Saturday, June 30, 2012
Suu to postpone 4th July to 9th to attend Parliament
ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း
ဒီပီအေ၊ စကရင်မင်တိုဘီး သတင်း၊ ဇူလိုင် ၁၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်က ယခု ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွက် ခွင့်တင်ကြောင်း၊ ဇူလိုင်လ ၉ ရက်မှ တက်ရောက်လိုကြောင်း တင်ပြထားသည်ဟု အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဥရောပခရီးစဉ်မှ အပြန်တွင် ခရီးပင်ပန်းသည့်အတွက် ယခုလို ရွှေ့ဆိုင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလတွင် အင်န်အယ်ဒီပါတီကိုယ်စားလှယ် ၄၂ ဦး နဲ့အတူ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်များ ထွက်ခဲ့သည်။ နိုင်ငံတကာက အစိုးရများ၊ ပြည်သူများနှင့် အဝေးရောက်မြန်မာမိသားစုများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည့်နည်းတူ ဇွန်လ ၃၀ တွင် မြန်မာပြည်သို့ ပြန်လာသည့်အခါတွင်လည်း မြန်မာပြည်သူတွေက ထောင်သောင်းချီပြီး လမ်းပေါ်ထွက် ကြိုဆိုခဲ့ကြသည်။
http://www.sacbee.com/2012/06/30/4602660/myanmars-suu-kyi-postpones-parliamentary.html 
Cartoon Saw Ngo - The New Regime Monkey Business
ကာတွန်းစောငို - မျောက်မူးလဲ အစိုးရ၏ အကွက်ဆန်းများ
ဇူလိုင် ၁၊ ၂၀၁၂
Gyaw Dee - The New Gyee Daw Way ...
ဂျီးဒေါ် အင် ကုမ္မဏီ
ဂျော်ဒီး၊ ဇူလိုင် ၁၊ ၂၀၁၂
“တနေ့ လာလည်း ကန်းစွန်းရွက်ကို ရေလုံပြုတ်၊ နောက်တနေ့ လာလဲ ဒီကန်စွန်းရွက်က ရေလုံပြုတ်။  ဒီဒုက္ခ၀ဋ်က…  ဘယ်တော့များ ကျွတ်ပါ့။ ရို့  ရို့  အဟ  အဟ …”
စိတ်ပေါက်ပေါက်နဲ့   ကလေးတွေဆိုတတ်တဲ့ ရပ်ပါဆိုလား၊ သွားပါဆိုလား … အဲဒလိုမျိုးလေးတောင် ဆိုပစ်လိုက်ချင်သည်။
ပြီးခဲ့တဲ့ တနှစ်လောက်က နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲသားပပျောက်ရေးစီမံချက်ဆိုလား။ ကြားကာစက အားရှိလိုက်သည့်ဖြစ်ခြင်း ။ တို့လိုဆင်းရဲသားတွေကို  ကူညီစောင့်ရှောက်တော့ မဟဲ့။ ကန်စွန်းရွက် ရေလုံပြုတ်နဲ့ နှစ်ပါးသွားကာ၊ မမြိုင်လဲထ မြိုင်လဲထနေရတဲ့ဘ၀က  လွတ်တော့မယ်ဟဲ့  … လို့ တွေးကာ  သမ္မဒကြီးကို ကျေးဇူးတွေ ကြိုတင်ကာ မေတ္တာတွေ ပါဆယ် ထုပ် ပို့ချင်လိုက်ပုံများ။
သမ္မဒကြီး အသက်ရာကျော်ရှည်ပါစေ။ ခေါင်းက မရှိမယ့်ရှိမယ့် ဆံပင်လေးတွေလည်း
ရှည်ပါစေ။ (ဒါမှ လူတကာ မခန့်လေးစား  ရယ်ပွဲဖွဲ့နေတဲ့ ဘဘပြောင်ဘ၀က လွတ်မယ် မဟုတ်လား)။ ဟိုဟို သည်သည် တောင်တောင်အီအီ  တွေးရင်း ဈေးခြင်းကလေး ဆွဲကာ လျှောက်လာတုံး၊ ဗြုံးခနဲ  ဆူဆူညံညံအသံတွေကြောင့် လှမ်းမျှော်ကြည့်လိုက်တော့ … အိုး … ဖိုးခွါးတို့ကလေးတစု။ လျှာထိုးဦးထုပ် ကလေးတွေကို  တစောင်းတရွဲ့တွေစောင်းလို့။ လက်တွေကလည်း  ဟိုနှိုက်၊ သည်နှိုက်။ ကို့ရိုးကားယား။ ၀တ်ထားတဲအင်္ကျီတွေ၊ ဘောင်းဘီတွေကလည်း သူ့အဖေ မောင်သာဂိ
 ဘောင်းဘီများ  ယူဝတ်လာသလား မသိ။ ပွတ ပွတ။ ဂွက ကျကျ။ ဖို့ရိုးဖားယား။ ပါးစပ်ကလည်း  ရွာထဲက ဒေါ်ဂွက်ထော်ကြီး  သူ့ဝက်ကို ခေါ်နေသလို … တရို့ရို့ နဲ့။  ဘာတွေဆိုနေတာလဲ လို့ နားစိုက်ထောင်မှ …
တို့တကမ္ဘာလုံးရဲ့  ၀င်းပတဲ့ပန်းသတင်း၊ ပန်းခင်း
တို့ဗမာပြည်ရဲ့  ဂုဏ်ယူစရာ ဒီသတင်း
မင်းတို့ကတော့   ကန်းခြင်းနဲ့အတူ နားပင်း
အတင်းအဖျင်းပမာ… သာမန်လူတယောက်ရဲ့  သာမန်သတင်း  တဲ့လား၊  အဟ  အဟ။
သွားစမ်းကွာ မင်းတို့ရဲ့စိတ်ဓါတ်တွေ သိမ်ဖျင်း … ရို့… ရို့ …”
“ ဟဲ့   ဖိုးခွါး ဘာတွေ ဆိုနေတာလဲ။ တော်ကြာ ဒေါ်ဂွက်ထော်ရဲ့ ၀က်မကြီး ထွက်ကိုက်နေပါဦးမယ်”
“ပြောသာ ပြောရတယ်။ ကလေးတွေဆိုနေတာ ခေတ်ကိုတော့ ထင်ဟပ်နေသားနော်   ဂျီးဒေါ်”
“ အမယ်… မောင်မင်းကြီးသား… သာဂိ။ သူ့သားနဲ့အဖွဲ့ကို အားပေးနေလိုက်တာ။ အင်း… သူတို့သီချင်းဆိုသံက… တို့ဗမာသံချပ်သံ လိုပဲနော်။ ကာရံနဘေလေးတွေတော့ ရှိသား။ ကိုရို့ကားယား ဖြစ်တာ တခုပဲ။ ပြောပါဦး… မမီလို့။ ခေတ်ကို ဘယ်လို ထင်ဟပ်နေတာလဲ … ဟဲ့”
“အော် ခုတလော ကျနော်တို့ရွာမှာ ရွာလူကြီးဆိုတဲ့လူတွေဗျာ ။ မျက်စိတွေ ကန်းနေတယ်။ အမှန်ကို မမြင်အောင် တိမ်သလ္လာတွေ ဖုံးနေကြတယ်။ နားတွေ ပင်းနေကြတယ်။ နားဖားချေးတွေ
မကော်တာ ဘယ်လောက်ကြာပြီမသိ။ တလောကလုံး အုံးအုံးကြွက်ကြွက် ညံအောင်ကြိုဆိုသံတွေ၊ ဂုဏ်ပြုသံတွေကို  မကြားနိုင် မမြင်နိုင်အောင် စိတ်ဓါတ်တွေ သိမ်ဖျင်းနေကြတာ။ ဟိုရွာလူကြီး ဆော်ကြမ်း ဆိုတဲ့သူက အဆိုးဆုံးဆိုပဲ  ဗျ”
“ဟေဟုတ်လား”
လို့ ရေရွတ်ရင်း ဂျီးဒေါ်စိတ်ထဲ စိတ်ကူး စိတ်သန်းကောင်း တချက် လင်းလက်သွားသည်။ သည်စိတ်ကူးကို အကောင်အထည်ဖော်နိုင်လျင် မဆိုး။ ကိုယ့်ရွာသူ ရွာသားတွေ ကောင်းကျိုးကိုလည်း
သယ်ပိုးရာရောက်သည်။ ပြီးတော့ စီးပွားရေး အခြေမလှလို့ ကန်စွန်းရွက်နဲမြိုင်ထ နေရသော ဘ၀မှလည်း လွတ်မြောက်ရာ လမ်းစပါတကား။ အခွင့်အရေးကား ကိုယ့်ရှေ့ကို  ဆိုက်ဆိုက်မြိုက်မြိုက် မိုးပေါ်က ကျလာချေပြီ။ ရွာမှာ သူတပါး လက်မဦးခင် စွန့်ဦးတည်ထွင်မှ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံချင်သူတွေ မျက်စောင်းတထိုးထိုး ဖြစ်နေတဲ့  ဒီခေတ်ကြီးမှာ ခြေလှမ်းကို  ခပ်သွက်သွက် လှမ်းမှ။ ဖောက်သည်ကောင်းတွေကို ကြိုရှာဖွေ ဆက်သွယ်ထားမှ။
ဟောပြောရင်းဆိုရင်း  ဟိုရှေ့က ကွတကွတနဲ့ လာနေတာ ရွာလူကြီးဆော်ကြမ်း။ သာဂိ
အဆိုအရ တရွာလုံးမှာ သူအကန်းဆုံး အပင်းဆုံး ဆိုပဲ။သူ့ ကို လက်လွှတ်လို့မဖြစ်။ ဂျီးဒေါ်မျက်နှာကို ပရွက်ဆိတ် အကောင် ၁သိန်းခန့်  ၀ိုင်းအုံနိုင်လောက်အောင် ချိုမြစေပြီး
“အဟမ်း … ဦးဆော်ကြမ်း။ နေကန်း အဲလေ နေကောင်းတယ်နော်။ ဟဲ ဟဲ ဟဲ ဟဲ …”
အနှီကဲ့သို့ ခရီးဦးကြိုပြုတာတောင် ရွာလူကြီးဆော်ကြမ်းကား ဂျီးဒေါ်ကို မြင်ပုံမပေါ်။ဂျီးဒေါ် ခေါ်သံကို ကြားပုံမရ။ အိုး … ဒီလောက်တောင် ကန်းနေပင်းနေရှာတာကိုး။ ခါးကြားထဲ ထိုးထားသော စက္ကူစုတ်ကို အမြန်ထုတ်ကာ နားရွက်ကြားမှာ အသင့်ညှပ်ထားလေ့ရှိတဲ့ ခဲတံတိုကို ထုတ်။ တံတွေးကို အသာဆွတ်ကာ ရွာလူကြီးဆော်ကြမ်းဆိုသောစာလုံးကို  အသေအချာ
ရေးမှတ်ထားလိုက်သည်။
ဖိုးခွါးတို့အုပ်စုကတော့  ရွာလူကြီးဆော်ကြမ်းကို မြင်ကာမှ ဒေါ်ဂွက်ထော်၏၀က်မကြီးကို မြင်သကဲ့သို့ ပိုလို့ အော်လေသည်။
မင်းတို့ရဲ့ မနာလိုစိတ်တွေကို ပစ်လိုက်တော့ အမှိုက်ခြင်း
ရှက်ခြင်းဆိုတာကော ဘာလဲဟေ့ သိလား
ဂုဏ်ယူစရာ ဆိုတာကော ဘာလဲဟေ့ သိလား…
သွားစမ်းကွာ မင်းတို့ကောင်တွေ ကြွက်တွင်း
တို့ဗမာပြည်ဟာ မင်းတို့ကြောင့် ပျက်ခြင်း …
ရို့ ရို့  အဟ အဟ …”
