U Ohn Kyaw - Bogyoke and Thar Du


နယူးယောက်ပြတိုက်ထဲက ဗိုလ်ချုပ်နဲ့ သာဓု
ဦးအုန်းကျော်၊ မတ် ၁၅၊ ၂၀၁၃

အမေရိကန်၊ နယူးယောက်က Guggnheim (ဂူဂင်းဟိုင်းပြတိုက်) Museum ကြီးဟာ နိုင်ငံပေါင်းစုံက ပန်းချီအနုပညာသမားတွေရဲ့ အိပ်မက်ကို အမြဲစိုးမိုးနေတာပေါ့။ ပီကာဆို၊ မိုနေး၊ ဂေါ်ဂင်တို့ အပါအ၀င် ကမ္ဘာကျော် ပန်းချီဂုရုကြီးတွေရဲ့ လက်ရာမြောက်ပြီး တန်ဖိုးကြီးတဲ့ ပန်းချီကားတွေ ၀ယ်ယူပြသတဲ့ ပြတိုက်ကြီး၊ အမေရိကန်ပိသုကာ အကျော်အမော် ဖရင့်လွိုက်ရိုက် (Frank Lloyd Wright)  ရဲ့ ဒီဇိုင်းလက်ရာနဲ့ လက်စွမ်းပြဆောက်လုပ်ခဲ့တဲ့ ပြတိုက်ကြီးပေါ့။

ပုံ (၁)၊
 ပုံ(၂)

အဲဒီပြတိုက်ကြီးက no country  ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်တခု တင်ဆက်နေတယ်။ နိုင်ငံပေါင်းစုံက အနုပညာဖန်တီးမှု အမျိုးမျိုးကို ပြသတဲ့ အဲဒီအစီအစဉ်မှာ အခု ပထမအသုတ်အဖြစ်  (မြန်မာနိုင်ငံအပါအ၀င်) အရှေ့တောင်အာရှ ၁၀နိုင်ငံက ၂၂ ဦးရဲ့ ဖန်တီးမှုလက်ရာတွေကို ပြသလို့ ထားတယ်။ (ဖေဖော်ဝါရီ ၂၂ ကနေ မေလ ၂၂ အထိ၊ ၃ လ)

အဲသည်မှာ မြန်မာပြည်က အနုပညာရှင် ၃ ဦးရဲ့ လက်ရာတွေကို ဂုဏ်ယူဖွယ်ရာ တွေ့ခဲ့ရတယ်။ အဲဒီ ၃ ဦးကတော့

ပန်းချီ ဆရာမ ၀ါနု နဲ့ ထွန်းဝင်းအောင် (ဇနီးမောင်နှံ) နဲ့ (ဦး) အောင်မြင့် တို့ဖြစ်တယ်။

ဦးအောင်မြင့်က ၁၉ ၄၆ ဖွား၊ နိုင်ငံတကာပြပွဲတွေမှာ အကြိမ်ကြိမ်များစွာ ပြဖူးသူ၊ ဆုတွေ ရဖူးသူ။ ၀ါနု (၁၉ ၇၇ ဖွား၊ ရန်ကုန်ဇာတိ) က ကွယ်လွန်သူ အကယ်ဒမီဆုရှင်၊ ဒါရိုက်တာ၊ စာရေးဆရာကြီး မောင်ဝဏ္ဏရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ခင်ပွန်းဖြစ်သူ ထွန်းဝင်းအောင် (၁၉ ၇၅ ဖွား၊ ရွာလွတ်ဇာတိ) နဲ့ တွဲဖက်လို့ နိုင်ငံတကာပြပွဲတော်တော်များများ မှာ လက်စွမ်းပြ နွှဲလာခဲ့ကြသူတွေ။ ယခု သူတို့ဇနီးမောင်နှံရဲ့ လက်ရာ ၄ ခုနဲ့ ဦးအောင်မြင့်ရဲ့ ပန်းချီကားတချပ်ကို Guggenheim Museum ကြီးက ရွေးချယ်ပြသထားလေပြီး

