Nyein Chan Aye - Articles


… ပြိုလဲပျက်စီးခြင်း (Things Fall Apart)
ငြိမ်းချမ်းအေး
မတ်လ ၂၆၊ ၂၀၁၃



“Turning and turning in the widening gyre
The falcon cannot hear the falconer;
Things fall apart; the center cannot hold;
Mere anarchy is loosed upon the world,
……………….”
From “The Second Coming” poem by
W. Butler. Yeats (1865 -1939), Irish Poet, 1919.


အာဖရိက ခေတ်သစ် စာပေရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ သတ်မှတ်လေ့ရှိတဲ့ နိုင်ဂျီရီးယား စာရေးဆရာကြီး “Chinua Achebe (1930-2013)” ရဲ့ နာရေး သတင်းကို ဟိုတနေ့က နိုင်ငံတကာသတင်းမှာ ဖတ်လိုက်ရတယ်။  သူရဲ့ အကျော်ကြားဆုံး အင်္ဂလိပ်လိုရေး ဝတ္ထု “Things Fall Apart (1958)” နာမည်ကိုလည်း သတင်းမှာ ပြန်ဖတ်ရတယ်။ တဆက်တည်း အဲဒီ ဝတ္ထု ခေါင်းစဉ်ယူဖို့ စိတ်ကူးရတဲ့ “Yeats” ရဲ့ ကဗျာ စာသားတွေလည်း ဒီရက်ပိုင်း ခေါင်းထဲ ရောက်လာတယ်။

အမှန်တော့ “Things Fall Apart” ဆိုတဲ့ စကားလုံးကို လွန်ခဲ့တဲ့ ရက်တွေ ကတည်းက ဗမာပြည်က တက်လာတဲ့ သတင်းတွေကြောင့် စိတ်ထဲမှာ ရောက်ရှိနေခဲ့တာပါ။ တိုက်ဆိုင်ချင်တော့ အဲဒီ စာသားကိုယူ ဝတ္ထု ရေးဖူးတဲ့ စာရေးဆရာကြီးကပါ ဆုံးရော..။ ဆိုခဲ့တဲ့ ကဗျာဆရာ နဲ့ စာရေးဆရာ ဟာ “Things Fall Apart” စကားလုံး ကို သူတို့ရဲ့ ကဗျာ နဲ့ ဝတ္ထု မှာ သူတို့ စိတ်ကူး၊ သူတို့ အတွေး နဲ့ ပုံဖော်ခဲ့တယ်။ သူတို့ ဖြတ်သန်းရတဲ့ ခေတ်၊ သမိုင်း နဲ့ လူ့အဖွဲ့အစည်းကို သူတို့ မြင်သလို၊ သူတို့ အယူအဆ၊ ခံယူချက် နဲ့ သူတို့ ရသဟန် ဖွဲ့ဆိုခဲ့ကြတယ်။ ကဗျာက ပထမကမ္ဘာစစ်အပြီး ဥရောပရဲ့ ခေတ်အခြေအနေ၊ ဝတ္ထုက ဗြိတိသျှ အင်ပါယာ လက်အောက် ကိုလိုနီ  နယ်ချဲ့ အရင်းရှင် စနစ် နဲ့ ဗျူရိုကရက်တွေကြောင့် ပြိုကျပျက်စီး သွားခဲ့ရတဲ့ အာဖရိက လူမျိုးစုတွေရဲ့ ရိုးရာ ဓလေ့၊ ထုံးတမ်း၊ စနစ် အကြောင်း အသီးသီး ပုံဖော်ခဲ့ကြတယ်။

ခုတော့ လက်ရှိ လူမျိုးရေး/ဘာသာရေး မတည်ငြိမ်မှုတွေ၊ အမုန်းတွေ အပြည့်၊ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်တွေ အပြည့် ဖြစ်နေတဲ့ ဗမာပြည် နဲ့ လူ့အဖွဲ့အစည်းကို “Things Fall Apart” ဆိုတဲ့ စကားလုံးနဲ့ပဲ ပုံဖော်ချင်မိတယ်။

● အရာရာ ပြိုလဲခြင်း
ကျရှုံးနိုင်ငံ (ဝါ) “A Failed State” / “A Failing State” တခုကို အဓိပ္ပာယ်ဖွင့်ပြီး သူ့ရဲ့ ဝိသေသ လက္ခဏာတွေကို ကြည့်ရင် တိုင်းပြည်ကို တာဝန်ယူ စီမံခန့်ခွဲ၊ အုပ်ချုပ်ရတဲ့ မင်းအစိုးရတွေ ညံ့ဖျင်းမှု၊ ကိုယ်ကျိုးရှာမှု နဲ့ လူ၊ ပုဂ္ဂိုလ် တဦးတယောက် (သို့) အုပ်စုတစု (သို့) လူတန်းစားတစုကသာ အစစ အရာရာ ချုပ်ကိုင်၊ လွှမ်းမိုး၊ အခွင့်ရေးယူ၊ အကြွင်းမဲ့ အာဏာရယူနေမှုတို့ကြောင့် တိုင်းပြည်မှာ နိုင်ငံရေး/စီးပွားရေး/လူမှုရေး တည်ငြိမ်မှုတွေ ပျက်ပြားနေခြင်း၊ ဆင်းရဲမွဲတေမှု အဆမတန် မြင့်မားနေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစနစ် အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံး ယိုယွင်းပျက်စီးနေခြင်း၊ အကျင့်ပျက် လာဘ်စားမှု နဲ့ ရာဇဝတ်မှုတွေ များပြားနေခြင်း၊ စီးပွားရေးကြောင့်ဖြစ်စေ၊ စစ်ကြောင့် ဖြစ်စေ၊ လူမျိုး/ဘာသာရေး ဖိနှိပ်မှုတွေကြောင့် ဖြစ်စေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေမှုကြောင့် ဖြစ်စေ လူအုပ်စု အမြောက်အများ မိမိနေရပ်ဒေသကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ် အများအပြား ခံယူနေရခြင်း အစရှိတဲ့ နိုင်ငံ ပျက်စီးနေခြင်းကို ဖော်ပြတဲ့ လက္ခဏာတွေကို တွေ့ရလေ့ရှိတယ်။

တနည်းအားဖြင့် ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး (၃) ရပ် ယိုယွင်း၊ ခြစား ပျက်စီးနေခြင်း အပြင် စတုတ္ထမဏ္ဍိုင်လို့ ညွှန်းဆိုလေ့ကြတဲ့ စာနယ်ဇင်း၊ သတင်း၊ မီဒီယာ လုပ်ငန်းကပါ မလွတ်လပ်၊ အရည်အချင်း မပြည့်မီ၊ ကျင့်ဝတ်သီလပိုင်း အားနည်းနေခြင်း၊ စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင် အစရှိတဲ့ လူသားအတွက် စိတ္တအာဟာရ ရသပိုင်းဆိုင်ရာ ဖြည့်စွက်ပေးနိုင်တဲ့ အနုသုခုမ ပညာရပ်တွေ မထွန်းကား၊ မစည်ပင်၊ လူထုကို တော်တည့်မှန်ကန် ပညာပေး လမ်းညွှန်ဦးဆောင်မှု မပြုနိုင်ခြင်း အစရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ပျက်ယွင်းမှု သဘောတွေကို တွေ့ရှိရတယ်။  ဒီလို အခြေအနေမျိုးတွေဟာ လူ့အဖွဲ့အစည်းရဲ့ စာရိတ္တ မဏ္ဍိုင်ကိုပါ အကြီးအကျယ် ထိခိုက်၊ ပျက်စီး၊ ယုတ်လျော့လာစေသလို လူတွေရဲ့ အတွေးအခေါ်၊ အမြင်၊ သဘောထား နဲ့ အပြုအမူတွေကို မှောက်မှား လမ်းလွဲစေတယ်။

