Kamarpale - Poem


အနာတရ ... ပိတောက်
ကမာပုလဲ
မတ်လ ၁၄၊ ၂၀၁၃


ပိတောက်တွေဟာ ရင်တထိတ်ထိတ်နဲ့
ဖူးရမလား ... ပွင့်ရမလား ... ငုံရမလား
ကြွေရမလား ... 
သူစိမ်းပြင်ပြင် စိမ်းကားလိုက်ရမလား ...။

တချို့ ပိတောက်ပင်တွေ ဖူးနေတယ်ဆိုပဲ ...။

အဲဒီ ပိတောက်ဖူးတွေမှာ ...
လတ်လတ်ဆတ်ဆတ် ယမ်းခိုးယမ်းငွေ့ရနံ့တွေ
၈၈၈၈ နဲ့ အရေးတော်ပုံ ကြွေးကြော်သံတွေ
စိုးနိုင် ... ဖုန်းမော် ... ၀င်းမော်ဦးတို့ရဲ့ 
အပြစ်မဲ့ သွေးညှီနံ့တွေ
တံတားနီက မကျွတ်မလွတ်နိုင်သေးတဲ့ ၀ိညာဉ်တွေ
အကျဉ်းထောင်တွေထဲက ကျဆုံး အာဇာနည်တွေ
၁၉၉၁ မြစ်ဝကျွန်းပေါ်က လူမျိုးတုန်း လူသတ်ပွဲကြီး
ဒီပဲရင်း လူအစုအလိုက်အပြုံလိုက်လူသတ်ပွဲရဲ့ အသံ
နာဂစ် သားသတ်သမားရဲ့ အခြေခံဥပဒေ
ရှစ်စိပ်မက ကွဲကြေနေတဲ့ ... အရိုက်ခံအနှက်ခံ
၂၀၀၇ စက်တင်ဘာ သံဃာတွေရဲ့ ဦးပြည်းစိမ်းများ ...။

အဲဒီ ပိတောက်ဖူးတွေမှာ
ဧရာဝတီမြစ်ဆုံ ရနံ့
လက်ပံတောင်း မီးသင့်သံဃာ ရနံ့
ကချင်စစ်ပွဲ ရနံ့
လိုတဲ့အချိန် ထတိုက်နေတဲ့ စစ်ပွဲတွေရဲ့ ရနံ့
သားသတ်သမားနဲ့မှ အညံ့ခံစေ့စပ်သွားတဲ့ရနံ့
ယုန်တောင်ပြေး ခွေးမြောက်လိုက်နေတဲ့ ရနံ့
ယုန်နဲ့ အတူပြေးပြီး ခွေးနဲ့ အတူ အမဲလိုက် ရနံ့
ကမ္ဘာမီးလောင်နေတာကို 
သခွတ်ပင်က သူ့အချစ်နဲ့ မီးကို ငြှိမ်းသတ်ပေးမယ်ဆိုတဲ့ လိမ်စဉ် ရနံ့ ...။

အဲဒီပိတောက်ဖူးတွေဟာ ရင်တထိတ်ထိတ်နဲ့
ငုံရမလား ... ပွင့်ရမလား ... ကြွေရမလား
ခြေရာဖျောက် သူစိမ်းဆန်နေတော့မလား
ရင်တထိတ်ထိတ်နဲ့
အဲဒီ ပိတောက်ဖူးတွေခမျာ
ဒီနှစ်ကူးအတွက် သွေးပျက် အေးခဲနေခဲ့တယ် ...။ ။

Comments