Monday, April 30, 2012

Masoeyein Sayadaw U Kovida - 4 year passing held in Mandalay

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ၏ ကျေးဇူးဂုဏ်သတိရပွဲ မန္တလေးတွင် ကျင်းပ
မိုးမခသတင်းကောက်နုတ်ချက်၊ မေ ၁၊ ၂၀၁၂
            ဧပြီလ ၂၉  ရက်နေ့က မန္တလေးမြို့၊ စိန်ပန်းယဉ်ပုံရပ်၊ ယဉ်ပုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် ၂၀၀၈ နှစ်ဆန်းက အမေရိကန်ပြည်တွင်  ပျံလွန်တော်မူခဲ့ပြီဖြစ်သည့် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒအား ကျေးဇူးဂုဏ်သတိရပွဲသို့ မစိုးရိမ်တိုက်ကြီး၊ မစိုးရိမ်တိုက်သစ်နှင့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်ကြီးများ၊ တပည့်သံဃာများ၊ ဒကာ/ဒကာမများ တက်ရောက်ကြကြောင်း၊ မစိုးရိမ်တိုက်ကြီး အာဂမနယူပဒေသကျောင်းနာယကဆရာတော် ဘဒ္ဒန္တဉေယျာဘိဝံသက အနူမောဒနာ တရားဟောကြားတော်မူခဲ့ကြောင်း၊ အလှူဒကာ/အလှူဒကာမများနှင့် ၈၈ -နိုင်ငံရေးမျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ် ခဲ့ကြကြောင်း သိရပါသည်။
            အဆိုပါ ၈၈ အဖွဲ့၌ ကိုဂျင်မီ၊ ကိုအောင်သူ၊ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်း၊ မမီးမီး၊ မသက်သက်အောင်၊ မအေးစန္ဒာဦးတို့ ပါဝင်ပြီး စုစုပေါင်း အင်အားအစိတ်ခန့်ရှိကြောင်းသိရှိရပါသည်။
            ဆက်လက်၍ ဆရာတော်အရှင်ဝီရသူနှင့် ၈၈ နိုင်ငံရေးမျိုးဆက်အဖွဲ့ဝင် ကျောင်းသားခေါင်း ဆောင်များ သည် ဆရာတော်ဦးကောဝိဒအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသော ကျောက်စာတိုင်နှင့် ဆရာတော် ဦးကောဝိဒ၏ အရိုးပြာအိုးတော်များကို လေ့လာကြည်ညိုခဲ့ကြပါသည်။
            မစိုးရိမ်ဆရာတော်ကြီးဦးကောဝိဒါဘိဝံသသည် အမေရိကန်နိုင်ငံ၊ နယူယော့ခ်ပြည်နယ်၊ ဘရုတ်ကလင်းမြို့၊ ၁၅လမ်း၊ သာသနာ့ဇောတိကကျောင်း၌ ၂၀၀၃-ခုနှစ်မှစ၍ နှစ်စဉ်ဝါကပ်တော်မူပြီး အဘိဓမ္မာသင်တန်း၊ ပရိတ်ကြီးသင်တန်း၊ ပဋ္ဌာန်းသင်တနုးများ ပို့ချတော်မူခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ စာသင်တိုက်၌ နှစ်ပေါင်း ၂၀ကျော် နှစ်စဉ်ဓမ္မာစရိယတန်းဆိုင်ရာ  စာဝါများ ပို့ချတော်မူခဲ့ကြောင်း၊  ၂၀၀၇-ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် အမေရိကန်နိုင်ငံ သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းရာတွင် နာယကဆရာတော် တာဝန်ထမ်းဆောင်ရင်း ဧပြီလ ၂၉ ၊ ၂၀၀၈-ခုနှစ်တွင် အမေရိကန်နိုင်ငံမှာပင် ပျံလွန်တော်မူခဲ့ကြောင်း၊  ရုပ်ကလာပ်တော်ကို မြန်မာပြည်သို့ သယ်ဆောင်ခွင့် မရ၍ ဈာပနပွဲခြိမ့်ခြိမ့်သဲ ကျင့်ပခွင့် အစီအစဉ်ဖျက်ဆီးခံရကြောင်း ဆရာတော်၏ အရိုးပြာတော်ကို ပင့်ဆောင်ဖို့ရာ သုံးနှစ်ကျော်ကြိုးစားခဲ့ရကြောင်း၊ ယခုလေးနှစ်ပြည့်ကာလရောက်မှ လျှို့ဝှက်စွာ ပင့်ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။
            မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသသည် ခုနှစ် ပတ္တနိကုဇ္ဇနကံဆောင်မှုဖြင့် အရေးယူခံခဲ့ရသူဖြစ် ကြောင်း၊ အာဏာရှင်နှင့်လောကဓံကို ရင်ဆိုင်ရာ၌ ဒူးလည်းမထောက် လက်မမြောက်ဘဲ ဘယ်သောအခါမျှ ကြောက်ရွံ့နောက်တွန့်ခဲ့ခြင်းမရှိသော မစိုးရိမ်သွေး အပြည့်ပါသည်။ ရဲရဲတောက် သာသနာ့အာဇာနည် တစ်ပါးဖြစ်ကြောင်း အရှင်ဝီရသူ၏ ဆရာတစ်ဆူဖြစ်ပြီး အရှင်ဝီရသူ အကျဉ်းကျနေစဉ် အရှင်ဝီရသူ လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်တော်မူခဲ့သော ကျေးဇူးရှင်တစ်ပါး ဖြစ်ကြောင်း အရှင်ဝီရသူက ပြောကြားခဲ့ပါသည်။