ဖိုးခွါးတို့အသံကိုကား ရွာလူကြီးဆော်ကြမ်း  သဲ့သဲ့ကြားပုံရရှာသည်။ သူ့ထုံးစံ အတိုင်း  မျက်နှာထားကို သံပတ် တင်းတင်းပေးရင်း  …
“ဟေ့ကောင်တွေ ဘာ ဘားမားလဲကွ။ မင်းတို့ကို  ဘားမားလို့  မသုံးရဘူးလို့  ဘယ်သူ့မှမတိုင်ပင်ပဲ ငါ့သဘောနဲ့ ငါ အမိန့်ထုတ်ထားတာ  မသိကြဘူးလား ဟမ်”
“မင်းထုတ်တဲ့အမိန့်ကို မင်းဖာသာ ဖြန့်ခင်း
တို့ကတော့ အများသဘောမပါ … ကျော်နင်း
ရို့ ရို့   အို့ အို့  …”
ဖိုးခွါးတို့က… ဟစ်ဟော့နှင့် တုန့်ပြန်ရာ   ဆော်ကြမ်းခမျာ ကြားတချက် မကြားတချက် နှင့်  အော်ချင်ရာ အော်လေ၏။
“ အေးလေကွာ၊ ငါကိုယ်တိုင်ရေး ငါကိုယ်တိုင်ထုတ်ရင်  မကောင်းတတ်လို့
လိုသလိုခိုင်းလို့ရတဲ့ “ဖိုးကော်နဲ့ မရှင်”  လင်မယားကို  ကြော်ညာသင်ပုန်းမှာ ရေးခိုင်းလိုက်တာ ဘာဖြစ်လဲကွ”
ကိုယ့်အလုပ် မဟုတ်ဘဲနဲ့  သူများခိုင်းတာ ၀င်ရှုပ် …
ဆော်ကြမ်းကား သူ ဆူပူရမ်းကား  မနာလို၊ တိုရှည်လုပ်သမျှ
ကိုဖိုးခွါးတို့က  အဖက်မလုပ်။ အရေးမယူ။ သီချင်း တကျော်ကျော်။ လက်တလှုပ်လှုပ်နှင့်မို့ ကန်းနေသော မျက်စိက ပိုဝါး လာ။ ပင်းနေသော နားများက  ပိုပင်းလာကာ …
“ ဟေ့ရောင်တွေ … သွား … ငါ့ကိုယ်ပိုင် ကြော်ညာသင်ပုန်းမှာ ငါ့ဖာသာထုတ်ချင်တဲ့ ကြေညာချက်တွေ ထုတ်ထားတယ်။ သွားဖတ်ကြ။ မလိုက်နာရင် ငါဖာသာ တီထွင် ရေးသားထားတဲ့  ဥပဒေအရ အရေးယူမယ်။ ဒါဗြဲ …”
ဟု အော်ဟစ်ကြိမ်းမောင်းရင်း  လစ်ပြေးလေသည်။
ဖိုးခွါးတို့ကတော့  အကအခုန်မပျက် အဆိုမပျက်။
“….အိုး ၀ိုး …
မင်း သုံးတဲ့ သင်ပုန်းအစုတ်ဟာ ၀ိုင်ဖိုင်မမိ။
ကျောက်ခေတ်မှာသုံးကြတာ လူတကာသိ
တို့နှလုံးသားကို   မင့်အစုတ်ဟာ လာမငြိ …။
အဟိ အဟိ …
မင်းတို့ဟာ အပြောနဲ့ အလုပ်မှာ ကွာ၏
မင်းတို့မှာ မရှိသေးတာ စာနာအသိ …
ကရင်နီနဲ့  ဇိုမီးတို့ကို အသိအမှတ်မပြုတာ စာနာကြည့်
မနာလိုစိတ် ပွထနေတာ တိုင်းသိ ကမ္ဘာသိ…
အို့ ဟိုးးး
တကမ္ဘာလုံးရဲ့ သင်းမြတဲ့ ပန်းသတင်း၊ ၀င်းပတဲ့ပန်းခင်း
ကိုယ့်ဗမာပြည်ရဲ့ မွှေးကြည်တဲ့ ဂုဏ်သတင်း
မင်းတို့ကတော့ ကန်းခြင်းနဲ့အတူ နားပင်း။
သွားစမ်းကွာ ကြွက်တွင်း
ရေ့ရေ့ အိုး အိုး …”
သာဂိကား ဖိုးခွါးတို့အဖွဲ့ရဲ့ တိုက်ကွက်မှာ ရွာလူကြီးဆော်ကြမ်း နားပင်းကိုးကားနဲ့ ဆုတ်ခွာသွား
တာကို ကြည့်ရင်း  တခိခိနှင့် သဘောခွေ့နေလေ၏။
         ဂျီးဒေါ်ကတော့ သူ့ စီးပွားရေးစိတ်ကူးစိတ်သန်းကြီးကို
အမြန် အကောင်အထည်ဖော်ဖို့ သုတ်ခြေတင်ရန်ပြင်၏။ မတော် ဟိုတနိုင်ငံလုံး စီးပွားရေးအကွက်
မှန်သမျှ လက်ဝါးရော ခြေဖ၀ါးပါ လိုက်အုပ်နေသည့် “ဦးပိုင်” ဆိုတဲ့ အဖိုးကြီးနဲ့  သူ့သား  “ခရိုနီ” တို့ ကြားသွားမှဖြင့် ခက်ရချည့်
အိမ်ပြန်လမ်းတလျှောက် ခပ်သုတ်သုတ် လျှောက်လာရာ တနေရာတွင်
ဦးသာကူးကြီးနဲ့ ဘွားခနဲ ၀င်တိုက်မိခမန်း ဖြစ်သွားသည်။ ဦးသာကူးကြီးကား ထူးဆန်းစွာ … ၀င်တိုးမတတ်ဖြစ်သွားသော ဂျီးဒေါ်ကို မမြင်။ ဂျီးဒေါ် နှုတ်ဆက်သည်ကို မကြား။ လက်ထဲတွင် စာရွက်ကြီး တကားကား။ ပါးစပ်ကလည်း စာရင်းရှင်းတမ်းတခုကို ရေရွတ်လျက်။
“ဟို အသားမဲမဲ အရာကြီးတွေက  ခုရက် အထုခံရမှာ ကြောက်လို့ ငွေလာလှူတယ်။ အခမ်းအနားလုပ်ပြီး  ကြာဇံချက်ကျွေးတယ်။ ပိုတာတွေကို ဘုန်းကြီးကျောင်းတွေ ချိုင့်နဲ့ ပို့တယ်။ ပိုငွေကို လူငယ် ၅၀ အား ညနေတွင် အရက်တိုက်ပြီး ဂုဏ်ပြုတယ်။ အင်း … ဘာကျန်သေးလဲ။ ဟိုရွာကို ဆိုင်းဘုတ်တခု ၃ သောာင်းနဲ့ ရောင်းထားတာ ဒီစာရင်းနဲမဆိုင် … ထားလိုက်။ အိုကေ။ ပြီးပြီ။ ပါတီ တံဆိပ်ထုလိုက်မယ်။ လာလေရော့ … “ဒုံး”။
လမ်းလည်ခေါင်တွင် ဘေးဘေးဘီဘီကိုမှ မကြည့်၊ စာရွက်ကို မြေပေါ်ချကာ  ပါတီတံဆိပ်တုံး ထုနေရှာသော  ဦးသာကူးကြီးကို ကြည့်ရင်း၊ သူ့ပါတီအတွက်လည်း စိတ် မသက်မသာ ရှိလှတော့သည်။
ဦးသာကူးကြီးကားဘာမှ မကြား.။ ဘာမှ မမြင် ။ သူလုပ်ချင်ရာ လုပ်ပြီး  ခေတ်ကာလနှင့်  အဆက်ပြတ်နေသလို။ အင်း … “ဖော်ပင်လန်မီဒီယာဂဒု”က  လူတွေနဲ့ တွေ့လို့ကတော့ ခက်ရချည်ရဲ့လို့ မသက်မသာ တွေးရင်း ဂျီးဒေါ်ဖောက်သည်စာရင်းတွင် ဦးသာကူးကြီးနံမယ်ကိုလည်း အကြီးကြီး သွင်းလိုက်သည်။
အိမ်ရောက်သည်နှင့် မဆိုင်းမတွ သစ်သားပြားပေါ်တွင် မီးသွေးခဲနှင့် ရေးဆွဲကာ လုပ်ငန်းသစ်ကို ဆိုင်းဘုတ် တင်လိုက်လေသည်။
 “ဂျီးဒေါ် အင် ကုမ္ပဏီလီမိတက်”
           “နားဖာချေး ကလော်သည်။ မျက်ဝတ်သန့်စင်သည်”
“တို့ရွာသားများ  နားမျက်စိပွင့်ရန် အာမခံသည်”
Pyi Thar Aung - Where is one sim card for 5 thousand kyats
မျှော်လင့်လျှက်ပါ ၅၀၀၀ တန်ရယ်
( သမ္မတကြီးနှင့် MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့ အိတ်ဖွင့်ပေးစာ )
ပြည်သာအောင်၊ မိုးမခပေးစာ၊ ဇူလိုင် ၁၊ ၂၀၁၂
မြန်မာပြည်သူတွေရဲ့ ဘဝကလဲ … ဘယ်ပါတီ၊ ဘယ်ဝန်ကြီးကမှ “ပြည်သူတွေကို သနားလှချည်ရဲ့” လို့ အလိုက် သိသိအဆင်ပြေပြေ အခွင့်အရေးတွေ ပေးခဲ့တယ်၊ ရခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဘူးပါလား။
ကားကိစ္စကိုဘဲကြည့်
သူများနိုင်ငံမှာဒေါ်လာ ၅၀၀၀ လောက်နဲ့ လပေးအရစ်ကျ နဲ့ တောင်ဝယ်နိုင်တဲ့ကားတစ်စီးကိုဒီမှာတော့ သိန်း ၅၀၀ လောက် (ဒေါ်လာ ၄၀၀၀၀ လောက်) လက်ငင်းငွေပေးဝယ်မှ ရနိုင်တယ်။ ဒါတွေကိုမီဒီယာတွေက ထောက်ပြမှ၊ စီးပွားရေးပညာရှင်တွေကကိုယ့်နိုင်ငံကငွေတွေ သူများနိုင်ငံကို ပေး နေရသလိုပဲ ၊ မလိုအပ်ဘဲ Transaction Cost တွေ ပိုကုန်ကျနေတာလို့ ထောက်ပြ နေတာတောင် ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်စေတနာနဲ့ လုပ်ပေးမယ်မရှိဘူး၊ နောက်ဆုံး သမ္မတကြီးက မနေနိုင်လို့ ဝင်ပြောမှ အမိန့်နဲ့ ခိုင်းမှ မူတွေ အမျိုးမျိုးကို တစ်လတစ်မျိုး မရိုးနိုင်အောင် အကြိမ်ကြိမ် အခါခါ ပြောင်း၊ ကားပွဲစားတွေရော၊ ဝယ်ရောင်းတွေရော၊ ရိုးရိုးသားသား ကားဝယ်မိတဲ့ ပြည်သူတွေကိုပါ ရှိတဲ့ငွေလေးတွေ ပြောင်၊ အရင်းအနှီးတွေပြုတ်အောင် ပေါ်လစီအမှားတွေ အကြိမ်ကြိမ်ချခဲ့တာတွေဟာ ဝန်ကြီးကိုယ်တိုင်က အရည်အချင်းမရှိတာလား၊ စေတနာမရှိတာလား၊ ဥပဒေလုပ်ထုံးတွေ မသိလို့လား?
မဟုတ်ပါဘူး၊ ရိုးရိုးလေးပါ … နောက်ကွယ်ကအကြောင်းရင်းတွေကြောင့်ပါပဲ။
နောက်ကွယ်ကစီးပွားရေးသမားတွေ၊ ငွေရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးဈေးကွက် ကစားမှုတွေ၊ ချယ်လှယ်မှုတွေ၊ အဂတိတရားတွေကြောင့်အဓိက ဖြစ်နေတာပါ၊ Corruption (အကျင့်ပျက်ခြစားမှု) တွေပါ။
ဒါကိုဘယ်လိုကုစားကြမှာလဲ?
အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့ရဲ့ အရည်အချင်းမရှိမှုတွေကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ယန္တရား ကြီးတစ်ခုလုံး ရပ်တန့်နေတာကို သမ္မတကြီးအပါအဝင် ပြည်သူက ဒီအတိုင်းထိုင်ကြည့်နေရတော့မှာလား?
