Friday, August 31, 2012

Tu Maung Nyo - Where is true and real democracy in Burma



ဘယ်တော့လဲ ဘယ်မှာလဲ စစ်မှန်တဲ့ ဒီမိုကရေစီ စစ်မှန်တဲ့ အပြောင်းအလဲ
တူမောင်ညို၊ စက်တင်ဘာ ၁၊ ၂၀၁၂
သမ္မတကြီး ဦးသိန်းစိန် ရဲ့ လတ်တလော“အလှည့်”နဲ့“အပြောင်း” မှာ ပြည်ထောင်စုဝန်ကြီး(၉) ဦးနေရာရွှေ့ပြောင်းသွားပြီး၊ ပြည်ထောင်စုဝန်ကြီး၂ ဦး သူတို့ဆန္ဒအရနုတ်ထွက်သွားပါတယ်။ ဒုတိယဝန်ကြီးအသစ် ၁၉ ဦးခန့်အပ်ပါတယ်။ ပြည်ထောင်စုစာရင်းစစ် ချုပ်သူ့သဘောဆန္ဒအရ နုတ်ထွက်သွားပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း “နေရာရွှေ့” လိုက်တာကို တော်တော်များများက သြဘာပေးကြတယ်။ “သူမသိတာ ဘာမျှ မရှိတဲ့” လျှပ်စစ်ဝန်မင်း ဦးဇော်မင်း “သူ့ဆန္ဒအရ နုတ်ထွက်”သွားတာကိုလည်း ဝမ်းသာလှိုက်လှဲရှိကြတယ်။ ဒုတိယဝန်ကြီးအသစ် ၁၈ ဦး ထဲမှာ ပညာတတ်ပညာရှင်တွေ၊ အရပ်သားတွေပါလို့၊ အမျိုးသမီး ၄ ယောက်ပါလို့ ကြိုဆိုအားတက်နေကြတာလည်းရှိတယ်။ သြဘာ ပေးတာ၊ ဝမ်းသာတာ၊ ကြိုဆိုကြတာ၊ အားတက်ကြတာ မကောင်းဘူးလား၊ ကောင်းတာပေါ့။
သမ္မတဦးသိန်းစိန်က ပြည်ထောင်စုဝန်ကြီး ၉ ဦးကို ဝန်ကြီးဌာန နေရာသာ ရွှေ့ပြောင်းတာပါ။ ပြည်ထောင်စုဝန်ကြီး ဆိုတဲ့ အဆင့်နေရာကို ရွှေ့ပြောင်းတာမဟုတ်ဘူး။
လျှပ်စစ်ဝန်မင်း ဦးဇော်မင်း က “သူ့ဆန္ဒအရနုတ်ထွက်”သွားတာပါ၊ ဦးသိန်းစိန်က ရာထူးတာဝန်ကနေ ရပ်စဲ/ ဖယ်ရှား/ ထုတ် ပယ်လိုက်တာမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် အနံ့ထွက်လာတဲ့  တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးခင်ဇော် ကို လည်းသမ္မတဦးသိန်းစိန် တာဝန်မှရပ်စဲ၊ ထုတ်ပယ်ခြင်းမပြုခဲ့ပါဘူး။ “ကျန်းမာရေးအရ”အကြောင်းပြပြီးအနားယူစေခဲ့တာပါ။ ထောက်ထား ညှာတာတတ်တဲ့ ပျော့ပျောင်းတဲ့ စစ်ဗိုလ်သမ္မတကြီးပါ။
 “ဧရာဝတီမြစ်ဆုံအရေး” အစိုးရသက်တမ်း ၁ ခုသာ (၅ နှစ်) ရွှေ့ဆိုင်းလိုက်တာမျိုးနဲ့ ဦးကျော်ဆန်း ကိုပြန်ကြားရေး ကနေ သမဝါယမဝန်ကြီးဌာနသို့ ရွှေ့လိုက်တာမျိုးကြတော့ တစ်ဝက်တစ်ပျက်ဝမ်းသာရသလိုဖြစ်ပါတယ်။ ပြည်သူတွေက ပြည့်ပြည့်ဝဝဝမ်းသာ ချင်ကြတာပါ။
အရက်တုတွေသောက်ရလို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ “ကျွန်တော့်မျက်နှာသာကြည့်တော့”လို့ ဆိုတဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အရက်စစ်စစ် သောက်သုံးချင်သလိုပါပဲ။
ကျနော်တို့ပြည်သူတွေလည်း စစ်မှန်တဲ့ဒီမိုကရေစီကို သုံးဆောင်ချင်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက “အရက်တုတွေ” မကြိုက် ပါဘူး။ ကျနော်တို့ပြည်သူတွေကလည်း အတုအယောင်ဒီမိုကရေစီ၊ အတုအယောင်ပြည်ထောင်စု၊ အတုအယောင်ငြိမ်းချမ်း စတာတွေ ကို ရွံရှာမုန်းတီးပါတယ်။
လွှတ်တော်ထဲမှာ ပုဝါနှစ်စအသာချနိုင်တဲ့ ပုဝါချဒီမိုကရေစီ မျိုးကိုလည်းမတပ်မက်ပါဘူး။

ဒီမိုကရေစီကိုလည်း စစ်စစ်မှန်မှန်ပြည့်ပြည့်ဝဝလိုချင်ကြတာပါ။ အနာအဆာ၊အရောအနှောတွေပါတဲ့ (၂၅% စစ်သားရောထား တဲ့) ဒီမိုကရေစီ မျိုးမလိုချင်ပါဘူး။ ဆွမ်းဆန်ထဲကြွက်ချေးရောတဲ့ ဒီမိုကရေစီမျိုးမလိုချင်ကြပါဘူး။ အလုပ်သမားတွေ၊ လယ်သမားတွေ ဝမ်းဝပြီးခါးလှမယ့် ဒီမိုကရေစီမျိုးကိုတောင့်တနေကြတာပါ။ “ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေး ခေတ်မီ သူဋ္ဌေး ဖြစ်တော့မည်” ဆိုတဲ့ ဒီမိုကရေစီမျိုး လိုချင်တာပါ။

           ခရိုနီတွေသာကောင်းစားမယ့် “ခရိုနီကရေစီ” တော့ လုံးဝမလိုချင်ပါဘူး။ ပြည်သူတွေလိုချင်တာ တကယ့်စစ်မှန်တဲ့ အပြောင်း အလဲပါ။ သမ္မတရုံးညွန်မှူးဆိုသူပြောတဲ့ “ခေါင်းပြောင်း” (reshuffle) မျိုးမလိုချင်ဘူး။ ဒုတ်တံကလေးကိုင်သူ (conductor) ပြောင်းသွား ပေမယ့် သံစုံဝိုင်းကြီးက ပြောင်းမသွားတဲ့ အပြောင်းအလဲမျိုးလည်းမလိုချင်ပါဘူး။

ဒုတိယဝန်ကြီးအသစ် ၁၈ ဦး ထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိတဲ့၊ ဒီမိုကရေစီလိုလားတဲ့ အရပ်သားအသိပညာရှင်၊ အတတ် ပညာရှင်တွေပါရှိမှာပါ။ သူတို့ကို လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ တပြိုင်နက်တည်းမှာ သူတို့အတွက်စိုးရိမ်မိပါတယ်။ အသုံးချ ခံရမှာ၊ ကြားညှပ်ခံရမှာစိုးရိမ်မိပါတယ်။ ကျနော်တို့ရဲ့ပညာရှင်တိုင်းချစ်ပြည်ချစ်၊ ဒီမိုကရေစီချစ်မြတ်နိုးသူများ ကျွဲနှစ်ကောင်ကြား က မြေဇာပင်လို အဖြစ်မျိုး မရောက်စေလိုပါ။ ဒေါက်တာတင်အောင်အေး၊ ဒေါ်မိမိရီ အစရှိတဲ့ ခုံရုံးအဖွဲ့ဝင်တွေ ရင်ဆိုင်နေရတဲ့အဖြစ်မျိုး မတိုးမိ၊ မတိုက် မိစေချင်ပါဘူး။ ဒီ စိုးရိမ်မှုဟာ ကျနော်ရဲ့စေတနာရှေ့ရှုတဲ့ အကောင်းမြင်ခံစားမှုဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ဇန်နဝါရီလ ၆ ရက်မှ သြဂုတ် ၃၁  ရက်နေ့အတွင်း မိမိသဘောဆန္ဒအရ နုတ်ထွက်သွားသူ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ၄ ဦးပဲရှိပါတယ်။ ဒုတိယသမ္မတ ၁ ဦး ( သီဟသူရဦးတင်အောင်မြင့်ဦး)နဲ့ ပြည်ထောင်စုဝန်ကြီး ၃ ဦး ( ဦးကျော်စွာခိုင်၊ ဦးခင် မောင်မြင့်၊ ဦးဇော်မင်း) ဖြစ်ပါတယ်။
ဒုတိယဝန်ကြီးတွေဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ မဟုတ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ အရ “ပြည်ထောင်စုအစိုးရအဖွဲ့” ကို
            -  နိုင်ငံတော်သမ္မတ
            -  ဒုတိယသမ္မတများ
            -  ပြည်ထောင်စုဝန်ကြီးများ
            -  ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းသည်လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် ဒုတိယဝန်ကြီးများ ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်မဟုတ်သကဲ့သို့ ပြည်ထောင်စုအဆင့်လည်းမဟုတ်ပါဘူး။
သမ္မတဟာ ပြည်ထောင်စုဝန်ကြီးခန့်အပ်ရာမှာ ပြည်ထောင်စုလွှတ်တော်သို့ အသိပေးအကြောင်းကြားပြီး၊ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီမှုကိုရယူရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (က) မှ (ဋ)ထိ ကိုကြည့်ပါ။
ဒုတိယဝန်ကြီးခန့်အပ်ရာမှာတော့သမ္မတဟာပြည်ထောင်စုလွှတ်တော်ရဲ့သဘောတူညီချက်ယူစရာမလိုပါဘူး။ (ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် ဒုတိယဝန်ကြီး ခန့်အပ်/ ရွှေ့ပြောင်းမည်ဆိုလျှင် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြညှိနှိုင်းရ မည်) ဒါကြောင့် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးခန့်အပ်မှုကွာခြားပါတယ်။အဆင့်နေရာ၊တာဝန်နဲ့လုပ်ပိုင်ခွင့်မှာလည်း များစွာခြား နားပါတယ်။
 ဒုတိယဝန်ကြီးဆိုတာ “ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူပြုရန်” သာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ ပုဒ်မခွဲ (က) မှ (စ)ထိ ကိုကြည့်ပါ။
လက်ရှိအနေအထားအရ “ပြည်ထောင်စုအစိုးရအဖွဲ့” အောက်မှာ ဝန်ကြီးဌာန (၃၃) ခုရှိပြီး ပြည်ထောင်စုဝန်ကြီး (၂၉) ဦးက စီမံကွပ်ကဲနေပါတယ်။ ဒုတိယဝန်ကြီး (၃၉) ဦးရှိပါတယ်။

Ku Mo Joe - Winner Returning Home?


ကာတွန်းကူမိုးကြိုး - အောင်ပွဲနဲ့အတူ ပျံလာမယ် တဲ့လား
စက်တင်ဘာ ၁၊ ၂၀၁၂

Saung Yun La - Poem

စိတ်ကူးကိုကျော်ပြီးမှ မြို့ရောက်နိုင်တယ်
ဆောင်းယွန်းလ
စက်တင်ဘာ ၁၊ ၂၀၁၂




စိတ်ကူးထားတဲ့ အနာဂတ်ကိုထိုင်ကြည့်ဖို့အတွက်
အတိတ်အိပ်မက်ကို လက်မှတ်မဖြတ်ခဲ့ရသေးလို့.....

ရိက္ခာမဝတဲ့ အတိတ်ကာလရဲ့
မီးတောက်နေတဲ့ ခေါင်းထဲမှာ
ခရီးမပေါက်တဲ့ ခေါင်းတွဲကို ဆဲရေးတိုင်းထွာနေခဲ့မိသလို
ထီးပျောက်နေတဲ့ မိုးကိုလည်း သူခိုးလို့ စွပ်စွဲနေခဲ့မိတယ်...

ပစ္စုပ္ပန်မှာ
ကမ္ဘာဟာ ရွာသာသာပဲ ကျန်တယ်ဆိုပေမယ့်
ဇာတိနဲ့ ခြေဦးမတည့်ခဲ့တဲ့ သက္ကရာဇ်တွေမှာ
ဘဝကို ခက်ဆစ်ဖွဲ့ဖို့ ခက်ခဲခဲ့သလို
အရင်လိုနက်နဲတဲ့ အားအင်တွေက
ပါးပြင်ပေါ်ကနေ ဇရာရဲ့သင်္ကေတအဖြစ်နဲ့ ကွာကျခဲ့ရတယ်...

အလံဖြူထောင်ထားတဲ့အရပ်မှာ
နေဝင်တာကို ထိုင်ကြည့်ချင်မိသူရဲ့စိတ်ကူးဟာ
ကမ္ဘာထက်ကျယ်သလို ပင်လယ်ထက်လည်း နက်ရှိုင်းခဲ့ပါတယ်...

ဝါကျမဆုံးခင်အထိတော့
မင်နီကြက်ခြေခတ်တွေနဲ့ ... ငါဟာ...
မြို့ကိုတည်ဆောက် လမ်းဖောက်နေရဦးမှာပဲ...