     မြန်မာပြည်အရေးနှင့် အမျိုး ဘာသာ သာသနာအရေးအတွက် စွန့်လွှတ် စွန့်စားခဲ့ကြသော ရွှေဝါရောင်မြန်မာရဟန်းတော်များအား ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့ဖြင့် ဂုဏ်ပြုပူဇော်ခြင်းကို ဆန်ဖရန်စစ္စကိုတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအစည်းအရုံးဖြစ်သော သာသနာ့ဥသျှောင်အဖွဲ့ နာယကဆရာတော်ဖြစ်သော ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသက ထိုဂုဏ်ထူးဆောင်ဘွဲ့ကို မြန်မာရဟန်းတော်များကိုယ်စား လက်ခံတော်မူခဲ့ ကြောင်းလည်းသိရပါသည်။

Pho Thee Cho Electrical Group facing protest in Dawei

ထားဝယ်က ဖိုးသီးချို ကိုယ်ပိုင်မီးအားပေးလုပ်ငန်းကို စားသုံးသူတို့ မီတာခလျော့ရန် တောင်းဆိုမည်
မိုးမခပေးစာကဏ္ဍ၊ မေ ၁၊ ၂၀၁၂
လက်ခံရရှိသော ပေးစာမှာ အောက်ပါအတိုင်းဖြစ်သည်။

“ထားဝယ်မြို့နယ်တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးလျက်ရှိသော ဖိုးသီးချိုကုမ္မဏီမှ မီတာခကောက်ခံရတွင်  မတရားမှုများ ရှိနေသဖြင့် ထားဝယ်သူ ထားဝယ်သားများ မကျေမနပ် ဖြစ်ကာ မီတာခလျှော့ချပေးဖို့  တောင်းဆိုရန် ဆောင်ရွက် လျက်ရှိပါသည် ။ အဓိကအကြောင်းရင်းမှာ ဖိုးသီချိုမှ ကျောက်ဖြူမြို့တွင် ကောက်ခံသော  မီတာခအား ၁၀ ယူနစ်အောက်သုံးစွဲသူများအတွက် အစိုးရနှုန်းအတိုင်း တစ်ယူနစ် ၅၀ ကျပ်အထိ  လျှော့ချပေးလိုက်သော်လည်း ထားဝယ်မြို့တွင်မူ တစ်ယူနစ်ကို ၅၀၀ ကျော် ၆၀၀ နီးပါအထိ ကောက်ခံလျက် ရှိသောကြောင့် ဒေသခံအများစုမှာ မကျေမနပ်ဖြစ်လျက်ရှိပါသည် ။” (ဆက်သွယ်ရန် - ကို ဇော်ဝင်း (၀၉ ၄၉၈၅၂၃၁၄)၊  ကို ဌေးဦး (၀၉ ၄၉၈၅၁၃၃၃)၊  ဖိုးသီးချို (၀၅၉ ၂၂၄၅၆))
ထားဝယ်မြို့နှင့် တနသာင်္ရီတိုင်း နယ်တလျောက် ကိုယ်ပိုင်မီးစက်ဖြင့် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်နေသော ဖိုးသီးချိုလုပ်ငန်းအကြောင်းကို ၂၀၁၀ ဇွန်လခန့်က မိုးမခမှာ ဖော်ပြခဲ့ဖူးသည်။ ထိုအကြောင်းကို ဒီနေရာကနေ ပြန်ဖတ်နိုင်ပြီ။