● အာဏာရှင်စနစ် ရဲ့ လက်ဆောင် (သို့) အမွေဆိုး
အထက်မှာ ဖွင့်ဆိုခဲ့တဲ့ “ကျရှုံးနိုင်ငံ” (ဝါ) “အရာရာ ပြိုလဲခြင်း” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ လက္ခဏာတွေကို စစ်အာဏာရှင်စနစ် တိုင်းပြည်မှာ ဆယ်စုနှစ် (၅) စု ကျော် ကြီးစိုးခဲ့တဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့နိုင်တယ်။  စစ်အာဏာရှင်စနစ် နဲ့ စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေ ရဲ့ စစ်အစိုးရ အဆက်ဆက် စစ်အုပ်စု နဲ့ အပေါင်းအပါ လူတစု သူတို့ အကျိုးစီးပွားအတွက် တိုင်းပြည်မှာ ဖော်ဆောင်ခဲ့တဲ့ အလုပ်တွေ၊ သွတ်သွင်းခဲ့တဲ့ အတွေးအခေါ်၊ သဘောတရားတွေကြောင့် တိုင်းပြည်ဟာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ ကျင့်ဝတ်၊ အတွေးအခေါ် အဘက်ဘက်က ချွတ်ခြုံကျ အားနည်း၊ ချို့တဲ့ မှားယွင်း ဖြစ်ခဲ့ရတယ်။  စစ်ဗိုလ်ချုပ်ကြီးတွေ သူတို့ အာဏာ နဲ့ အကျိုးစီးပွား အလို့ငှာ တိုင်းပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍအသီးသီးကို စနစ်တကျ ဖျက်ဆီးခဲ့ကြတဲ့ အထဲမှာ အယုတ်မာဆုံး နဲ့ အဆိုးရွားဆုံး ဖျက်ဆီးမှုကတော့ လူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးခဲ့မှုပဲ ဖြစ်တယ်။

● တိုင်းပြည်နဲ့ လူမျိုး ရဲ့ ထူးခြားတဲ့ ရုပ်ပုံလွှာ လက္ခဏာ ယုတ်လျော့သွားခြင်း

“If wealth is lost, nothing is lost. If health is lost, something is lost.
But, if character is lost, EVERYTHING is LOST.”

ငယ်စဉ်က ကျောင်းစာသင်ခန်းတွေမှာ လူ့စရိုက်၊ လူ့အကျင့် အကြောင်း စာစီကုံးရင် အထက်က စာစုလေးကို ကိုးကားရေးလေ့ရှိကြတယ်။ ပစ္စည်း၊ ဥစ္စာ၊ ဓန ချမ်းသာကြွယ်ဝမှု ဆုံးရှုံးခြင်း နဲ့ “အာရောဂျံ ပရမ္မံလာဘံ – ကျန်းမာခြင်းသည် လာဘ်ကြီးတပါး” လို့တောင် မှတ်ယူရတဲ့ ကျန်းမာရေး သုခ ဆုံးရှုံးခြင်း တွေထက် လူ့ရဲ့ အကျင့်၊ စာရိတ္တ ဆုံးရှုံးရင် အရာရာ အားလုံး အလုံးစုံ ဆုံးရှုံးခြင်းလို့ ဆိုနိုင်တယ်။  လူတဦးချင်းမှာ သူ့ရဲ့ စိတ်ဓာတ်၊ အကျင့်၊ စာရိတ္တ၊ စရိုက် လက္ခဏာ ဟာ အရေးကြီးဆုံးပဲ ဖြစ်သလို တိုင်းပြည် တပြည်၊ လူမျိုး တမျိုးမှာလည်း သူများ လူမျိုးနဲ့ မတူ ထူးခြားကွဲပြားတဲ့ သွင်ပြင်၊ စရိုက်၊ လက္ခဏာ “Identity” ဟာ အရေးပါတယ်။ တိုင်းပြည်နဲ့လူမျိုး လက္ခဏာ “Identity” အပေါ်မူတည်ပြီး တိုင်းပြည်နဲ့လူမျိုးရဲ့ ပုံရိပ် “Image” ကို သုံးသပ်နိုင်တယ်။  ဗြိတိသျှလူမျိုးတွေက အချိန်လေးစားတယ်၊ ဂျပန်လူမျိုးတွေက စည်းကမ်းရိုသေ၊ အလုပ်ကြိုးစားတယ်၊ အစရှိတဲ့ ထူးခြားတဲ့ ဂုဏ်ရည်တွေနဲ့ ကမ္ဘာမှာ ကျော်ကြားသလို ဗုဒ္ဓရဲ့တရားတော်ကို ရာစုနှစ်ပေါင်းများစွာ နာကြား၊ မှတ်ယူရင်း လူ့အဖွဲ့အစည်းရဲ့ လူမှု၊ စီးပွား ဘဝမှာ လက်တွေ့ လိုက်နာကျင့်သုံးခဲ့တဲ့ ဗမာတွေဟာ မေတ္တာတရားကြီး၊ ယဉ်ကျေးပျူငှာ၊ ခင်မင်နှစ်လိုဖွယ်အပြည့် နဲ့ ရောင့်ရဲတင်းတိမ် ငြိမ်းချမ်းအေးဆေး နေလိုတဲ့ လူမျိုးဖြစ်တယ်လို့ ကမ္ဘာအလယ်မှာ ထင်ရှား အသိအမှတ်ပြုခြင်းခံရတယ်။

“Always wear a smile and show great hospitality and kindness towards the foreigners, tourists, and strangers even though life under the military dictatorship is far from easy.”
Nyein Chan Aye