လမ်းဆုံးမှာ
မြို့ဟာ သူ့အဘိဓမ္မာနဲ့သူပေါ့ ..။ ။

Phoe Htet - Articles

သခင်ကိုယ်တော်မှိုင်းကြီးအား ငှားရမ်းခြင်း
ဖိုးထက်
စက်တင်ဘာ ၁၊ ၂၀၁၂




ကျနော့်ကို ယခု ပစ္စပန်တည့်တည့်အချိန်မှာ အဖြစ်ချင်ဆုံးအရာအား ပြောစေ၊ ပြည့်စေဟု တစ်စုံတစ်ဦးသော ဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးတစ်ဦးက အခွင့်အရေးပေးလာသည်ဟု ဆိုပါစို့။ “သားရွှေအိုးထမ်းလာတာ မြင်လိုပါတယ်” ဟု လူလည်ကျဆုတောင်းသလိုမျိုး ဆုတောင်းလိုက်ချင် သည်။ ကျနော်တောင်းမည့်ဆုက ဒုတိယဘီလ်ဂိတ်ဖြစ်ရပါလို၏မဟုတ်။ နတ်သမီးတဖက်ငါးရာနှင့် ဖြစ်ရပါလို၏ဆိုသည့် ဖတ်ဖတ်မောမည့် ဆုတောင်းလဲမဟုတ်။ ကျနော်တောင်းမည့်ဆုက နည်းနည်းထူးဆန်းပါလိမ့်မည်။ “သခင်ကိုယ်တော်မှိုင်းကြီး အသက် ငါးမိနစ်ခန့်ပြန်ရှင် လာပြီး ကျနော်ပြောစေချင်သော စကားတစ်ခွန်းပြောပါစေ” ဆိုသည့်ဆုတောင်းဖြစ်သည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်ပတ်သက်လျှင် ဆရာကြီး၏လေးချိုးကြီးတွေ၊ စာကြီး စာခန့်ကြီးတွေကို ကျနော်က သိပ်မခံစားနိုင်။ အဲဒီ လောက် ဉာဏ်ပညာ မရင့်သန်။ သို့ပေသည့် ဆရာကြီး၏သမိုင်းကြောင်းကိုပြန်ကြည့်လျှင် သြချယူရလောက်အောင် လူစုံ၊ နယ်စုံမှ လူများ လေးစားချစ်ခင်ကြတာကို သတိထားမိသည်။ ထိပ်ထိပ်ကြဲ နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်၊ သိန်းဖေမြင့်၊ ဦးနုတို့မှ အစ စာပေနယ်မှ ဆရာ့ ဆရာကြီးများဖြစ်သည့် ရွှေဥဒေါင်း၊ မြသန်းတင့် စသည့် စာရေးဆရာကြီးတို့အဆုံး ဆရာကြီးကို အဖေကဲ့သို့ လေးလေး စားစား ဆည်းကပ်ကြသည်။ ဆရာကြီး၏ ကိုယ်ကျင့်တရားကောင်းမွန်မှုကြောင့် ဆရာကြီးကို သိပ်ပြီးသဘောမကျခင်သည့်လူများပင် ဆရာကြီးကို လေးစားကြရသည်ဆို၏။

အင်္ဂလိပ်စာမတတ်ဘူးဟု ပြောလျှင်ရမည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အင်္ဂလိပ်စာ ဂရုကြီးများမှအစ အထင်မသေးရဲသေးသည်မှာ ဆရာကြီး၏ ပညာဉာဏ်ကြီးမားမှုကြောင့် ဖြစ်သည်။ စိတ်သဘောဖြူစင်မှုနှင့် ရိုးရှင်းသောစေတနာ ထပ်ပေါင်းထည့်လိုက်သောအခါ ဆရာ ကြီးသည် လွတ်လပ်ရေးတိုက်ပွဲဝင်သူများ၊ ငြိမ်းချမ်းရေးလိုလားသူများအတွက် လမ်းပြမီးရှူးတိုင်ကြီးဖြစ်ခဲ့သည်။

ဒီလိုဉာဏ်ပညာနှင့်ပြည့်စုံသော ဆရာကြီးကို မင်းလိုအကောင်က ပြန်ရှင်စေချင်ပြီး မင်းပြောချင်သလိုတောင် ပြောပေးရအုံးမယ်ဆိုတော့ မလွန်လွန်းဘူးလားဟု ထင်မြင်စရာရှိသည်။ ထင်ချင်သလိုသာ ထင်ကြပါစေ။ ကျနော့်မှာလဲ ကျနော့်ခံစားချက်နဲ့ ကျနော်မို့လား။ ကျနော် ပြောချင်သော စကားတွေရှိသည်။ မျက်နှာကြီးနီအောင် အော်ပြောချင်သောစကားတွေရှိသည်။ သို့သော် ကျနော်အော်လျှင် ခွေးပိန် ထကန် သလို ကန်ကြမည့်လူများ ရှိသည်။ ထို့ကြောင့် ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား။ ဆရာကြီးကို ကျနော့်အစား အငှားပြော (အော်) စေချင် သည်။

တစ်နေ့က ကာတွန်းဆရာအောင်မော်ရေးသည့် ကာတွန်းလေးတကွက် သွားတွေ့သည်။ နောက်ခံမှာ ရေတွေကြီးနေသည့် အိမ်ကွပ်ပျစ်လေး ပေါ်မှာ ဆင်းရဲသားလင်မယားနှစ်ယောက်ထိုင်နေသည်။ ယောင်္ကျားဖြစ်သူက ရေဒီယိုလေးနားထောင်နေသည်။ မိန်းမဖြစ်သူက ယော င်္ကျားဖြစ်သူကိုလှည့်ပြီး “ဟိုအထဲမှာ ကျုပ်တို့အရေး ဘာဆွေးနွေးကြသေးလဲ” ဟု မေးသည်။ ယောင်္ကျားဖြစ်သူက မျက်နှာငယ်လေးဖြင့် “သူတို့အရေးတောင် မပြီးသေးတာကွာ” ဟု အဖြေပေးသည်။

ကာတွန်းတစ်ကွက်နှင့် ဆရာအောင်မောင်ပြောချင်သောစကားသည် ကျနော်တို့စကားသံတွေ ဖြစ်သည်။ ကျနော်တို့က စကားလုံးတွေ အ များကြီးပြောနေရမည့်အကြောင်းအရာများကို ဆရာက ကာတွန်းတစ်ကွက်ဖြင့် ပုံဖော်သွားပါ၏။ လေးစားကြည်ညိုရပါ၏။

ဆရာအောင်မော်ပြောသလို သူတို့အရေးဘယ်တော့များမှ ပြီးကြမှာလဲ။ ပျင်းဖို့၊ စိတ်ညစ်ဖို့ ကောင်းလိုက်တာ။ လေးစားလိုက်နာ၊ လိုက်နာ လေးစား ရန်တွေဖြစ်ကြ။ ဆယ်တန်းမှမအောင်ဘဲ အမတ်ဖြစ်နေတာကိုး ဟိုး ဟိုး .. လို့ ပြောလို ပြောကြ။ ဇာတ်ကြီးဆယ်ဖွဲ့ပြဇာတ် တွေ ခင်းလိုခင်းကြ။ တကယ်ကြီးကို စိတ်ပျက်ဖို့အလွန်ကောင်းပါသည်။ နောက်ဆုံး အပ်တူဒိတ်အဖြစ်ဆုံးက နိုင်ငံတော်အဆင့်မဟုတ်ဘူး၊ ဟုတ်တယ်။ တောင်းပန်ပါ။ ကန့်ကွက်ပါတယ်ဆိုသည့် အဆိုများ။ အော်သံများ။ ကျနော် မသိဘူး။ ဒါပေမယ့် လက်မှတ်ထိုးပေးလိုက်တယ် ဆိုသည့်အပြုအမူများ။ ဘာတွေလဲမသိ။ မသောက်ဘဲနှင့် မူးချင်လာသည်။

လွှတ်တော်ကြီး သတင်းတွေကျနော်ကြည့်သည်။ ဖတ်သည်။ ဥပဒေပုဒ်မခွဲ (က) အရ၊ ပုဒ်ကလေး (ခ)၊ ပုဒ်ခွဲ (ဂ)၊ ပုဒ်ပိစိကွေး (ဃ) တွင် ပါသည့်အတိုင်း၊ ပုဒ်မခွဲကြီး (င) ကိုကိုးကား၍ အဆိုတင်သွင်းရလျှင် ဘာဖြစ်ပါသည်။ ညာဖြစ်ပါသည်။ မပြီးနိုင်တော့။ ခေါင်းတွေမူး၊ လေချဉ် တွေတက်လာ၏။ စားပြီးသား ထမင်းတွေ အစေ့လိုက်ပြန်ထွက်လာချင်သည်။

ကျနော်လို့ သာမန်ပြည်သူအတွက် ပုဒ်ထီးတွေ၊ ပုဒ်မတွေ၊ ပုဒ်အခြောက်တွေ အရေးကြီးသည်ဆိုအုံးတော့ သိပ်ပြီးမလေ့လာဖြစ်။ ပုဒ်လိင် တွေထက် အရေးကြီးတာတွေ၊ ဖတ်နေ ပြောနေရသည့်အချိန်တွေထက် အရေးကြီးတာတွေ မရှိတော့ဘူးလား။ ပြီးပြည့်စုံသောနိုင်ငံကြီးတွေ လွှတ်တော်ထဲမှာ ရန်ဖြစ် စကားများကြ၊ ငြင်းကြ၊ ခုံကြရတာ မဆန်းဘူးလို့ မြင်သည်။ ကျနော်တို့လို ဟိုက ရေကြီး၊ ဒီက ရေမြှုပ်၊ ဟိုနားက လယ်သိမ်း၊ ဒီနားက ဆန္ဒပြ၊ ဟိုဘက်မှာ လူမျိုးခြားရန်၊ ဒီနားမှာ လူမျိုးခြားရန် ပြဿနာတွေတထောကြီးနှင့် ဖွတ်ဖွတ်ကျ နိုင်ငံစုတ်ကြီးမှာ အချိန်တွေ အတော်အားနေကြသလားမသိ။

ပြုပြင်ပြောင်းလဲရေး လုပ်ကြမယ်၊ သန့်ရှင်းတာတွေ၊ ရေချိုးတာတွေ၊ ဆပ်ပြာတိုက်တာတွေလုပ်မယ်ဟု သူတို့ဘဲစပြော၏။ အားလုံးကလဲ သာဓု အနုမောဓနာ ခေါ်ကြ၏။ ကောင်းချီးမင်္ဂလာ ပြုကြသည်။ ကောင်းလေစွတကားဟု မြည်တမ်းတမိသည်။ ပါးစပ်က သာဓုခေါ်သံမှ မဆုံးခင် အသံတွေ ထွက်လာသည်။ စိတ်ပျက်ဖွယ်ရာကြီးပါတကားဟု အကျယ်ကြီးအော်မိတော့သည်။

လွှတ်တော်သတင်းတွေဖတ်၊ အပြန်အလှန် အားအားယားယား သတင်းစာရှင်းလင်းပွဲတွေလုပ်ကြရင်း ပုဒ်လိင်တွေ ကိုးကားပြီးရန်ဖြစ်သံ များကို ကျနော် ကြည့်ကာ စိတ်အချဉ်ပေါက်လာသည်။ စိတ်အချဉ်ပေါက်သာမှ စားမဖြစ်လောက်အောင် အချဉ်ပေါက်လာပါသည်။ ချဉ်နံ့တွေ စူးစူးထလောက်အောင် အချဉ်ပေါက်သည်။ အချဉ်ပေါက်သူတို့ ထုံးစံအတိုင်း ဖရုဿဝါစာစကားများက ပါးစပ်ဖျားတွင် လာစုနေသည်။ ဆဲမိ၊ ပြောမိတော့မည်။ ကိုယ့်ထက် အသက်ကြီး၊ လူချီး၊ ပညာကြီးများကို ဆဲမိလျှင် ငရဲဇောက်ထိုးဆင်းသွားနိုင်၏။ ဒီတော့ အငှားဆဲပေး မည့်သူ ရှာမိသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို တွေ့မိသည်။

လတ်တလောဆန္ဒအရ အဖြစ်ချင်ဆုံးမှာ ဆရာကြီးကို ကျနော့်အစား ထပြီးဆဲပေးစေချင်သည်။ ကျနော်ကတော့ ဆရာကြီးရယ် ကျနော်ပြော ချင်တာကတော့ ဒါလေးပါ။ ဆရာကြီးက ဉာဏ်ပညာရှင်ကြီးဆိုတော့ နားဝင်အောင် လေးချိုးကြီးတွေ၊ သဖျန်ကြီးတွေ လုပ်ချင်လုပ်နေနိုင်၏။ ကျနော့်ကို ဆရာကြီး ထကန်ခါမှ ကန်ပေရော့။ ကျနော်ပြောချင်တာလေး အရင်ပြောပေး။ ပြီးမှ ဆရာကြီးပြောချင်တာပြော၊ ရေးချင်တာရေးလို့ အဘိုးကို မြေးက နွဲ့ဆိုးသည့်ဟန်ဖြင့် ဆိုးလိုက်မည်။ ကျနော့်အစား ဆရာကြီးမှ သူတို့ကိုပြောစေချင်သည့်စကားမှာ “ရီးတဲ့မှဘဲ မပြီး နိုင်တော့ဘူး။ ခွေးဖြစ်မယ့် အမျိုးတွေ” လို့ ဆဲစေချင်သည်။ မကျေနပ်ကြလို့ပြန်ဆဲကြလျှင် ဆရာကြီးနှင့်ရှင်း။ ကျနော်ပြောတာမဟုတ်။ ဆရာကြီးပြောတာဗျလို့ အကာအကွယ်ယူနိုင်သည်မဟုတ်ပါလား။ ဒါမှမဟုတ် ဆရာကြီးက “ဟဲ့ ငါ့မြေး နင်ပြောတာပျော့တယ်။ ပါးစပ်နဲ့ ပြောလို့ရတဲ့ကောင်တွေ မဟုတ်ဘူး။ ဖနှောင့်နဲ့ လိုက်ပေါက်ကွ။ လိုက်ပေါက်” ဆိုပြီး လိုက်ပေါက်နေရင်ဖြင့် ကျနော်ကတော့ နည်းနည်းမှ ၀င်ရောက်ဆွဲလိမ့်မည် မဟုတ်ပါခင်ဗျာ။