ကောက်နုတ်ချက် (ဇွန် ၂၀၁၀ သတင်းဆောင်းပါး)
ထားဝယ်မြို့မှာ ၂၄ နာရီလျှပ်စစ်မီး ရနေတာ ၆ နှစ် ရှိပြီ
တနင်္သာရီတိုင်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ တယူနစ်ကို ၄၅၀ ကျပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက အစိုးရလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးနေပါတယ်။ ဒီဇယ် ဆီ အတက်အကျ (အဆိုပါ ဒေသပေါက်ဈေး) အပေါ်မူတည်ပြီး တယူနစ် ဓာတ်အားခ အပြောင်းအလဲ ရှိနိုင်တယ်လို့ လည်း သိရပါတယ်။ ၄၅၀ ကျပ်ကတော့ ယခုလတ်တလော ဒီဇယ်ဈေးအရ ဖြစ်ပေါ်နေတဲ့ နှုန်းပါ။ အချို့သော ပုဂ္ဂလိက လျှပ်စစ်မီးတွေလို ညဘက် အချိန်ပိုင်းမဟုတ်ပဲ ၂၄ နာရီပတ်လုံး ပေးနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။
ဖိုးသီးချို လုပ်ငန်းစုလို့ အမည်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်က အဲဒီလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ အစိုးရရဲ့ နကိုရှိပြီးသား ဂျင်နရေတာတွေ အပြင် ဒီဇယ်သုံး ဂျင်နရေတာတွေ ၄၊ ၅လုံး ထပ်မံ တပ်ဆင်ပြီး ထားဝယ်မြို့ရဲ့ သုံးစွဲမယ့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ပေးဝေနေတာ အခုဆိုရင် ၆နှစ်နီးပါး ရှိပြီ လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
စတင်သွယ်တန်းတဲ့ အချိန်မှာတော့ စပေါ်ငွေ ၄သောင်းကျပ် ပေးသွင်းရပြီး မီးမမှန်၊ အားမပြည့်တဲ့ အဖြစ်မျိုးကြောင့် သုံးစွဲသူက မသုံးတော့ဘူး ဆိုရင် အထက်ပါ လိုင်းကြေး ပြန်အမ်းပေးမယ် လို့ဆိုပါတယ်။ လျှပ်စစ်မီး သုံးစွဲသူ တဦးအနေနဲ့ အနည်းဆုံး တလ ၁၀ ယူနစ် သုံးစွဲရမှာ ဖြစ်ပြီး အများဆုံး ၂၀၀ ယုနစ် အထိ သုံးစွဲနိုင်တယ် လို့လည်း သိရပါတယ်။
ဒိထက်ပိုတဲ့ ယူနစ် သုံးလိုရင်တော့ လျှပ်စစ်ဓာတ်အား ဖြန့်တဲ့ဆီမှာ ညှိနှိုင်းပြီး သီးခြား မီတာပုံးနဲ့ သွယ်တန်းရမယ်လို့ ဆိုပါတယ်။
တလကို ယူနစ် ထောင်နဲ့ချီသုံးစွဲတဲ့ တည်းခိုခန်း၊ ဟိုတယ်လို လုပ်ငန်းတွေလည်း ရှိတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မိမိကိုယ်ပိုင် မီးစက်နဲ့ သုံးတာနဲ့စာရင် အကုန်အကျ ပိုသက်သာပြီး မီးစက်ထိန်းသိမ်းရတဲ့ ဒုက္ခ၊ လောင်စာဆီ ဖြည့်ရ၊ သိုလှောင်ရတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး လို့လည်း သိရပါတယ်။
ထားဝယ်မြို့သူ မြို့သားတွေ အနေနဲ့ တယူနစ်ကို ၄၅၀ ကျပ်ဆိုတဲ့ အချက်ကြောင့် လျှပ်စစ်မီးကို လိုအပ်သလောက်ပဲ သုံးစွဲကြသလို အမြဲတမ်း လာနေတယ် ဆိုတဲ့ အသိကြောင့် အခြားမြို့တွေမှာလို မီးလာချိန်မှာ လိုတာရော မလိုတာပါ ဖွင့်ကြ လုပ်ကြတဲ့ အလေ့အထမျိုးမရှိတော့ဘူး လို့မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့ခံ တဦးက
“မီး အမြဲလာနေတယ် ဆိုတဲ့ အသိကြောင့် စိတ်က လုံခြုံတယ်။ လျှပ်စစ်မီးနဲ့ လုပ်စရာရှိတာကို ကိုယ့်စိတ်ကြိုက် အချိန်မှာ လုပ်လို့ရတယ်။ တယူနစ်နှုန်းက အခြားမြို့တွေထက် များပေမယ့် လျှပ်စစ်ကို မလိုအပ်တာ မသုံးဖို့ ချွေတာတဲ့ အလေ့လည်း ရသွားတယ်၊ အခု ပုဂ္ဂလိကလျှပ်စစ်မီး စနစ်ကို မြို့က လူအားလုံးနီးပါး သဘောကျကြတယ်”
ဟု ပြောသည်။
ပုဂ္ဂလိကမီးကို ထားဝယ်မြို့နေထိုင်သူ ရာနှုန်းပြည့်နီးပါး သုံးကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား ပေးနေတဲ့ဘက်က မီးလိုင်း ပြင်ဆင် ထိန်းသိမ်းမှု လုပ်ဆောင်စရာ ရှိလို့ ပြတ်တောက်မယ် ဆိုရင် ကြိုတင်ပြီး အကြောင်းကြားတယ် လို့လည်း မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က လျှပ်စစ်မီးနဲ့တော့ ကွာပါ့လို့ ဖတ်ရတဲ့သူတွေက ယူဆကောင်း ယူဆပါလိမ့်မယ်။ ရန်ကုန်က လျှပ်စစ်မီး ဆိုတာဟာ လာချင်တဲ့ အချိန် လာမယ်။ လူတွေ သိပ်အသုံးမလိုတဲ့ အချိန်ဖြစ်တဲ့ ညသန်းခေါင်မှာ ပိုရလိမ့်မယ်။ ဖြတ်ဖို့လိုရင် အချိန်မရွေး ဖြတ်တောက်လေ့ ရှိပြီး ဂရစ်လိုင်း (မြန်မာပြည် အလယ်ပိုင်းနဲ့ အောက်ပိုင်း ဆက်သွယ်ထားတဲ့ ပါဝါလိုင်း) ပေါ်မှာ ဓာတ်အားတွေ ပိုနေပြီဆိုရင် ခွဲတမ်းချိန် မဟုတ်လည်း ဖွင့်ပေးလေ့ရှိပါတယ်။
ဓာတ်အား မလောက်တဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ အရေးတကြီး လိုနေပေမယ့်လည်း ဖြတ်ဖို့ ၀န်မလေးသလို ပိုနေတဲ့ အခါမှာလည်း သုံးစွဲသူတွေ မလိုအပ်လည်း လွှတ်ပေးတဲ့ စနစ်နဲ့ သွားနေတာက လက်ရှိ စစ်အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်ပဲ ဖြစ်ပါတယ်

