ် - ဗမာ အရေးအခင်း
ဆန် ရှားပါးမှု ...
အာ ... အဖြေရှာပါတယ်ဆိုမှ ပြဿနာပဲ
အဖြေရှာပါတယ်ဆိုမှ ပြဿနာ တထွေးကြီးနဲ့ ထိပ်တိုက်တိုးရ
အဲဒီ ပြဿနာတွေကို ဘယ်လို ခဲဖျက်နဲ့ ဖျက်ပစ်ရမလဲ မေမေ
ကျနော် အဖြေရှာနေတာ ပြဿနာတွေသာ တွေ့တွေ့နေရ
ပြဿနာတွေကလည်း ပြဿနာပြီး ပြဿနာ 
ပြဿနာတွေက အသစ်ပြီး အသစ်
ကျနော် အဖြေရှာနေတာပါဆို
၁၉၇၄၊ ၇၅ ... ပြဿနာတွေ
ဦးသန့် ... ကျွန်းဆွယ် ... သခင်ကိုယ်တော်မှိုင်း ... ဂျွန် - ၆
ကျနော် အဖြေရှာနေတာ
ပြဿနာတွေချည်း
တရားမ၀င် ငွေစက္ကူ
ဘုန်းမော် ... စိုးနိုင်
ကျနော် အဖြေရှာနေတာ 
“ နောင်ကို ဆူဆူပူပူလုပ်ရင်
စစ်တပ်ဟာ မိုးပေါ်ထောင်မပစ်ဘူး ... ”
ဂျွန် - ၂၁
တံတားနီ
၈၈၈၈ ....
အာ ... ကျနော် အဖြေရှာနေတာပါဆို
“သမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချ ...”
ရင်ဘတ်မှာ မောင်းပြန်သေနတ်ကျည်ဆံရာ အပေါက်ကြီးတွေ
“၀င်းမော်ဦး ”
ပြဿနာပဲ
အဖြေမတွေ့ဘဲ ... ပြဿနာတွေချည်း တွေ့
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်
ဂန္ဓီ ...
နာဂစ်
ဒီပဲယင်း ... လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ
စု - လွှတ် - တွေ့
ရွှေဂုံတိုင် ကြေညာချက်
၂၀၀၇ - စက်တာဘာ ... သံဃာထု
၂၀၀၈ စစ်အခြေခံ ဥပဒေ
၂၀၁၀ - အဓမ္မရွေးကောက်ပွဲ
ဟာ ...
ဂုရုရေ ... မင်းပြောသလို
“ကျွတ်စဉ်ကြီး ”
ပြဿနာတွေ တပြုံ တထွေးကြီး ...။

“၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ဘူး
ဒါပေမဲ့ လက်တွေ့မကျတော့ဘူး ”
ပါတီ မှတ်ပုံတင်မယ်
လူထုက တောင်းဆိုလို့ 
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ် ... ၀င်တယ် ...”
( ဒုက္ခ ဘယ်တုန်းက လူထုက တောင်းဆိုလိုက်သလဲ မသိဘူး )
သစ်ကောင်းအိမ်
အဲဒါ .... မင်း သိလိုက် ... ကြားလိုက်သလားဟ ...။

လက်ပံတောင်းတောင်
မီးလောင်ဗုံး ဒဏ်ရာ
ဘုရား ... တရား ... သံဃာ
ဘာတွေလဲဗျာ
ဘုန်းကြီးကို မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းရတယ်လို့ ...
သမတကြီး ... သမတကြီး
တောင်တလုံးဆုံးရှုံးရတာများ ဘာအရေးလဲ
အင်းလေကန် ခမ်းခြောက်သွားတာ ဘာအရေးလဲ
လယ်သမားတွေ ထမင်းငတ်တာ ဘာအရေးလဲ
ကျေးဇူးရှင် လယ်သမားကို သေနတ်နဲ့ ပစ်တာ ဘာအရေးလဲ
ကျနော် ပြဿနာ ရှာနေတာ
အဲလေ ... ကျနော် အဖြေရှာနေတာပါ ...
အဟင့် ... ဟင့်
“သမတ ဖြစ်ချင်တယ် ... သမတ လုပ်ချင်တယ် ”
“ဖန်လ်ခွက်ထဲ ရေတ၀က်ရှိနေရင် ရှိတယ်လို့ လက်ခံရမှာပဲ ”
ဟာ ... ဟဲ့ကောင် ငတုံးရ
အဲဒါ .... ရေမဟုတ်ဘူးဟ
အပြစ်မဲ့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် ကျခဲ့ရတဲ့ မျက်ရည်တွေ ဟ
အရေးတော်ပုံနဲ့ အရေးခင်းတွေမှာ ကျခဲ့ရတဲ့ ပြည်သူ့သွေးကို ပေါင်းခံထားတဲ့ အရည်ဟ
ဟာဗျာ ...
ကျနော် အဖြေရှာနေတာ
ကျနော် အဖြေရှာနေတာလေဗျာ
ကျနော် အဖြေရှာနေပါတယ်ဆိုမှ
ပြဿနာတွေနဲ့ချည်း တွေ့တွေ့နေ
ကျနော် အဖြေရှာနေတာ ...
အဖြေ မတွေ့ရင်တော့ 
သင်္ချိုင်းကုန်းက အမေရေ ...
ကျနော့်ကိုသာ သေရာကနေ 
ထပြီး ... ဆုံးမလိုက်ပါတော့ဗျာ ...။ ။


+ ၀န်ခံချက်။ ။ ဒီစာ ကဗျာလို့ မခံစားကြပါနဲ့ ဗျာ ...

Comments