ဦးအောင်မြင့်ရဲ့ ပန်းချီကားအမည်က (White Stupa Does not need gold) တဲ့။ ၆၀ x ၄၀ လက်မအရွယ် Acrylic on canvas ပန်းချီကား

ပုံ (၃)  White stupa does not need gold

ပုံ (၃ a)  ၂၀၀၂ နယူးယောက်ပြပွဲမှ ဦးအေးမြင့်

ဝါနုနဲ့  ထွန်းဝင်းအောင်တို့ရဲ့ လက်ရာ ၄ ခုကတော့  4 pieces (of white) လို့ အမည်ပေါင်းပြီး ပေးထားတာ တွေ့ရပြီး အားလုံးဟာ အင်္ဂလိပ်ကိုလိုနီခတ် မြန်မာနိုင်ငံရေးကြိုးပမ်းမှုဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတော့တယ်။

ပုံ (၄)
 
ပုံ (၅)

ပဌမလက်ရာက ဗိုလ်ချုပ်အောင်ဆန်း စစ်ဝတ်စစ်စားနဲ့ မတ်တပ်ရပ်နေတဲ့ပုံ၊ သိပ်ပြီး ခန့်ညားလှတဲ့ အဲဒီပုံဟာ ဟိုးအရင်တုန်းက မဂ္ဂဇင်းစာစောင်တခုရဲ့ အဖုံးမှာ ပါခဲ့ဖူးတဲ့ ပုံပဲ။ ဘယ်နှစ်တုန်းက ဘယ်စာစောင်ထဲမှာလဲ ဆိုတာကိုသာ အပ်ချမတ်ချ မပြောနိုင်တာ၊ အတော်ကို မြင်ဖူးနေကျပုံပဲ။ Forbidden Hero လို့လည်း နာမည်ပေးထားတယ်။ (ဘယ်သူတွေ မှိန်အောင်လုပ်ပေမယ့် “ဒို့ဗိုလ်ချုပ်မှန်း လူတိုင်းသိတယ်” ဆိုတဲ့ အတွေးကို ၀ါနုနဲ့ ထွန်းဝင်းအောင်က ပေးချင်တယ် ထင်ပါရဲ့)

ဒုတိယလက်ရာက ဗိုလ်ချုပ်ရဲ့ ကိုယ်တပိုင်း၊ အဖြူရောင် ပလာစတာရုပ်တွေကို ပြထားတာ။ အရုပ် ၄၀ ကို (တတန်းမှာ ၅ ခု၊ အတန်း ၈ တန်း) တင်ပြီး ပြထားတာ။ ခေါင်းရဲ့ နောက်ကပဲ မြင်ရတာ၊ ရှေ့မျက်နှာကို မမြင်ရဘူး။ အဲဒီအတန်းဘောင်ကြီးကိုလည်း အဖြူဆွတ်ဆွတ် ချယ်ထားတာ။ ပြီးတော့ light box အလင်းဖျော့ဖျော့ ဖြူဖြူခံပြီး ပြထားလိုက်သေးတယ်။ Intallation လို့ ဆိုရမှာပေါ့။ ထွန်းလင်းတောက်ပတဲ့ လောကသစ်ဆီသို့ “ဗိုလ်ချုပ်နောက်က” လိုက်ခွင့်မရခဲ့ရှာတဲ့ မြန်မာပြည်သူလူထုတွေကို ၀ါနုနဲ့  ထွန်းဝင်းအောင်က ရည်စူးလေသလား။

တတိယလက်ရာကတော့ ဗိုလ်ချုပ်မိန့်ခွန်းပြောနေတဲ့ ဗီဒီယိုကလစ်၊ မူရင်းအသံအတိုင်း ပြတိုက်ထဲမှာ တိုးတိုးလေး ဖွင့်ထားတယ်။ အောက်က အင်္ဂလိပ်စာတမ်းထိုးပြီးတော့၊ ဒီဂျစ်တယ်နည်းပညာနဲ့ အပြာရောင်များများ ဖြစ်အောင် လုပ်ထားလိုက်သေးတယ်။

