Private daily newspaper in Burma ready

ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေရန် အဆင်သင့်ပြင်ဆင်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၂၅၊ ၂၀၁၃


ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင် အစမ်းထုတ်ဝေခွင့် ရရှိမည်ဖြစ်သောကြောင့် အပတ်စဉ် သတင်းဂျာနယ်တိုက်အချို့တွင် အစမ်းထုတ် သတင်းစာများ တိုက်တွင်း ထုတ်ဝေခြင်းဖြင့် ပြင်ဆင်လျှက်ရှိသည်ကိုတွေ့ရသည်။ 

ရွှေနိုင်ငံ ပုံနှိပ်စက်လုပ်ငန်းမှ ရွှေနိုင်ငံသစ် အမည်ဖြင့် နေ့စဉ် အစမ်းထုတ် သတင်းစာကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစမ်းရိုက်နှိပ်ထုတ်ဝေ ခဲ့သကဲ့သို့ The Voice Daily ဟု အမည်ပေးထားသည့် Living Color Media မှ ထုတ်ဝေမည့် နေ့စဉ်သတင်းစာကိုလည်း ပြီးခဲ့သည့် သီတင်းပတ်တွင် အစမ်းရိုက်နှိပ်ထုတ်ဝေ ခဲ့သည်ကြောင်း သိရှိရသည်။  

နေ့စဉ် ထုတ်သတင်းစာများ အနေဖြင့်  တစ်စောင်လျင် ကျပ် ၂၀၀ အောက်ဈေးနှုန်းဖြင့် ဖြန့်ချိမည် အလားအလာရှိကာ ရွှေနိုင်ငံသစ် နေ့စဉ်မှာ သတင်းစာတန်ဖိုးကို ၁၅၅ ကျပ်ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။
ယခုထုတ်ဝေမည့် ပုဂ္ဂလိကနေ့စဉ် သတင်းစာများမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည်ထုတ်ဝေခွင့်ရမည့် နေ့စဉ် သတင်းစာများဖြစ်သဖြင့် ပုံနှိပ်သတင်းမီဒီယာ နယ်ပယ်မှ စိတ်ဝင်စားလျှက်ရှိကြသည်ကိုတွေ့ရသည်။
ယခုလက်ရှိ အချိန်ထိ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်လျှောက်ထားသူများ အနက်မှ ၈ စောင်ကိုခွင့်ပြုထားကြောင်း ယခုလဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။ အခြား လျှောက်ထားသူ တဒါဇင်ထက်မနည်းရှိပြီး မကြာမီထပ်မံ ခွင့်ပြုလိမ့်မည်ဟု ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀ိုင်းမှ ခန့်မှန်းထားကြသည်။

Comments