ခုလဲလာပြန်ပြီ
MEC (တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) က
ကျပ်နှစ်သိန်းနဲ့ CDMA Mobile ဖုန်းလိုင်း (၁) သန်း မကြာခင် ရောင်းချပေးတော့မယ်တဲ့။
အတိအကျဆိုရင် ၂၀၁၂ စက်တင်ဘာ(၁) ရက်နေ့မှာတဲ့ … ။
အင်တာနက် သုံးလို့ရတဲ့ EVDO စနစ်ပါရင် နှစ်သိန်းခွဲ … တဲ့။
MEC နဲ့ နီးစပ်တဲ့သူတွေဆီကသတင်းအတိအကျ ရတာပါ။ (ပူးတွဲစာမှာ ပါတဲ့အတိုင်း MPT က ဆရာကြီးတွေနဲ့ တော့ ညှိရဦးမှာပါ)။
ဒီနေရာမှာ သမ္မတကြီးနဲ့ လွှတ်တော် က စဉ်းစားပေးရမှာက
MEC အနေနဲ့က ဝန်ဆောင်မှုနဲ့ ဆက်ဆံရေးညံ့ဖျင်းတဲ့ MPT ကို ဝန်ဆောင်မှုရော  အရည်အချင်းရော ပြိုင်ပြီးဈေးကွက် ယှဉ်ပြိုင် ၊ ဝန်ဆောင်မှု ပြိုင်မလို့ ဝင်လာတာလား၊
ဒါမှမဟုတ် … ဘတ်ဂျက် အဖြတ်ခံရတဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ ထေမိဖို့ ငွေရ ရုံ သက်သက်လား၊
MPT ရဲ့ ညံ့ဖျင်းလှတဲ့ ဝန်ဆောင်မှု၊ အရည်အသွေးတွေကို ယှဉ်ပြိုင်ပြီး ပြည်သူကို အကောင်းဆုံး မဟုတ်တောင် MPT ထက် နဲနဲ သာတဲ့ ဆက်ဆံရေးမျိုး၊ ပုဂလိကကဏ္ဍဦးစားပေးဖို့ ဝင်လာတာလား၊
            ဒါဆိုရင်တော့ ကြိုဆိုရမှာပါ၊
နိုင်ငံတကာမှာလို မိုဘိုင်းအော်ပရေတာတွေ များလာလေ၊ ဈေးနှုံးရော ဝန်ဆောင်မှုပါကောင်းလာလေ၊ ရွေးချယ်စရာတွေ များလာလေလေ၊ ဈေးနှုံးနဲ့ အရေအသွေး တက်လာ လေလေ၊ ပြည်သူတွေ လဲသက်သာ နိုင်ငံတော်လဲဖွံ့ဖြိုးလာတာပေါ့။
ဒါပေမဲ့အခုဟာကတော့ အဲဒီလိုမထင်ပါဘူး
ဘာကြောင့်လဲဆို “ရှစ်လုံးကြီး” ရဲ့ MEC ကနေလုပ်တာမို့လို့ပါ၊
ကကဆက်ရဲ့ အရာရှိတွေကို ZTE ရဲ့ စက်တွေတပ်ဆင်ခိုင်းပြီးထွက်လာတဲ့ ဖုန်းတွေ ရောင်းမှာမို့လို့ပါ။
သူလဲပဲဆက်သွယ်ရေးလို Master Plan မရှိ၊ Network Design နဲ့ Consaultant မရှိ၊ပညာရှင်အဖွဲ့မရှိ၊ မာကက်တင်း ဝန်ထမ်းမရှိ၊  တပ်မတော် ဝင်ငွေရလိုဇော တစ်ခုတည်းနဲ့ လုပ်တာဆိုရင်တော့ ပြည်သူတွေက အလိုမရှိပါဘူး။
ဒီလိုပြောလို့ တပ်မတော်ကို ဝင်ငွေမရစေချင်တာမဟုတ်ပါဘူး၊ တခြားနည်းလမ်းတွေနဲ့ အများကြီးရှာနိုင် ပါတယ်။
ပြည်သူကိုအောက်တန်းစားတွေလို ဆက်ဆံပြီးငါတို့လုပ်ပေးမှ၊ ငါတို့မှ မပေးရင် မင်းတို့ မိုဘိုင်းဖုန်းဆိုတာ မြင်ဘူးမှာတောင် မဟုတ်ဘူးလို့ သွေးနထင်ရောက်နေတဲ့ ဝန်ကြီးနဲ့ မိုဘိုင်းဌာနကအင်ဂျင်နီယာချုပ်နဲ့ ဝန်ထမ်းတွေနဲ့တင် ပြည်သူတွေကို နှိပ်စက်ဖို့ လုံလောက်နေပါပြီ။
နောက်ထပ် ကေပင်တိုင်တစ်ဖွဲ့ ထပ်မလိုတော့ပါဘူး
ဆက်သွယ်ရေးဝန်ကြီးဌာနတစ်ခုနဲ့ တင်လုံလောက်ပါတယ်လို့ သမ္မတကြီးကိုတင်ပြလိုပါတယ်။
ပြည်သူတွေအနေနဲ့လဲ GSM ဘဲ ဖြစ်ဖြစ်၊ CDMA ဘဲဖြစ်ဖြစ် နှစ်သိန်းဆိုရင်တော့ သူတို့ပြောပြောနေတဲ့၊ ဘယ်တော့ထွက်မယ်မှန်းမသိရတဲ့ ဆက်သွယ်ရေးဥပဒေဆိုတာကြီးပေါ်လာပြီး ၅၀၀၀ နဲ့ ရောင်းနိုင်မဲ့ ကုမ္ပဏီ ကိုပဲ မျှော်ရတော့မလို ဖြစ်နေပါပြီ။
ဒီဖုန်းကိစ္စနဲ့ တပ်မတော်နဲ့ MEC ကိုလဲ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ MPT ကို အော့ကြောလန် သလို မလန်ပါရစေနဲ့တော့။
တပ်မတော် ကာချုပ်ကြီးနဲ့ တပ်မတော်ကတာဝန်ရှိသူတွေကိုလဲ ပြည်သူတွေအပေါ်စေတနာမဲ့တဲ့၊ ငွေမက်တဲ့ ဆက်သွယ်ရေးကဝန်ကြီး အပါအဝင် ကျန်တဲ့လူတွေကို ကလော်ဆဲသလိုမဆဲချင်တော့တာလဲအမှန်ပါ။
MEC အနေနဲ့လဲ ဆက်သွယ်ရေးဝန်ကြီးလို GSM စီမံကိန်းကြီးမစခင် ဂျိုးပြောမိုးပြောနဲ့၊ ဆင်းကဒ်တွေကို လမ်းဘေးမှာပဲ ချရောင်းတော့မလိုလို … ဘယ်မှာဝယ်ဝယ် ဒီဈေးဘဲပိုပေးစရာမလိုဘူး … ပြောလိုပြောနဲ့။
 အခု တကယ်ရောင်းတော့ ဟိုနယ်က ကဒ်မို့လို့ မပွင့်သေးဘူး၊ ဒီနယ်ကကဒ်ကတော့ ကဒ်ကို ရန်ကုန်မှာသွား ချိုးမိလို့ လိုင်းမပွင့်တာပါ၊ လိုင်းမပွင့်လို့ ပြောရင်လဲ ရောင်းတဲ့ကုမ္ပဏီကလဲ ဆက်သွယ်ရေးလွှဲချ၊ ဆက်သွယ်ရေးကလဲ ကုမ္ပဏီကြောင့်ဖြစ်တာလို့  ဘော်လီဘောပုတ်နဲ့။ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ မသုံးတဲ့စနစ်တွေ အမိန့်တွေထုတ်ပြန်ပြီး ရောင်းချနေတာ … နောက်ဆုံးတော့ ခံရတာက ပြည်သူတွေပါပဲ။
ဈေးနှုံးကလဲပိုမရောင်းရအောင် ကုမ္ပဏီတွေကိုခေါ်ယူသတိပေးတယ်တဲ့၊ သတိခေါ်ပေးတဲ့သူကိုယ်တိုင် က ကဒ်တွေကိုလိုသလောက်မရောင်းပဲ တမင်ထိန်းရောင်းနေတာတဲ့၊ ရောင်းလိုက်ရင် လိုင်းတွေကြပ် ကုန်မှာစိုးလို့တဲ့၊ ပြောမရမှာစိုးလို့တဲ့၊ စေတနာပဲရှိသယောင်ယောင် ( သမ္မတကြီးကိုလဲ ဒီအတိုင်း လိုင်းတွေကျပ်မှာစိုးလို့၊ ချဲ့နေတာတွေ မပြီးသေးလို့ ဆိုပြီးသွားတင်ပြထားတယ် ဆိုပဲ)
ခုတော့ မန္တလေးမှာ “ဂျီရိုးရိုး”က နှစ်သိန်းနှစ်သောင်းကနေသုံးသောင်း၊ WCDMA က သုံးသိန်းခွဲ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ စီမံကိန်းလုပ်တဲ့ကုမ္ပဏီတွေက ရောင်းတဲ့ကဒ်တွေကို နယ်ကျော်ပြီး ဖွင့်မပေးဘူး။ ဒါပေမယ့် လက်ကားဆိုင်ကြီးတွေအနေနဲ့ မိုဘိုင်းစီအီးနဲ့ နီးစပ်တဲ့လူတွေ၊ ရတနာပုံတယ်လီပို့က ဦးမြင့်ဦးနဲ့ နီးစပ်သူတွေဆီမှာတော့ လိုသလောက်ရနိုင်ပါတယ်။
ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက် သိတယ်မဟုတ်လား
ဒါတွေဘာကြောင့်ဖြစ်နေတာလဲ။
ရိုးရိုးလေးပါပဲ။
အပေါ်မှာရှင်းပြခဲ့သလိုမတတ်လို့၊ မသိလို့ မဟုတ်ကြပါဘူး၊ ဆက်သွယ်ရေးကလူတွေ တစ်ယောက်မှ မအကြပါဘူး။  နောက်ကွယ်ကအကြောင်းတရားတွေကြောင့်ပါ။  နောက်ကွယ်က စီးပွားရေးသမားတွေ၊ ငွေရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးဈေးကွက် ကစားမှုတွေ၊ ချယ်လှယ်မှုတွေ၊ အဂတိတရားတွေကြောင့် အဓိက ဖြစ်နေတာပါ။ အကြီးကျယ်ဆုံး လာဘ်စားမှုတွေ၊ မသမာမှုတွေကြောင့်ပါ။
ဒီ GSM စီမံကိန်းမှာ အမှန်တကယ်ကြီးပွားသွားတာက ဝန်ကြီး၊ မိုဘိုင်း CE ဦးသိန်းဝင်းနဲ့ Huawei ၊ ZTE တရုတ်ကုမ္ပဏီ နှစ်ခုနဲ့ ရတနာပုံတယ်လီပို့ က ဗိုလ်မှုးကြီးမြင့်ဦး တို့ပါ။
တရုတ်တွေဆီက Mobile MSC နဲ့ BTS တွေကို အခြားနိုင်ငံတွေမှာ ရောင်းတဲ့ဈေးထက် ၄၀% ပိုပေးဝယ်တယ်။
မိုဘိုင်း CE ကလဲ ယခင်ဝန်ကြီး လက်ထက်က လက်ကျန် Mobile BTS တွေ၊ Mini micro Link တွေ၊ (တကယ်တော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ဝယ်ထားပြီးသား ဟာတွေပါ)။ တရုတ်တွေ Donation လုပ်ပေးတဲ့ အလကားရထားတဲ့ စက်ပစ္စည်းတွေကို စီမံကိန်းလုပ်တဲ့ ကုမ္ပဏီတွေကို ရောင်း၊ ပိုက်ဆံ ပြန်တောင်းတော့ သိန်း သောင်းချီပြီး ဝင်ပြန်ရော။
ကုမ္ပဏီတွေကလဲ သိသိကြီးနဲ့ နိုင်ငံတော်ကနေ (တကယ်တော့ ပြည်သူတွေဆီက ပိုက်ဆံပါ) ပြန်ပေးတာပဲ။ အိပ်စိုက်ပေးရတာမဟုတ်ဘူး ဆိုပြီး မပြောကြဘူး။
ခုတော့ သမ္မတကြီးက ခင်ဗျားတို့ဟာ ဈေးတွေကြီးနေတယ်၊ ဈေးနှုံးတွေ ချပါလို့ ဆိုတော့၊ တကယ့်အရင်းအမြစ်ဖြစ်တဲ့ ၄၀% ပိုပေးထားရတဲ့ တရုတ်တွေကို မထိရဲဘဲ ဘာမှမဆိုင်တဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ တာဝါတိုင်တွေ၊ မီးစက်တွေ၊ အဆောက်အဦဆောက်တဲ့ ပန်းရံလက်သမားခတွေ အထိ လိုက်ပြီး ချစ်တီးကျတဲ့ အခါကျတော့ ဖေါ်ပြီပေါ့၊ ဝေဖန်ပြီပေါ့ ၊ အပြင်မှာ ပွစိပွစိ ပြောကြပြီပေါ့၊
သမ္မတကြီးဆီလဲရောက်မှာပါ၊ ရွှေသံလွင်တို့ ကျိုင်းတုံက အောင်ချမ်းသာတို့လဲ ပါတာကိုး။ သူတို့လဲပြောကြမှာပါ။
ပါဝင်တဲ့ ကုမ္ပဏီတွေက ဘာပြောကြသလဲသိလား။
ဆက်သွယ်ရေးက GSM စီမံကိန်းကြီးကို ပုဂလိက ကုမ္ပဏီတွေရဲ့ အရင်းအနှီးနဲ့ စိုက်လုပ်ခိုင်းတယ်။
ကုမ္ပဏီတွေကို အရင်းအနှီးအတွက် ဘဏ်တိုးဘဲ ပြန်ပေးတယ်၊ အမြတ်တွေကျတော့ သူတို့ယူသွား တယ်တဲ့။
(မိုဘိုင်း CE ကတော့ ကုမ္ပဏီတွေကို ပေါ်တင် ခြိမ်းခြောက်ထားတယ်၊ သူပြုတ်ရင် တယောက်ထဲတော့မခံဘူး၊ ဝန်ကြီးအပါအဝင် အကုန်ဆွဲခေါ်သွားမယ်ဆိုဘဲ၊ အားလုံး များတာနဲ့ နဲတာဘဲကွာမယ်၊ ညိနေကြတဲ့သဘောပေါ့)
ဆက်သွယ်ရေးမှာဝန်ကြီးအပါအဝင် MD ၊ DG နဲ့ အရာရှိကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပေါင်းလိုက်မှ လူ(၂၀) မကျော်ပါဘူး ၊ (အားလုံးကိုမဆိုလိုပါ၊ ကောင်းတဲ့သူတွေကိုတော့ တောင်းပန်ပါတယ်)
တစ်ဖက်မှာသန်း(၆၀) သော ပြည်သူတွေရှိပါတယ်။
လူ (၂၀) နဲ့ သန်း(၆၀) ဘယ်သူကိုဦးစားပေးမှာလဲ?