စာရေးသူဟာ မိမိ လူမျိုး၊ မိမိ တိုင်းသူပြည်သားတွေ ပြုပြင်နိုင်အောင် ဗမာ့လူ့အဖွဲ့အစည်း ရဲ့ လိုအပ်ချက်ကလေးတွေ၊ အားနည်းချက်ကလေးတွေ၊ ဆင်ခြင်စရာကလေးတွေကို စာရေးသူရဲ့ ဗမာလိုရေး ဆောင်းပါးတွေမှာ အကြောင်းတိုက်ဆိုင်ရင် အစွမ်းရှိ၊ သိမြင်နားလည်သလောက် ထည့်သွင်း ထောက်ပြလေ့ရှိတယ်။  ဒါပေမယ့် နိုင်ငံခြားသားတွေနဲ့ စကားပြောဆိုရင်တော့ အမြဲလိုလို ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် ရဲ့ ဂုဏ်ရည်တွေကို ပြောပြလေ့ရှိတယ်။ ပြောလေ့ရှိတာ တခုက “…ပဒေသရာဇ်ခေတ် နဲ့ အာဏာရှင်ခေတ် တလျှောက် တိုင်းပြည်ဟာ ကမ္ဘာ နဲ့ အဆက်အသွယ်ဖြတ် ‘ထီးထီးကြီး’ နေလေ့ရှိတဲ့ စနစ်ကို ကျင့်သုံးခဲ့ပေမယ့် ယေဘုယျအားဖြင့် လူမျိုးရဲ့ စရိုက်ဟာ မတူကွဲပြားတဲ့ လူမျိုးတွေ အပေါ် ပျူငှာမှုရှိတယ်၊ ဧည့်ဝတ်ကျေပွန်လေ့ရှိတယ်၊ မေတ္တာတရားကိုသာ ပြသလေ့ရှိတယ်…” ဆိုတဲ့ အချက်ဖြစ်တယ်။

“No one chops off their arms or beheads each other
because their ancestors belong to different tribes.”
Nyein Chan Aye

ရာစုနှစ်ပေါင်းများစွာ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လာခဲ့တဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် ဟိုးယခင် ပဒေသရာဇ်ခေတ် နဲ့ မျက်မှောက် စစ်အာဏာရှင်ခေတ်တွေမှာ လူမျိုးစုအချင်းချင်းကြား စစ်ပွဲတွေ၊ အမုန်းတွေ ရှိခဲ့/ရှိနေပေမယ့် ယေဘုယျ သဘော၊ စိတ်ရင်းအနေနဲ့တော့ ဗမာ့လူ့အဖွဲ့အစည်းဟာ အာဖရိကမှာ တွေ့မြင်ကြုံရလေ့ရှိသလို “မျိုးနွယ်စု မတူလို့ တယောက်ခေါင်း တယောက် မဖြတ်ဘူး၊ တယောက်လက် တယောက် မခုတ်ဘူး..” ဆိုတဲ့ အချက်ကိုလည်း အကြောင်းတိုက်ဆိုင်ရင် စာရေးသူရဲ့ နိုင်ငံခြားသား မိတ်ဆွေတွေကို အလေးအနက်ထား ပြောပြလေ့ရှိတယ်။

သွေးဆူလွယ်တဲ့ ရာသီဥတု နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခေတ်စနစ်တွေကို ဖြတ်သန်းရပေမယ့် ဗမာ့ဓလေ့၊ ဗမာ့စရိုက်၊ ဗမာ့စိတ်ရင်းဟာ ဘာသာတရား အဆုံးအမ ကျေးဇူးနဲ့ ချစ်ခြင်းမေတ္တာတရားကြီး၊ အမုန်းနည်း၊ အလိုလောဘ နည်း၊ ရောင့်ရဲတင်းတိမ်၊ သည်းခံ၊ အေးဆေး ငြိမ်းချမ်း၊ အင်မတန် ယဉ်ကျေးကြတယ်လို့ နာမည်ကောင်းရတယ်။

ဗမာတွေဟာ၊ ဗမာ့လူ့အဖွဲ့အစည်းဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနည်း၊ မကုံလုံ၊ မကြွယ်ဝပေမယ့်  စိတ်ပိုင်းဆိုင်ရာအရ ဘယ်တုန်းကမှ အောက်တန်းမရောက်ခဲ့၊ မဆင်းရဲခဲ့ဘဲ ပြည့်ဝချမ်းသာရှိကြတယ် ရယ်လို့ ကမ္ဘာအလယ်မှာ မော်ကွန်းထိုး၊ ကမ္ပည်းတပ်နိုင်ခဲ့တယ်။  ဒါဟာ တိုင်းပြည် နဲ့ လူမျိုးမှာ ရှိတဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာ အမှတ်အသား ဖြစ်တယ်။

“A nation that continues year after year to spend more money on military defense than on programs of social uplift is approaching SPIRITUAL DOOM.”
Martin Luther King, Jr. (1929-1968),
African-American Civil Rights Movement Activist.

ဒါပေမယ့် ဒီလို ကောင်းမွန်တဲ့ တိုင်းပြည် နဲ့ လူမျိုးရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည် “Identity” နဲ့ ပုံရိပ် “Image” ဟာ စစ်အာဏာရှင်စနစ် ရေရှည်ကြီးဆိုးခဲ့ခြင်း အကျိုးဆက်အနေနဲ့ တဖြည်းဖြည်း ယုတ်လျော့လာခဲ့ရတယ်။  “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားစုဟာ လက်တွေ့ အသုံးကျ လမ်းညွှန်စကားလို ဖြစ်ခဲ့ပြီး လူ့အဖွဲ့အစည်းရဲ့ စာရိတ္တ မဏ္ဍိုင်ဟာ အကြီးအကျယ် ကျဆင်းလာခဲ့ရတယ်။

အလားတူပဲ စစ်အာဏာရှင်တွေ အာဏာ သက်ဆိုးရှည်ရေး အတွက် လူအများစု ထောက်ခံမှုရအောင် ဘာသာရေး၊ လူမျိုးရေးကို ခုတုံး လုပ်တဲ့ တဘက်စောင်းနင်း အပြုအမူတွေ၊ စနစ်တွေ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပညာရေးစနစ် အစရှိတဲ့ ကြားခံပစ္စည်း အမျိုးမျိုးနဲ့ လူထုကြား မှိုင်းတိုက်၊ သွတ်သွင်းခဲ့တဲ့ အတွေးအခေါ်တွေ အစရှိတဲ့ တရားမဲ့၊ မူမမှန်တဲ့ သဘောထား၊ အမြင်တွေဟာလည်း လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းဖွယ် ရှင်သန်လာပြီး ဗမာ့မူရင်း စိတ်ဓာတ် ချစ်ခင်ပြူငှာမှု၊ မေတ္တာ နဲ့ ခန္တီတရားဟာ တဖြည်းဖြည်း ထိပါး၊ ဖျက်စီးခြင်းခံခဲ့ရတယ်။
ဒီလိုနဲ့ လူနည်းစု ဘာသာ/လူမျိုးကွဲ တိုင်းရင်းသားတွေနဲ့ ဘိုးစဉ်၊ ဘောင်ဆက် ကတည်းက နိုင်ငံခြား မှ လာရောက် အခြေချနေထိုင်လာခဲ့တဲ့ လူနည်းစု ဘာသာ/လူမျိုးခြား နိုင်ငံသားတွေ အပေါ် ကြီးစွာသော လူမဆန်မှု၊ ရမ်းကားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဂုဏ်တခုအလား စနစ်တကျ ကျူးလွန်ခဲ့ကြတယ်။ ကာယကံမြောက် မကျူးလွန်ကြသူများမှာလည်း ဒီလိုအနေအထား၊ အဖြစ်အပျက်တွေဟာ ဖြစ်သင့်လို့ ဖြစ်နေတဲ့ ကိစ္စတရပ်လို လျစ်လျူရှု ထားနိုင်ရက်မှုကို အနည်း၊ အများဆိုသလို မျက်မှောက် ဗမာ့ လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းဖွယ် တွေ့မြင်လာရတယ်။