Massacare in ABSDF (NB) Press Conference held in Rangoon


ကျောင်းသားတပ်မတော် (မြောက်ပိုင်း) လုပ်ကြံမှု သတင်းစာရှင်းလင်းပွဲ ကျန်ရစ်သူများက ပြုလုပ်
ပြည်တော်ပြန် ကျောင်းသားတပ်မတော် (ဗဟို) ခေါင်းဆောင်ဟောင်း နိုင်အောင်က လေဆိပ်တွင် သူတို့အဖွဲ့တွေက သီးခြားစီဟု သဘောမျိုး ဖြေကြား
ရုပ်သံ၊ အာရ်အက်ဖ်အေရုပ်သံသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၁၊ ၂၀၁၂
(မိုးမခ၏ ဖြည့်စွက်ချက်)
မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းများကို ရှင်းလင်းခဲ့သူ အေဘီဗဟိုက ခေါင်းဆောင်ဟောင်း ကိုနိုင်အောင်ကိုယ်တိုင်သည် ထိုအချိန်က မြောက်ပိုင်း ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုစိုးလင်းကို သူ၏ဌာနချုပ်တွင် ရောက်ရှိနေခိုက် ကိုယ်တိုင်အမိန့်ပေးဖမ်းဆီးပြီး မြန်မာစစ်တပ်၏ ထောက်လှမ်းရေးအဖြစ် နှိပ်စက် စစ်ဆေးရာတွင် တာဝန်ရှိသူကိုယ်တိုင်ဖြစ်သည်။ ထိုသို့ မတရား ဖမ်းဆီးနှိက်စက်ခြင်း ခံထားရသော ကိုစိုးလင်း၊ ကိုနေ၀င်းအောင်၊ ကိုထင်ကျော်၊ ကိုမြင့်ဦးတို့ အဖွဲ့သည် ကျောင်းသားတပ်မတော် ဗဟိုမှ ၁၉၉၅ နိဝင်ဘာ ခန့်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ထောက်လှမ်းရေးအဖြစ် ဖမ်းဆီးနှိပ်စက်ခံရသူ မမီမီခိုင်ကို ညွန့်ပေါင်းအစိုးရက အာမခံပြီး ကယ်တင်ခဲ့ရသည်။ နိုင်အောင်၏ အမိန့်ဖြင့် အဖမ်းခံရသူ ကိုအောင်သူ (တပ်ရင်း ၂၀၉) မှာ နှိပ်စက်မှုများကြောင့် လက်လွန်သေဆုံးခဲ့ရသည်။ ထို့အတူ သိန်းလှိုင်ခေါ် အရှည်ကြီးသည်လည်း (၀မ်ခစခန်း တပ်ရင်း ၂၁၁) သည်လည်း ထွက်ပြေးရန် ကြိုးစားသည်ဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ကြသည်။

Ashin Pyinnar Nanda - Articles

အညတရအကျဉ်းသားရဟန်းတော်များ (၂၄) ဦးဝေပုလ္လ
အရှင်ပညာနန္ဒ
သြဂုတ်၊ ၃၁၊ ၂၀၁၂




ဘွဲ့တော် - ဦးဝေပုလ္လ
သီတင်းသုံးသည့်ကျောင်း - ရွှေဘုံသာကျောင်း၊ မန္တလေး
ချမှတ်ခံခဲ့ရသည့်ထောင်ဒဏ် - (၂၂) နှစ်
နေထိုင်ခဲ့ရသည့်ထောင်အမည် - တောင်ငူ၊ မန္တလေးနှင့် ရမည်းသင်းထောင်
ထောင်မှလွတ်သည့်ရက် - ဇန်နဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

......................

(၁)
၂၀၀၁ ခုနှစ်က တောင်ငူမြို့မှာ ကုလား - ဗမာအရေးအခင်းတခဖြစ်ပွားခဲ့ပါတယ်။ အာဏာရှင်တွေရဲ့လုပ်နည်းလုပ်ဟန်အတိုင်း နိုင်ငံရေးအကြပ်အတည်းတွေကြုံတိုင်း လူမျိုးရေးအဓိကရုဏ်းတွေ၊ ဘာသာရေးအဓိကရုဏ်းတွေကို နောက်ကွယ်ကနေကြိုးကိုင်ပြီး အကွက်ကျကျ စီမံလေ့ရှိပါတယ်။ အဓိကရုဏ်းတေဖြစ်နေတဲ့အချိန်မှာ မသိကျိုးကျွန်ပြုနေလေ့ရှိပြီး တားမနိုင်ဆီးမရဖြစ်တော့မှ အရေးအခင်းကာလမှာ ပါဝင်သူတွေရော၊ မပါဝင်သူတွေကိုပါ ပိုက်စိပ်တိုက်ဖမ်းလေ့ရှိပါတယ်။

တောင်ငူမှာဖြစ်ပွားခဲ့တဲ့အရေးအခင်းကာလမှာ သံဃာတော်တွေ စစ်အစိုးရဆင်ထားတဲ့ထောင်ချောက်ထဲ သက်ဆင်းမိပြီး အများအပြား အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်က တောင်ငူထောင်ထဲမှာ သက်ကြီးရွယ်အို ဘုန်းကြီးတွေ၊ ကိုရင်တွေနဲ့ ပြည့်နှက်နေကြောင်း သိရပါတယ်။

အရေးအခင်းဖြစ်ပွားပုံနဲ့ပက်သက်ပြီး အဖမ်းခံရတဲ့ကျောင်းထိုင်ဘုန်းကြီးအိုကြီးတပါးက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကို တောင်ငူ ထောင်တွင်းမှာ အောက်ပါအတိုင်း ပြန်လည်ပြောပြဘူးကြောင်းသိရပါတယ်။

တောင်ငူမြို့ထဲမှာ ကုလားနှင့် သံဃာတွေရိုက်ကုန်ကြပြီဆိုတာသိတယ်။ ဘုန်းကြီးတို့က တောင်ငူနဲ့ ငါးမိုင်လောက်ဝေးတဲ့ရွာက ကျောင်းမှာ ဘုန်းကြီးက ကျောင်းထိုင်ပဲ။ သံဃာဦးရေ ဆယ့်ငါးပါးလောက်ပဲရှိပါတယ်။ ဘုန်းကြီးလည်း မြို့အခြေအနေလေး နားစွင့်နေရတာပေါ့။ ဒီလို ဖြစ်ကြတယ်ဆိုတော့ စိတ်ထဲတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ကိုယ့်ကျောင်းသံဃာကို ကိုယ်ထိန်းရတာပေါ့။ မသွားကြဖို့ ကိုယ့်ရွာတိုက် ကျောင်းစောင့်ရှောက်နေကြဖို့ ဒီလိုတားထားတဲ့ကြားကပဲ တစ်နေ့မှာ လူစိမ်းတစ်ဦး အပြေးအလွှားနဲ့ ကျောင်းပေါ်ကိုတက်လာပြီး၊ အရှင် ဘုရားတို့ အရှင်ဘုရားတို့ မြို့ပေါ်ကကုလားတွေ ဓါးတွေလှံတွေနဲ့ အရှင်ဘုရားတို့ကျောင်းကို ၀ိုင်းဖို့လာနေပါပြီ အရှင်ဘုရားတို့တဲ့။ ဘာတွေ လုပ်ကြမလဲ .... ဘယ်လိုလုပ်မလဲ ... အဲဒီတော့ ရဟန်းပျိုတွေ ဒုတ်ဆွဲ၊ ဓါးဆွဲ ဖြစ်ကုန်ကြပြီ။ ဘုန်းကြီးလည်း ဘာပြောရမှန်းမသိဖြစ်နေတဲ့ အချိန်မှာပဲ သံဃာဆယ်ပါးခန့်ဟာ ကျောင်းပေါ်ကနေ ခုနမြို့ဘက်သွားတဲ့လမ်းအတိုင်း ကစုန်ဆိုင်းထွက်သွားကြပါတော့တယ်။ ဘုန်းကြီး တို့လို ဂီလာန နှစ်ပါးသုံးပါးနှင့် ကိုရင်ငယ်လေးတွေတော့ ကျောင်းမှာကျန်နေရစ်တယ်။ ခုနက လာပြောတဲ့လူလည်း ဘယ်ထွက်သွား တယ်တော့ ဘုန်းကြီးဂရုမထားမိတော့ဘူး။ နာရီဝက်လောက်ကြာတော့ စစ်တပ်က ဘုန်းကြီးတို့ကိုလာဝိုင်းပါတော့တယ်။ ကျောင်းရှိ သံဃာ အိုရော ကိုရင်လေးတွေပါဆွဲခေါ်ထုတ်ပြီး ကားပေါ်တင်ပါတော့တယ်။ ခုနထွက်သွားတဲ့ သံဃာတွေတော့ မတွေ့မိဘူး။ နောက်ဆုံး ထောင်ထဲ ရောက်မှ ဒုတ်၊ ဓါးဆွဲ ကိုယ့်သံဃာများနဲ့ ဆုံတယ်။ ကျုပ်တို့ဘုန်းကြီးတွေကို ထောင်ဖမ်းတာပဲပြောရတော့မယ် ဒကာရေ။

ဒုတ်၊ ဓါးဆွဲပြီး သွေးဆူနေတဲ့ကိုယ့်သံဃာတွေ မြို့သွားလို့ လမ်းခုလတ်မှာ တစ်ဖက်က စစ်တပ်ကကားနဲ့ထိုးပြီး စစ်တပ်က ဖမ်းသွားတာကိုး။ နောက်ကျုပ်တို့ကို ထပ်ဖမ်းတော့တာ။ ဘယ်ကုလားမှ ကျုပ်တို့ကျောင်းကိုမလာပါဘူး။ ကျုပ်လည်း နားမလည်နိုင်တော့ပါဘူးဗျာ။ ကျုပ်တို့ တော့ လုပ်ကြံခံလိုက်ရပါပြီ။ စစ်တပ်ရောက်တော့ ကျုပ်လို ဂိလာနသေခါနီးကြီးကို ကိုယ့်ကျောင်းကို ကိုယ် မထိန်းနိုင်ရကောင်းလားဆိုပြီး ရိုက်သဗျာ။ ဖြစ်စဉ်ကို အမှန်ပြောပြတော့လည်း လက်မခံ၊ စစ်တပ်ကကောင်တွေဗျာ မိုက်ရိုင်းလိုက်တာ မပြောပါနဲ့။ သင်္ကန်းချွတ်ခိုင်းတာ ဘုန်းကြီးက မချွတ်လို့ဆိုပြီး နောက်ကနေ ဆောင့်ကန်တယ်။ ပြီးတော့ ပြောသေးတယ် မင်းတို့ဂတုံးတွေက သွေးကိုဆူတယ်တဲ့။ ငါတို့ကို အလုပ်မရှုပ်ရှု့ပ်အောင်လုပ်တယ်တဲ့။ ဘယ်ကျောင်းနဲ့ အဆက်အစပ်ရှိသေးလဲ။ ဘာတွေဆက်လုပ်ဖို့ရှိသေးလဲလို့ မေးတယ်။ ကျုပ်မှာ ဘာမှ မသိတာတွေ အမေးခံနေရတယ်။ ကျုပ်ဘယ်လိုဖြေမလဲ။ တော်တော့်ကို စိတ်ဆင်းရဲဖို့ကောင်းပါတယ်။ ကျုပ်တော့ လောကငရဲကျပြီလို့ မှတ်ယူရတော့မှာပဲ။ မေးမရတော့ တစ်နေ့လုံးနှင့် တစ်ညလုံး ထိပ်တုံးခတ်ထားတယ်လေ။ နောက်တစ်နေ့မနက်မှာ လာဖြုတ်ပေးတယ်။ ပြီးတော့ ဒီထောင်ရောက်လာတာပဲဟေ့" တဲ့။

(၂)
အရေးအခင်းကာလမှာ အဖမ်းခံခဲ့ရတဲ့သံဃာတော်များထဲကတပါးဖြစ်ပြီး ထောင်ဒဏ် ၂၂ နှစ်ကျခံခဲ့ရကာ တောင်ငူ၊ မန္တလေးနှင့် ရမည်းသင်း ထောင်တွေမှာ ၁၀ နှစ်ခွဲကျော်နေခဲ့ရသည့် မန္တလေးမြို့က ရွှေဘုံသာကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လ (ခေါ်) ဦးဝင်းတင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

"အရှင်ဘုရားတို့လွတ်တာ သံဃာဘယ်နှပါး၊ လူဘယ်နှယောက်လဲဘုရား"
“ခြောက်ယောက်၊ ဦးသောဘိတ ခေါ် သိန်းထိုက်စိုး၊ ရှင်သုဝဏ္ဏ ခေါ် ဟန်စိုး၊ ဦးဃောသိတ ခေါ် ဟန်မြင့်၊ ကောင်းကောင်း ခေါ် ဇော်ဝင်းမြင့်၊ ကိုဖိုးထောင် ခေါ် လှမြင့်”

"အရှင်ဘုရား မိခင်ကျောင်းတိုက်၊ ဝါတော်၊ သက်တော် မိန့်ပါဘုရား"
“ဦးဇင်းက ကျောင်းထိုင်ပါ။ မိခင်ကျောင်းတိုက်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အသောကာ ရာမတိုက်၊ ရွှေဘုံသာကျောင်း။ ဘုရားကြီး တောင်ဘက်မုခ်။ ဝါတော်က ၁၇ ဝါ ဝတ်ခဲ့တယ်။ အခုတွက်မယ်ဆိုရင်တော့ ၁၇ ဝါ ကျတာဗျာ။ ၁၀ ဝါ ၁၁ ဝါ ထောင်ထဲမယ်။ သက်တော်က အခု ၄၈”

"ထောင်စကျတာ ရမည်းသင်းမှာပဲလား။ ဘယ်နှနှစ်ရှိသွားပြီလဲဘုရာ့"
“ဦးဇင်း လွတ်တဲ့နေ့အထိ ၁၀ နှစ်၊ ၇ လ၊ ၁၆ ရက်ကြာတယ်။ ပထမ တောင်ငူမယ် ၅ လလောက် နေရတယ်။ မန္တလေးကို ရွှေ့တယ်။ မန္တ လေးမယ် နှစ်ရက်နေရတယ်။ နောက် ရမည်းသင်းရွှေ့လိုက်တာ။ ရမည်းသင်းကို ၂၅ ရက် ၁၀ လ ၂၀၀၁ ရောက်တယ်။ စုစုပေါင်း ထောင်ချ တာ ၂၂ နှစ်”