ဒီတော့ တပ်မတော်နဲ့ MEC ကရော ဘာလုပ်မှာလဲ
ဆက်သွယ်ရေးလိုပဲ အမြတ်အစွန်းကြီးမားပြီး စားကွက် ဝါးကွက် ပေါတဲ့ မိုဘိုင်းဖုန်းလောကကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး၊ ကိုယ်ကျိုးရှာဖို့၊  ပြည်သူကိုဂုတ်သွေးစုပ်ဖို့ ဝင်လာတာလား။
ဒီလိုမှမဟုတ် ဆက်သွယ်ရေးရဲ့ ညံ့ဖျင်းလှတဲ့ဝန်ဆောင်မှုတွေကို သင်ခန်းစာယူပြီး ပြည်သူအတွက် ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့  ဝင်လာတာလား။
ဘာကိုရွေးမှာလဲ …
ပြည်သူတွေရဲ့ ရင်တွင်းဆန္ဒက အမှန်ကတော့ ဂျီလဲမဟုတ်၊ စီလဲမဟုတ်၊ ငါးထောင်လဲ မဟုတ်၊ နှစ်သိန်းလဲမဟုတ်ပါ။ နိုင်ငံသားတယောက်ရဲ့ ဥပဒေပါ ရပိုင်ခွင့်အတိုင်း လူလူသူသူ ဆက်ဆံခံရပြီး၊ ကိုယ်ပေးလိုက်ရတဲ့ငွေနဲ့  တန်တဲ့ ဝန်ဆောင်မှု ပြန်ရရင်တော်ပါပြီ။ အခုကို ၂၀၁၂ နှစ် ဝက်ကျိုးတော့မယ်၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခဏလေးပါ။
လူတိုင်း ကိုယ့်သမိုင်း ကိုယ်တိုင်ရေးကြရမှာပါ။
မျှော်လင့်လျှက်ပါ … ငါးထောင်တန်။
7th July Student Uprising - 50 Years - paper released
ဆဲဗင်း ဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ် စာတမ်းထွက်ရှိ
မိုးမခစာအုပ်စင်၊ ဇူလိုင် ၁၊ ၂၀၁၂
အင်တာနက်နှင့် အီးမေးများကတဆင့် လက်ခံရရှိတဲ့ “ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံဘယ်သူလဲ” အမည်နဲ့ ဆောင်းပါးကို “ဘိုးသိန်း” က ရေးသားပြီး ဖြန့်ချိလိုက်တာကို တွေ့ရပါတယ်။ ၁၉ ၆၂ ဇူလိုင်လ ၇ ရက်၊ ကျောင်းသားအရေးအခင်း နှစ် ၅၀ မြောက် ရွှေရတုအထိမ်းအမှတ် ဆောင်းပါးဖြစ်တယ်လို့ ရေးသားထားပါတယ်။
            စာမျက်နှာ ၄၅ မျက်နှာရှိတဲ့ စာတမ်းမှာ စာရေးသူဟာ အဲသည်တုန်းက အသက် အစိတ်အရွယ် ဆေးသိပ္ဗံတန်း ကျောင်းသား၊ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ယခုအချိန်မှာတော့ အသက် ၇၅ နှစ်အရွယ် ရှိတဲ့ ဆရာဝန်ကြီး တဦးဖြစ်နေပြီလို့ ရေးသားထားပါတယ်။ အာဏာရှင်ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်းများရဲ့ သမိုင်း၊ ကျောင်းသားသမိုင်းအတွက် အထောက်အကူဖြစ်အောင် ရေးတယ်လို့ ဆိုပါတယ်။
            သည်နေရာတွေမှာ ကူးယူ ဖတ်ရှု ဖြန့်ချိနိုင်ပါတယ်။
Daw Suu's fashion in Europe trip
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဖက်ရှင်
ဇာနည်မာန်/ဧရာဝတီ
ဇွန် ၃၀၊ ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။
ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။
ပါရီမြို့ မြို့တော်ခန်းမရောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စုံက ကချင်ရိုးရာ ထုံမွမ်းထားပါတယ် (ဓာတ်ပုံ - AFP)
Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။
တချို့တွေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်ပုံ အမျိုးမျိုးနဲ့ ဓာတ်ပုံတွေကို စုစည်းထားပြီး Facebook ပေါ်မှာ အချင်းချင်းဖြန့်ဝေကြ၊ မြန်မာဆန်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ အနောက်တိုင်းဆန်တဲ့ ၀တ်စားဆင်ယင်မှုတွေကို ချိန်ထိုးပြောဆိုကြတာတွေ ရှိပါတယ်။
ဥရောပ ခရီးစဉ်တလျှောက်လုံး မြန်မာအ၀တ်အစားကိုပဲ ၀တ်ခဲ့တာ၊ ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့အခါ ကိုယ့်ရိုးရာဝတ်စုံတွေကိုပဲ အများစု ၀တ်ဆင်ခဲ့ကြတာတွေကို ထောက်ပြပြီး
ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံတွေအကြောင်း ကမ္ဘာက ပိုသိသွားရတယ်၊ မြန်မာဝတ်စုံတွေရဲ့အလှ ကမ္ဘာကျော်ရတယ်လို့ ပြောဆိုကြတာတွေ တွေ့ရသလို ဒီအချက်နဲ့ ပတ်သက်ပြီး အငြင်းပွားကြတာတွေလည်း ရှိပါတယ်။
လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ ဗြိတိန် ၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ၀တ်ခဲ့တဲ့ နီညိုရင့် ချိတ်ဝမ်းဆက် (ဓာတ်ပုံ - Images)
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဥရောပတိုင်းသားတွေအပေါ် မြန်မာဝတ်စုံဖက်ရှင်တွေ လွှမ်းမိုးမှု ရှိတယ်၊ မရှိဘူးဆိုတာကို သေချာမသိနိုင်ပေမယ့် အိမ်နီးချင်း အာရှနိုင်ငံတွေပေါ်ကိုတော့ လွှမ်းမိုးမှု တစုံတရာ ရှိနေပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်မှုတွေဟာ ကျမကို အင်မတန် လွှမ်းမိုးပါတယ်။ သူနေအိမ်အကျယ်ချုပ်က လွတ်လာပြီးကတည်းက သူဝတ်တာတွေကို ကျမ သတိထားမိပြီး အဲ့ဒီဝတ်စုံလေးတွေကို ကျမ သိပ်ချစ်သွားတယ်။ အဲ့ဒါမျိုးလေးတွေ ကျမ သိပ်ဝတ်ချင်မိတယ်” လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အသံသွင်း အင်ဂျင်နီယာအမျိုးသမီးတဦးဖြစ်သူ ဂျန် က ဧရာဝတီကို ပြောပြပါတယ်။
ဂျန်က သူ့မှာ မြန်မာအင်္ကျီတွေနဲ့ မြန်မာဝတ်စုံ ၇ စုံရှိတဲ့အကြောင်း၊ အဲ့ဒီဝတ်စုံလေးတွေကို မြန်မာပြည်ကနေ မှာယူခဲ့တဲ့အကြောင်း၊ ဖက်ရှင်ချစ်သူ အမျိုးသမီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို ၀တ်ကြည့်စေချင်ကြောင်း သူက ပြောပြပါတယ်။
“အဲ့ဒီအင်္ကျီလေးတွေကို စကပ်လေးနဲ့ တွဲဝတ်တယ်။ ထမီနဲ့ ၀မ်းဆက်လေးတွေကိုတော့ အခမ်းအနား၊ ပွဲလမ်းတွေ ရှိတဲ့အခါ ၀တ်တယ်။ ၀တ်စုံလေးတွေက သိပ်လှတယ်။ အရည်အသွေးလည်း သိပ်ကောင်းတာပဲ။ တခါ အခမ်းအနားတခုသွားတော့ ကျမလို မြန်မာထည်လေးတွေဝတ်တဲ့ အမျိုးသမီးတွေကို တွေ့တယ်ရှင့်။ ကျမတို့ စကားပြောဖြစ်တော့ အောင်ဆန်းစုကြည်ဟာ ကျမတို့ လေးစားတဲ့ စံပြအမျိုးသမီး၊ ကျမတို့ရဲ့ ဖက်ရှင် စံပြပုဂ္ဂိုလ် ဖြစ်နေတာကိုး” လို့ ဂျန်က ပြောပါတယ်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဆရာမတယောက်ဖြစ်တဲ့ ၀မ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စုံတွေနဲ့ဆင်တူ ၀တ်စုံတွေ ၀ယ်ထားသလို ဥရောပခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဝတ်ခဲ့တဲ့ ၀တ်စုံမျိုးကိုလည်း ၀ယ်မယ်လို့ ဆိုပါတယ်။
ပိုးသားအနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေးထမီ၊ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ်အင်္ကျီ၊ အစိမ်းရောင်ပုဝါနဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-ILO)
“သူဝတ်တာလေးတွေ သဘောကျလွန်းလို့လေ။ ရန်ကုန်က ကျမသူငယ်ချင်းတွေဆီကနေ မှာထားတာ။ သူ ILO မှာ မိန့်ခွန်းပြောတဲ့ အဖြူနဲ့အနက် ၀တ်စုံလေးရယ်၊ နိုဗယ်လ်ဆုယူတုန်းက၀တ်တဲ့ အဖြူပေါ် ခရမ်းရင့်ရောင်အပွင့်ထမီနဲ့ ခရမ်းရင့်အင်္ကျီဝတ်စုံမျိုး လိုချင်လို့ ထပ်မှာထားတယ်” လို့ ဆရာမ ၀မ်က ပြောပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပြောချိန် ၀တ်ခဲ့တဲ့ ပိုးသားအနက်ရောင်ပေါ် အဖြူနဲ့ မီးခိုးဆေးရေးထမီနဲ့ အဖြူရောင်ပေါ် အနက်ရောင်အနားကွပ်အင်္ကျီ၊ အစိမ်းရောင်ပုဝါနဲ့ ၀တ်စုံ၊
နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗယ်လ်ဆုယူချိန်မှာ ၀တ်ခဲ့တဲ့ အဖြူရောင်ပေါ် ခရမ်းရောင်ဖောက်တဲ့ ချိတ်ထမီနဲ့ ခရမ်းရင့်ပေါ် ကနုတ်ပန်းခက်လေးတွေ ထိုးထားတဲ့အင်္ကျီ၊ ခရမ်းနုရောင် ပုဝါနဲ့ဝတ်စုံ၊
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရဲ့ သမိုင်းဝင် ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ ဗြိတိန် ၀န်ကြီးချုပ်နဲ့တွေ့ဆုံချိန် ၀တ်ခဲ့တဲ့ နီညိုရင့် ချိတ်ဝမ်းဆက်၊ ပြင်သစ်နိုင်ငံကို အသွား ၀တ်ခဲ့တဲ့ စိမ်းပြာနုပေါ် လက်ထိုးပန်းပွင့်လေးတွေ ထိုးထားတဲ့ ၀တ်စုံ၊ ပြင်သစ်သမတ ဖရွန်ဆွာ အောလန်နဲ့ တွေ့ဆုံချိန်မှာ ၀တ်ခဲ့တဲ့ အစိမ်းရောင်ချိတ်ထမီနဲ့ စိမ်းနုရောင် အင်္ကျီဝတ်စုံတွေဟာ မြန်မာအမျိုးသမီးထုကိုသာမက မြန်မာ့ရိုးရာဝတ်စုံတွေကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
အဖြူရောင်ပေါ် ခရမ်းရောင်ဖောက်တဲ့ ချိတ်ထမီနဲ့ ခရမ်းရင့်ပေါ် ကနုတ်ပန်းခက်လေးတွေ ထိုးထားတဲ့အင်္ကျီ၊ ခရမ်းနုရောင် ပုဝါ တို့ကို နိုဗယ်လ်ဆုယူချိန်မှာ ၀တ်ဆင်ခဲ့ပါတယ် (ဓာတ်ပုံ - Getty Images)