ဆိုခဲ့တဲ့ ဖြစ်စဉ် နဲ့ သဘောဟာ လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ဘာသာရေး၊ လူမျိုးရေး အစွဲတွေ၊ အမုန်းတွေ၊ ပဋိပက္ခတွေ ရဲ့ အကြောင်းရင်းခံပဲ ဖြစ်တယ်။

စာရေးသူ ရဲ့ မိသားစု မိတ်ဆွေ အိန္ဒိယအနွယ် တက္ကသိုလ်ကထိက ဆရာကြီး တယောက် ဆိုရင် “ကျွန်တော်တို့က ဗမာတွေ နှစ်လိုဖွယ် ကောင်းလွန်းလို့ သူတို့နဲ့ ပေါင်းသင်း ဆက်ဆံ၊ ချစ်ခင်၊ သူတို့နဲ့အတူ ‘ငါးပိ’ စားပြီး ဒွေးရောယှက်တင်၊ ဒိုးတူပေါင်ဖက်၊ အေးအတူ ပူအမျှ၊ ဒွန်တွဲ နေထိုင်လာခဲ့ပေမယ့် စနစ်အဖွဲ့အစည်းကတော့ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားအနေနဲ့ပဲ တဆင့်နှိမ့် ခွဲခြား၊ ဖိနှိပ် ဆက်ဆံတာပါပဲ..” ဆိုပြီး ကြေကြေကွဲကွဲ ရင်ဖွင့်ပြောဆိုတာကို ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားဖူးခဲ့တယ်။

● စနစ်ကနေ စိတ်ရင်းကိုပါ ကူးစက်ပြီ
အခု အခြေအနေရောက်လာတော့ ပိုဝမ်းနည်းဖို့ နဲ့ စိုးရိမ်ဖို့ကောင်တာက အထက်မှာ ဆိုခဲ့တဲ့ တက္ကသိုလ် ဆရာကြီး ရင်ဖွင့်ခဲ့တဲ့ လူ့အဖွဲ့အစည်း နဲ့ စနစ် ရဲ့ သဘောထား မတူညီမှု ကွာခြားချက်ဟာ မျက်မှောက်ခေတ်မှာ ကျဉ်းမြောင်းလာခဲ့ပြီလို့ ဆိုနိုင်တယ်။  စနစ်က ပြောင်းသွာတာမဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ သဘောထားကသာ စနစ်အပေါ် မူတည်ပြီး အနည်းနဲ့အများဆိုသလို ဝမ်းနည်းဖွယ် ပြောင်းလဲသွားတာ ဖြစ်တယ်။  စနစ်ရဲ့ သဘောထား က လူ့အဖွဲ့အစည်းအပေါ် အကြီးအကျယ် လွှမ်းမိုးလာမှုကို လက်ရှိ မျက်မှောက်ခေတ် “ပြောမယုံနိုင်၊ တကယ် မျက်မြင် ကြုံဖူးမှ သိ” အဖြစ်အပျက်ဆိုးတွေက အထင်အရှား ပြသနေပါပြီ။

ဘာသာ၊ လူမျိုး ကွဲ ဖြစ်တဲ့ အွန်လိုင်း မိတ်ဆွေ တယောက်ကလည်း သိပ်မကြာခင်က စာရေးပြီး အခုလို ရင်ဖွင့်ဖူးတယ်။  “အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား အရေးတော်ပုံတွေမှာ အနစ်နာခံ၊ ဘဝပျက်ခံ ပါဝင်ခဲ့တဲ့ သူ့ဖခင်ဟာ သူ့ကို ငယ်စဉ်ကတည်းက တိုင်းပြည်အပေါ် ချစ်မြတ်နိုး၊ သစ္စာရှိဖို့ သွန်သင်ဆုံးမခဲ့တယ်။  သွန်သင်ခဲ့တဲ့ အတိုင်း သူဟာ တတ်တဲ့ ပညာနဲ့ အစိုးရအမှုထမ်းရင်း သစ္စာရှိရှိ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့တယ်။ ဒါပေမယ် စနစ်အရ နိုင်ငံသားအခွင့်အရေး မရဘဲ ခွဲခြားခံနေရမှုတွေ အပြင် အခု လူ့အဖွဲ့အစည်းမှာ ရှင်သန်လာနေတဲ့ အမုန်းတရားတွေ၊ သဘောထားတွေကြောင့် သူ့ရဲ့ နောက်မျိုးဆက်သစ် နဲ့ ရှေ့ရေး အတွက် စိုးရိမ်နေရပါပြီ..” ဆိုပြီး စာလှမ်းရေးတော့ စာရေးသူ အနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ် အတွက် တော်တော် တုန်လှုပ်သွားမိတယ်။

စာရေးသူမှာ ဘာသာ/လူမျိုး ခွဲခြားမှုတွေ မြင့်မားတဲ့ မလေး နဲ့ အင်ဒိုက လူနည်းစု အုပ်စုဝင် သူငယ်ချင်းမိတ်ဆွေတွေရှိတယ်။  သူတို့ရဲ့ ခံစားချက် “ကျွန်တော်တို့ကို တိုင်းပြည်က ချစ်သလောက်တော့ ကျွန်တော်တို့ကလည်း တိုင်းပြည်အပေါ် ပြန်ချစ်ပါတယ်..” ဆိုတဲ့ နာနာကြည်းကြည်း ဖွင့်ဟ စကားတွေကိုလည်း ကြားဖူးခဲ့တယ်။  ဆိုတော့ အဲ့ဒီလို အခြေအနေမျိုး၊ အနေအထားမျိုး၊ ခံစားချက်မျိုးကို စာရေးသူချစ်တဲ့၊ မွေးတဲ့ တိုင်းပြည်က လူနည်းစု ဘာသာ/လူမျိုး ကွဲတွေကြား မခံစားစေချင်၊ မခံယူစေချင်ဘူး။  အဲ့ဒီလို အခြေအနမျိုးဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း မကောင်းဘူး။  ဆိုတော့ လက်ရှိ မြင်တွေ့၊ ကြားသိ နေရတဲ့ အခြေအနေတွေဟာ စာရေးသူအတွက် တော်တော် တုန်လှုပ်ခြောက်ခြားဖွယ် အခြေအနေ ဖြစ်နေတယ်။


