Kamarpale - Poem

ပိတောက် ... စကား
ကမာပုလဲ
ဧပြီ ၁၁၊ ၂၀၁၃


ကျနော်တို့ ပိတောက်ကိုလွမ်းရင်း
ပိတောက်အကြောင်း ကဗျာရေးခဲ့တယ် ...။

ကျနော်တို့ဟာ
အမေ့ကို လွမ်းရင်း
သင်္ကြန်ကို ချစ်ခဲ့ကြသူတွေပေါ့ ...။

“ရာသီစာ” လို့ ညွှန်းညွှန်း
“ရာသီဆာ” ပဲ ဆိုဆို ...။
ကျနော်တို့ ပိတောက်ကို ချစ်ခဲ့တယ် ...။

“ဒါ ... ငှက်ဖျားငန်းဖမ်းဇာတ်ပဲ ”
တောင်ပေါ်မှာ ကျွန်းတွေ အပွင့်ပွင့်ချိန်
အမေ့အိမ်ကို ...
ကျနော်တို့ “ တူးပို့ ... တူးပို့ ” နဲ့
လွမ်းခဲ့တယ် ...။

ပိတောက်ပွင့်ကလေးတွေ ဖင်ဆိတ်ပြီး
သူ့အစီးနဲ့ ...
ကျနော်တို့ နဖူး ... ပါးပြင်ကလေးပေါ် တို့တို့ပေးတော့
ကျနော်တို့မျက်နှာ တပြင်လုံး
အမေ့ အချစ်နဲ့ ပိတောက်တွေပွင့်
ကျနော်တို့ အားလုံး ပိတောက်ပင်တွေ ဖြစ်
အဲဒါ ...သင်္ကြန်ဖြစ်ခဲ့တယ် ...။ ။


+ (+) = မောင်သာနိုး ဗမာဘာသာပြန် မာယာကော့်ဗ်စကီး၏ ဘောင်းဘီဝတ်မိုးတိမ်ကဗျာမှ ...

Comments