Mar Mar Aye returns to USA and conversation in brief


ဂီတပညာရှင်ကြီး ဒေါ်မာမာအေး အမေရိကန်သို့ ပြန်လည်ရောက်ချိန် စကားစမြီ
မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၁
လွန်ခဲ့သည့် မတ်လဆန်းက ဂီတပညာရှင်ကြီး အဆိုတော် ဒေါ်မာမာအေးသည် သူ၏ဒုတိယအိမ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဖို့ဝိန်းမြို့တော်သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။ ဒီဇင်ဘာ လဆန်းပိုင်းက စတင်ပြီး ၁၀စုနှစ် တစုစာ ဝေးကွာနေခဲ့သော မွေးရပ်မြေ မြန်မာပြည်သို့ မိသားစုများ၊ ပရိသတ်များနှင့် တွေ့ဆုံရန် ၃ လတာ ခရီးထွက်ခဲ့ရာမှ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။
ရောက်ရောက်ချင်းမှာပင် ၂ ညခန့် အိမ်မှာပဲ အချိန်ကုန်နေရကြောင်း၊ ပြင်းထန်သော ဆောင်းရာသီက ကြိုဆိုနေသဖြင့် အပြင်သို့မထွက်နိုင်ဘဲ အိမ်မှာပဲ ရန်ကုန်ပြန် မြန်မာစားစာရာများနှင့် အဟာရဖြည့်နေခဲ့ရကြောင်း ဒေါ်မာမာအေးက မိုးမခကို ပြောကြားသည်။
မြန်မာပြည်သို့ ပြန်ရောက်စဉ်အတွင်း ဘာသာရေးခရီးအဖြစ် ပုဂံသို့ သွားရောက်ပြီး တန့်ကြည့်တောင်ဆရာတော်၏ ကျောင်းတွင် တရားစခန်းဝင်ခဲ့ကြောင်း၊ ၎င်းနောက်မိမိ၏ မိသားစုများနှင့် ဘုရားဖူးခရီး အနည်းငယ်ထွက်ဖြစ်ကြောင်း၊ ထိုနောက်ပိုင်းတွင် ပရိသတ်များ၊ ပွဲစီစဉ်သူများ၊ ဖိတ်ကြားထားသူများ၏ အစီအစဉ်များအတိုင်း တောက်လျောက်ခရီးသွားနေခဲ့ရကြောင်း ပြောကြားသည်။
ပြည်သူ့ရင်ပြင်တွင် ဇန်န၀ါရီ ၁၂က ရသနှလုံးသားပေးဆပ်ပွဲ စင်မြင့်ဖျော်ဖြေပွဲ၊ 

အမျိုးသားပြဇာတ်ရုံတွင် ဖေဖော်ဝါရီ ၁၅တွင် ဒုတိယအကြိမ်မြောက် ဖျော်ဖြေပွဲတို့ကို လက်ရှိမြန်မာသံစဉ်သီဆိုသူ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် အဆိုတော်များနှင့် တွဲဖက်ပြီး ပရိသတ်ကို သီဆိုဖျော်ဖြေခဲ့သည်။ ထို့အပြင် နာဂစ်သင့်ခဲ့ရာ ဧရာဝတီတိုင်း၊ ကွမ်းခြံကုန်းမြို့နယ်သို့သွားရောက်ပြီး လူမှုရေးကူညီမှု ရန်ပုံငွေပွဲကိုလည်း အဆိုတော်များစွာနှင့်အတူ မေတ္တာဖြင့် ဂီတကုသိုလ်ခရီးထွက်သည်ဟု ဆိုသည်။ 
အမေရိကန်အပြန်တွင် စင်ကာပူသို့ ၀င်ရောက်ပြီးနောက် မတ်လ ၃ ရက်နေ့တွင်လည်း ဂီတပဒေသာပွဲတော်တခုကို မြန်မာသံစဉ်အဆိုတော်များနှင့် ဖျော်ဖြေသီဆိုခဲ့သည်ဟု သိရသည်။
မြန်မာပြည်နှင့် ဝေးကွာခဲ့စဉ်အတွင်း ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေတဆင့် ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် ခေါင်းစဉ်ဖြင့် မိမိအတွေ့အကြုံနှင့် ဂီတဘ၀ကို တောက်လျောက် ဟောပြောတင်ဆက်ခဲ့ခြင်းတို့ကြောင့် ပရိတ်သတ်အရွယ်စုံက ဒေါ်မာမာအေးကို အမှတ်တရ အဆက်မပြတ်ကြကြောင်း၊ မိမိ ပြန်လည်ရောက်ရှိခိုက်တွင် စာနယ်ဇင်းများ၊ အနုပညာအလွှာအသီးသီးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း အမှတ်တရ ပြောပြသည်။ ယခုဆက်လက်ပြီး ဘီဘီစီအခန်းဆက်များတွင် မြန်မာပြည်အတွေ့အကြုံများကို ဆက်လက် ဟောပြောတင်ဆက်သွားမည်ဟု ဒေါ်မာမာအေးက ဆိုသည်။