● “ဓာတ်ပြားဟောင်းတချပ်” အပြန်အလှန် ဖွင့်ရုံမျှနဲ့ မလုံလောက်တော့
ဆိုခဲ့တဲ့ အခြေအနေကို “ဘင်္ဂါလီတွေက ရိုဟင်ဂျာ အမည်ခံ တိုင်းပြည်ကို ကျူးကျော်လို့သာ ဆန့်ကျင်တာပါ..၊ ဘာသာရေး၊ လူမျိုးရေး အမုန်းတွေ၊ အစွဲတွေ မရှိပါဘူး..” ဆိုတဲ့ မနှစ်၊ တနှစ်က စပြီး အကြောင်းပြလာခဲ့တဲ့ စကားတွေနဲ့ “ထမင်းရေပူ လျှာလွှဲ” ပြောနေလို့ မရတော့ပါဘူး။  လူမျိုးရေး/ဘာသာရေး ခွဲခြားမှု နဲ့ အမုန်းတွေ လူ့အဖွဲ့အစည်းမှာ စွဲကပ်နေပြီဆိုတာကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ရပါမယ်။  ဒါမှသာ “အနာသိရင် ဆေးရှိ” ဆိုသလို ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်တယ်။

ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ စနစ်ရဲ့ အမွေဆိုးကနေ တဆင့် အမြစ်တွယ်လာခဲ့တဲ့ ရောဂါဆိုးကို ရှုမြင်သုံးသပ်ရမှာ “အာဏာရှင် အမွေဆိုး” ပါ၊ “အာဏာရှင် နဲ့ စစ်အုပ်စု နောက်မြီးဆွဲတွေက နိုင်ငံရေးအရ ဖန်တီးနေတဲ့ နိုင်ငံရေးလှည့်ကွက်၊ ထောင်ခြောက်တွေမှာ ဘာသာ၊ လူမျိုး ကွဲတွေက ဓားစာခံ ဖြစ်ရတာပါ” ဆိုပြီး သမားရိုးကျ သုံးသပ်ဆင်ခြင်ရုံမျှနဲ့ မလုံလောက်တော့ဘူး။  တိုင်းပြည်မှာ နိုင်ငံရေးအရ၊ စီးပွားရေး အရ အကျပ်အတည်းဖြစ်၊ ရုတ်ရုတ်ရက်ရက် ဖြစ်၊ အခြေအနေ တင်းမာလာရင် လူနည်းစု ဘာသာ/လူမျိုးကွဲတွေဘက် မြားဦးလှည့် (ဓားဦးလှည့်) တဲ့ “ဓာတ်ပြားဟောင်းတချပ်” ကို စစ်အုပ်စု က မရိုးနိုင် ပြန်ဖွင့်လေ့ရှိသလို တဖန် “စစ်အုပ်စု ရဲ့ လှည့်ကွက်ပါ” လို့ အပ်ကြောင်းထပ် အကြောင်းပြချက်ပေး “ဓာတ်ပြားဟောင်း” ပြန်ဖွင့် သုံးသပ်ရုံနဲ့ မရတော့၊ ပြဿနာကို အပြီးတိုင် မဖြေရှင်းနိုင်တော့ပါဘူး။
အာဏာရှင် ဒေါက်တိုင် နဲ့ စစ်အုပ်စု အသိုင်းအဝန်း၊ အစိုးရ အဝန်းအဝိုင်း တွေရဲ့ ပရောဂ ပါတယ်ဆိုတာ မှန်တယ်။  (မှတ်ချက် - စာရေးသူ ရဲ့ မနှစ်က ရခိုင် ပဋိပက္ခ ဖြစ်စဉ် သုံးသပ်မှုကို ပြန်ဖတ်ကြည့်ပါ။)  ဒါပေမယ့် ဒီအချက် တချက်တည်းကိုပဲ ဇောင်းပေး သုံးသပ်လို့ အဖြေမှန် ရှာမတွ့နိုင်၊ ရေရှည်မှာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည် မတည်ဆောက်နိုင်တော့ပါဘူး။  စစ်အုပ်စု နဲ့ “ပြဒါးတလမ်း၊ သံတလမ်း” လို့ ယူဆနိုင်တဲ့ အတိုက်အခံလို့ဆိုကြတဲ့ ဒီမိုကရေစီ အင်အားစု အစုအဖွဲ့ နဲ့ ပညာတတ် အသိုင်းအဝန်းလို့  ကိုယ့်ဘာသာ ခံယူထားကြတဲ့ အတန်းပညာအောင်၊ ဘွဲ့ရ လူတန်းစား အမျိုးအစားတွေမှာပါ လူမျိုး/ဘာသာစွဲ မုန်းတီးမှုတွေ၊ ပြင်းထန်းတဲ့ သဘောထားတွေ များပြားလာတယ်ဆိုတာ လက်ရှိ ပကတိ အခြေအနေတွေက အထင်အရှား ပြသနေတယ်။

● လူတဦးချင်း သဘောထား မဟုတ်တော့
ခု လတ်တလော ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ လူတဦးချင်း ကိစ္စ ကနေ စတင်ခဲ့တယ်။  နောက်ပိုင်းမှာ အုပ်စု သဘော ဆောင်သွားခဲ့တယ်။  နောက်ဆုံး အုပ်စုဖွဲ့ အကြမ်းဖက်မှု၊ သတ်ဖြစ်မှု၊ မီးရှို့မှု၊ လုယက်မှုတွေ ကျူးလွန် ဖြစ်ပွားလာရာမှာ ပါဝင်သူအားလုံးကို နောက်ကွယ်ကြိုးကိုင်သူ၊ စစ်အုပ်စု လိုလားသူ၊ ပရောဂဖန်တီးလိုသူတွေလို့ ယူဆလို့မရပါဘူး။  သူသူ၊ ကိုယ်ကိုယ် နဲ့ ယေဘုယျ သဘော ကိုင့်ကျင့်တရား နှိုင်းယှဉ်နိုင်တဲ့ လူသာမန်တွေဟာ အတွေးအခေါ် မှောက်မှားလာရင်၊ အထူးအဖြင့် အုပ်စုလိုက် ရမ်းကားနိုင်မှု အခွင့်အရေးလည်း ရလာရင် အကြီးမားဆုံးသော ရာဇဝတ်မှုကြီးတွေ၊ လူသားမဆန်ဆုံးသော ပြစ်မှုကြီးတွေကို ကျူးလွန်လေ့ရှိတယ်ဆိုတာ ကမ္ဘာ့ သမိုင်းက အရုပ်ဆိုး၊ အကျည်းတန် လှတဲ့ ဖြစ်ရပ်ဆိုးတွေက သက်သေ ရှိတယ်။  ပါဝင်ခဲ့သူတွေကိုလည်း တဦးချင်း  အကျင့်၊ စာရိတ္တ နဲ့ သီလ ပျက်ယွင်းမှု၊ ပုဂ္ဂလိက အတွေးအခေါ် မှောက်မှားမူကြောင့်လို့ သုံးသပ်လို့ မရတော့ပါဘူး။  ဒါဟာ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲလာခဲ့တဲ့ သဘောထား၊ အတွေးအခေါ် နဲ့ စရိုက်ရဲ့ ရိုက်ခတ်မှု အကျိုးဆက် အုပ်စုသဘောထား “collective attitude” လို့ ယူဆရပါတော့မယ်။

● “အမုန်းတရား”  သာ သင်ကြားခြင်း ခံနေရတယ်
မျက်မှောက်ခေတ် ဗမာ့လူ့အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်တွေ၊ အွန်လိုင်း စာမျက်နှာတွေ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ စာနယ်ဇင်း လူထု အပန်းဖြေ နဲ့ ပညာပေး မီဒီယာတွေ နဲ့ နောက်ဆုံး.. ဓမ္မတရားကိုသာ ဖြန့်ဖြူးရမယ့် ဘာသာတရားဆိုင်ရာ တရားပွဲတွေမှာပါ “အမုန်းတရား” ဟာ နေရာကျယ်ကျယ်ပြန့်ပြန့် ယူလာနေတယ်။

“No one is born hating another person because of the color of his skin, or his background, or his religion.  People must learn to hate, and if they can learn to hate, they can be taught to love, for love comes more naturally to the human heart than its opposite.”
Nelson Mandela (1918- ), South-African anti-apartheid activist, revolutionary & politician.