"တောင်ငူ ဘာသာရေးအဓိကရုဏ်းမှာဖမ်းတယ်လို့ သိရပါတယ်။ မိန့်ကြားပါဘုရား"
“တောင်ငူအရေးအခင်းမယ် ဦးဇင်းက အဲဒီအချိန်က တောင်ငူမြောက်ဖက်က မြို့လှကိုရောက်နေတာဗျ။ အရေးအခင်းနဲ့သွားကြုံတော့ ဦးဇင်းတို့ဝင်ပြီးတော့ မြို့လှမှာ ပါသွားကုန်ကြတာပေါ့။ ဘာသာရေးအရေးအခင်းပဲ။ ကုလားတွေနဲ့ ဘုန်းကြီးတွေနဲ့ဖြစ်ကြတဲ့ပြဿနာပေါ့။ ဖြစ်တာက ၂၀၀၁ ခုနှစ် ၅ လပိုင်းမှာ ဖြစ်တာ။ တောင်ငူမယ် ကိုရင်လေးတွေနဲ့ မွတ်ဆလင်ရပ်ကွက်နဲ့ ပြဿနာတက်တာစတာပဲဗျ။ တဖြေး ဖြေးနဲ့ကျယ်သွားတော့ မြို့တွေပြန့်သွားတာပေါ့။ မြို့လှမှာ ဦးဇင်း ရဟန်းဒါယကာရှိတယ်လေ။ ရဟန်းဒါယကာက ဘုရားပူဇော်ဖို့ကိစ္စနဲ့ ဦး ဇင်းက မြို့လှကိုရောက်နေတာ”

"အရေးအခင်း အဖြစ်အပျက်ကို မိန့်ပါဘုရား။ ဦးဇင်းက ဘယ်လိုမျိုးပါဝင်ပတ်သက်ခဲ့တာလဲ ဘုရာ့"
“အဲဒီမှာ ဆန္ဒပြတာမရှိဘူးဗျ။ အိမ်တွေဘာတွေ အဆောက်အဦးတွေဘာတွေ ခဲနဲ့ထုကြ ပြုကြနဲ့ ဖျက်ကြဆီးကြပေါ့။ ရုန်းရင်းဆန်ခတ်ဖြစ် တာပေါ့။ အဲဒီရုတ်ရုတ်ထဲမယ် သွားပြီး အစည်းအဝေးတွေ ဘာတွေလုပ်တော့ သွားတက်တာပေါ့ဗျာ”

"အဖမ်းခံရပုံ မိန့်ပါဘုရား"
“အဲဒီတုန်းက ပထမ အဖမ်းမခံရဘူးဗျ။ နောက်တော့မှ ဦးဇင်းလည်းပါတယ်ဆိုပြီးတော့ မြို့လှက ရဟန်းဒါယကာကို ထောက်လှမ်းရေးက ဖမ်းလိုက်တာ။ တကယ်ပါတာ ကျုပ်ပါတာလို့ သူတို့မပါဘူးဆိုပြီးတော့ သွားပြီးတော့ အဖမ်းခံလိုက်တာပေါ့နော်။ အဲဒီတုန်းက ထောက်လှမ်း ရေး (၃) ပေါ့။ တောင်ငူပေါ့။ ၂၀၀၁ ခု မေလ ၂၅ ရက်နေ့”

"အဲဒီတော့ နောက်ဘာဆက်ဖြစ်လဲ"
“အဲဒီမှာပဲ စစ်ကြောရေးတော့လုပ်တာပေါ့။ ထွေထွေထူးထူးတော့ မလုပ်ပါဘူး။ မေးတာမြန်းတာပဲ လုပ်ပါတယ်”

"သင်္ကန်းချွတ်တာကျတော့ရော"
“သင်္ကန်းချွတ်တာလည်း အဲဒီ တောင်ငူမှာ တိုင်းဟောင်းလို့ခေါ်တာပေါ့။ သူတို့တပ်ထဲမှာပဲပေါ့။ ထောက်လှမ်းရေး (၃) မဟုတ်ဘူး။ အဲဒီတုန်း က စစ်ကြောရေးဖွင့်တဲ့ တပ်တတပ်ရှိတယ်။ ဒေသခံမဟုတ်တော့ ကျုပ်လည်းမသိဘူး။ သူတို့ကတော့ တိုင်းဟောင်းလို့ခေါ်တာပဲ။ မေလ ၂၇ ရက်နေ့မှာ ချွတ်တာ။ စစ်ကြောရေးမှာပေါ့။ သူတို့ကတော့ သိက္ခာချခိုင်းတာပေါ့။ ဒါပေမယ့်လည်း သိက္ခာချတယ်/မချဘူးဆိုတာက အ မိန့်ပေးလို့မှ မရဘဲနဲ့ကိုး။ ဆရာတော်တပါး ကြွလာတယ်လေ။ ဘာပြောလဲဆိုတော့ အရှင်ဘုရားတို့သိပြီးသားပဲတဲ့ ဝိနည်းသိက္ခာကို သိပြီး သားပဲပေါ့။ ချတယ် မချဘူးဆိုတာ ဒါပါပဲ သူက”

"စစ်ကြောရေးကနေ ဘယ်ကိုဆက်ပြီးပို့တာလဲဘုရာ့။ ရုံးထုတ်တာတို့ ဘာတို့"
“စစ်ကြောရေးမှာ ၂ ရက်ပဲကြာပြီးတော့ တောင်ငူထောင် ပို့လိုက်တယ်။ တရားရုံးကတော့ တောင်ငူထောင်ထဲတင်ဖွင့်တာ။ အဲဒီတုန်းက အဖွဲ့တွေများတော့ အဆောင်ကြီးတခုမှာ စုပြီးထားတယ်ပေါ့။ ရုံးမထုတ်ဘူး ထောင်ထဲတင်စစ်တာ။ ထောင်ထဲမှာ တရားရုံးဖွင့်တယ် ဆိုပြီး တော့ တရားသူကြီး ပထမတရက်မြင်ရတယ်။ ဒုတိယတရက်မြင်ရတယ်။ ပထမတရက် စွဲချက်တင်တယ်။ နောက် ဒုတိယရက် အမိန့်ဖတ် ပြတယ်။ အထူးခုံရုံးကိုး”

"အမိန့်ချတော့ အဲဒီအချိန်မှာ အရှင်ဘုရားတပါးထဲလား"
“အများကြီးပဲ။ မြို့လှ အမှုတွဲက ၂၀ ကျော်။ စာရင်းတော့ အတိအကျ မမှတ်မိတော့ဘူးပေါ့။ ဆွာအမှုတွဲက ၁၀ ကျော်။ ကျွဲဘွဲအမှုတွဲက ၂၀ ကျော်။ တောင်ငူအမှုတွဲက ၁၀ ကျော်။ ဒါလောက်ပဲ မှတ်မိတော့တယ်”

"ခုခံထွက်ဆိုဖို့ ရှေ့နေတွေ ဘာတွေရလား။ ဘာပုဒ်မတွေနဲ့ ထောင်ချလဲဘုရာ့"
“ရှေ့နေမရဘူး။ စွဲချက်တင်တယ်ပေါ့။ ရှေ့နေငှားမလားပေါ့။ ငှားလို့ရတယ်ပေါ့။ ဒါပေမယ့်လည်း ထောင်ထဲကနေ အပြင်မှ ထွက်လို့မရပဲနဲ့ကိုး။ ငှားလို့ရတယ်လည်းပြောတယ်။ ငှားပေးပါဆိုတော့လည်း အစိုးရက မငှားပေးနိုင်ဘူးပေါ့ သေဒဏ်ကျတဲ့ အမှုမဟုတ်လို့တဲ့။ အဲဒီလို ပြောတာ ပဲပေါ့နော်။ ပုဒ်မက ၅-ည က ၇ နှစ်၊ ၄၃၆ က ၁၀ နှစ်၊ ၄၄၀ က ၅ နှစ်။ သီးခြား ၂၂ နှစ်။ အကျိုးဖျက်ဆီးမှုပြောတာပဲ”

"တောင်ငူထောင်မှာ ဘယ်လောက်ကြာသွားလဲဘုရာ့။ ထောင် အဆင့်ဆင့်ပြောင်းရတာလေး"
“တောင်ငူထောင်မယ် ၅ လပိုင်းကနေပြီးတော့ ၁၀ လပိုင်း ၂၂ ရက်အထိနေရတယ်။ အဲဒီကနေ မန္တလေးထောင်။ ရမည်းသင်းထောင်။”

"ထောင်ထဲမှာ သူတို့က ဘုန်းကြီးတပါးအနေနဲ့ဆက်ဆံလား။ လူပုဂ္ဂိုလ်တယောက်လို ဆက်ဆံလားဘုရာ့"
“ဘုန်းကြီးတပါးအနေနဲ့ပဲ ဆက်ဆံပါတယ်။ သူတို့ကိုလည်း ဘုန်းကြီးလို့ပဲပြောထားတာလေ။ ကိုယ်ကလည်း ဘုန်းကြီးလိုပဲဖြစ်အောင် နေပြ ရတာပေါ့။ ထောင်ဝတ်စုံနဲ့ပဲပေါ့”

"ဆွမ်းကပ်တာ၊ ပြောဆိုဆက်ဆံတာ ဘုန်းကြီးလိုပဲလားဘုရာ့"
“အဲဒီလောက်ကြီးတော့ မကပ်ဘူးပေါ့လေ။ တအားကြီးတော့ မရိုင်းဘူးပေါ့ဗျာ။ ရိုင်းရိုင်းစိုင်းစိုင်းကြီးတော့ မပြောဘူးပေါ့နော်”

"ရမည်းသင်းထောင်ပိုင် ဘယ်သူလဲဆိုတာမှတ်မိလား။ ထောင်ပိုင်တွေပြောင်းသွားရင် ဆက်ဆံပုံပြောင်းသွားလား"
“နံပါတ်တစ်က ဦးကံမြင့်။ ပြီးတော့ ဦးမြင့်ရွှေ၊ ဦးတင်မောင်ချို၊ စတုတ္တက ဦးခင်ရွှေ၊ အခုလွတ်လာတာ။ ပုံစံက တပုံစံစီပေါ့။ ဒါပေမယ့်လည်း ဘယ်လိုတွေ့ရလဲဆိုတော့ အစကနေစာရင်တော့ တဖြေးဖြေးနဲ့ ဒီဘက်ရောက်တော့ စည်းကမ်းလေးတွေလျော့လာတဲ့အပိုင်းလေးတွေ ရှိပါ တယ်။ ဟိုးစတုန်းကတော့ တော်တော် တင်းတင်းကျပ်ကျပ်ပေါ့”

"ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိပါလဲဘုရာ့"
“ကျန်းမာရေးကောင်းပါတယ်။ ဘုန်းကြီးဝတ်လာတော့ တရားထိုင်တယ်။ တရားမှတ်တယ်။ ပုံမှန် ကျန်းမာရေးလှုပ်ရှားမှုအနေနဲ့တော့ လမ်း လျှောက်တာလောက်ပဲ ရှိတာပေါ့နော်။ အစားအသောက်လေးဘာလေး မှန်အောင်စားပေးရတာပေါ့”

"ရမည်းသင်းထောင်ရောက်တော့ နေရတာ သီးသန့်တပါးထဲလား ဘုရာ့"
“သီးသန့်နေရတယ်။ တိုက်ထဲမှာနေရတယ်။ ပထမ သုံးယောက် တခန်းနေရတယ်။ နောက် လူနည်းသွားတော့ နှစ်ယောက်တခန်း။ နောက် တယောက်တခန်း နေရတယ်”

"အထဲမှာ ဆေးဝါးကုသမှု ဘယ်လို ကြုံရ မြင်ရကြားရလဲ။ စာဖတ်ခွင့်ရော ဘယ်လိုရှိပါလဲ"
“အသင့်တင့်ရှိပါတယ်။ ဆေးဝါးက လုံလောက်မှုတော့ နည်းတာပေါ့။ စာဖတ်ခွင့်ရပါတယ်”

"အရှင်ဘုရားနဲ့အတူ မြို့လှအမှုတွဲ ၂၀ ကျော်မှာ ဘယ်သူတွေလွတ်လာပြီလဲဘုရာ့"
“ဦးဇင်းနောက်ဆုံးပဲ။ ဦးဇင်းတို့ သိသလောက်စုံစမ်းကြည့်တဲ့အခါကျတော့ ဥပမာ ၁၂ နှစ်သမားပေါ့။ ၂၀၀၅ က လွတ်သွားတယ်။ ၁၇ နှစ် သမားတွေက ၂၀ အထိပေါ့။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် လွတ်သွားတယ်”

"ပြီးခဲ့တဲ့နှစ် မေလတုန်းက ဦးသိန်းစိန်ပေးတဲ့ လျှော့ရက်ရလားဘုရာ့"
“လျှော့ရက် တနှစ်ခံစားဖို့ ပေးတယ်။ သမ္မတပေးတာ အဲဒီတခါရယ်၊ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က ၂၀ နှစ်အထက် ၂၀ တည်စေဆိုတော့ ၂ နှစ်ရတာပေါ့လေ။ စုစုပေါင်း ၃ နှစ်ရတာပေါ့”

"ရမည်းသင်းထောင်ကလွတ်တဲ့ ကိုယ်တော်တွေက ဦးဇင်းနဲ့ အမှုတွဲတူလားဘုရာ့"
“မဟုတ်ဘူးဗျ။ ဦးသောဘိတနဲ့ ရှင်သုဝဏ္ဏက ကျွဲဘွဲအမှုတွဲ။ သူတို့ ကျွဲဘွဲကို ပြန်သွားတယ်။ ဦးဃောသိတက ရန်ကုန်ငါးထပ်ကြီးက သူက မတရားအသင်းအဖွဲ့ ပါဝင်ပတ်သက်မှုတွေနဲ့။ သင်းဖွဲ့တွေနဲ့”

"အရှင်ဘုရား လွတ်လာပြီးနောက် ဘာဆက်လုပ်မလဲဘုရာ့"
“ဦးဇင်း ကျောင်းပြန်မယ်လေ။ အသောကရာမကျောင်း အခုညပဲ ပြန်မှာ။ သင်္ကန်းပြန်ဝတ်မယ်ပေါ့နော်။ သာသနာရေးလုပ်ငန်းလုပ်မယ်။ တတ်နိုင်သရွေ့ လူမှုရေးလုပ်ငန်းလုပ်မယ်ပေါ့ဗျာ။

ရင်းမြစ်
စစ်ဒေ၀ဒတ်တို့လားရာ ဘယ်လဲ? (ဆောင်းပါး) ဦးဌေးလှိုင်
ရမည်းသင်းထောင်မှလွတ်မြောက်လာသည့် ဦးဝေပုလ္လနှင့် အင်တာဗျူး - ကိုဝိုင်း(မဇ္ဈိမ)

Khin Aung Aye - Poem

၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလကပြောခဲ့သည့် လီနင်၏စကားအချို့
ခင်အောင်အေး
သြဂုတ် ၃၁၊ ၂၀၁၂



ကျွန်တော်တို့တစ်တွေဟာ သူတောင်းစားတွေဖြစ်နေတယ် ... စက္ကူမရှိဘူး ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...
သူတို့မှာ အ၀တ်မရှိဘူး ... ဖိနပ်မရှိဘူး ... စက်ယန္တရားတွေကလည်း ပျက်ကုန်ပြီ ...

အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ... စက္ကူမရှိဘူး ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...
သူတို့မှာ အ၀တ်မရှိဘူး ... ဖိနပ်မရှိဘူး ... စက်ယန္တရားတွေကလည်း ပျက်ကုန်ပြီ ...

အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ... ဖိနပ်မရှိဘူး ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...
သူတို့မှာ အ၀တ်မရှိဘူး ... စက်ယန္တရားတွေလည်း ပျက်ကုန်ပြီ ...

စက္ကူမရှိဘူး ... ကျွန်တော်တို့တစ်တွေဟာ သူတောင်းစားတွေဖြစ်နေတယ် ...
ဖိနပ်မရှိဘူး ... အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...
စက်ယန္တရားတွေလည်း ပျက်ကုန်ပြီ ... သူတို့မှာ အ၀တ်မရှိဘူး ...

ကျွန်တော်တို့တစ်တွေဟာ သူတောင်းစားတွေ ဖြစ်နေတယ် ... စက္ကူမရှိဘူး ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ... သူတို့မှာ အ၀တ်မရှိဘူး ... ဖိနပ်မရှိဘူး ...
စက်ယန္တရားတွေကလည်းပျက်ကုန်ပြီ .... အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် .... စက္ကူမရှိဘူး ...

အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ... သူတို့မှာ အ၀တ်မရှိဘူး ... ဖိနပ်မရှိဘူး ...
စက်ယန္တရားတွေကလည်း ပျက်ကုန်ပြီ ... အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ... ဖိနပ်မရှိဘူး ...
အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...

သူတို့မှာ အ၀တ်မရှိဘူး ... စက်ယန္တရားတွေလည်း ပျက်ကုန်ပြီ ... စက္ကူမရှိဘူး ...
ကျွန်တော်တို့တစ်တွေဟာ သူတောင်းစားတွေဖြစ်နေတယ် ... ဖိနပ်မရှိဘူး ...
အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ... အလုပ်သမားတွေ ငတ်ပြီး ချမ်းချမ်းစီးစီးဖြစ်နေကြတယ် ...

စက်ယန္တရားတွေလည်း ပျက်ကုန်ပြီ ... သူတို့မှာ အ၀တ်မရှိဘူး ... ဖိနပ်မရှိဘူး ...
စက်ယန္တရားတွေကလည်း ပျက်ကုန်ပြီ ... အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ...
စက်ယန္တရားတွေလည်း ပျက်ကုန်ပြီ ... အဆောက်အအုံတွေကလည်း ပြိုကျတော့မယ် ....။ ။

၃၀၊ သြဂတ်စ်၊ ၂၀၁၂။ ရုဒက်ရှိုင်၊ ဂျာမဏီ ၁၃း ၅၉ နာရီ

(ဖတ်လက်စ အီလျာ အာရင်ဘတ်ရဲ့ ‘လူများ-သက္ကရာဇ်များ-ဘ၀’ စာအုပ်၊ စာမျက်နှာ ၂၁၃ ပထမပိုဒ်မှ စာသားများကို copy & paste function key များဖြင့် ကဗျာပြုလုပ်ထားတာဖြစ်ပါတယ်)

Letter to Moemaka

သစ်လုပ်ငန်း ၀န်ထမ်းအချို့၏ လာဘ်ပေးလာဘ်ယူမှုများ
မိုးမခပေးစာ
သြဂုတ် ၃၁၊ ၂၀၁၂


ယခုအခါတွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် လာဘ်ပေး လာဘ်ယူ တို့ရန်သူဟူသော ဆောင်ပုဒ်အတိုင်းလိုက်နာကျင့်သုံးပြီး၊ လိုအပ်လျှင် တိုင်ကြားရန် ကြေငြာချက်များလည်းထုတ်ပြန်ပြီးဖြစ်ပါသည်။

သို့သော်လည်း စားနေကျကြောင်ဖားဖြစ်သည့်အတိုင်း သစ်လုပ်ငန်းမှ ၀န်ထမ်းအချို့သည် ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းသာ လာဘ်ပေး လာဘ်ယူကင်းစင်ခြင်းလုံးဝမရှိဘဲ အတင်းအဓမ္မ တောင်းခံနေကြဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာ့သစ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုက် နေသော Timber Company များအနေဖြင့် နိုင်ငံတော်မှ တရားဝင်ရောင်းချထားသောသစ်များအား တရားဝင်ပေးသွင်းရသည့် သစ်ဖိုးငွေများ အပါအ၀င်၊ သင်္ဘောတင်ပို့ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများလုပ်ဆောင်ရာတွင် ယခင်ကထက် ပိုမိုပေးဆောင်နေကြရသည်ကို အောက်ပါအတိုင်းကြုံတွေ့နေကြရပါသည်။

၁။ သင်္ဘောတင်ပို့ရန် ကုန်သွယ်ရေးတွင် (Custom Pass) OP ဆောင်ရွက်ခြင်း။
သစ်လုပ်ငန်းအနေဖြင့် သင်္ဘောတင်ပို့ရာတွင် Custom Department မှ ခွင့်ပြုချက်လိုအပ်သောကြောင့် သစ်လုပ်ငန်းမှ Custom pass ခေါ် OP သွားရောက်ဆောင်ရွက်ကြရပါသည်။ နေ့စဉ် ကုန်သွယ်ရေးဦးစီးဌာနသို့ သွားရောက်ကြရပြီး၊ လိုင်စင်အရေအတွက် (OP) မှာ ၁၀ စောင် မှ အစောင် ၅၀ ထိရှိတတ်ပါသည်။ ထိုသို့သွားရောက်ရာတွင် ကုန်ကျစရိတ်များအား မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သူ၏၀န်ထမ်းများအား TA (Travel Allowance) ခွင့်ပြုထားသော်လည်း ယင်းဝန်ထမ်းများသည် Company ၀န်ထမ်းများထံမှ Custom Pass (OP) တစ်စောင်အား ၂၀၀၆ ခုနှစ်တွင် လိုင်စင် ၁ စောင် ၃၀၀၀ ကျပ်မှ ယခု ၅၀၀၀ ကျပ်ထိ တိုးမြင့်ပေးနေရပါသည်။ (ပျမ်းမျှခြင်းအားဖြင့် လိုင်စင် အစောင် ၃၀-၄၀ အတွက် တစ်နေ့ဝင်ငွေ တစ်သိန်း-တစ်သိန်းခွဲခန့်ရှိနေကြသောကြောင့် ထိုသို့ကုန်သွယ်ရေးတွင် သွားရောက်ဆောင်ရွက်ရသည့် ၀န် ထမ်းများမှာ အောက်ဆိုဒ်ဝင်ငွေကောင်းသောကြောင့် ၎င်းနေရာမှ (Transfer) ရွှေ့ပြောင်းခြင်းမရှိရလေအောင် အသည်းအသန် ကြိုးစားနေ ကြသည်။

၂။ ကျွန်းသစ်လုံးများ (Counter & Final Check) စစ်ဆေးခြင်း (ကျွန်းသစ်လုံးများ၏ အရည်အသွေးမှန်ကန်မှု၊ အတန်းအစားသတ်မှတ် ချက်မှန်ကန်မှု)
***နိုင်ငံတော်သို့ သစ်ဖိုးငွေပေးသွင်းရာတွင် သစ်မျိုးအတန်းအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိသောကြောင့် သစ်ဆိပ်တာဝန်ခံများနှင့် Company ၀န်ထမ်းများပူးပေါင်းပြီး အခကြေးငွေပေးကာ အတန်းအစားနိမ့် သတ်မှတ်လေ့ရှိသောကြောင့် သစ်လုပ်ငန်းမှ အရာရှိများ သစ် ဆိပ်သို့ ကိုယ်တိုင်သွားရောက်စစ်ဆေးကြရပါသည်။

ထိုသို့ စစ်ဆေးရာတွင် Counter Check ခေါ် ပထမအကြိမ်စစ်ဆေးခြင်းအတွက် -
၂၀၀၆ ခုနှစ်တွင် သစ်လုံးတစ်တန်လျှင် ၁၅၀ ကျပ်ပေးရပြီး ယခုအခါ ၃၀၀ ကျပ်နှုန်းပေးနေရပါသည်။ သစ် Company များအနေဖြင့် ထိုသို့ Counter & Final Check စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တစ်ကြိမ်လျှင် တန် ၁၀၀-၁၅၀ မှ တန် ၅၀၀-၁၀၀၀ ထိ (သွားလာစရိတ်၊ ဧည့်ခံ စရိတ်၊ အရက်ဖိုးများ သက်သာစေရန်) စစ်ဆေးရမည့်အရေအတွက်များမှသာ သွားရောက်စစ်ဆေးကြပါသည်။ သို့ဖြစ်သောကြောင့် တန် ၁၀၀ စစ်ဆေးလျှင် (တန် ၁၀၀ x ၃၀၀ = ၃၀၀၀၀) Counter စစ်ဆေးရန်နှင့် သွားလာစရိတ်၊ ဧည့်ခံစရိတ်၊ အရက်ဖိုး ပျမ်းမျှခြင်းအားဖြင့် ၃၀၀၀၀ ကျပ် ကုန်ကျပါသည်။

Counter စစ်ဆေးပြီးပါက Final Check စစ်ဆေးရန်အတွက် သစ်လုံးတစ်တန်လျှင် (၁၃၀၀ ကျပ်) နှုန်းဖြင့် ထပ်မံလာဘ်လာဘ ပေးရပါသည်။
Counter & Final စစ်ဆေးရာတွင် လူများတူညီမှုမရှိဘဲ Counter တစ်ဖွဲ့နှင့် Final တစ်ဖွဲ့ လူခွဲပြီး သွားရောက်စစ်ဆေးကြပါသည်။ ရရှိလာ သော လာဘ်ငွေများအား ဌာနသို့မအပ်ဘဲ သူတို့အချင်းချင်းသာ ခွဲဝေယူဆောင်ကြပါသည်။ ထိုသို့သောအခြေအနေများကြောင့် သစ်လုပ် ငန်းမှ ဌာနဆိုင်ရာဝန်ထမ်းအချင်းချင်း ကျေနပ်မှုမရှိသောကြောင့် ပြီးခဲ့သည့်လအနည်းငယ်က သစ်လုံးရောင်းဌာနစုရှိ စစ်ဆေးရေးဌာနမှ (နဖူးပြောင်၊ ဗိုက်ရွှဲ၊ မျက်မှန်တပ်လူသည် သစ်မာသစ်ဆိပ်သို့လည်းကောင်း၊ အသားမဲအရပ်ပုအမျိုးသမီးသည် ဘေးချင်းကပ် ကျွန်းသစ် လုံးရောင်း ဌာနသို့လည်းကောင်း.......အခြားသူများစွာမှာ ယခုထက်ထိ ဗိုလ်နေမြဲ ကျားနေမြဲသာ ဖြစ်နေလျှက်ရှိသည်) နာမည်ပျက်ဝန် ထမ်းများ နေရာရွေ့ပြောင်းခဲ့ရသည်။ သို့သော် ယခု ထပ်မံရောက်ရှိလာသည့်သူများမှာလည်း သူ့ထက်ကဲများဖြစ်နေပြီး ပိုမိုဆိုးရွာလာ လျက်ရှိပါသည်။

ယခုအခါတွင် မြန်မာ့သစ်လုပ်ငန်းမှ သစ်လုပ်များအားရောင်းချရာတွင် FOB (free on board) စနစ်ခေါ် သင်္ဘောပေါ်ရောက်ရှိသည်အထိ ဌာနမှ တာဝန်ယူဆောင်ရွက်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်သောကြောင့် Ex-Site စနစ်(Company များမှ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရသောစနစ်) ဖြင့်ရောင်းချခြင်းထက် FOB စနစ်ဖြင့် ရောင်းချသည့်ဈေးနှုန်းက မြင့်မားပါသည်။ သို့သော်လည်း အထက်တွင်ဖော်ပြထားသည့်အတိုင်းသာမကဘဲ အခြားသော တရားမ၀င်သည့်လာဘ်ငွေများပေးနေရခြင်းကို နိုင်ငံတော်၏ လာဘ်ပေး လာဘ်ယူ ပပျောက်ရေးစီမံကိန်းအား အထောက်အကူဖြစ်စေရန် တင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။ သစ်လုပ်ငန်းနှင့်ပတ်သက်သည့် အခြားသောအကြောင်းခြင်းရာများကိုလည်း ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။

Thursday, August 30, 2012

Letter to Moemaka

သေနတ်နှင့်လက်ထိပ် အပြင်လူပေးကိုင်ခြင်းကိစ္စကို နေပြည်တော်အရာရှိကြီးများကိုတင်ပြခြင်း
ကိုနှင်းမောင် (ဟင်္သာတ)
သြဂုတ် ၃၁၊ ၂၀၁၂




ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတာမြို့ လယ်တီကွင်းချောင်းဖျားလေးတွင်နေထိုင်သည့် ကိုခင်မောင်မြင့်ဆိုသူသည် ဒိုင်ချုပ်ဟောင်းတဦး ဖြစ်ပြီး ယခုလက်ရှိ တရားမ၀င်လောင်စာဆီရောင်းချနေသော ဒေါ်စု (တရုတ်ကျောင်းလမ်း) မှာ သူနှင့် မောင်နှမတော်သည့်အတွက် မြို့ လယ်ခေါင်ကြီးတွင် တရားမ၀င်ဆီရောင်းချနေသည်ကို မည်သူမျှ တားဆီးခြင်းမပြုရဲကြပါ။