Naing Oo Nyo (Phoe Zero) - Poem

အာဏာသစ်
နိုင်ဦးညို (ဖိုးဇီးရိုး)
မေလ ၁၊ ၂၀၁၂



အာဏာပလ္လင်ပေါ်ထိုင်မိလို့
အာဏာရလာသူတွေ
အာဏာရှင်တွေဖြစ်ပြီး
အာဏာမက်လာလို့
အာဏာရူးတာ
မနေ့က ကမ္ဘာ။

အာဏာရှင်တွေ
အာဏာရှိတာကို
ဓနရှိသူတွေ
အားကျလာလို့
ဓနရှင်က ဓနနဲ့ပေါက်
ဓနရှင်က ပညာနဲ့ပေါင်း
အာဏာရှင်ရဲ့အာဏာကို
အကြမ်းမဖက် အနုနည်းနဲ့
အာဏာသိမ်းနေတာ
ဒီနေ့ကမ္ဘာ။

Witt Hmoe (Singpore) - Book Review

ကျွန်တော်သိသော တရံရောအခါများ
ဝတ်မှုန် (စင်ကာပူ)
မေလ ၁၊ ၂၀၁၂



စာအုပ်အမည် - ကျွန်တော်သိသော တရံရောအခါများ
စာရေးသူ - ကိုကိုမောင်ကြီး


ကိုကိုမောင်ကြီးစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ပြီး ကောက်နုတ်ရရင် ….
၁။ မျက်စိဆရာဝန်ဝန်ကြီးဦးသန်းမောင်၊ စာရေးဆရာမဒေါ်ကြွယ်ကြွယ်၊ သမီး။ တူမ ကိုအေးသိန်း-မအေးချို၊ ဗမကစောမြင့် (မဟေသီ)၊ မြတ်ထန် (ဗမကတင်မောင်)၊ မိုးမိုးတာရောစန် (ဗခက ခင်မောင်သောင်း) တို့ကို ကျေးဇူးတင်စကား ရေးထားပါတယ်။

၂။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ဗိုလ်မှုးကြီးသန်းစိန် (စစ်ဦးစီ ဗမက)၊ ပြည်တဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စိုး (စစ်ရာထူးခန့် အတွင်း ၀န်) တော်လှန်ရေးကောင်စီ ၁၇ ဦးမှာ အစိုးရအဖွဲ့တာဝန်ခံ ၈ ဦး (၀န်ကြီးရာထူး) ရှိပါတယ်။ ဗိုလ်ချုပ်နေ၀င်းက (၃) ခု၊ ကာကွယ်ရေး၊ အခွန်၊ တရားရေး။ ဗိုလ်ချုပ်အောင်ကြီးက (၂) ခု၊ ဦးစောမြင့် (၂) ခု၊ ဦးတင်ဖေ (၂ခု)၊ ဦးသီဟန် (၃) ခု၊ ဦးကျော်စိုး (၂) ခု၊ ဦးသန်းဖေ (၁) ခု၊ ဦးဘနီ (၁) ခု တာဝန်ယူခဲ့ကြပါတယ်။

၃။ စာရေးသူ ကိုကိုမောင်ကြီးဟာ ရင်းနှီတဲ့ ဗိုလ်မှူးကိုကိုပြောပြချက်များကို ကိုးကားပြီး၊ ဦးနေ၀င်းနဲ့နီးစပ်ပြီး အရေးပါရာထူးကိုယူခဲ့တဲ့ ဗိုလ် မှူး ကြီးစောမြင့်များကို ညွှန်းပြီးရေးသားထားပါတယ်။