လူသားတဦးဟာ မွေးခါစမှာ အခြားလူသားတဦးအပေါ် ဘာအကြောင်းရယ်ကြောင့်မှ မုန်းတီးမှု မဖြစ်ပေါ်နိုင်၊ မရှိနိုင်ပါဘူး။  ကြီးပြင်းလာစဉ်တလျှောက်မှာ ပတ်ဝန်ကျင် နဲ့ စနစ် အဖွဲ့အစည်းက လူသားရဲ့ အတွေးအခေါ် နဲ့ သဘောထား အမြင်ကို တဖြည်းဖြည်းနဲ့ ပုံသွင်းလာပါတော့တယ်။  ဒီလိုနဲ့ “အမုန်းတရား” ဟာ ပြုစု၊ ပျိုးထောင်၊ မွေးမြူခြင်းခံရတယ်။  သင်ကြားပေးခြင်း ခံရတယ်။  ဒီလို အခြေအနေကို ပြောင်းလဲနိုင်ဖို့က “အမုန်းတရား” ကို လူတွေ သင်ယူနိုင်ဖို့ အခွင့်အရေး ရနေတာထက်ပိုပြီး “ချစ်ခြင်းတရား” ကို သင်ယူခွင့်ရဖို့ အခြေအနေမျိုး ဖန်တီး၊ အရာရာမှာ “ချစ်ခြင်းတရား” ကို ထည့်သွင်း သင်ကြားပေးဖို့ လိုတယ်။

● ဘာသာအဆုံးအမနဲ့ တည်ဆောက်တဲ့ “တရား” တခုတည်းနဲ့ မလုံလောက်
ဗုဒ္ဓရဲ့တရားမြတ်ကို ထောင်စုနှစ်ချီ နာကြားခွင့် ရခဲ့လို့ တည်ဆောက်နိုင်ခဲ့တဲ့ စင်ကြယ်တဲ့ ကျင့်ဝတ်၊ သီလ နဲ့ အတွေးအခေါ်၊ သဘောထား မှန်ကန်မှုဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဆယ်စုလေးငါးခု စာ မှိုင်းတိုက်ဖျက်ဆီးမှုကြောင့် အနည်းနဲ့အများဆိုသလို ထိခိုက်ပျက်စီးခဲ့ရတယ်ဆိုတာ လက်တွေ့ မျက်မြင်ပဲ ဖြစ်တယ်။  လူသား ရဲ့ ကျင့်ဝတ်၊ အတွေးအခေါ်၊ သီလ နဲ့ တရားဖြောင့်မှတ် မှန်ကန်မှု ဓမ္မ တရားကို ဘာသာတရား အဆုံးအမထက်ပိုပြီး ဘယ်လိုအရာက ကောင်းအောင် လမ်းညွှန်ဆုံးမ ပဲ့ပြင် နိုင်မလဲ လို့ မေးခွန်းထုတ်ချင်စရာ ရှိတယ်။  ဘာသာတရား ရဲ့ အဆုံးအမ စစ်စစ် လက်ကိုင်ပြုပြီး ဘယ်လို ဘေး၊ ပရောဂ အနှောင့်အယှက်၊ ဝါဒဖြန့်၊ မှိုင်းတိုက်မှုမျိုးကိုမှ မမှုဘဲ မှန်ကန်တဲ့ အယူဝါဒ၊ အမြင်၊ သဘောထား၊ ခံယူချက် နဲ့ ကျင့်ဝတ်၊ သီလ ဆောက်တည်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဒါပေမယ့် ဘာသာတရားကို ခုတုံးလုပ်ပြီး “အမုန်းတရား” ဖြန့်ဖြူးနေတဲ့၊ နွေရာသီ ကလေးသူငယ်များ ယဉ်ကျေးလိမ္မာသင်တန်းလို့ ခေါင်းစဉ်တပ်ထားတဲ့ သင်တန်းမျိုးတွေမှာတောင် ဘာသာကွဲ၊ လူမျိုးခြားကို အမုန်းပွားအောင် သင်ပေးနေတဲ့ လက်ရှိ အခြေအနေ မျိုးမှာ လူ့ကျင့်ဝတ် နဲ့ တရားကို ဘာသာ အဆုံးအမ နဲ့ ကင်းလွတ်ရာ ဘာသာ/လူမျိုးမခွဲ လူသားအားလုံးနဲ့ သက်ဆိုင် အကျုံးဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမှန်တရား သဘောထား၊ လူသားပီသမှု၊ လူသားကျင့်ဝတ်၊ လူသားတရား သက်သက် ကိုးကွယ်ယုံကြည်မှုသဘော နဲ့ အဆုံးအမ မပါ တည်ဆောက်နိုင်မှ အကျိုးရှိ၊ အလုပ်ဖြစ်၊ လူ့အဖွဲ့အစည်း ကောင်းကျိုး ချမ်းသာ ရပါမယ်။

ဒါကြောင့် လူသားအချင်းချင်း အသားအရောင်၊ ဘာသာ ကိုးကွယ်မှု၊ ဇာတိ နောက်ခံ၊ အမျိုးအနွယ်၊ အယုတ်၊ အလတ်၊ အမြတ် မရွေး တပြေးညီ မြင်နိုင်၊ ရှုနိုင်၊ ဆက်ဆံနိုင်၊ ချစ်ခြင်း မေတ္တာ ထားနိုင်စွမ်းတဲ့ လူသားဝါဒတရား ထွန်းကားဖို့ ဗမာ့လူ့အဖွဲ့အစည်းမှာ မဖြစ်မနေ ကြိုးစား ဖော်ဆောင်ရပါမယ်။