“ကျမအရင်က မြန်မာဝတ်စုံတွေကို သိပ်စိတ်မ၀င်စားခဲ့ဘူး။ အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းမပြောခင် ထိုင်စောင့်နေတဲ့ ပုံလေးကို တွေ့လိုက်တော့ မြန်မာဝတ်စုံက တယ်လည်း ကျက်သရေရှိပါလားဆိုပြီး ကျမလည်း အဲ့ဒါမျိုးလေး သိပ်ဝတ်ကြည့်ချင်မိသွားတယ်” လို့ ရန်ကုန်မြို့က ဂျပန် NGO တခုမှာ တာဝန်ကျတဲ့ ဂျပန်အမျိုးသမီး ခဇုကို က ပြောပြပါတယ်။
အရွက်စိမ်းစိမ်း၊ သစ်ခွဖြူလွလွတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးကြီးရဲ့ရှေ့မှာ အဖြူအနက်ဝတ်စုံ၊ အစိမ်းရောင် ပုဝါလေးခြုံပြီး ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ပန်ဟာ ပန်းပွင့်ဖြူတွေနဲ့ ပနံရလှပြီး သူ့ကိုဖမ်းစားခဲ့ပါတယ်တဲ့။
ရန်ကုန်မှာ မြန်မာအမျိုးသမီးတွေ တော်တော်များများက ခေတ်ရဲ့သမီးပျိုတွေပီပီ အနောက်တိုင်းဝတ်စုံတွေကို ၀တ်ကြတာကိုပဲ အများစုတွေ့လေ့ရှိပြီး မြန်မာဝတ်စုံလေးတွေ ၀တ်တာမျိုး တွေ့လိုက်ရရင် သူ့အနေနဲ့ အရင်ကထက် ထူးထူးခြားခြား သတိပြုမိ၊ လိုက်ကြည့်မိတယ်လို့လည်း သူက ပြောပါတယ်။
“စကတ်တို့၊ ဘောင်းဘီတို့ကတော့ ဘယ်နိုင်ငံသွားသွား မြင်နေရတော့ မထူးဆန်းဘူး။ မြန်မာဝတ်စုံလေးတွေကျတော့ ကျမတို့အတွက် အမြင်ဆန်းတယ်။ ၀တ်စုံလေးတွေက ချပ်ချပ်ရပ်ရပ်နဲ့ သိပ်ကြည့်လို့ကောင်းတယ်။ ဒီက ရာသီဥတုနဲ့လည်း ကိုက်ညီတယ်လို့ ထင်တယ်လေ။ ချုပ်ပြီးသားတစုံ ၀ယ်ဝတ်ကြည့်တာ သိပ်သဘောကျတာပဲ” လို့ ခဇုကိုက ပြောပြပါတယ်။
မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဓာတ်ပုံတွေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ကျက်သရေဆောင်ဖြစ်တယ်၊ မြန်မာမိန်းကလေးတွေ မြန်မာဆန်ဆန်ဝတ်သင့်တယ်၊ အတုယူသင့်တယ်လို့ တိုက်တွန်းပြောဆိုရေးသားမှုတွေ ပိုမို ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။
“အခုခေတ် မိန်းကလေးတွေ တော်တော်များများက အတိုတွေ၊ အပြတ်တွေဝတ်မှ လှတယ်၊ ခေတ်မီတယ်ထင်ကြတယ်။ ဥရောပကို သွားတယ်ဆိုပေမယ့် ဘိုလို မ၀တ်ဘဲ မြန်မာဆန်ဆန်ဝတ်ဆင်ခဲ့တဲ့ အမေစုရဲ့ ရှေ့ဆောင်လမ်းပြ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီး မြန်မာဝတ်စုံလေးတွေဟာလည်း လှတယ်၊ ခေတ်မီတယ်ဆိုတာ မြန်မာမလေးတွေ သိနားလည်သင့်တယ်။ အတုယူသင့်တယ်” လို့ ရန်ကုန်မြို့က မသန္တာက ပြောပါတယ်။
Facebook သုံးသူ တယောက်ကလည်း “အမေစုနဲ့ သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် မြန်မာကို ကမ္ဘာက ပိုသိသွားပြီ။ ယဉ်ကျေးတဲ့ မြန်မာတွေဆိုပြီး အမေက ရှေ့က ပုံဖော်ပေးနေသလို၊ မြန်မာမလေးတွေကိုလည်း အမေ့လိုပဲ ရိုးရိုးယဉ်ယဉ်နဲ့ ကျက်သရေရှိစေချင်တယ်။ ကမ္ဘာက မြန်မာကိုသိတာထက် မြန်မာနိုင်ငံက မိန်းကလေးတွေ ပိုသိဖို့လိုတယ်” လို့ ရေးသားထားပါတယ်။
ဝတ်စားဆင်ယင်မှုအပြင် နော်ဝေနိုင်ငံရောက် မြန်မာတွေနဲ့ တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မြန်မာစာ မြန်မာစကားကို မမေ့ဖို့၊ ကလေးတွေကိုသင်ပေးဖို့၊ မြန်မာစကား ပြောကြဖို့ တိုက်တွန်းတာကိုလည်း အချင်းချင်း ပြန်လှန်ဝေငှကြရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့အတူ ဆွေးနွေးကြတဲ့ နောက်အကြောင်းအရာကတော့ ၀တ်စားဆင်ယင်မှုနဲ့ မျိုးချစ်စိတ်ပါ။
မြန်မာဆန်ဆန် ၀တ်စားဆင်ယင်တာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတယ်လို့ ပြောလို့မရဘူးလို့ ဆိုသူတွေရှိသလို အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းတယ်ဆိုတာ ၀တ်စားဆင်ယင်မှုလည်းပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုလေး ၀တ်စားဆင်ယင်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတာနဲ့ အတူတူပါပဲ ဆိုပြီး ရေးသားကြ၊ မှတ်ချက်ပေးကြ၊ ပြောဆို ဆွေးနွေးကြတာတွေလည်း ဒုနဲ့ဒေးပါပဲ။
http://2.bp.blogspot.com/-ep1TPRTANww/T-0zQyArO6I/AAAAAAAADLs/BgW6nHnZ5ao/s400/610x.jpg
ပြင်သစ်သမ္မတနန်းတော်မှာ ပြင်သစ် သမ္မတ François Hollande နဲ့ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က
အစိမ်းရောင်ချိတ်ထမီနဲ့ စိမ်းနုရောင် အင်္ကျီ ၀တ်ဆင်ထားပါတယ် (ဓာတ်ပုံ-Getty Imagers)
အာရှနိုင်ငံတော်တော်များများက ခေါင်းဆောင်တွေဟာ အခုအချိန်မှာဆိုရင် အများစုက အနောက်တိုင်း ၀တ်စုံတွေကိုသာ ၀တ်ဆင်နေကြတာတွေ့ရမှာပါ။
ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အားကောင်းတဲ့ အိန္ဒိယနိုင်ငံက ခေါင်းဆောင်တွေကတော့ အမြဲတစေ ရိုးရာဝတ်စုံတွေကို ၀တ်လေ့ရှိတာကို သတိပြုမိမှာပါ။ ဒါတွေနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံရေး တက်ကြွသူ လူငယ်တယောက်ဖြစ်တဲ့ အမ်မိခ်ကတော့ ရိုးရာထိန်းသိမ်းတယ်၊ အနေထိုင် သိမ်မွေ့တယ်ဆိုတာထက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်၊ နိုင်ငံအပေါ် ထားရှိတဲ့ စေတနာနဲ့ သူတို့ရဲ့ အမှန်တကယ် လုပ်ဆောင်မှုတွေက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ရဲ့ ဂန္ဓီကြီး ပြောဖူးတယ်။ ကိုယ့်ရဲ့ စိတ်ကတော့ တိုင်းတပါးက အလေ့အထတွေကို လေ့လာပါ၊ ဖလှယ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်ကိုတော့ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာပဲ စွဲစွဲမြဲမြဲထားပါ။ ဒါမှ တိုင်းတပါးက လေကြမ်းတွေ တိုက်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး လှုပ်ခါယုတ်လျော့မှု မရှိမှာဖြစ်တယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံအပေါ်ထားတဲ့ သူ့စေတနာကြောင့် နိုင်ငံတကာမှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး တောက်ပနေတော့ သူ့ကြောင့် မြန်မာ့ယဉ်ကျေးမှုက ဂုဏ်ပိုတက်သွားတယ်လို့ ပြောရမှာပါ” လို့ အမ်မိခ် က ပြောပါတယ်။
ဘန်ကောက်က ထိုင်းအမျိုးသမီး ဂျန် ကတော့ “အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတခုတည်း အတွက်တင်မကဘူး၊ ကျမတို့ အာရှအမျိုးသမီးထုအတွက် စံပါပဲ။ ၀တ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ သူ့တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ အနစ်နာခံမှုတွေကို မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်တယ်” လို့ ဆိုပါတယ်။
မူရင်း - ဧရာဝတီ http://burma.irrawaddy.org
Ashin Pyinar Nanda - Articles
အညတရအကျဉ်းသားရဟန်းတော်များ - ၂၁ ဦးခေမိန္ဒ
အရှင်ပညာနန္ဒ
ဇွန် ၂၉၊ ၂၀၁၂
• ဘွဲ့တော် - ဦးခေမိန္ဒ
• သက်တော် - (၃၃)
• မွေးရပ်ဇာတိ - ပန်နိမ်ကျေးရွာ၊ နားငွေးအုပ်စု၊ တန့်ယန်းမြို့နယ်၊ လားရှိုးခရိုင်၊ ရှမ်း/မြောက်။
• အဖမ်းခံရစဉ်နေသည့်ကျောင်း - သိမ်ကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
• ပုဒ်မ - ၅ (ည)/ ၄၄၀/ ၂၉၅/ ၂၉၅ (က)
• ချမှတ်သည့်ပြစ်ဒဏ် - (၁၅) နှစ်
• ထောင်မှလွတ်သည့်နေ့ - ၁၂.၁၀.၂၀၁၁
• နေခဲ့ရသည့်ထောင်အမည် - အိုးဘိုထောင်၊ (မန္တလေးမြို့)
• နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဉ်
ဦးဇင်းအနေနဲ့ကတော့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ၊ တစ်နည်းအားဖြင့် နိုင်ငံရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေထဲမှာ ဘယ်ဟာက နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုတဲ့ ခွဲခြားသတ်မှတ်မှုအပိုင်းမှာ အမြင် တွေ အမျိုးမျိုးရှိတာကြောင့် စံပြုလောက်တဲ့ သတ်မှတ်ချက်တွေ ဝေဝါးလွန်းတယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲ ကိုယ့်ရဲ့လုပ်ရပ်တွေကို အမည်သတ်မှတ်ချင်တဲ့ဆန္ဒ မရှိပါဘူး။ ဘာသာရေးရှုဒေါင့်ကပဲဖြစ်ဖြစ် လူမှုရေးရှုဒေါင့်ကပဲဖြစ်ဖြစ် မှန်ကန်မျှတမှုမရှိဘူး။ မတရားဘူးလို့ ထင်တဲ့လုပ်ရပ်တွေကို ကန့်ကွက်တွန်းလှန်ချင်တဲ့ဆန္ဒ၊ မှန်ကန်မျှတဲ့ပြီး လုပ်သင့်တယ်လို့ ထင်တဲ့ကိစ္စတွေကိုလုပ်ချင်တဲ့ (သို့) အားပေး ထောက်ခံချင်တဲ့ဆန္ဒနှင့် ရသင့်ရထိုက်တယ်လို့ထင်တဲ့ အခွင့်အရေးတွေကို ရယူချင်တဲ့ဆန္ဒတွေအရ လုပ်ဆောင်ခဲ့တာတွေပဲရှိပါတယ်။