ဟင်္သတာခရိုင် ဒနမှ ရဲအုပ်မြင့်ခိုင်၊ ဒုရဲအုပ်ကျော်ကျော်ညွှန့်တို့၏ သတင်းပေး (အင်ဖော်မာ) လုပ်ကာ နေ့ချင်း ညချင်း ချမ်းသာလာသလို ရဲတပ်ဖွဲ့ဝင်များကိုလည်း အနိုင်ကျင့်ပြီး ၎င်းနှင့်တည့်သူများကို ရောင်းချစေ၊ မတည့်သူများအား ၁၅ (က) နှင့် ဖမ်းဆီးပြီး ထင်သလိုလုပ် နေပါသည်။ ထို့ပြင် လယ်တီကွင်းရပ်ကွက်နေ ကိုဇော်မိုး၏ အရက်ဆိုင်အား ဖမ်းဆီးစဉ်အခါကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးနှင့် ရဲအရာရှိများအား ပြန်လွှတ်မပေးရင် ခင်ဗျားတို့စားထားတာတွေကိုတိုင်မယ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် တရားခံအား ပြန်လွှတ်ပေးခဲ့ရပါတယ်။

ထိုထက်အဆိုးဆုံးမှာ အမှတ် (၁) မှ အမှတ် (၂) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် အောင်ရည်သွေး၊ ဟင်္သာတခရိုင် ဒနမှ မြောင်းမြသို့ခရိုင် ဒနသို့ ပြောင်းပြီးတာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်ကျော်ကျော်ညွှန့်တို့နှင့်ပေါင်းကာ ၎င်းတို့ဆီမှ ခြောက်လုံးပြူး သေနတ်နှင့် လက်ထိပ်များငှားကာ ခါးမှာထိုးပြီး KTV ၊ ပြည့်တန်ဆာခန်းများနှင့် အများပြည်သူရှေ့သွားလာနေသည်မှာ မြန်မာနိုင်ငံရဲချုပ် နှင့် ဟင်္သာတရဲတပ်ဖွဲ့အား စော်ကားသလိုဖြစ်နေပါသည်။

ထို့ပြင် ရဲသတင်းတပ်ဖွဲ့မှ နေလင်းစိုးနှင့် ပေါင်းပြီး သစ်ကုန်သည်များအား ငွေတောင်းခံနေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ သာရဝေါရွာမှ နွားကုန်သည်အဖွဲ့ကိုလည်း အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ်ဝင်းဇော်အား ကိုယ်တိုင်သတင်းပေးဖမ်းခိုင်းခဲ့ပြီး သူ့အား ငွေကြေးထောက်ပံ့ထား သည့် နွားကုန်သည် ဖိုးချို၊ လက်ပွား၊ သန်းဌေးတို့အပါအ၀င် ကျန်သည့် (၅) ဖွဲ့ကျတော့ ဖမ်းခိုင်းခြင်း မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့၏သတင်းများကိုလည်း အသံဖမ်း၊ ဗွီဒီယိုရိုက်ပြီး အရာရှိ ကြီးငယ်ပေါင်းစုံတို့ဖြင့် ငွေညစ်နေမှုကိုသိလျှက် ခံနေကြပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲမှူး ဦးမြင့်ဆွေကိုတော့ မန္တလေးက အမျိုးသမီးကိစ္စဖြင့် ချည်နှောင်ထားသည့်အတွက် မလှုပ်နိုင်ပါ။ ခေါင်းဆေးကျွန်းမှာ အမှုတခုသွားဖမ်းတုန်းက လည်း ရဲတပ်ဖွဲ့ဝင် ၀န်ထမ်းတွေက သေနတ်ဖြင့် မချိန်ရဘူး၊ သူက ထုတ်ချိန်ပါတယ်။ ဗွီစီဒီအငှားဆိုင်များကိုလည်း လိုက်လံဖမ်းဆီးကာ ငွေ သား ၃ သိန်းတောင်းပြီး မပေးနိုင်လျှင် အဖမ်းခံနေရပါတယ်။ လတ်တလော အရေးယူခံထားရသည့် ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက် ကြေးကန်ကျောင်းနေ ဒေါ်တင်မာကြည်ကို စစ်ကြည့်ရင် သိနိုင်ပါတယ်။ လယ်တီကွင်း အုပ်ချုပ်ရေးမှူး ကိုကျော်ထူးကို စစ်ကြည့်ရင် လည်း သိနိုင်ပါတယ်။ သူနှင့်နီးစပ်သည့် တာလေးရပ်၊ သော်တာအေးရပ်ကွက်နေ ဒိုးဒိုး (အဖ - ဦးကြည်ဝင်း) ဆိုသူ စက်ဘီးတစီးနှင့် ညစ်ညမ်းခွေများ၊ ဆင်ဆာမဲ့ခွေများ ရောင်းချနေသည်ကျတော့ အဖမ်းအဆီးမခံရပါ။

ဒုရဲအုပ် အောင်ရည်သွေးကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်လူကြီးများ၏သတင်းကို လယ်တိကွင်းတွင် ဖွင့်ထားသည့် ချမ်းသာ KTV (တရားမ၀င်) တွင် ကိုခင်မောင်မြင့်အား သတင်းပေးပြီး ၎င်းမှလည်း အသံသွင်းထားကာ လူကြီးများ၏အားနည်းချက်များကို မဆင်မခြင်ထုတ်ဖော်ပြောဆိုနေခြင်း မှာ တာဝန်ရှိပုဂ္ဂိုလ်များ သိက္ခာကျဆင်းစေရသည့်အတွက် တင်ပြအပ်ပါသည်။

U Ohm Kyaw - Articles

ဒေါင်းအဆင်ဆန်းတွေနဲ့ ပုဝါအလံလူ (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
သြဂုတ် ၃၁၊ ၂၀၁၂


“ပြီးခဲ့တဲ့လတွေတုံးက အမေစု ဥရောပကိုခရီးထွက်တုံး ရိုက်ထားတဲ့ဓါတ်ပုံတွေထဲမှာ - ခွပ်ဒေါင်းပုံရင်ထိုးကလေး တပ်ထားတာ ကျနော်တွေ့ လိုက်မိတယ် ဦးလေးရ။ ဦးလေးရောသတိထားမိလား။”
“အေးကွ ... ဦးလေးလဲ တွေ့လိုက်တယ်။ ဓါတ်ပုံတွေကလဲ ခန့်ခန့်ငြားငြားနဲ့ အရမ်းကျက်သရေရှိတာဘဲကွနော်”

“အဲဒီလို ခွပ်ဒေါင်း၊ ကဒေါင်းလေးတွေ တွေ့ရတော့ ဦးလေးရွတ်ရွတ်ပြနေတဲ့ ဆရာကြီး အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့လေးချိုးကြီးထဲက "ကောင်းကျိုးထွေထွေနဲ့ ချန်စေမြစေသော၊ ဒေါင်းအိုးစေ တွန်စေကစေသော" ဆိုတဲ့အပိုဒ်ကလေးကို သွား,သွား သတိရမိတယ် ဦးလေးရေ”
“အံမယ် ... ငါ့တူက မဆိုးပါလားကွ။ ကဲ အဲဒီအပိုဒ်ကလေးရနေမှတော့ကွာ လေးချိုးကြီးတပုဒ်လုံးရသွားအောင် ကျက်လိုက်ပါလား”

“ဖြေးဖြေးတော့ကျက်ပါ့မယ် ဦးလေးရာ။ ဒီနေ့တော့ ဒေါင်းနဲ့ပတ်သက်တဲ့ တံဆိပ်ခေါင်းတွေအကြောင်းပြောပြပါဦး”
“အေးပါကွာ။ မင်းသိချင်တယ်ဆိုတာကိုကြားရတာဘဲ ဝမ်းသာလှပါပြီ။ အေး ... တံဆိပ်ခေါင်းအကြောင်းမပြောခင်မှာ တို့ဗမာတွေရဲ့အသဲ နှလုံးကြားမှာ ဒေါင်းငှက်ရဲ့သင်္ကေတ၊ အမှတ်အသားတွေမှာ သမိုင်းနဲ့ချီပြီး စွဲမြဲနေတယ်ဆိုတာကို ငါ့တူ အရင်ဆုံးသိထားရမယ်ကွ။”

“ဟုတ်ကဲ့ဦးလေး”
“ဒေါင်းကို နေမင်းရဲ့သင်္ကေတအဖြစ် ယူထားတယ်။ မင်းတွေ၊ ဘုရင်တွေရဲ့ တံဆိပ်အမှတ်အသားအဖြစ် သုံးခဲ့ကြတယ်။ မင်းလည်းသိသားဘဲ။ မင်းတုန်းမင်းကြီးလက်ထဲမှာ ဒင်္ဂါပြားတွေ စပီးသွန်းလုပ်တော့ ဒေါင်းပုံကိုထည့်ထားတာလေ။ အလံတွေ၊ တံဆိပ်တွေမှာလည်း ဒေါင်းဟာ အမြဲတမ်း ဝင့်ဝင့်ကြွားကြွားပါခဲ့တယ်ကွ။ တို့ဗမာအစည်းအရုံးအလံ၊ ကျောင်းသားသမဂ္ဂရဲ့အလံ၊ နယ်ချဲ့ကိုတိုက်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ရဲ့အလံတွေမှာက ဒေါင်းတွေ၊ ခွပ်ဒေါင်းတွေဟာ နေရာယူခဲ့ကြတယ်ကွ”

“ဦးလေးပြောလို့ ကျနော်သတိရပြန်ပြီ။ ဗိုလ်ချုပ်တို့ အာဇာနည်တွေ ကျဆုံးတော့ အဘိုးသခင်ကိုယ်တော်မှိုင်းရေးတဲ့ လေးချိုးကြီးထဲမှာလဲ “ဒေါင်းလံပုဝါအုပ်ပါလို့ - ကျုပ်ဖြင့် သင်္ဂြိုလ်ချင်” လိုထည့်ပြီးရေးခဲ့သေးတယ် မဟုတ်လား။
“မင်း အတော်ဟုတ်တေပါလးကွ။ ငါ့တူလို့မပြောရဘူး။ ဟဲ ... ဟဲ။ ဒေါင်းပုံပါတဲ့တံဆိပ်ခေါင်းတွေကို အင်္ဂလိပ်ခေတ် ၁၉၃၈ ကစပီး သုံးခဲ့ကြ တာ ဂျပန်တွေဝင်လာတဲ့ ၁၉၄၂ အထိပဲဆိုပါတော့ကွာ။ အဲဒီတုံးက ဂျော့ဘုရင်ပုံနဲ့ပေါ့။ ဒီမှာကြည့်”


၁၉၃၈ (အစဉ်သုံး)



၁၉၃၉ (ရုံးသုံး)

အဲဒီ တံဆိပ်ခေါင်းတွေကိုပဲ ၁၉၄၅ မှာ ဂျပန်ပြေးပြီး အင်္ဂလိပ်ပြန်ဝင်လာတော့ (အရောင်ပြောင်းပြီး) ဆက်သုံးကြ တယ်။


၁၉၄၅ အင်္ဂလိပ်စစ်အုပ်ချုပ်ရေး

၁၉၄၆ (အစဉ်သုံး)


၁၉၄၆ (ရုံးသုံး)


၁၉၄၇ (ကြားဖြတ်အစိုးရ)


၁၉၄၇ (ကြားဖြတ်အစိုးရ ရုံးသုံး)

“ဂျပန်ခေတ်မှာကျတော့ကောဟင်”
“အဲဒီဂျပန်ခေတ် ၃ နှစ်အတွင်းမှာ (၁၉၄၂ ကနေ ၁၉၄၅ အတွင်းမှာပေါ့ကွာ) ဂျပန်အစိုးရက အင်္ဂလိပ်ရဲ့လက်ကျန်တံဆိပ်ခေါင်းတွေပေါ်မှာ ဒေါင်းရုပ်ကိုထပ်နှိပ်ပြီး ဆက်သုံးခဲ့ကြသေးတယ်။ ကနေတဲ့ ကဒေါင်းပေါ့ကွာ။”

"ဘာဖြစ်လို့ ကဒေါင်းကိုသုံးတာလဲ ဦးလေး"
“ဟ ... ငါ့တူရ။ ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီးဝင်လာတဲ့- အဲဒီဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့အလံမှာက ဒေါင်းပုံပါတယ်လေကွာ”
“ဟာ … ဟုတ်သားဘဲ”

“နောက်ပီးတော့ ငါ့တူစဉ်းစားကြည့်။ အဲဒီနယ်ချဲ့အင်္ဂလိပ်ကို ဂျပန်အကူအညီနဲ့ အပြတ်ဆော်ပလော်တီးပြီး သူတို့ရဲ့ဂျော့ဘုရင်ပုံပါတဲ့ လက် ကျန်တံဆိပ်ခေါင်းတွေကို ကဒေါင်းပုံပါတဲ့ တံဆိပ်တုံးနဲ့ထုပြီးဖျက်ရတာ ဘယ်လောက်အရသာရှိလိုက်မလဲဆိုတာ။ အဲဒါတွေကိုတို့ရဲ့ တံ ဆိပ်ခေါင်းလောကမှာ ဒေါင်း (peacock) တံဆိပ်ခေါင်းဆိုပြီး သီးခြားလေ့လာကြရတယ်။ အဲဒီဒေါင်းရဲ့ ဒီဇိုင်းပုံကိုလိုက်ပြီး ဟသာင်္တဒေါင်း (၁) (၂)၊ မြောင်းမြဒေါင်း (၁) (၂) (၃)၊ ဖျာပုံဒေါင်းဆိုပြီး ၆ မျိုးဖြစ်သွားတယ်။ အဲဒါအပြင် အနီ၊ အပြာ၊ အနက်၊ နက်ပြာဆိုပြီး အရောင်တွေလဲ ရှိပြန်သေးတယ်။ ကဲ ဒီပုံတွေကိုကြည့်ရင် ငါတူသဘောပေါက်သွားမယ်”