● စာပေရဲ့ အခန်းကဏ္ဍ
နှစ်ဆယ်ရာစု တရုတ်ခေတ်သစ် စာပေမှာ အရေးပါတဲ့ စာရေးဆရာကြီး လူရွှန်း (၁၈၈၁-၁၉၃၆) ဟာ ဂျပန်မှာ အနောက်တိုင်းဆေးပညာ သင်ယူနေရာကနေ ရပ်နားပြီး စာရေးဆရာဘဝပဲ ဇောက်ချလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကလေးတခုက စိတ်ဝင်စားဖို့ ကောင်းတယ်။  ရုရှား-ဂျပန်စစ် (Russo-Japanese War, 1904-1905) အတွင်းက မှတ်တမ်း ရုပ်ပုံတခုမှာ ရုရှားအတွက် သူလျှို လုပ်ပေးတယ်လို့ စွပ်စွဲ ခံရတဲ့ တရုတ်လူမျိုးတဦးကို ဂျပန်က ခေါင်းဖြတ်သတ်နေချိန် ခံစားမှုကင်းမဲ့တဲ့ မျက်နှာပေး၊ အပြုအမူ၊ အမူအရာတွေနဲ့ ဘေးက ဝိုင်းရပ်၊ ကြည့်ရှု အားပေးနေတဲ့ မျိုးနွယ်တူ တရုတ်လူမျိုး တွေကို လူရွှန်း မြင်တွေ့ရတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။  ပုံပါ ရပ်ကြည့်နေတဲ့ သူအားလုံးဟာ ကိုယ်ခန္ဓ္ဓာ ချွတ်ယွင်း၊ အားနည်းမှု လုံးဝ မရှိဘဲ ရုပ်ပိုင်ဆိုင်ရာအရ ဖွံ့ဖြိုးပြီး ပျိုရွယ်၊ ကျန်းမာ သန်စွမ်းနေတယ်ဆိုတာကို လူရွှန်း တွေ့မြင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ အကြီးအကျယ် ဖောက်ပြန် မှားယွင်း၊ အားနည်း ဆုတ်ယုတ်နေတယ်ဆိုတာကို လူရွှန်း နားလည် သဘောပေါက်သွားခဲ့တယ်။

ဒါကြောင့် လူရွှန်းဟာ ရုပ်ပိုင်းဆိုင်ရာကိုသာ ဆေးကုပေးနိုင်စွမ်းတဲ့ ဆရာဝန်အတတ်ပညာကို ဆက်လက် သင်ယူဖို့ စိတ်မပါတော့ဘဲ လူတွေရဲ့ (မိမိ လူမျိုးတွေရဲ့) အကျင့်၊ စာရိတ္တ၊ ကျင့်ဝတ် နဲ့ သက်ဆိုင်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းပျက်စီးနေမှုကို ကုသနိုင်စွမ်းတဲ့ စာပေရေးသားခြင်း အလုပ်ကိုသာ ဇောက်ချလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

“England is sick, and … English literature must save it. The Churches (as I understand) having failed, and social remedies being slow, English literature has now a triple function: still, I suppose, to delight and instruct us, but also, and above all, to save our souls and heal the State.
George Stuart Gordon (1881–1942), British literary scholar.

ဗြိတိသျှ စာပေပညာရှင် “G. S. Gordon” က စိတ္တပိုင်းဆိုင်ရာ ဖျားနာနေတဲ့ အင်္ဂလန်ပြည် နဲ့ လူ့အဖွဲ့အစည်း အတွက် ဘာသာတရား နဲ့ လူမှု ကုထုံးတွေက သိပ်အလုပ်မဖြစ်ဘဲ အင်္ဂလိပ် အနုသုခမ ရသ စာပေ ကသာ ကယ်တင်ဖို့ လိုကြောင်းကို အခုလို ပြောခဲ့ဖူးတယ်။  “အင်္ဂလိပ်စာပေဟာ တာဝန်ဝတ္တရားကြီး သုံးသွယ် ကို ထမ်းဆောင်ရပါမယ်..။  လူတွေကို ရသခံစား ပျော်ရွှင်မှု ပေးနိုင်ရမယ်..။  ဆုံးမပဲ့ပြင် လမ်းညွှန် နိုင်ရမယ်။ အရေးကြီးဆုံး အနေနဲ့ကတော့ လူတွေရဲ့ ဝိညာဉ် ကို ကယ်တင်ပြီး ဖျားနာနေတဲ့ တိုင်းပြည်ကို ကုစားရပါမယ်” လို့ စာပေ ရဲ့ တိုင်းပြည်၊ လူမျိုး နဲ့ လူ့အဖွဲ့အစည်း အပေါ် အကျိုးသက်ရောက် လွှမ်းမိုးနိုင်မှု သဘောကို ချပြခဲ့ဖူးတယ်။

အလားတူပဲ လက်ရှိ ဘာသာ/လူမျိုးစွဲ အခြေခံ အမုန်းတရားတွေ နဲ့ ပြည့်နှက်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်း အတွက်လည်း လူတွေရဲ့ အစွန်းရောက် ပယောဂပူးကပ်၊ အတွေးအခေါ် မှောက်မှား နေတဲ့ ဝိညာဉ်ကို ကယ်တင်ပြီး စိတ္တပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ လူသား ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖျားနာနေတဲ့ တိုင်းပြည်ကို ဆေးကုသဖို့ရာ အတွက် တော်တည့်၊ မှန်ကန်တဲ့ စာကောင်း၊ ပေကောင်း တွေ အများအပြား ပေါ်ထွန်း၊ လူထုကြား ရောက်ဖို့လိုတယ်။

ဘာသာတရား လွှမ်းမိုးမှုကင်းတဲ့ (သို့) အစွဲလုံးလုံးမပါတဲ့ ဘာသာတရား ရဲ့ တရားဓမ္မ အစစ်ကိုသာ ဖော်ထုတ်၊ ညွှန်းဆို၊ သင်ကြားပြီး ဘာသာ/လူမျိုးကွဲခြင်း အပေါ် အခြေခံပြီး မုန်းတီးမှု အဆိပ်အတောက်ကို မဖြစ်ပေါ်စေတဲ့ ကျင့်ဝတ်ရှိ၊ အတွေးအခေါ်မြင့်မား၊ အမြင်ကျယ်ပြန့်၊ နှလုံးရည်ပြည့်ဝ တဲ့ တရားစစ်တွေ လူ့အဖွဲ့အစည်းမှာ ပြန့်နှံ့ဖို့အတွက် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ ပြည့်ဝတဲ့ ထေကြီးဝါကြီး ရဟန်းသံဃာ၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဆုံးမသြဝါဒ လမ်းညွှန်မှုတွေ ရှိဖို့လိုသလို စာပေသြဇာရှိတဲ့ စာရေးဆရာကြီးတွေကလည်း စာပေကောင်းတွေ မှတဆင့် လူထုကို ဦးဆောင်၊ လမ်းညွှန် ပြသနိုင်ဖို့ လိုတယ်။  ပြည်တွင်းမှာရှိတဲ့ သုတ၊ ရသ စာရေးဆရာကြီးတွေ အနေနဲ့ အခုကစပြီး တိုင်းပြည်မှာ လူသားအားလုံး တန်းတူ ချစ်ခြင်းမေတ္တာ ထားနိုင်တဲ့ လူသားဝါဒ ထွန်းကားစေဖို့၊ လူများစု နဲ့ လူနည်းစု အုပ်စုဝင်တွေ ငြိမ်းငြိမ်းချမ်းချမ်း သာတူညီမျှ တန်းတူ နေနိုင်စေဖို့၊ လူမျိုး/ဘာသာစွဲ စိတ်တွေ လျော့နည်းဖေို့၊  လူမျိုး/ဘာသာခြားတွေကို ဖိနှိပ်မှု၊ ခွဲခြားမှု သဘောထားတွေ မဖြစ်ပေါ်စေဖို့ နဲ့ အမုန်းတရား၊ ရန်ငြိုးတွေ ပြေပျောက်စေဖို့အတွက် မိမိတို့ရဲ့ စာပေထဲမှာ အကျိုး/အကြောင်းပြ ထည့်သွင်း ရေးသားဖို့ မရှိမဖြစ် နဲ့ အများအပြား လိုအပ်နေပါပြီ။