စတုတ္ထလက်ရာကတော့ ၀ါနုတို့ ဆွေမျိုးတွေအတွက် သတိရစရာ၊ အဖိုးတန် video clip လေး တခုပါပဲ။ ၀ါနုတို့ရဲ့ အဖိုး (ဒါရိုက်တာမောင်ဝဏ္ဏရဲ့ ဖခင်) တချိန်က လျမ်းလျမ်းတောက် နာမည်ကျော်၊ အကယ်ဒမီတွေ၊ စာပေဆုတွေ ရခဲ့တဲ့ စာရေးဆရာကြီး၊ ဒါရိုက်တာကြီး ဦးသာဓု ပါဝင်တဲ့ အဖြူအမည်းခေတ်က ရုပ်ရှင်ကလစ်ကလေး။ ဒါကို ဒီဂျစ်တယ်နည်းပညာနဲ့ ပြန်ပြီး ဖန်တီးထားတာ။ ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့ video clip နဲ့အရောင်တူ၊ အပြာရောင်တွေ ဖြည့်ထားတာ)။

ဒါပေမယ့် အဲဒီမူရင်းရုပ်ရှင်က ဆရာကြီးဦးသာဓု ရိုက်ခဲ့တာ မဟုတ်ဘူး။ မြန်မာပြည် အင်္ဂလိပ်လက်အောက်မှာ ရောက်နေတုန်း ရေနံမြေသပိတ်ကြီး ပေါ်ပေါက်ပါရောလား။ အဲဒီတုန်းက ဆရာကြီး ဦးသာဓုက (ရုပ်ရှင်မရိုက်သေးဘူး၊ ဒါရိုက်တာ မဖြစ်သေးဘူး) မျိုးချစ်သခင် တယောက်ပေါ့။ သခင်ဖေသန်း တဲ့။ (မူရင်းနာမည်ပါ)။ သူက အဲဒီသပိတ်တိုက်ပွဲမှာ သခင်တယောက်အနေနဲ့ တက်တက်ကြွကြွ ပါတယ်။ ချီတက်တယ်။ အဲဒီ မှတ်တမ်းသတင်းမှာ သူ့ပုံပါလာတယ်။ ဖျတ်ကနဲပါပဲ။

အဲဒီ ဟောင်းနွမ်းပြီး တုန်ခြင်း၊ မှုန်ခြင်း အပြည့်နဲ့ မှတ်တမ်းကလေးထဲက သခင်ဖေသန်းရဲ့ ရုပ်ပုံကို သူရဲ့ မြေးမလေး ၀ါနုက ပြန်ပြီး အသက်သွင်းတင်ဆက်လိုက်တာပေါ့။ ဖြိုးကနဲ ဖြတ်ကနဲ မျက်တောင် ၃ ခတ်စာလောက် ပါတာကို အခု ဒီဂျစ်တယ်နည်းနဲ့ မနေမနား တသွားတည်း သွား နေရတဲ့ ပုံမျိုး ဖြစ်အောင် လုပ်လိုက်တယ်။

“Thakhin Pe Than’s long march” လို့လည်း အမည်ပေးထားတယ်။ အဘိုး “သာဓု”ဟာ မြေး “၀ါနု” ကြောင့် တမလွန်ဘ၀ကနေ ပြန်ပြီး အသက်ဝင်လာတယ်။ နောက်ပြီး “အကြင်တို့ လင်မယား” ထဲမှာ ကြည့်ရာတာထက် ပိုပြီး နုပျိုနေတော့တယ်။
ဗိုလ်ချုပ်နဲ့ သာဓု၊ တော်လှန်ရေးကာလအတွင်းက ဆုံခဲ့ကြဖူးတယ် ဆိုတာကို ဖတ်ထားမိတယ်။
ဘယ်နေရာမှာ ဆုံခဲ့ကြသလဲ။ ဘာတွေပြောခဲ့ကြသလဲ ဆိုတာတွ ပြန်စဉ်းစားကြည့်တော့ ခေါင်းထဲ ပေါ်မလားတော့ဘူး။
ပေါ်မလာလည်း ရှိပါစေတော့လေ။
အခု သူတို့ ၂ ယောက် ဒီပြတိုက်ထဲမှာ ဆုံနေကြပြီပဲ။

Comments