SF Bay Area Burmese to pray for Peace in Burma at 88 Ko Htay Kywe Event


ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုတို့ မြန်မာပြည် ငြိမ်းချမ်းရေး စုပေါင်းဆုတောင်းမည်
မိုးမခအထောက်တော် ၀၀၂၊ မတ် ၂၇၊ ၂၀၁၃
လာမည့် မတ် ၂၉၊ သောကြာနေ့ညနေခင်းတွင် ကျင်းပမည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သော ကိုဌေးကြွယ်နှင့် ဘေးဧရိယာ မြန်မာမိသားစုများ တွေ့ဆုံပွဲတွင် မြန်မာပြည် ငြိမ်းချမ်းရေး၊ လူမျိုး ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ နားလည်မှု ထူထောင်ရေး၊ ခိုင်မြဲရေးကို ရည်စူးပြီး စုပေါင်း ဆန္ဒပြုဆုတောင်းမည့် အစီအစဉ်ကိုလည်း ထည့်သွင်းမည်ဟု သိရသည်။
လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကြောင့် မြန်မာပြည်သား အားလုံး ဆင်းရဲဒုက္ခများ ရင်ဆိုင်နေရသည်ကို ကိုယ်ချင်းစာနာမှုများ ထုတ်ဖော်ခြင်း၊ ငြိမ်းချမ်းစွာ အားလုံးအတူတကွ ယှဉ်တွဲနေထိုင်ကြပြီး တရားမျှတသော ဒီမိုကရေစီလူ့ဘောင် ထူထောင်ကြရေး ကို တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်တို့ဖြင့် ငြိမ်းချမ်းရေး စုပေါင်းဆုတောင်းကြမည်ဟု အခမ်းအနားစီစဉ်သူတို့က သဘောထားကို ပြောကြားသည်။
ငြိမ်းချမ်းစွာ အတူတကွ စုပေါင်းနေထိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို မြန်မာပြည်တွင် ယခင်လွတ်လပ်ရေးခေတ်ဦးကတည်း သခင်ကိုယ်တော်မှိုင်းနှင့် မြန်မာလူထုတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်ကြရန် လက်ရှိအခြေအနေ အဖြစ်အပျက်တို့က လိုအပ်ချက်ပြယုဒ်အဖြစ် ပြနေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၊ ဘာသာဝင်ပေါင်းစုံများ၊ ဒေသအသီးသီးက မြန်မာပြည်သားများအားလုံးအနေဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အားလုံးအတူတကွ သင့်မြတ်စွာ လက်တွဲပြီး ထူထောင်ကြရေးကို ထုတ်ဖော်ကြရန်၊ ဖော်ပြကြရန် မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်ကြောင်း ထုတ်ဖော် ဆုတောင်းကြမည် ဖြစ်သည်ဟု မြန်မာကွန်မြူနီတီနှင့် ကိုဌေးကြွယ် တွေ့ဆုံပွဲ စီစဉ်သူတဦးဖြစ်သူ ကိုထွန်းမြတ်ဦးက မိုးမခကို ပြောကြားသည်။
အခမ်းအနားတွင် ဧည့်ပရိသတ်တို့ထဲမှ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ အတူတကွ စုဝေးကြပြီး မြန်မာပြည် ငြိမ်းချမ်းရေး၊ အားလုံးအတူတကွ သင်ြ့မတ်စွာ လက်တွဲရေးတို့အတွက် ဆုတောင်းခြင်း၊ ငြိမ်သက်ခြင်းတို့ ဆောင်ရွက်မည်ဟု ပဏမစဉ်းစားထားသည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ဆန်ဖရန်စစ္စကိုဘေးဧရိယာမြန်မာမိသားစုများနှင့် မတ် ၂၉၊ သောကြာနေ့ ညနေ ၅ နာရီ မှ ၉ နာရီတွင် မိတ်ဆုံ ဆွေးနွေးပွဲ ကျင်းပရန်စီစဉ်ထားသည်။ အခမ်းအနားကို မြန်မာပြည်သူ ပြည်သား လူမျိုး ဘာသာမရွေး လွတ်လပ်စွာ တက်ရောက်ရန် ကြိုဆိုထားသည်။ ညနေစာကိုလည်း အားလုံး ၀ိုင်းဝန်းမှုဖြင့် ကျွေးမွေး ဧည့်ခံမည် ဖြစ်သည်။ ၀င်ကြေးသတ်မှတ်ကောက်ခံခြင်း မရှိ။ စေတနာအလျောက် ၀ိုင်းဝန်း ပံ့ပိုးမှုများဖြင့် ကိုဌေးကြွယ်ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်မည် ဖြစ်သည်။ ဖရီးမောင့်မြို့ မြန်မာမိသားစုများ စုဝေးနေကြ Centerville Community Center (93355 Country Dr. Fremont, CA 94536)  (880 Free Way, Mowry Ave Exit, Left on Fremont, Right on Country Drive) မှာ ကျင်းပမည် ဖြစ်သည်။




Comments