၂၀၀၃ ခုနှစ် ၁၀ လပိုင်းမှာ ဓလေ့ထုံးတမ်းနှင့် ဘာသာ သာသနာမကွယ်ပျောက်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အသိပညာနှင့် ဗဟုသုတ တွေကို ဟောကြားပို့ချနေတဲ့ ဦးဇင်းတို့ရဲ့ နာယက ဆရာတော်လေး ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူ (မစိုးရိမ်) ကို နအဖ စစ်ကောင်စီအစိုးရက ရေရာတဲ့အကြောင်းပြချက်မရှိဘဲ မလိမ့်တပတ်နည်းနဲ့ပင့်ဆောင်ပြီး ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။ အဖမ်းခံရတယ်လို့သိရတဲ့ ၂၇.၁၀. ၂၀၀၃ နေ့ညမှာ မစိုးရိမ်တိုက်သစ်ရှိ သံဃာတော်အပါး ၂၀၀၀ ကျော်ခန့်ဟာ နိုင်ငံရေးရည်ရွယ်ချက်တစ်စွန်းတစ်စမှမပါဘဲ ကိုယ့်ဆရာသ မားကို လွတ်မြောက်စေချင်တဲ့ဆန္ဒနှင့် ဆရာတော့်ဘက်မှာ အမှန်တရားကိုမြတ်နိုးတဲ့ သံဃာထုတစ်ရပ်လုံးရှိဆိုတာ သိစေချင်တဲ့ဆန္ဒတွေ အရ “ဝီရသူ လွတ်မြောက်ရေး ဒို့အရေး ဒို့အရေး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းပေါ်ထွက်ပြီး တောင်းဆိုဆန္ဒပြကြပါတယ်။
၁။ ဓမ္မဘက်တော်သားတစ်ယောက်အနေနဲ့ ဆရာတော် ဦးဝီရသူ လိုပုဂ္ဂိုလ်မျိုးလွတ်မြောက်ရေးအတွက် တောင်းဆိုပေးဖို့တာဝန်ရှိတယ်ဆို တဲ့ခံယူချက်။
၂။ အမှန်တရားအတွက် မတွန့်မဆုတ် တိုက်ပွဲဝင်နေတဲ့ ဘယ်သူ့ကိုမဆို ကာယကံ ဝစီကံမြောက် အားပေးထောက်ခံမယ်ဆိုတဲ့ပိုင်းဖြတ် ချက်တွေနဲ့ ဦးဇင်းလည်း တောင်းဆိုတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
ထောင်ကထွက်လာပြီး လေးလခွဲခန့်အကြာ ၁၃၇၃ ခုနှစ် တပေါင်းလကွယ်နေ့တွင် မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးမှာ ဆရာတော် ဦး ဝီရသူ ဦးဆောင်ကျင်းပတဲ့ ယုံကြည်ချက်အကျဉ်းသားများလွတ်မြောက်ရေးအတွက် “ပဏာမ” ဆုတောင်းပွဲမှာ သဲတစ်ပွင့် ရေတစ်ပေါက် ဖြစ်စေတော့ ခံယူချက်နဲ့ ပါဝင်ခဲ့ပါတယ်။
ထောင်ထဲမှာ ခုချိန်ထိ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်မရကြသေးတဲ့ ဘဝတူအကျဉ်းသားတွေအတွက် ကိုယ်တတ်နိုင်တဲ့ အထွာ လေးနဲ့ မကြာမကြာသွားပြီး မျှဝေခံစားပါတယ်။
မိမိရဲ့ပုဂ္ဂလိက ခံယူချက်အရဆိုရင် ရေးသားချင်တဲ့ဆန္ဒမရှိတာအမှန်ပဲ။ ဒါပေမယ့်တကူးတက လှမ်းတောင်းတဲ့၊ နိုင်ငံရေးမှာ ကိုယ်ကျိုးမ ဖက်ဘဲ သက်သက်အနစ်နာခံ လုပ်နေတဲ့ ပုဂ္ဂိုလ်များ ကိုထောက်ထားသောအားဖြင့်၊ အလေးမူသောအားဖြင့် ရေသားလိုက်ပါတယ်။ ။
• အဖမ်းခံရသည့်ဖြစ်စဉ်
(၂၇.၁၀.၂၀၀၃) ရက်နေ့မှာ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဝီရသူ (မစိုးရိမ်) ကို စစ်အစိုးရက ဖမ်းဆီးထိမ်းသိမ်းထားခြင်းနဲ့ ပတ်သက် ပြီးတော့ မစိုးရိမ်တိုက်သစ်ရှိ စာသင်သားသံဃာတော်များက ဆရာတော်ကိုပြန်လွတ်ပေးဖို့ တောင်းဆိုကြပါတယ်။ အဲဒီဖြစ်စဉ်က- ၂၇ ရက် နေ့မှာ ဆရာတော်ကို ဖမ်းဆီးထားတယ်ဆိုတာ သတင်းရထားတော့ သံဃာတွေက ဟိုတစ်စု ဒီတစ်စုနဲ့ မကျေနပ်ချက်တွေ ပေါက်ကွဲလုလု ဖြစ်နေတာနဲ့ နာယကဆရာတော် ဦးဝါသေဋ္ဌာဘိဝံသက ဘုရားဝတ်တက်အပြီး ဩဝါဒပေးပါတယ်။ အပြင်ထွက်ပြီး ရုတ်ရုတ်မလုပ်ဖို့ ကိုယ့် စာကို ကိုယ်လုပ်ဖို့ စိတ်လိုက်မာန်ပါ မဖြစ်အောင်ထိမ်းသိမ်းဖို့ပြောပြီး ဒါဆရာတော် (ဦးရာဇဓမ္မာဘိဝံသ) ၏အမိန့်ဆိုပြီး စိတ်မကောင်းစွာနဲ့ မိုက်ကိုပစ်ချလိုက်ပါတယ်။ သူ့ရဲ့ခံစားချက်ကို တစ်ခွန်းမှထုတ်မပြောပေမယ့် အဲဒီတားမြစ်ချက်အပေါ် ဘဝင်မကျတာ အားလုံးသိကြပါ တယ်။
ဒီလိုနဲ့ ည (၉) နာရီခွဲ (၁၀) လောက်ရောက်တော့ သံဃာတွေဟာ ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ ဆရာသမားကို လွတ်ပေးစေချင်တဲ့ ဆန္ဒ၊ ဆရာသမားဘက်မှာ အပြည့်အဝရပ်တည်တယ်ဆိုတာကို သိစေချင်တဲ့အာသီတ၊ သူ့လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြလို့ ကျရောက်လာမယ့် ပြစ်ဒဏ်မှန်သမျကို ရင်ဆိုင်မယ်ဆိုတဲ့ မိုးမမြင် လေမမြင် စိတ်ဓာတ်တွေနဲ့ လမ်းပေါ်ထွက်ပြီး အော်ဟစ်ဆန္ဒပြကြပါတယ်။ ၃၈ လမ်းမှာရှိတဲ့ မစိုးရိမ်တိုက်သစ်ကနေ ၈၉ လမ်းအတိုင်း မြောက်ဘက်ကိုချီတက်သွားပြီး ၃၆ လမ်းအရောက်မှာ အဲဒီ ၃၆ လမ်းအတိုင်းပဲ အရှေ့ဘက်ကို ဆက်လက်ချီတက်သွားကြပါတယ်။ ၃၅ လမ်းမှာတော့ လုံခြုံရေးနဲ့ စစ်တပ်တွေ အပြည့်ချထားပါတယ်။ အရှေ့ဘက်ကို တက်သွားပြီး ၈၄ လမ်းအရောက်မှာ ဘုရားကြီးဘက်ကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်ဘက်ကိုချိုး ၃၇-၃၈ ကြားအရောက်မှာတော့ လုံထိန်းတပ်နဲ့ တိုးပါတယ်။ လမ်းပေါ်းမှာတန်းစီပြီး တပ်ချထားတာ လမ်းနဲ့အပြည့်ပါပဲ။ အဲဒီမှာတင် သံဃာအုပ်ထဲကို မျက်ရည်ယိုဗုံး ပစ် ထည့်ပြီး သေနတ်နဲ့ပစ်ပါတော့တယ်။
ဒီနေရာမှာ အဓိကပြောချင်တာကတော့- သံဃာအုပ်ဟာ လုံထိန်းနဲ့တိုးပြီဆိုကတည်းက အဲဒီမှာရှိတဲ့ လမ်းကြား လေးထဲကို ချိုးဝင်သွားကြပါပြီ။ သံဃာထက်ဝက် နီးပါးလောက် ချိုးဝင်ပြီတဲ့အချိန်မှာ ပစ်တာပါ။ သူတို့ရဲ့ သတ်မှတ်မျဉ်းလိုင်းကို အတင်းကျော်ဖို့ ချီတက်နေလို့ ပစ်တာမ ဟုတ်ပါဘူး။ သံဃာထုက ရှေ့ဆက်မတိုးပဲ လမ်းကြောင်းပြောင်းနေတဲ့အချိန်မှာ မရအရဖမ်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ သံဃာအုပ်ထဲကို သေနတ်နဲ့ ပစ်တာဖြစ်ပါတယ်။ ကိုရင်တပါးက ပေါင်၊ တစ်ပါးက ဒူးခေါင်းအောက် ဂုံညှင်းစေ့အစပ်နားမှာ ထိမှန်ပါတယ်။ ဦးဇင်းတစ်ပါးက နောက်ကျော ကနေမှန်ပြီး လက်မောင်းအုံကနေ ဖောက်ထွက်သွားပါတယ်။ ဦးဇင်းကတော့ သေနတ်နဲ့ပစ်လိုက်တဲ့အချိန်မှာပဲ ကျည်စလေးတစ်ခု မျက်စေ့ ကိုလာ မှန်ပါတယ်။
ဒဏ်ရာရတဲ့ကိုယ်တော်တွေကို ကျန်တဲ့ကိုယ်တော်တွေက အတင်းဝင်ဆွဲပွေ့ထူပြီး မစိုးရိမ်ကျောင်းဘက်ကိုအရောက် ခေါ်ဆောင်လာကြပါ တယ်။ ကျောင်းအနီးက ဆေးခန်းမှာ ဆေးထည့် ပတ်တီးစည်းအပြီး ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသက ဆေးရုံက လူနာတင်ကားခေါ်ထား ကြောင်းပြောပါတယ်။ လူနာတင်ကားရောက်မလာတဲ့အတွက် သူပိုင်ကားနဲ့ ကိုယ်တိုင်ဆေးရုံကိုလိုက်ပို့ပါတယ်။ သွေးလှူမယ့်သံဃာ (၁၃) ပါလည်း အတူလိုက်လာပါတယ်။
ဆေးရုံအသွား ၃၅-၈၄ လမ်းအရောက်မှာလုံခြုံရေးတွေနဲ့ တွေ့ပါတယ်။ အရေးအခင်းမှာ သူတို့ပစ်ထားလို့ ဒဏ်ရာရတဲ့သံဃာတော် တွေ မှန်းသိတော့ “အကုန်ဖမ်း” ဆိုတဲ့အမိန့်ပေးသံကြားရပြီး မအေ နှမမကျန်အောင် ဆဲဆိုကြိမ်းမောင်းကာ သံဃာတော်တွေကို ကားပေါ်ကနေ အတင်းဆွဲချပါတယ်။ သူတို့ချောဆွဲထားတဲ့ ကားကြီးပေါ်ကိုအတင်းတက်ခိုင်းပါတယ်။သေနတ်ဒဏ်ရာရလို့မထနိုင်တဲ့ သံဃာတော်တွေကို အော်ဟစ် ညည်းညူနေတဲ့ကြားထဲကပဲ ခြေတစ်ယောက် ခေါင်းတစ်ယောက်ကိုင်ပြီး ပစ်တင်ကြပါတယ်။
အဲဒီကနေပြီး ထောင်ထဲကိုပို့မှာလိုလို နန်းတွင်းထဲပို့မှာလိုလိုနဲ့ မြို့ထဲကို အချိန်အတော်ကြာအောင် ပတ်မောင်းပြီး နန်းတွင်း စစ်ကြောရေး ထောင်ကိုပို့ကြပါတယ်။ နန်းတွင်းထဲရောက်တော့ သန်းခေါင်ကျော်လို့ နံနက် ၁ နာရီတောင်စွန်းနေပါပြီ။ ။
• စစ်ကြောရေး အတွေ့အကြုံ
ဦးဇင်းတို့ အဖမ်းခံရပြီး နန်းတွင်းကိုရောက်တော့ တိုက်ထဲပို့ခါနီး ရှာဖွေရေးလုပ်ဖို့ တာဝန်ခံစစ်သားတစ်ယောက်က အမိန့်ပေးပါတယ်။ သင်္ကန်းဝတ်တွေနဲ့ မို့လို့ သူ့အောက်လက်ငယ်သားတွေက ဘယ်လိုရှာရမှန်း မသိတဲ့၊ မရှာချင်တဲ့ပုံစံမျိုးနဲ့ ကြောင်ကြည့်နေတာကြောင့် နမူနာပြတဲ့အနေနဲ့ “ဟောဒီလို ရှာရတယ်ကွ”ဆိုပြီး မထိုးရုံတမယ် ကြမ်းတမ်းစွာ ရိုက်ပုတ်ရှာဖွေပြပါတယ်။ ရှာဖွေရေးပြီးလို့ တိုက်ထဲရောက် တော့လည်း အိပ်မရအောင် (၁၀)မိနစ်လောက်တစ်ခါ နာမည်နဲ့ ကိုယ်ရေးအချက် အလက်တွေ တောင်းပါတယ်။ ဦးဇင်းတို့ နန်းတွင်းထဲ စရောက်တဲ့ အချိန်မှာ ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသနန်းတွင်းကြွလာပြီး မှန်မှန်ကန်ကန်နဲ့ ညင်ညင်သာသာ လုပ်ဖို့ တိုင်းမှူးကိုပြောပါတယ်။ တိုင်းမှူးကလည်း ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးဆိုသလို ရိုရိုသေသေနဲ့ တင်ပါ့ဘုရား မှန်ပါ့ဘုရားနဲ့ကတိတွေပေးတာမြင်တော့ အခြေအနေကောင်းလိမ့်မယ်လို့ယူဆမိခဲ့တယ်။တကယ်တမ်း စစ်ကြောရေးနှင့် နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့ အခါကျမှဘဲ ဒီကောင်တွေဟာ ပါးစပ်က ဘုရား ဘုရားလက်က ကြောက်ပြီးလား၊ မှတ်ပြီလားဆိုပြီးလက်သီးနဲ့ထိုးတဲ့ အစားထဲကဆိုတာ သိရပါတော့တယ်။