၎။ ၁၉၆၂ ခု၊ စစ်အာဏာသိမ်းပြီး တနှစ်ကျော်မှာ ၊ ဒီမိုကရေစီစနစ်ကို မြေလှန်ပစ်မဲ့ ပြည်သူပိုင်သိမ်းဥပဒေနဲ့နညးဥပဒေကို ဥပဒေကျွမ်းကျင်သူ ဦးဘငြိမ်းက ဦးနေ၀င်း စိတ်ကြိုက်ရေးဆွဲပြီး၊ တော်လှန်ရေးကောင်စီဝင်များကို ခေါင်းငြိမ့်အတည်ပြုစေခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို အစပျိုးခဲ့ပါတယ်။ (စာမျက်နှာ ၈၂၁)

၅။ ဦးနေ၀င်းနဲ့ ဦးတင်အောင်ဟိန်း ၂ ယောက် ၁၉၈၈ နောက်ပိုင်း အနားယူသွားတဲ့ဦးနေ၀င်းကို သွားတွေ့တဲ့အခါ၊ ဦးနေ၀င်းပြောစကားတခုက .. ကိုယ်လူတွေနဲ့ ကြုံတုံး ပြောပြရဦးမယ်။ သံသရာ၊ သိင်္ခါရ၊ အနတ္တတရားတွေ အခုသိခဲ့သလို၊ သိခဲ့ရင် ၁၉၆၂ ခုကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး.. ဟု ပြောခဲ့ပါတယ်။ (စာမျက်နှာ ၇၆၂)

၆။ ဒုကာချုပ် ဗိုလ်မှူးချုပ်အောင်ကြီးဟာ အာဏာသိမ်းပြီး နောက်တနေ့၊ အိပ်ရာနိုးချိန် အာဏာသိမ်းကိစ္စကိုမသိတဲ့ မျက်နှာပုံပန်းကို မြင် ခဲ့ရကြောင်းကိုရေးခဲ့ပါတယ်။ (စာမျက်နှာ ၇၀၈)။ စာရေးသူဆိုလိုတာက ဦးအောင်ကြီးဟာ အာဏာသိမ်းပြီး လအနည်းငယ်အကြာ စစ်ရာထူးမှ အနားယူရသူဖြစ်ကာ၊ ရာထူးသာရှိပြီး လုပ်ပိုင်ခွင့်မရှိသူဖြစ်ကြောင်း ဆိုလိုပါတယ်။

၇။ ၁၉၆၂ခု အားဏာသိမ်းပြီး ပထမဆုံး အသိမှတ်ပြုသ၀ဏ်လွှာပို့ခဲ့သူက လောနိုင်ငံခေါင်းဆောင် Phumi ဖြစ်ပါတယ်။ ဦးနေ၀င်းက အာ ဏာသိမ်းစစ်ခေါင်းဆောင်အများကို ပြောစကားက အလွန်အာဏာရှင်ဆန်ပါတယ် .. “ကိုယ့်ကို Congratulate လုပ်တယ်တဲ့ဗျာ။ …. “ဟု ပြောဆိုပြီး အာဏာသိမ်းခေါင်းဆောင်များ (နိုင်ငံခေါင်းဆောင်များ) မျက်စေ့ရှေ့တွင် ထိုသ၀ဏ်လွှာကို လုံးချေလွှင့်ပစ်ပြလိုက်ခြင်း၊ အာ ဏာ သိမ်း နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်များ ဦးနေ၀င်းနှင့်အတူ ၀ိုင်းဝန်းရယ်မောကြခြင်း၊ စာရေးသူ ကိုကိုမောင်ကိုယ်တိုင်ကလည် ထိုစဉ်က အတူရယ်မောလိုက်မိသည်ကို နောင်တရမိကြောင်း ရေးသားထားပါတယ်။ (စာမျက်နှာ ၇၁၉)

၈။ ဦးနေ၀င်း ကိုယ်ရေးဘ၀ကို စာရေးသူချစ်လှိုင်တွင် တာဝန်မရှိ ဟုဆိုကာ မရေးသားပါ။ ရွှေဘိုမုဆိုးခြုံမှာ ဗိုလ်တွန်နှင့် ဆွေမျိုးဆက်စပ်သလို ရေးသားထားသည် (စာမျက်နှာ ၈၄၄)၊ စာရေးသူ ကိုကိုမောင်ကြီးသည် မ.ဆ.လ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဦးနေ၀င်းနှင့်အတူ တည် ထောင်ခဲ့ခြင်းကို လက်ရှော့ဟန်မတူသည့် ပုံစံရေးထားပါသည်။ ဦးနေ၀င်း၏နိုင်ငံရေးဘ၀ကို သူ့ဆရာသမားအနေဖြင့် ရေးသားထားပါ သည်။ (စာမျက်နှာ ၈၃၀)