ဂျပန်ခေတ် တံဆိပ်ခေါင်းအချို့

ဟင်္သာဒေါင်း (၁)


ဟင်္သာဒေါင်း (၂)


မြောင်းမြ (၁)


မြောင်းမြဒေါင်း (၂)


မြောင်းမြ (၃)



ဖျာပုံ



ရုံးသုံး

“လွတ်လပ်ရေးရပြီးတော့ကော ဦးလေး”
“၁၉၆၄ မြန်မာနှစ်ဆန်းတရက်နေ့မှာ ငှက် (၈) ကောင်ပါတဲ့ တံဆိပ်ခေါင်း (၁၂) မျိုးထုတ်တော့ တန်ဘိုးအကြီးဆုံး ၅ ကျပ်တန်မှာ ဒေါင်းပုံကို ထည့်ထားတယ်ကွ။ ၁၉၆၈ မှာလဲ အဲဒီ BIRD SERIES ကို အရောင်ပြောင်း၊ ဆိုက်ပြောင်းပီး ထပ်ထုပ်သေးတယ်။ ဒီမှာကြည့်”


အပေါ် (၁၉၆၄) (ဂျပန်တွင်ပုံနှိပ်သည်)
အောက် (၁၉၆၈) (အရှေ့ဂျာမနီတွင် ပုံနှိပ်သည်)

“ဒါဆိုရင် ဒေါင်းကို အမျိုးသားရေးအထိမ်းအမှတ် (NATIONAL EMBLEM) အဖြစ်သုံးကြတာကို ဆက်ပြီးရှင်သန်နေအောင်လုပ်ဖို့လိုတာ ပေါ့နော်”
“အေးပေါ့ကွ။ ကမ္ဘာ့နိုင်ငံတွေရဲ့ NATIONAL BIRD လို့ခေါ်တဲ့ နိုင်ငံဂုဏ်ဆောင်ငှက်စာရင်းမှာ တို့နိုင်ငံက BURMESE PEACOCK – PHEA SANT ဆိုတဲ့ ဒေါင်းတမျိုးကို ရွေးထားတယ်။ အိန္ဒိယကလည်းIndian peacock ဆိုတဲ့ ဒေါင်းငှက်ကို ရွေးထားတယ်။ ဒေါင်းအမျိုးအစားတွေကလဲ အမျိုးကြီးရှိတာကိုးကွ။”

“ဟုတ်လား။ ငှက်အသင်းမှာပါတဲ့ ဦးလေးတယောက်က ကျနော့်သူငယ်ချင်းနဲ့သိတယ်။ သူနဲ့တွေ့မှ မေးကြည့်ရဦးမယ်။ ဒါနဲ့ တခြားနိုင်ငံတွေ ကကော ဒေါင်းပုံတံဆိပ်ခေါင်း မထုတ်ဘူးလား။”
“ဟာ အများကြီးရှိတာပေါ့။ ဒို့အာရှနိုင်ငံတွေမှာ ဒေါင်းပုံမထုတ်ဖူးတဲ့နိုင်ငံမရှိဘူး။ အာရှတင်မကပါဘူးကွာ။ ဥရောပနိုင်ငံတွေကလဲ ထုတ်ကြ ပါတယ်။ ဟောဒီမှာကြည့် ဦးလေးလက်လှမ်းမှီသလောက်စုထားတာတွေ”


၁၈၉၄ - မြောက်ဘော်နီယို (မလေးရှားနိုင်ငံတွင်ပါဝင်သည်)



၁၉၆၈ (တောင်ကိုရီးယား နှစ် ၁၀၀ ပြည့်)


၁၉၇၃ - အိန္ဒိယ (နိုင်ငံတကာတံဆိပ်ခေါင်းပြပွဲအထိမ်းအမှတ်) (ဂရပ်ဖစ်ဒေါင်း)


၁၉၇၄ - ပြင်သစ်
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU - Universal Postal Union)
(စာပို့နေသော ဒေါင်းငှက်များ)



၁၉၇၆ - ပါကစ္စတန်


၁၉၇၇ - ဟန်ဂေရီ


၂၀၀၄ - တရုတ်


၂၀၀၈ - ယိုးဒယား


၁၉၃၄ - မြန်မာ့အခွန်တော် တံဆိပ်ခေါင်း



ရန်ကုန်မြို့ ဟိုတယ်တခု၏ ဧည့်ခမ်းဆောင်မကြီးတွင်တွေ့ရသော မှန်စီရွှေချဒေါင်း

"ဒီလိုဆိုတော့လည်း ကျနော်တို့ရဲ့ဒေါင်းဟာ ကမ္ဘာ့အလယ်မှာ အတော်အရေးပေးခံရတာပဲနော်"
"ဟုတ်တာပေါ့ကွာ။ အော် ... ဒါနဲ့ ဟောဒီမှာ မင်းကိုပြရဦးမယ်။ USA ကထုတ်တဲ့ အမျိုးသမီးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ မစ် (Ms. Magazine) မဂ္ဂဇင်းအဖုံးမှာ အခု ၂၀၁၂ နှစ်ဆန်းပိုင်းကပါလာတဲ့ ဒေါ်စုရဲ့ပုံကလေး။ ကံ့ကော်ပန်းနဲ့ ဒေါင်းမြီးကွက်အဆင်အင်္ကျီလေးနဲ့။ ဦးလေးသိမ်းထားတာ ကြည့်ပါဦး"



"ကျက်သရေရှိလိုက်တာ ဦးလေးရာ။ ကျနော်တို့ရဲ့ ဒေါင်းအဆင်ဆန်းတွေကို ကမ္ဘာတ၀ှမ်းလွှင့်လိုက်သလို ဘဲပေါ့နော်"

Ashin Dhamma Piya - Freedom of Religion whose rights?