မနက်(၅)နာရီလောက်မှာ ဒဏ်ရာရတဲ့ ဦးဇင်းတို့လေးပါးကို ခေါ်ထုတ်ပြီး ထောင်ကိုပို့ပါတယ်။ ထောင်ဘူးဝထဲ ဝင်ဝင်ချင်းမှာ စတင်ကြားရတဲ့ အသံက- အမင်္ဂလာအသံလို့ သတ်မှတ်ထားတဲ့ ငှက်ဆိုးထိုးသံတွေထက် ပိုပြီးတော့ မင်္ဂလာမဲ့တဲ့ “ခေါင်းငုံ့”ဆိုတဲ့ အာခေါင်ကိုခြစ်ပြီး ထွက် လာတဲ့ အမိန့်ပေးသံ ဖြစ်ပါတယ်။အဲဒီထောင်ဘူးဝမှာဘဲ ဘုရားပေးထားတဲ့ မြတ်သင်္ကန်းကို မချွတ်မနေရ အမိန့်ပြန်တမ်းတွေနဲ့ အတင်းချွတ် ခွာပြီး လူဝတ်လဲခိုင်းပါတယ်။ လူဝတ်လဲပြီး ဦးဇင်းတို့ကို ထောင်ဆေးရုံက သီးခြားတိုက်ဆိုတဲ့နေရာကိုပို့ပြီး အချိန်ပြည့်ပိတ်ထားပါတယ်။
ပုခုံးမှာ ဒဏ်ရာရတဲ့ကိုယ်တော်က မေ့မျောနေပြီးအခြေနေမကောင်းမှန်းသိတော့ ဦးဇင်းတို့ကို မွန်းလွဲ (၂) နာရီခွဲ လောက်မှာ မေမြို့စစ်ဆေးရုံ ကို ကားနဲ့ခေါ်သွားပါတယ်။ ရထားတဲ့ဒဏ်ရာက ပြင်းထန်တော့ ကားဆောင့်တိုင်းဆောင့်တိုင်း မချိအောင်နာတာမို့ တစ်လမ်းလုံး အော်ဟစ် ညည်းညူရင်းနဲ့ (၅) နာရီခွဲလောက်မှာ မေမြို့စစ်ဆေးရုံကို ရောက်သွားပါတယ်။ ရောက်ရောက်ချင်းဘဲ သတင်းပို့၊ လိုအပ်တဲ့ အချက်အလက် တွေယူ၊ ဓာတ်မှန်ရိုက်ပြီး Opration-ဝင်ပါတယ်။ ညနေ(၆)နာရီ လောက်မှာ Opration-ဝင်လို့ ထိုးထားတဲ့ မေ့ဆေးက နောက်နေ့မနက် (၅)နာရီလောက်မှပဲ ကောင်းကောင်း ပြေပါတော့ တယ်။ အဲဒီနေ့မှာပဲ ထောက်လှမ်းရေးက လာပြီး စစ်ကြောမေးမြန်း ကြပါတယ်။ နေရပ်လိပ်စာ၊ ကိုယ်ရေးရာဇဝင်၊ အခင်းဖြစ်ပုံ၊ ဆရာတော်ဦးဝီရသူ၏ အကြောင်း သူ့အပေါ်သဘောထား ထင်မြင်ချက်၊ သူဟောထားတဲ့တရားတွေ၊ သူ ရေးထားတဲ့ စာအုပ်တွေအကြောင်း၊ သူနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်း ထပ်ခါတစ်လဲလဲ လာမေးပါတယ်။ ခြောက် တလည့် မြှောက်တလည့်နဲ့လည်း အကဲစမ်းပါတယ်။ စစ်ဆေးရုံမှာနေရတဲ့ (၅) ရက်တာအတွင်း တစ်ရက်မှ မပြတ်ပါဘူး။
တာဝန်ကျဆရာ/မများက သဘောထားကောင်းပြီး တာဝန်ကျေကြပါတယ်။ နောက်ပိုင်းသူတို့ပြောပြချက်အရ ဦးဇင်းတို့ကို ကုသဖို့ တခြား စစ်သားလူနာတွေကို ကြိုတင်ရှင်းထားရတဲ့ အကြောင်း၊ အထူးပုဂ္ဂိုလ်တွေဆိုလို့ နိုင်ငံရေးသမားကြီးတွေ ထင်ထားခဲ့တာဖြစ်ကြောင်း ပြော ပြပါတယ်။ (၅)ရက်ပြည့်လို့ အနာကျက်ခါစ ရှိလာတဲ့အခါ လက်နက်အပြည့်အစုံတပ်ထားတဲ့ အစောင့်အကြပ်တွေ ကားနဲ့ရှေ့တစ်စီး နောက် တစ်စီးခြံရံပြီး မန္တလေးထောင်ကို အောင်မြင်စွာ ပြန်ပို့လိုက် ပါတယ်။ မန္တလေးထောင်မှာလည်း ရက်ပေါင်းအတော်ကြာ စစ်ကြောရေးဝင်ရပါ တယ်။ မေးခွန်းတွေကတော့ စစ်ဆေးရုံမှာ မေးတဲ့အတိုင်းပါပဲ။ ပရိယာယ်မျိုးစုံနဲ့ မေးကြစစ်ကြပါတယ်။ ဒဏ်ရာရတဲ့ ဦးဇင်းတို့ လေးပါးကိုတော့ ရိုက်လားပုတ်လား မလုပ်ပေမယ့် တခြားအခန်းက ငိုသံ၊ အော်သံ၊ ညည်းသံ၊ ထုရိုက်သံမျိုးစုံကို ကြားနေရပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး အနေနဲ့ ထောက်လှမ်းရေးက ပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ “သင်္ကန်းချွတ်ထားတယ် ဆိုရင် ကိုယ်တော်တို့ကို ရိုက်ဖို့နှက်ဖို့လောက်တော့ ပြောမနေနဲ့ သတ်ပစ်ဖို့တောင် ဝန်မလေးဘူး ကိုယ့်စိတ်ကို ကိုယ်သန့် တယ်။” ဆိုတဲ့စကား ဖြစ်ပါတယ်။ ရဟန်း သံဃာတွေ အပေါ် သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ မူဝါဒ၊ သူတို့ရဲ့ သရုပ်မှန်ကို လစ်ပြလိုက်တဲ့ စကားပါပဲ။ စစ်ကြောရေးနားလို့ ပြန်လာတဲ့ သူတွေထဲမှာ အနှိပ်စက်ခံရလို့ လမ်းမလျှောက်နိုင်သူ၊ထမင်းမစားနိုင်သူတွေလည်း ရှိပါတယ်။ သူတို့မေးချင်ရင် နေ့ရောညရော အချိန်မရွေး ခေါ်ထုတ်သွားတတ် ပါတယ်။ သူတို့ စိတ်တိုင်းကျရေးထားတဲ့ စစ်ကြော ချက်တွေနဲ့ပဲ ဦးဇင်းတို့ကို စွဲချက်တင်ပြီး ပုဒ်မတပ် ထောင်ချပါတယ်။ ပထမချတာက ပုဒ်မ ၅/ည-နှင့် (၇)နှစ်ချပါတယ်။ နောက် (၁၀)ရက်လောက်ကြာမှ ထပ်ခေါ်ပြီး ပုဒ်မ-၄၄၀/ ၂၉၅/ ၂၉၅(က)နဲ့ (၈)နှစ်ထပ်ချလို့ စုစုပေါင်း(၁၅)နှစ် သီးခြားကျခံစေ အမိန့်ချပါတယ်။ ။
• ထောင်တွင်းနေထိုင်ရသည့် အခြေအနေ
ဦးဇင်းတို့ ထောင်ထဲစရောက်တော့ ရောက်ရောက်ချင်း ဘူးဝမှာပဲ မလျှော်မဖွတ်နဲ့ အဖန်တရာတေအောင်ဝတ်ထားတဲ့ အင်္ကျီပုဆိုးအစုတ် တွေနဲ့ အတင်းလူဝတ်လဲခိုင်းပြီး၊ ထောင်ဆေးရုံက သီးခြားတိုက်ကို ပို့ပါတယ်။ မေမြို့စစ်ဆေးရုံက ဆင်းလာတော့လည်း အဲဒီနေရာမှာ ဘဲထားပါတယ်။ ရောက်စ (၇) ရက်လောက်တော့ ထမင်းပို့ချိန် ရေချိုးချချိန်ကလွဲလို့ အချိန်ပြည့်ပိတ်ထားပါတယ်။ လူအဝင်အ ထွက်လည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားလေတော့ တခြားလူတွေနဲ့လည်း အဆက်အဆံ မရှိသလောက်ပါပဲ။ တာဝန်ကျ ထောင်ဝန်ထမ်း၊ အကျဉ်း သားဆေးဝန်ထမ်းနှင့် ထမင်းလာပို့တဲ့ လူတွေလောက်ပဲ တွေ့ရပါတယ်။ အမှုတွဲချင်းတူတာဘယ်နှစ်ယောက်ရှိတယ်ဆိုတာတရားရုံး (တ ကယ်တော့ မတရားရုံး) ထုတ်တဲ့နေ့မှဘဲသိရတာပါ။
ဦးဇင်းတို့ကို စစ်ဆေးရုံခေါ်သွားတော့ ကျန်ခဲ့တဲ့သံဃာတွေက သတ်ဘို့ခေါ်သွားတယ်လို့ ထင်ကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း စစ်ကြော ရေးကာလ တစ်လျှောက်မှာ အဲသလိုမျိုး ဖြစ်လာနိုင်တယ်လို့ တွက်ဆထားပါတယ်။ ဒါကြောင့်ထင်ပါရဲ့- အိပ်မက်ထဲမှာ ကြိုးနဲ့တုပ်ပြီး စစ် သားတွေက သေနတ်နဲ့ဝိုင်းပစ်တာခံရတယ်လို့အကြိမ်ကြိမ်အိပ်မက် မက်ပါတယ်။ လက်တွေ့ဘဝမှာ အမှောင်ကျလေတော့ အိပ်မက် တွေ လည်း မလှနိုင်တော့ဘူးလေ။ ဒဏ်ရာရတဲ့ ဦးဇင်းတို့လေးပါးကို တစ်ခန်းထဲထားတာ ဖြစ်လေတော့ ဒဏ်ရာရတဲ့ ဒုက္ခိတလူနာအချင်းချင်းပဲ စိတ်ဓာတ်မကျအောင် အားပေးစကားတွေ၊ ကြားဖူးနားဝ ဟာသလေးတွေ၊ ဟာသဆန်ဆန် ရှေးဟောင်းနှောင်းဖြစ်လေးတွေကြံဖန်ပြီး ပြော ရပါတယ်။ အဓိကကတော့ ကလေးသာသာရှိသေးတဲ့ ကိုယ်ရင်နှစ်ပါးအတွက်ပါပဲ။ သူတို့နှစ်ပါးက ခြေထောက်မှန်ထားတော့ လမ်းမလျှောက် နိုင်ပါဘူး။ ကပ်ပေါ်တင်ပြီး စစ်ကြောရေးဝင်ရပါတယ်။
မှတ်မှတ်ရရ ထောင်ဆေးရုံမှာနေရတဲ့ အချိန်မှာ အကျဉ်းသား ဆေးဝန်ထမ်းဆီကနေတစ်ဆင့် ဆရာတော် ဦးဝီရသူရေးပေးလိုက်တဲ့ စာရွက် လေးတစ်ပိုင်း ရရှိပါတယ်။ စိတ်ဓာတ်မကျဖို့၊ ထောင်ထဲရောက်တုန်း ရောက်ခိုက် မှတ်တိုင်စိုက်ထူနိုင်အောင် ကျိုးစားဖို့၊ လိုအပ်တာရှိရင် လှမ်းမှာဖို့ အားပေးစကားတွေ ဖြစ်ပါတယ်။ အဲဒီ အားပေးစကားတွေထက် ပိုပြီးအားတက်စေတာက- ဦးဇင်းတို့ရဲ့ ဘွဲ့နာမည်ရှေ့မှာ ဝီရ တပ်ပြီး၊ ဝီရတေဇောဘာသ၊ ဝီရခေမိန္ဒ၊ ဝီရကေလာသ၊ ဝီရနန္ဒာစာရဆိုပြီး ဝီရဘွဲ့ ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ဘဝမှာ ကျက် သီး မွေးညှင်းထလောက်အောင် ဝမ်းသာအားတက်ဖူးတာ အဲဒါပထမဆုံးအကြိမ်ပါပဲ။ ဆရာတော်ဟာ ခေါင်းဆောင်ပီပီ တပည့်တွေ အဓိက လိုအပ်တာ ဘာလဲဆိုတာ ကောင်းကောင်းရိပ်မိပုံရပါတယ်။ ကိုယ်ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကို မပျက်မကွက် ပြန်ပြီး အသိအမှတ်ပြုတာဟာလည်း စားတိုင်းငြိတဲ့ စွမ်းအားရှိတဲ့ ပီတိဆေးတစ်မျိုးပါလား ဆိုတာ နားလည် လိုက်ပါတယ်။
ထောင်ထဲရောက်စ အခြေအနေမှာ သူများရဲ့အနေထားကို နားမလည်၊ ကိုယ့်ရဲ့အခြေအနေ အဆင့်အတန်း လုပ်ကိုင်ခွင့်ရပိုင်ခွင့်ကိုလည်း မသိဆိုတော့ ပင့်တိုင်းမြှောက်ပြီး ခြောက်တိုင်းလန့်နေရတဲ့ဘဝပါပဲ။ ကိုရင်နှစ်ပါးကတော့ အသက်မပြည့်သေးတာကြောင့် ဦးဇင်းတို့ကို ထောင်ချပြီး တစ်လလောက်အကြာမှာ ပြန်လွှတ်ပေးလိုက် ပါတယ်။ ဆေးရုံမှာ (၅)လလောက်နေပြီးတော့ ဦးဇင်းတို့ကို တိုက်ကိုပို့ပါတယ်။ တိုက်မှာက နိုင်ငံရေးမှာ အသိအမြင်ရှိပြီး ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ တစ်တိုက်ထဲနေရတော့ အခြေအနေကို တဖြည်းဖြည်း နား လည်လာပါတယ်။ နေရတာက (၃)တိုက် ဖြစ်ပါတယ်။ ထောင်စည်းကမ်းအရ ကိုယ်နေတဲ့ တိုက်ရဲ့အဝန်းအဝိုင်းထဲမှာပဲ နေရပါတယ်။ အပြင်ထွက်ခွင့်မရှိဘူး။ တစ်ခါတစ်လေကျတော့ နားလည်မှုလေးနဲ့ ထွက်ကြတာတော့ ရှိပါတယ်။