၉။ ဦးနေ၀င်းအကြောင်းများကို ထပ်မံကိုးကားရေးသားရာတွင်၊ ဒေါက်တာမောင်မောင်စာအုပ်၊ ဦးနေ၀င်း၏ညီဖြစ်သူ ဦးသိန်းညွှန့် ပြောစကားများ “နာစရာရှိလျှင် လွမ်းစရာတွေနဲ့ပေါ့” ဟုလည်းကောင်း၊ ဖ.ဆ.ဖ.လ ဦးကျော်ငြိမ်းကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ကြောင်းများကို ရေးသားထားပါသည်။ (စာမျက်နှာ ၈၈၄၊ ၈၉၆)

၁၀။ ဦးနုအကြောင်းကို သူ့အမြင်ရေးသားဖေါ်ပြထားပါသည်။ စာရေးသူကိုကိုမောင် တွေ့ဆုံရသူများတွင် (၆) ဦးကို အမွှမ်းတင်ရေးသားကာ စာအုပ်ကို အဆုံးသပ်ထားပါသည်။ ထို ၆ ဦးမှာ သခင်စိုး၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဦးအောင်ကြီး၊ ဦးဗဆွေ၊ ဦးသိန်းဖေမြင့် တို့ဖြစ်သည်ဟု ဆိုပါသည်။ (စာမျက်နှာ ၈၉၇)

စာမျက်နှာ ၉၀၀ ထူထဲလှသော စာအုပ်တွင်၊ ဦးနေ၀င်း (စစ်အာဏာရှင် အစပျိုးသူ) အတွက် ရာထူးကြီးမယူပဲ၊ အမှုဆောင်ပေးခဲ့သူ ဦးချစ်လှိုင် (ကလောင်အမည် ကိုကိုမောင်ကြီး) ၏ဘ၀ဖြစ်စဉ်သည် စိတ်ဝင်စားစရာ မရှိလှသော်လည်း၊ ဦးနေ၀င်းအကြောင်း အနည်းငယ်ရေးသား ထားသည့်အတွက် .. နောင်မြန်မာပြည်တည်ထောင်မည့် ခေါင်းဆောင်သစ်များ၊ အာဏာရှင်စရိုက်များကို ခ၀ါချရာတွင် အသုံးပြုနိုင်ရေး အတွက် အကျဉ်း ကောက်နုတ်ရေးသားလိုက်ပါသည်။