လွတ်လပ်စွာ ကိုးကွယ်ခွင့်မူကို မည်သူတွေက ပြဋ္ဌာန်းပေးသနည်း
ဒေါက်တာဓမ္မပိယ(ITBMU)
မြန်မာပြည်သူ၊ ပြည်သား အများစုဟာ လွတ်လပ်ခွင့်နှင့် လွတ်လပ်ရေးတို့၏အဓိပ္ပါယ်များကို ရောရော ထွေးထွေး သိနေကြဆဲပါ။ လွတ်လပ်ရေးရရင် လွတ်လပ်ပြီလို့ အထင်ရှိနေသူတွေရှိနေသလို၊ ဒီမိုကရေစီရရင် ထင်ရာလုပ်လို့ရပြီလို့ ပြောသူများလည်းရှိနေဆဲပါ။ ̏လွတ်လပ်ခြင်း˝ ရဲ့အဓိပ္ပါယ်နှင့် ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့ အဓိပ္ပါယ်တို့ကိုလည်း မသိသူတွေက များလွန်းနေသေးတယ်လို့ ထင်မြင်ယူဆမိခြင်းပါ။ မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနှိုင်ခြင်း မရှိသေးတော့ ရဟန်းရှင်လူ အတော်များများဟာ ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို အသိခက်နေကြခြင်းပါ။ အဓိပ္ပါယ်များ ရှင်းလင်းသွားစေချင်ရင်   လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မည်သူတွေက ပြဋ္ဌာန်းပးထားသနည်း ဆိုတဲ့ အမေးကို ရှေးဦးစွာ စဉ်းစားကြည့်နိုင် ဖို့ပါ။                                                                                                                                                        
̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ လွယ်မယောင်ယောင်နဲ့ အသိခက်နေတဲ့ စကားမျိုးပါ။ ဒီစကားရဲ့ မူလဇစ်မြစ်အခြေခံကို သိမထားဘူးဆိုရင် တိကျတဲ့ အဓိပ္ပါယ်ကို ပြန်ဆိုဖို့ မလွယ်ကူနိုင်ပါ။   ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ဆိုတဲ့စကားဟာ ဒီမိုကရေစီစနစ်နှင့် ဆက်နွယ်နေခြင်းဖြစ်လို့ ဒီမိုကရေစီရဲ့ သဘောတရားကို အထိုက်အလျှောက်သိထားဖို့ပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ ရွေးချယ်တင်မြောက် ထားတဲ့အစိုးရဖြစ်လို့ အစိုးရကလည်း ပြည်သူတွေကို ̏လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင်ခွင့်တို့ကို ပေးထားခြင်းပါ။ တစ်ဖက်မှ လည်း ပြည်သူတွေရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ပေးထားခြင်းပါ။                                       ထို့ကြောင့် ဘာသာတရား ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ရှိတယ်ဆိုပေမဲ့ ပြည်သူတွေ ယုံကြည်ထားတဲ့ ကိုးကွယ်မှုဘာသာတရားဟာ တစ်ဦးနှင့်တစ်ဦး ယုံကြည်ထားတာခြင်းက မတူညီပါ။ အယူအဆများ၊ ယုံကြည်မှုများ မတူညီတဲ့အခါ ပြဿနာဆိုတာ ဖြစ်ပေါ်တတ်စမြဲပါ။ ဒီတော့ ပြည်သူတွေ ကြားမှာ ပြဿနာများ မဖြစ်ပွားရအောင် အစိုးရက ကာကွယ်ပေးထားရခြင်းပါ။ ဥပမာ၊ ဆိတ်ငြိမ်မှုကို လိုလားတဲ့ ဘာသာဝင်များ အတွက် ဆူညံခြင်းဆိုတာဟာ သူတို့အတွက် စိတ်အနှောက်အယှက်များ ဖြစ်စရာပါ။ ဒီအခါမှာ လူ့အခွင့် အရေးရှုဒေါင့်ကနေကြည့်ပြီး ဆိတ်ငြိမ်ရပ်ကွက်မှာ ဆူညံတဲ့ လူမှုရေးပွဲလမ်းသဘင်များ၊ ဘာသာရေးပွဲလမ်း သဘင်များ စည်းမဲ့ကမ်းမဲ့ ကျင်းပခြင်းမျိုးကို နိုင်ငံတော်မှ တားမြစ်ပိတ်ပင်ပေးရခြင်းပါ။ ဒါကို ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်တာဆီးတယ်လို့ စွပ်စွဲပြောဆိုလို့ မရနိုင်ပါ။ အမှန်တကယ်တော့
ထိုကဲ့သို့ပြုလုပ် ပေးခြင်းဟာ ပြည်သူများရဲ့ လူအခွင့်အရေးကို ကာကွယ်ပေးခြင်းပါ။                                                                                ကိုယ့်ဘာသာတရားရဲ့ ဓလေ့ထုံးစံမို့ ပျော်ပွဲရွှင်ပွဲတွေကို လွတ်လပ်စွာ ဆင်နွှဲနိုင်ခွင့်ရှိတယ် ဆိုပေ မယ်လို့ မိမိတို့ရဲ့ ပျော်ရွှင်မှုဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်များဖြစ်နေခဲ့မယ်ဆိုရင် … ။ ဆူညံစွာ ကျင်းပတဲ့ ဘာသာရေးပွဲမျိုးကို တားဆီးပေးရန်မှာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ သိရှိထားနိုင်ဖို့ပါ။ မြန်မာနိုင်ငံတွင်း၌ ကျင်းပနေတဲ့ ဘာသာရေးပွဲတော်များပဲဖြစ်ဖြစ်၊ လူမှုရေးပွဲတော် များပဲဖြစ်ဖြစ် ကျင်းပပြုလုပ်ခြင်းကို နိုင်ငံတော်မှ ကျင်းပခွင့်(ပါမစ်)မရပဲ ကျင်းပနေခြင်းမျိုးကို ရှောင်ရှားနိုင်ကြ ဖို့ပါ။ လူအခွင့်ရေးဆိုတာ ကိုယ့်အခွင့်ရေးချည်းမဟုတ်ပဲ သူ့များအခွင့်ရေးများလည်း ပါဝင်နေခြင်းကို သတိပြု နိုင်ကြဖို့ပါ။                                                                                                                   
မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကို တားဆီးပိတ်ပင်ခြင်းရှိတယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စွပ်စွဲပြစ်တင်နေမှုကို အကြောင်းပြကာ အချို့ဘာသာဝင်များဟာ တစ်ခြားဘာသာဝင်များရဲ့ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို ကိုးကွယ်နေတဲ့သူများအား ယုံမှားသံသယတွေ ဖြစ်သွားစေချင်တဲ့ ဆန္ဒမျိုးတွေနဲ့ ဘာသာရေးဘောင်စည်းကိုကျော်ပြီး မဟုတ်မဟတ် လုပ်ဇာတ်တွေခင်းပြီး  ဟောပြောပို့ချ နေခြင်းမျိုးဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့်ရေးများကို ဗြောင်ကျကျ ချိုးဖေါက်နေခြင်းပါ။ မကြာခင်က ကချင်ပြည်နယ်တစ်ဝိုက်မှာ ဗုဒ္ဓဘာသာကို တိုက်ခိုက်ဟောပြောနေတဲ့သူကို ဗုဒ္ဓဘာသာဝင်များက ပြန်လည်ချေပထားတဲ့  ̏ကမ္ဘာကျော်မည့် ဘာသာရေးလိမ်လည်မှုကြီး̋ စီဒီခွေကို ကြည့်လိုက်ရခြင်းပါ။                                
ထိုခွေထဲမှာ အက်စ်ဂွန်အောင် (ခေါ်) ကိုကိုလွင်လို့ခေါ်တဲ့ ခရစ်ယာန်တရားဟောဆရာတစ် ယောက်ဟာ သူ့ကိုယ်သူ ဘဒ္ဒန္တသုမနာလင်္ကာရ (ဗုဒ္ဓဘာသာကိုးဘွဲ့ရ) အမည်ခံပြီး၊ ဗုဒ္ဓစာပေများကို ရှင်ရဟန်းဝတ်နှင့် သင်ယူခဲ့ဖူးတဲ့အကြောင်း၊  ဘွဲ့တွေ (၉)ဘွဲ့ထိ ရရှိခဲ့ကြောင်း၊ သို့သော် ထိုဘာသာတရား အားကိုးရာ အနှစ်သာရမရှိ၍ ခရစ်ယာန်ုဘာသာသို့ ကူးပြောင်းလာခဲ့ရပါကြောင်း စသည်ဖြင့် ဘုရားတရား တော်များကို အပုတ်ချ၍ ဟောပြောနေခဲ့ခြင်းပါ။ လူမှုရေးရှုဒေါင့်မှကြည့်လျှင် ဘာသာရေးကျူးကျော် ရန်စမှုမျိုးကို ကျူးလွန်နေခြင်းပါ။ သို့သော် မြန်မာနိုင်ငံတော်ဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းဆဲကာလမို့ ဘာသာရေးအဓိကရုဏ်းများကို မဖြစ်ရလေအောင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ ပူပေါင်းပြီး ထိုပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းပါ။                                                              
ထိုကဲ့သို့သောဘာသာရေးကျုးကျော်ရန်စမှုမျိုးဟာ နိုင်ငံတော်မှခွင့်ပြုထားတဲ့ ဘာသာရေး လွတ်လပ် ခွင့်ကို လွဲမှားစွာ အသုံးချပြီး လူ့အခွင့်အရေးများကို ဗြောင်ဗြောင်ကျကျ ခြိုးဖေါက်လိုက်ခြင်းပါ။ မှားမှား ယွင်းယွင်းဖြင့် မိမိလိုရာကို ဆွဲသွင်းပြီး ဟောပြောခြင်းများဟာ ဘာသာရေး ချိုးဖေါက်မှုကြီးဖြစ်နေခြင်းကို ထိုသူကိုယ်တိုင်ကတော့ သိဟန်မတူပါ။ ထိုကဲ့သို့ ဘာသာရေးချိုးဖေါက်မှု၊ ဘာသာရေးစော်ကားမှုမျိုးတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်၍ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ ဘာသာဝင်များအားလုံး ̏ဘုတ်ကိုကျီးရိုသေ၊ ကျီးကိုဘုတ်ရိုသေ̋ အနေအထားမျိုးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့ပါ။                                                   
  လူ့အခွင့်ရေးနှင့်ဆိုတာ ဘာသာရေးရှုဒေါင့်တစ်ခုတည်းကို ကြည့်ပြီး ပြောလို့မရနိုင်ပါ။ ရှုဒေါင့် အမျိုးမျိုးကနေ မျှမျှတတ ကြည့်တတ်ဖို့ပါ။ ဘာသာခြားတစ်ယောက်က အခြားဘာသာဝင် တစ်ယောက်ရဲ့ သားပျို၊ သမီးပျိုကို မိမိနှင့်အကြောင်းပါ၍ လက်ထက်ခွင့်ရထားတဲ့အခါမျိုးမှာ … ။ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးမှာဖေါ်ပြထားတဲ့ မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်၊ မိမိတို့နှစ်သက်သူကို လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရှိသည်˝ ဟု ထိုမူကို ဆုပ်ကိုင်ပြီး ကိုယ်ထင်ရာကို လုပ်လို့မရပါ။ ကိုယ်တိုင်က မိမိအခွင့်ရေးကို ကာကွယ်လို၍ ထိုလူ့အခွင့်ရေး ကြေညာစာတမ်းကြီးကို ကိုးကားပြောဆိုနေသော်လည်း လူ့အခွင့်ရေးများကို လိုက်နာရန် ထိုသူကိုယ်တိုင်က ပျက်ကွက်နေခြင်းပါ။     
မိမိနှင့် အခြားဘာသာဝင်တစ်ယောက်ရဲ့သမီးပျိုနှင့် လက်ထပ်ပြီးတဲ့အခါ​ မိမိလက်ထပ်ယူထားတဲ့ အိမ်သူအား မိမိကိုးကွယ်ထားတဲ့ ဘာသာဝင်အဖြစ်သို့ သဘောဆန္ဒမပါပဲ သို့မဟုတ် အလိုမတူပဲ ဇွတ်အတင်း မိမိဘာသာအတွင်းသို့ သိမ်းသွင်းယူနေကြတဲ့ ကိစ္စမျိုးတွေဟာ သိန်းသောင်ချီ၍ ရှိနေခြင်းပါ။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ တိုင်းပြည်အတွင်းမှာ ကဲ့သို့ လူမှုရေးကျူးကျော်မှုမျိုးကို အပြုခံနေရခြင်းဟာ လူအခွင့် အရေးကို ဗြောင်ကျကျ ချိုးဖေါက်ခံနေရခြင်းပါ။ ဒါကို သိလို့ တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ဖို့ နိုင်ငံတော်ကို တိုင်ကြားတဲ့အခါ နိုင်ငံတော်မှ လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် အနေအားဖြင့် ထိုသူအား ခေါ်ယူ၍ သတိပေး တားဆီးခြင်းမျိုးကို ပြုရခြင်းပါ။ လူ့အခွင့်ရေးကို ကာကွယ်ပေးရမဲ့တာဝန်ဟာ နိုင်ငံတော်အစိုးရတိုင်းရဲ့ တာဝန်ဆိုတာ ပြည်သူများ သိနိုင်ဖို့ပါ။ ထိုအခါ ထိုသူနှင့် ထိုသူ၏အပေါင်းဖေါ်များက လွတ်လပ်စွာ ကိုးကွယ် ခွင့်ကို တားဆီးပိတ်ပင်ပါတယ်လို့ ကမ္ဘာသိအောင် ဟစ်အော်ပြခြင်းပါ။ ကိုယ်ထင်ရာမလုပ်ရတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို တားဆီးပိတ်ပင်တယ်ဆိုတဲ့ စွဲချက်တင်ခြင်းဟာ လူ့အခွင့်အရေးကို ကိုယ်တိုင်က ချိုးဖေါက် နေသူဖြစ်ပါလျှက် ̏သူခိုးက လူဗျို့̋ ဟု  ဟစ်အော်နေခြင်းမျိုးနှင့် တူနေခြင်းပါ။                                                                
ဒီမိုကရေစီကျင့်ထုံး ̏လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်̋ဆိုတာ ပုဂ္ဂိုလ်ရေးရာမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအသင်းအဖွဲ့ဆိုင်ရမှာပဲဖြစ်ဖြစ်၊ တစ်ဦးချင်း အတွက်ပဲ ဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဘာသာတရားပါဝင်ဆောင်ရွက်မှုများကို စည်းမျဉ်းဥပဒေဖြင့် လူအခွင့်အရေးကို အထောက်အပံ့ပြုပေးထားခြင်းပါ။ တစ်ချိန်တည်းမှာပင် ထိုဥပဒေက လွတ်လပ်စွာ ဘာသာကူးပြောင်းခွင့်၊ မိမိယုံကြည်ထားတဲ့ ဘာသာတရားကို လွတ်လပ်စွာ ဆက်လက် ကိုးကွယ်ခွင့်တို့ကို ကာယကံရှင်၏ဆန္ဒအတိုင်း ပြုလုပ်ခွင့် ရနိုင်ရန် ကာကွယ်ပေးထားရခြင်းပါတဲ့။[1]                                  
သို့သော် လူမှုရေးအမြတ်ထုတ်လိုမှု၊ အိမ်ထောင်ရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေးအမြတ် ထုတ်လို မှုနှင့် လူမျိုးရေးအမြတ်ထုတ်လိုမှုများကို ပြုနေသူတို့အား (၁)လူ့အခွင့်ရေးဆိုတဲ့ ဘောင်စည်းကို မကျော်ရန်၊ (၂) နိုင်ငံတော်မှ ဘာသာဝင်များအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရန်နှင့် (၃) လူ့အခွင့်အရေးများကို လေးစားလိုက်နာနိုင်စေရန်အတွက် မလွဲမသွေ နိုင်ငံတော်မှ ကာကွယ်ပေးရခြင်းပါ။ ဒီမိုကရေစနစ်အရ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အထောက်အပံ့ပြုပေးနေတယ်ဆိုတာ ဘာသာဝင်များအားလုံး သဘောဉာဏ်ဖြင့် သက်ဝင်နိုင်ကြဖို့ပါ။                                                           
လူ့အခွင့်အရေး ကြေညာစာတမ်းအရ ဘာသာရေးနှင့် နိုင်ငံရေးကိစ္စများသည် သိမ်မွေ့လှ၍  ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူလှပါ။ အနောက်တိုင်း တက္ကသိုလ်တစ်ခု စာရေးသူ ပညာသင်ကြားနေစဉ် အခါက ပရောဖက်ဆာတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို ယနေ့အထိ အမှတ်ရနေဆဲပါ။ သူပြောတာက စာပေဟောပြောပွဲမှာပဲဖြစ်ဖြစ်၊ လူမှုရေးဟောပြောပွဲတွေမှာပဲဖြစ်ဖြစ်၊ မလွဲသာ၊ မရှောင်သာလို့ စကားပြောရတော့မည်ဆိုရင် ဘာသာရေးနှင့် နိုင်ငံရေးအကြောင်းကို ပြောဖို့ရှောင်ပါတဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီဘာသာရပ်တွေမှာ အငြင်းပွားစရာ အချက်တွေ များစွာပါဝင်နေလို့ပါတဲ့။                                                                        လက်ခံနိုင်စရာပါ။ ဘာကြောင့်လဲဆိုရင် ဘာသာတရားဆိုတာ ယုံကြည်လက်ခံတဲ့ သူများအပေါ်မှာသာ မူတည်နေလို့ သူတို့ယုံကြည်ချက်ကို မှားတယ်၊ မှန်တယ်ပြောဖို့ဆိုတာ ခက်ခဲခြင်းတစ်ရပ်ပါ။ ထိုဘာသာဝင်များ အတွက် သူတို့ယုံကြည်ချက်ဟာ အမှန်တရားဖြစ်နေပေမဲ့ အခြားဘာသာဝင်များအတွက် အမှန်တရား ဖြစ်ချင်မှ ဖြစ်နိုင်တာပါ။ 
ဥပမာ၊ အတ္တဟာ ဟိန္ဒူဘာသာဝင်များအတွက် အမှန်တရားဖြစ်နေပေမဲ့ ဗုဒ္ဓဘာသာဝင်များ အတွက် လက်ခံနိုင်ဖို့ ခက်ယဉ်းနေခြင်းပါ။ ထာဝရဘုရားသခင်ကို မယုံကြည်တဲ့ အခြားဘာသာဝင် တစ်ယောက်ရဲ့အသက်ကို ဇိဝိန်ချွေခြင်းဟာ ဘာသာရေးကုသိုလ်ဖြစ်တယ်ဆိုတဲ့ အယုံအကြည်မျိုးကို အခြား ဘာသာဝင်များအတွက် ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်မည်မဟုတ်ပါ။                                                 
မြန်မာနိုင်ငံတော်ဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ သို့သော် ဗုဒ္ဓ၀ါဒကို လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓ၀ါဒီတို့ဟာ ငြိမ်းချမ်းခြင်းဟာ ဘာသာတရားများရဲ့ ဓမ္မအမြူတေလို့ လက်ခံထားကြ ခြင်းပါ။ ငြိမ်းချမ်းစွာနေလိုတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ မွေးရာပါ အသိလို့ပင် ဆိုနိုင်ခြင်းပါ။ ကိုယ်ယုံကြည်ရာကို လက်ခံခြင်းအတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့် ဘာပြဿနာမှ မရှိနိုင်ပါ။ သို့သော် အနည်းစုက အများစုကို အနိုင်ကျင့်ချင်တာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အသုံးချပြီး ဘာသာရေးအမြတ်ထုတ်ချင်တာမျိုးတို့ကို တွေ့ရလျှင်တော့ ဗုဒ္ဓဘာသာဝင်များဟာ သည်းခံနိုင်စွမ်း စွမ်းရည်များအားနည်းနေခြင်းကို တွေ့ရခြင်းပါ။  စိတ်ဝင်စားစရာပါ။                                                                                   
သို့သော် မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြတာကတစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကြီး မြန်မာနိုင်ငံ​ ပီပီပြင်ပြင် ကျင့်သုံးစေချင်တာကတစ်ကြောင်း သို့သော အကြောင်းများကြောင့်  လူ့အခွင့်အရေးများ လေးစားလိုက်နာနေကြခြင်းပါ။ သို့သော် ဆူညံစွာကျင်းပလေ့ရှိတဲ့ ဘာသာရေးပွဲတော်များ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြဖို့ကိုတော့ လေးလေးနက်နက် တိုက်တွန်းလိုခြင်းပါ။                         
အနှစ်ချုပ်၍ဆိုရသော် မြန်မာနိုင်ငံတွင်းမှာမှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးတို့သည် လူ့အခွင့်အရေးများကို ကိုယ်တိုင်လည်း လေးစားလိုက်နာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၏ အနှစ်သာရများကို ကိုယ်တိုင်လည်း သိနားလည်အောင် ကြိုးစားကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ငြိမ်းချမ်းစွာ အရောက်လှမ်းနိုင်ကြဖို့ပါ။ ဆိုလိုရင်းက ကိုယ်တွင်းငြိမ်းချမ်းမှ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းမှာမို့ လူအခွင့်အရေးများကို လေးစားလိုက်နာလျှက် ကိုယ်ယုံကြည်ရာ ဘာသာတရားကို ပြည်သူ၊ ပြည်သားတိုင်း ငြိမ်းချမ်းစွာဖြင့် လိုက်နာကျင့်သုံးနေထိုင်နိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။                                                                                                                                                           ဒေါက်တာဓမ္မပိယ (ITBMU)       
(မိုးမခယူကျု ဗီဒီယိုတွင် “ဗုဒ္ဓဂုဏ်ရည် ရုပ်သံမှတ်တမ်း”က အဆိုပါပြောဆိုချက်များကို ထုတ်နှုတ် ဝေဖန်ပြထားသည်ကို တွေ့နိုင်ပါသည်။ ရွှေည၀ါဆရာတော်၏ ဓမ္မခရီးစဉ်တွင် ယူဆောင်လာသည့် အခွေကို ကူးယူတင်ဆက်လိုက်ပါသည်။ (မိုးမခ))




[1] Freedom of religion is a principle that supports the freedom of an individual or community, in public or private, to manifest religion or belief in teaching, practice, worship, and observance; the concept is generally recognized also to include the freedom to change religion or not to follow any religion