၎င်း မြန်မာပြည်သို့ မပြန်မီကတည်းက ထုတ်ဝေသူများ၏ ကြိုတင်စီစဉ်မှုဖြင့် စာအုပ်များ ထွက်ရှိခဲ့ရာတွင် ယခင်မြန်မာပြည်တွင်က အခန်းဆက်ရေးသားခဲ့သည့် “ရင်ဖွင့်ကြည့်ပါသူငယ်ချင်း” ဘ၀မှတ်တမ်းစာအုပ်၊ “ပြောပြစရာတွေလည်း တပုံကြီး” ဘီဘီစီအခန်းဆက်ကောက်နုတ်ချက်စာအုပ် (အသံစီဒီ အပါအ၀င်)တို့လည်း ဒေါ်မာမာအေး ရောက်ရှိနေချိန်တွင် ပရိသတ်များ၏ စိတ်ဝင်တစား အားပေးဖတ်ရှုမှုတို့ ရရှိခဲ့သည်ကို တွေ့ရသည်။ ကဗျာဆရာကြီးဦးတင်မိုး ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အစီအစဉ်ကို တက်ရောက်ခြင်း၊ အဆိုပါ အထိမ်းအမှတ်စာအုပ်တွင် စာမူအဖြစ် ပြန်လည်ဖော်ပြခြင်းတို့ကို တွေ့ရှိရသည်။ အသက် ၉၀ ကျော်ပြီဖြစ်သည့် စာပေတန်ဆောင် အမျိုးသားစာပေပညာရှင်ကြီး ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
လာမည့် မေသို့မဟုတ် ဇွန်လတွင် မြန်မာပြည်သို့ ခရီးပြန်သွားရန် ဆန္ဒရှိကြောင်း၊ ပထမခရီးစဉ်တွင် မြို့တော်ရန်ကုန်တွင်သာ ပရိသတ်ကို ဖျော်ဖြေခွင့်ရခဲ့သဖြင့် နောက်ခရီးစဉ်တွင် မြန်မာပြည် နယ်မြို့များသို့ပါ သွားရောက်ပြီး ပရိသတ်တို့နှင့် တွေ့ဆုံပြီး အနုပညာလက်ဆောင်ပေးလိုကြောင်း ဒေါ်မာမာအေးက ပြောကြားသည်။ ထို့အပြင် မိမိ ဂါရ၀ပြုလိုသော၊ တွေ့ဆုံနှုတ်ဆက်လိုသော သက်ကြီး အနုပညာရှင်ကြီးအားကိုလည်း နောင်ခရီးတွင် သွားရောက် တွေ့ဆုံခြင်း၊ ဂါရ၀ပြုခြင်းတို့ကို ဆောင်ရွက်ရန် ရှိသေးသည်ဟု ဆိုသည်။
လက်ရှိခရီးစဉ် ဂီတဖျော်ဖြေမှုများကို ရုပ်သံ အခွေများ ထွက်ရှိခြင်း ရှိမရှိကို မေးမြန်းရာ ပွဲစီစဉ်သူတို့၏ သဘောဖြစ်သဖြင့် မိမိဘာမှ မပြောနိုင်ကြောင်း၊ သို့သော်လည်း ပြင်ပတွင် ပွဲခင်းတွင်း အလွတ်ရိုက်ကူးထားသော ဒီဗီဒီများ ထွက်ရှိနေုပြီ ဖြစ်သဖြင့် မိမိကိုယ်တိုင်တောင် ပြန်လည်ပြီး ၀ယ်ယူသိမ်းဆည်းခဲ့ရကြောင်း ရယ်မော၍ ပြောကြားသည်။
(Photo credits - Burmese Media from Burma)

Comments