တိုက်မှာ တစ်နှစ် ကျော်ကျော် လောက်နေခဲ့ရပြီး ဦးဇင်းတို့အမှုတွဲ ရှစ်ပါးကို သီးသန့်ကို ပို့ပါတယ်။ သီးသန့်ရောက်မှဘဲ တိုက်ထက်ပိုကျယ်ဝန်းတဲ့ အခန်းနဲ့ ပိုကျယ်ဝန်းတဲ့ ဧရိယာမှာ နေရပါတယ်။ အဲဒီမှာ ဆရာတော်ဦးသုန်၊ ကိုကျော်ညွန့်တို့လို သမာသမတ်ကျပြီး ခံယူချက် ပြတ်သားပြင်း ထန်တဲ့၊ ခေါင်းဆောင်ပီသတဲ့ ပုဂ္ဂိုလ်တွေနဲ့ လက်ပွန်းတသီး အတူနေရတော့ ကိုယ့်ရဲ့ အတွေးအခေါ်၊ စိတ်ဓာတ်နဲ့ ခံယူချက်တွေ အ တောင်ပေါက်ပြီး ပြောင်းလဲရင့်ကျက်လာတယ်လို့ ခံစားမိပါတယ်။ အဲဒီ သီးသန့်မှာဘဲ အင်္ဂလိပ်စာ လေ့လာသင်ယူရင်း ရသလောက်စာအုပ် စာစောင်တွေ ဖတ်ရှုလေ့လာရင်း အချိန်ကို အသုံးချခဲ့ပါတယ်။ ထောင်ကမလွတ်မချင်း သီးသန့်မှာဘဲ တစ်လျှောက်လုံးနေခဲ့ရပါတယ်။ ဒါက ထောင်ထဲမှာနေရတဲ့ ရှစ်နှစ်တာ ကာလအတွင်း အကြမ်းဖျင်း ဖြတ်သန်းမှုပုံရိပ်တွေ ဖြစ်ပါတယ်။
ထောင်အုပ်ချုပ်ရေးအကြောင်း ပြောရမယ်ဆိုရင်တော့ အစိုးရရဲ့ မူဝါဒအရ ထောင်ထဲမှာ ဘုန်းကြီးဆိုတာမရှိဘူး။ အသိအမှတ်လည်း မပြု ဘူး။ ခေါင်းတုံး တုံးခွင့်မရှိဘူး။ တပါးနှစ်ပါး အသုံးအနှုန်းမျိုး သုံးခွင့်မရှိဘူး။ ရဟန်းသံဃာရဲ့ အမှတ် အသား၊ အသုံးအဆောင် ထားခွင့်မရှိဘူး။ ဥပုသ်ပြုခွင့် ကံဆောင်ခွင့်မရှိဘူး။ ဒါက မူဝါဒအရပေါ့။ လက်တွေ့ အုပ်ချုပ်တဲ့ အပိုင်းမှာတော့ သူတို့နားလည်မှုပေးတာတွေတော့ ရှိပါတယ်။ ခေါင်းတုံးတုံးတာတို့၊ ဒေသနာကြားတာတို့၊ ပုဆိုးကို သင်းပိုင်လို ဝတ်တာမျိုးပေါ့။ ဒါကလည်း ရဟန်းတစ်ပါးအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဥပဒေမဲ့လုပ်ဆောင်နေရတဲ့အဖြစ်မျိုးပါပဲ။ ထောင်အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှု ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာ ကျွေးမွေးမှုတို့က အခြေအနေ နှစ်မျိုးအပေါ်မူတည်ပြီး မူနှစ်မျိုးကို ကျင့်သုံးတယ်လို့ ဆိုရပါမယ်။
သူတို့ကို မဟုတ်ရင် မဟုတ်သလို ပြန်အော်တတ်တဲ့ ယုံကြည်ချက်အကျဉ်းသားတွေအတွက် ကျင့်သုံးတဲ့မူနှင့် တစ်ခြား Craminal-အကျဉ်း သားတွေအတွက် ကျင့်သုံးတဲ့မူဆိုပြီး နှစ်မျိုးရှိပါတယ်။ ဥပမာအနေနဲ့ ဦးဇင်းတို့နဲ့ တစ်ခြားရိုးရိုးအကျဉ်းသား ရန်ဖြစ်တယ်ဆိုရင် မှားတာမှန် တာနောက်ထား ကုန်ကုန်ပြောရရင် ကိုယ်မကျေနပ်လို့ ဝင်ထိုးလိုက်တယ် ဆိုရင်တောင် ကိုယ်နဲ့ဖြစ်တဲ့ အကျဉ်းသားပဲ တိုက်ပိတ် ဒေါက်ခတ် ပြစ်ဒဏ်ခံရဖို့ ရှိပါတယ်။ ယုံကြည်ချက် အကျဉ်းသားတစ်ယောက်ကို အပြစ်ပေးဖို့ သူတို့တော်တော် စဉ်းစားရပါတယ်။
ဆေးဝါးကုသမှု အပိုင်းမှာလည်း ၅/(ည) သမားတွေ အတွက်ဆိုပြီး ဆေးဝါးတွေကို သီးခြားခွဲထားပါတယ်။ သာမန် အကျဉ်းသားတစ်ယောက် ဘာရောဂါဖြစ်ဖြစ် ပါရာ၊ဘာမီတွန်ပဲ နောက်ဆုံးဘယ်လိုမှ မရတဲ့အခါကျမှ ဆေးရုံတင် ပေးပါတယ်။ ယုံကြည်ချက်အကျဉ်းသားအတွက် အပြည့်အဝမဟုတ်တာတောင် သူတို့ထက်တော့ နည်းနည်းသာတယ် လို့ဆိုနိုင်ပါတယ်။
အစားအသောက်မှာလည်း အခြားအကျဉ်းသားတွေ ထမင်းမနပ်တာက အစမပြောရဲ မဆိုရဲ ကျွေးတဲ့အတိုင်းစားနေရတဲ့အချိန်မှာ ယုံကြည် ချက်အကျဉ်းသားတွေက ထမင်းဟင်းမကောင်းလို့ စားမရဘူးပြောရင် အဆင်ပြေအောင် လုပ်ပေးတတ်ကြပါတယ်။ ဒါကလည်း သူတို့အနေနဲ့ ဦးဇင်းတို့အပေါ် သနားလို့ စာနာလို့ အကြင်နာပိုလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ အားနည်းချက် ပြစ်ချက်တွေ သတင်းထွက်မှာ ကြောက်လို့ပဲ ဖြစ်ပါတယ်။ သတင်းဘယ်က ထွက်တယ်၊ ကမ္ဘာက ဘာကို အာရုံစိုက်တယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ အခြားအကျဉ်းသားတွေ အတွက် အင်မတန် သနား စရာကောင်းပါတယ်။ အမဲရည်တောင်းလို့ ထုတ်ရိုက်ရင်း သေသွားတဲ့ ကြိုးသမားတစ်ယောက်ရဲ့ အဖြစ် ပျက်ဟာ စစ်အုပ်စုရဲ့ အခြေအနေကို လှစ်ပြနေတာ အထင်အရှားပါပဲ။ ။
• ခံစားချက်နှင့် ရှေ့လုပ်ငန်းစဉ်
ထောင်ကျတာနဲ့ပတ်သက်ပြီး မိမိရဲ့ခံစားချက်ကိုပြောရမယ်ဆိုရင် အဲဒီအပေါ်မှာ ပုဂ္ဂိုရေးအရ ဘယ်သူ့ကိုမှ အာဃာတမထားသလို ဘယ်သူ့ ကိုမှလည်း အပြစ်မတင်ပါဘူး။ မိမိကိုယ်ကိုယ်လည်း အပြစ်ရှိတယ်လို့ မခံယူသလို အဲဒီအတွက် နောင်တဖြစ်စရာလဲ ဘာတစ် ခုမှမရှိပါဘူး။ နောက်ဆုံးလက်ကျန် တရားခံသဘောမျိုးနဲ့ မိမိကံကြမ္မာကိုလည်း ယိုးမယ်ဖွဲ့ပြီး နားငြီးအောင် ဆွေးပြနေမှာလဲမဟုတ်သလို ဘဝအတွက် ဆုံးရှုံးနစ်နာတယ်၊ ပြစ်ဒဏ်ခံရတာမတန်ဘူး ဆိုတဲ့ခံစားချက်မျိုးလည်းမရှိပါ။ ထောင်ဆိုတာ လူဆိုးလူမိုက်ပြစ်မှုပြစ်မှုကျူးလွန်သူတွေရဲ့နေရာဖြစ်ပေမဲ့ ဥပဒေစိုးမိုးမှုမရှိရင် သူရဲကောင်းတွေ လူချွန်လူမွန်တွေအတွက်လည်းဖြစ်တတ်တာ မဆန်းပါဘူး။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ မှာ လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် နေရာမရှိပေမဲ့ တရားဥပဒေဆိုတာအုပ်ချုပ်ခံပြည်သူတွေအတွက်လို့သာသဘောထားပြီး ထင်ရာစိုင်းနေတဲ့အာဏာရူးတွေအုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာတော့ လူ့အခွင့် အရေးနဲ့တရားမျှတမှုမရှိတာ အထူး အဆန်းမဟုတ်ပါဘူး။
ဒါပေမယ့် ထောင်ကျတဲ့အတွက် သင်္ခန်းစာတွေတော့ အများကြီးရခဲ့ပါတယ်။ သင်္ခန်းစာဆိုတာက ဥပမာအနေနဲ့ထုတ်ပြရရင်- အရင်တုန်းက ကိုယ့်မှာအပြစ်မရှိရင် ကိုယ့်ကို ဘာမှလုပ်လို့မရဘူး ဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက် အစိုင်အခဲကြီးဟာ ရုံးထုတ်တဲ့နေ့မှာပဲ လုံးဝ အရည် ပျော်ပြီး ပျက်စီးသွားခဲ့ပါတယ်။ မိမိဘဝတင်မက မိသားစုဘဝ တစ်ခုလုံးကိုပါစွန့်ပြီး နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံစားချက်ကို ကောင်း ကောင်းသဘောပေါက်လာပါတယ်။ ကိုယ်နေရတဲ့နိုင်ငံဟာ အာဏာပြပြီး ဓားမိုးအုပ်ချုပ်နေတဲ့ ဓားမိုးကရေစီနိုင်ငံဖြစ်နေပါလားဆိုတာ ပြက် ပြက်ထင်ထင် သိလာပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး ဤမှန်း ကျွဲမှန်း မကွဲတဲ့အထဲမှာ ကိုယ်လဲအပါအဝင်ဖြစ်ခဲ့တယ်ဆိုတာ သိလာပါတယ်။ မသိ သေးတဲ့သူတွေသိလာအောင် လုပ်ပေးရအုံးမှာပါလား ဆိုတဲ့ခံစားချက်မျိုးလဲ ပေါက်ဖွားလာခဲ့ပါတယ်။
လူ့အခွင့်အရေး လွတ်လပ်မှုနှင့် တရားမျှတမှုဆိုတဲ့ တန်ဘိုးတွေဟာ မြန်မာပြည်သူတွေအတွက် မမှန်းသာအောင် အလှမ်းကွာနေတဲ့ အရာ တွေလဲမဟုတ်ပါဘူး။ အထက်ပါ အသိ၊ ခံယူချက်၊ ခံစားချက်တွေကို အခြေခံပြီးတော့ နောင်တစ်ချိန်မှာ ဘယ်နေရာဒေသ၊ ဘယ်ဘဝ ဘယ် ပုံစံနဲ့ ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် လူ့အခွင့်အရေး လွတ်လပ်မှုနှင့် တရားမျှတမှု ဆိုတာတွေဟာ လူတိုင်းနဲ့ သက်ဆိုင်တယ်၊ သိအောင် လုပ်သင့်တယ်၊ သိအောင် ရရှိအောင်ကြိုးပမ်းတာဟာ အပြစ်မဟုတ်တဲ့အပြင် မြင့်မြတ်တဲ့ ကြိုးပမ်းမှုဖြစ်တယ်ဆိုတာ သိလာအောင် လက် လှမ်းမီသလောက် ဖြန့်ဝေအသိပေးဖို့ မျှော်မှန်းထားပါတယ်။
Friday, June 29, 2012
Photo News
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အပြန်ခရီး ပြည်သူလူထုသောင်းသောင်းဖျဖျ ကြိုဆို
မိုးမခ (ဓာတ်ပုံသတင်း)
ဇွန် ၃၀၊ ၂၀၁၂
ယနေ့နံနက်ပိုင်းမှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှ အမိမြန်မာပြည် အိမ်အပြန်ခရီးတွင် မြန်မာနိုင်ငံ ပြည်သူ ပြည်သားများက လမ်းဘေး ၀ဲယာ တဖက်တချက်စီမှ လှိုက်လှိုက်လှဲလှဲ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
အဆိုပါခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်လွတ်မြောက်အပြီး ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ်။ ပထမဆုံးခရီးစဉ်ကတော့ အိမ်နီးချင်းထိုင်းနိုင်ငံသို့ဖြစ်ပြီး မြန်မာနိုင်ငံသား အများအပြားရှိရာ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ထိုင်း - မြန်မာနယ်စပ်ရှိ အကြီးမားဆုံးသော မယ်လဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။
ဓာတ်ပုံမှတ်တမ်းများ
ဓာတ်ပုံရင်းမြစ် -
7 Day News Journal, Popular Myanmar News Journal, The Voice Weekly's Photo, Asian Fame Media Group နှင့် ဥက္ကာကိုကို ဖေ့ဘွတ်တို့မှ ဖြစ်ပါသည်။