● ဗဟုဝါဒသာ လူ့လောကအတွက် သုခချမ်းသာ
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူဝါဒ ပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ စည်ပင်၊ ရှင်သန်၊ ဘာသာတရား ပြင်းထန် အစွန်းရောက်မှု မရှိဘဲ ဘာသာတရားက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမှာ လွှမ်းမိုးမှု ကင်းတဲ့ တိုင်းပြည်မျိုးတွေသာ ကမ္ဘာမှာ ဖွံ့ဖြိုး၊ တိုးတက်၊ တည်ငြိမ်၊ အေးချမ်း တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်ပြီး လောက နိဗ္ဗာန် တည်ဆောင်နိုင်တယ်ဆိုတာ မျက်မှောက် ကမ္ဘာက သက်သက်ပြုပြီး ဖြစ်တယ်။  ဒီလို ကမ္ဘာ့သမိုင်းမှာ သင်ခန်းစာယူစရာတွေ၊ အတုယူစရာတွေ၊ လေ့လာစရာတွေ မျက်စိ ရှေ့မှောက် အသင့်ရှိနေပါလျက်နဲ့ ဗဟုဝါဒကို အားပေးတဲ့၊ လူများစု၊ လူနည်းစု ဘာသာ/လူမျိုးမခွဲ၊ မကွဲ အပေးအယူမျှ၊ သင့်တင့်၊ တန်းတူ နေထိုင်နိုင်စွမ်းတဲ့ ဒီမိုကရေစီ တိုင်းပြည် ဗမာပြည်ကို လိုချင်သလား၊ ဘာသာတရားကသာ အစစ အရာရာ ဖြစ်နေတဲ့ သီအိုကရေစီ တိုင်းပြည် ဗမာပြည်ကို လိုချင်သလား “Democarcy Vs Theocracy” ဆိုတာမျိုး ယှဉ်ချ၊ မေးခွန်းထုတ် ဆင်ခြင်သုံးသပ်နေစရာကို အကြောင်းမရှိပါ။

ဗဟုဝါဒအားပေး ဒီမိုကရေစီသာ တိုင်းပြည်အတွက် အဖြေ ဖြစ်တယ်။  တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တယ်။  တည်ငြိမ်အေးချမ်း၊ နိုင်ငံကြီးသား ပီသတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း” ဖြစ်ဖို့အတွက်လည်း ဒီ ဗဟုဝါဒ နဲ့ ဒီမိုကရေစီဟာ အရေးကြီးတယ်။  တိုင်းပြည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ္တပိုင်းဆိုင်ရာ ဘက်စုံ ပြည့်စုံ၊ ဖွံ့ဖြိုးတိုးတက်တဲ့ လောကနိဗ္ဗာန် တည်ထောင်နိုင်မှုအတွက်လည်း ဒါဟာ သော့ချက် ဖြစ်တယ်။

ဒီမိုကရေစီ ဆိတ်သုဉ်း ပျောက်ကွယ်၊ အလုံးစုံ ပျက်သုဉ်း ခဲ့ခြင်းနဲ့အတူ မြင်သာထင်သာတဲ့ ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ အောင်တန်းနောက်တန်းကျ “ဓားမနောက်ပိတ်ခွေး” ဖြစ်နေတဲ့ အခြေအနေအပြင် မမြင်သာပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် ပိုအရေးကြီးတဲ့ စိတ္တခွန်အား အာဟာရ ကောင်းမြတ်ခြင်း တရား၊ လူ့တန်ဖိုး၊ လူ့ကျင့်ဝတ်၊ လူသားစံနှုန်း သဘောထားတွေ “အစစ အရာရာ တစစီ ပြိုလဲပျက်စီး ယုတ်လျော့နေခြင်း” ကို တိုင်းပြည်မှာ ရပ်တန့်စေဖို့ရာအတွက် တိုင်းပြည် နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတတ်သူ အားလုံးသော ပုဂ္ဂိုလ်တွေ အကျိုး/အကြောင်းညီ ဆင်ခြင်သုံးသပ်၊ အမှန်မြင်နိုင်ဖို့ မျှော်လင့် ဆုတောင်းပါတယ်။

လူမျိုး/ဘာသာရေး ပဋိပက္ခတွေ လျော့နည်း၊ ပပျောက်စေဖို့နဲ့ ပတ်သက်တဲ့ ဆက်စပ်တဲ့ ဆင်ခြင်စရာ၊ ဖော်ဆောင်စရာ အကြောင်းအရာများစွာ ကျန်ပါသေးတယ်။  အချိန်ပေးနိုင်ရင် ဆက်လက် ဆွေးနွေးတင်ပြပါဦးမယ်။

နောက်ဆက်တွဲ။     ။  စာရေးသူ ယခင် ဆွေးနွေးတင်ပြဖူးခဲ့တဲ့ စစ်အာဏာရှင်စနစ် ရဲ့ လူ့အဖွဲ့အစည်း အပေါ် ထိခိုက်စေမှု သဘော၊ လူမျိုး/ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ လျော့နည်းစေဖို့ နဲ့ လူမျိုး/ဘာသာ ကွဲ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း မတူညီတဲ့ အုပ်စုတွေ အချင်းချင်း ဘယ်လို သင့်မြတ်၊ ငြိမ်းချမ်းအောင် နေထိုင်နိုင်သလဲဆိုတဲ့ သဘော ဆက်စပ်တဲ့ အောက်ပါ ဆောင်းပါးများကိုလည်း တပါတည်း ပြန်လည် ဖတ်ရှု ဆင်ခြင် သုံးသပ်ကြပါ။

၁။ “ဖက်ထိပ်များ နဲ့ လူ့အဖွဲ့အစည်း” - http://moemaka.com/?p=23353
၂။ “အမုန်းကြီးသူ သို့” - moemaka.com/?p=23887
၃။ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” - http://moemaka.com/?p=24166
၎။ စစ်ပွဲ၊ ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ဘာသာ အယူဝါဒများ - http://moemaka.com/?p=24501
၅။ “မျိုးမြင့်စိတ်နေဝါဒ” - http://www.scribd.com/doc/132412755/Ethnocentrism-by-Nyein-Chan-Aye-Khit-Maung-Vol-1-No-2-27-Jun-2012
၇။ “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” -http://www.scribd.com/doc/104681870/Characteristics-of-Dictatorship-by-Nyein-Chan-Aye-Khit-Maung-Vol-1-No-4-27-Aug-2012
၈။ “အိုဘားမားခရီးစဉ်မှ ဆင်ခြင်စရာများ” - http://moemaka.com/?p=29392

Comments