Tu Maung Nyo - It runs down into history of Burma

မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
တူမောင်ညို။ မေ၁ ၊ ၂၀၁၂
(NLD) ပါတီက ရှေ့နေပညာရှင်ဦးဉာဏ်ဝင်း မကြာခင်က ပြောခဲ့တဲ့စကားနဲ့ စတင်ပါရစေ။
 “ကျနော်တို့ လွှတ်တော်ထဲကိုအရင်ဝင်၊ ဝင်ပြီးတော့မှပြင်လို့ မြင်တဲ့သူတွေကို ဘာမှဝေဖန်စရာသုံးသပ်စရာမရှိဘူး၊ ဒါက ကျနော်တို့ အမြင်တွေက ကိုယ့်အမြင်နဲ့ကိုယ်ရှိကြမှာပဲ၊ ဒါပေမယ်လို့ ကျနော်တို့နားလည်တာက အဲဒီလိုဝင်လိုက်ရင်ကျနော်တို့ရဲ့ မူရင်း ဖြစ်တဲ့စည်းကမ်း Principal ကို ထိခိုက်တယ်လို့ထင်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပေးဖို့ ကျနော်တို့ တင်ပြ ကတည်းက ဒီစည်းကမ်းဟာ ကျနော်တို့ရဲ့စည်းကမ်းပါ။ အဲဒီတော့ကိုယ့်စည်းကမ်းကိုယ် ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့တတ်နိုင်သမျှ ပြေလည်ဖို့နည်းလမ်းတွေရှာပြီးတော့ အကြံပြုချက်တွေပေးနေတာပါ”
တကယ်တော့တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စားပြုတယ်၊ ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင် ဘာတွေလုပ်နေတယ်၊ ဘယ် လိုလုပ်မယ်ဆိုတာ လေးလေးစားစား ရှင်းပြဖို့လိုအပ်ပါတယ်။
ခေါင်းဆောင်ဟာ လမ်းခရီးမှာ ကိုယ်ပိုင်ကားမောင်းသူလို ကိုယ်ပြောင်းချင်တဲ့ဂီယာပြောင်းပြီး၊ ကိုယ်ကွေ့ချင်သလိုကွေ့တာ မျိုးမဖြစ်သင့်ပါဘူး။ ခရီးသည်တင်ဘတ်စ်ကားမောင်းသူလို ကားပေါ်ပါလာတဲ့ ပါစင်ဂျာတွေရဲ့ အသက်တွေကိုအလေးထားရပါမယ်။ အချိုး၊အကွေ့၊အတက်၊အဆင်းဆိုတဲ့ ဦးတည်သွားနေတဲ့ ခရီးလမ်းအခြေအနေအပေါ်မူတည်ပြီး ကိုယ့်ဂီယာကိုစနစ်တကျ ပြောင်းလဲ သင့်တာပါ။
          ထို့အတူနိုင်ငံရေးပါတီတစ်ခုဟာလည်း တစ်ဦးတစ်ယောက်ရဲ့ အာဏာပိုင်အဖွဲ့အစည်းဘဝ ကျရောက်မသွားစေသင့်ပါဘူး။
 အဲဒီလိုကျရောက်မသွားရအောင်လည်း အဲဒီနိုင်ငံရေးပါတီအဖွဲ့အစည်းထဲ (အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲက)မှာ မှန်ကန်တဲ့ ဝေဖန်ဝန်းရံမှုတွေရှိဖို့လိုပါတယ်။ အခုအခြေအနေက ထိပ်ဆုံးခေါင်းဆောင်ပြောသမျှကို ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲပါတဲ့ သူတွေ ကိုယ်တိုင်က မပယ်ရှားဝံ့ဘဲ၊ “ဗောင်းတော်ငြိတ် စိတ်တော်သိ” ဆိုသလို ဆိုးဆိုးကောင်းကောင်း လိုက်နာလုပ်ဆောင်နေကြတဲ့ သဘော တွေ့မြင်နေရပါတယ်။
           “ (NLD) လွှတ်တော်ထဲဝင်ရောက်ဖို့အတားအဆီးဖြစ်နေရတဲ့အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက် အဖြစ် သတ်မှတ်ချင်ပါတယ်။ နိုင်ငံရေးကိစ္စအနေနဲ့ မချဲ့ကားစေချင်ပါဘူး”လို့ပြောပါတယ်။  (၂၆ဧပြီ - EMG - သတင်း)
          နိုင်ငံရေးကိစ္စအနေနဲ့ ချဲ့ကားချင်တာ၊ မချဲ့ကားချင်တာဟာ မိမိစိတ်ဆန္ဒနဲ့သာ ဆိုင်ပြီးလက်တွေဖြစ်နေတဲ့ကိစ္စကို လက်တွေ့ ဖြစ်ပေါ်နေတဲ့ အတိုင်းသာကိုင်တွယ်ဆောင်ရွက်ရမှာပါ။
          နည်းစနစ်ပိုင်းမှားယွင်းမှုသက်သက်အဖြစ်သတ်မှတ်ချင်ပါတယ်ဆိုဦး၊ နည်းစနစ်ပိုင်း မှားယွင်းမှုကို ဘယ်လိုညှိနှိုင်းပြုပြင်ကြမလဲ ဆိုတာ (NLD)ထိပ်ပိုင်းခေါင်းဆောင်တွေ ဝိုင်းဝန်းဆွေးနွေးကြရမယ့်ကိစ္စဖြစ်ပြီး ဆွေးနွေးရရှိလာတဲ့ရလဒ်အတိုင်း ဆောင်ရွက်ရမှာပဲ မဟုတ်ပါလား။
          “ဇယား ၄ ”ကိစ္စမှာ ကျနော်ရရှိလိုက်တဲ့အချက်ကတော့ (NLD) ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်မယ် ဆိုပေမယ့် စနစ်တကျစုစည်းလေ့လာထားမှုမရှိဘူး။  လေ့လာထားမှုမရှိဘဲ  အရေးဆိုတယ်။
          ပါတီရဲ့ပညာရှင်ရှေ့နေကတော့ သူ့အမြင်ကို ဥပဒေရှုဒေါင့်ကနေ အခုလိုလေ့လာဖေါ်ထုတ်ပြောကြားခဲ့ပါသေးတယ်။
“ကျနော်တို့ရဲ့ဥပဒေအမြင်တွေကိုတင်ထားပါတယ်။ ဒီနေ့အထိတော့ လက်ခံခြင်းရှိ/မရှိ ကျနော်တို့ မသိရသေးပါဘူး၊ ဥပဒေ တွေရော လုပ်ထုံးလုပ်နည်းတွေရော နောက်ဆက်တွဲ ဇယားတွေရော အကုန်လုံးဟာ လိုက်လျောညီထွေရှိရမယ်။ consistent ဖြစ်ရ မယ်။ inconsistent ဖြစ်တာက ဥပဒေမဟုတ်ဘူး၊ consistent ဖြစ်အောင်ကိုလုပ်ရမယ်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင် ဆင်ချက်ထွက်လိုက်ပြီဆိုရင် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးလုပ်ဖို့က ဥပဒေရဲ့မူပဲ ကျနော်တို့ ဒါကို ကိုင်စွဲနေတာပါ”
 ပါတီရဲ့ပညာရှင်ရှေ့နေဟာ ပါတီဆုံးဖြတ်ချက်အတိုင်းစာရေးပြီး သက်ဆိုင်ရာနေရာတွေကို အကြံပြုပါတယ်။ နေပြည်တော် သွားဆိုသွားပါတယ်။ ခုံရုံးကဖိတ်တော့လည်းသွားပါတယ်။ ဟိုကလက်ချာရိုက်တာကိုနားထောင်ပါတယ်။ သူ့အမြင်သဘောထားကို ခုံရုံး မှာ ထုတ်မပြောခဲ့ပါဘူး။သူ့ပညာနဲ့သူ့မာနကိုအသာထားခဲ့ပုံပေါ်ပါတယ်။သူ့ဘက်ကတာဝန်ကျေပါတယ်။
သတင်းစာရှင်းလင်းပွဲကျမှသာအမြင် မတူတာတွေကို  အခုလိုရင်ဖွင့်ပါတယ်။
“--- ကျွန်တော် ရှေ့နေ ပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
          ရှေ့နေပညာရှင်ရဲ့ လေ့လာတင်ပြချက်တွေဟာ သူ့စကားအတိုင်းပြောရရင် consistence ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပါတီ ခေါင်းဆောင်က ဂငယ်ကွေ့ ကွေ့ချလိုက်တာကတော့ သူ့ဥပဒေပညာရှင်အတွက် မျက်နှာပူစရာဖြစ်ပါတယ်။
          တိုင်းကျော်ပြည်ကျော်နိုင်ငံရေးပါတီကြီးဟာ မိုးလားကဲလားတွေ ပြောထားပြီး နှစ်ရက်တစ်ပိုင်းအတွင်းမှာ “ပြည်သူများ၏ ဆန္ဒ အရ” ဆိုတဲ့ စကားလုံးလှလှသုံးပြီး ကိုယ့်စည်းကမ်း၊ ကိုယ့်(Principle) ကိုယ်ဖောက်ပြလိုက်တဲ့ဖြစ်ရပ်ကို ပြည်သူလူထုကိုယ်စား ကျနော် မှတ်မှတ်သားသား မှတ်တမ်းတင်ပါရစေ။  
          “မူမဲ့တဲ့ နိုင်ငံရေး” ဆိုတာ မဟတ္တမဂန္ဒီကြီး ရဲ့ “ဆိုးရွားသောဒုစရိုက် ၇ ပါး” အနက် တစ်ပါး အပါအဝင်ဖြစ်ပါတယ်။

ညွန်း
-       (သတင်းထောက် အံ့ဘုန်းမြတ်နှင့် ဦးဉာဏ်ဝင်း အင်တာဗျူး- ဒီဗွီဘီ - တီဗွီသတင်း ၂၇ ဧပြီ)
-       (၂၆ဧပြီ - EMG - သတင်း)
-       Mahatma  Gandhi's Seven Deadly Sins

2 NMSP members released

သမ္မတ၏ လက်ဆောင်အဖြစ် မွန်ပြည်သစ်ပါတီဝင် ၂ ဦးကို ပြန်လွှတ်
ဟံသာ - Yangon Press International သတင်းဌာန
ဧပြီ ၃၀၊ ၂၀၁၂


ယနေ့ ပြန်လည်လွတ်မြောက်ပြီး မိခင်ပါတီထံ လွှဲပြောင်းပေးခြင်းခံရသူ နှစ်ဦးအနက်မှ နိုင်မျိုးသွေးကို မိသားစုနှင့် ယနေ့မွန်းလွဲပိုင်း တွေ့ရစဉ် (ဓာတ်ပုံများ - Yangon Press International)

မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။

အဆိုပါ လွှဲ ပြောင်းပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် အမှတ် လျှပ်စစ် စွမ်း အားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် နှင့်အဖွဲ့ဝင်များ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။

“မွန်ပြည်သစ်ပါတီက အင်မတန်လိုလားနေတဲ့ နိုင်ယက္ခနဲ့နိုင်မျိုးသွေး ကို မွန်ပြည်သစ်ဥက္ကဋ္ဌ လက်ထဲကိုလွှဲ အပ်လိုက်ပါပြီ၊ ဒါက သမ္မတကြီး ရဲ့လက်ဆောင်အဖြစ်ယူဆလို့ရပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့် အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုသွားသည်။

ယခုလွတ်မြောက်လာသော မွန်ပြည်သစ်ပါတီမှ နိုင်ယက္ခနှင့် နိုင်မျိုးသွေး (ထောင်မှတ်တမ်းတွင် “ထွေး” ဟု မှားယွင်းထည့်သွင်းခဲ့) မှာ ဖောက်ခွဲမှုဖြင့်စွပ်စွဲ ခံရပြီး ၂၀၀၃ ခုနှစ်တွင် စတင် ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

ကြိုးမိန့်ပေးခံ ခဲ့ရာမှ အယူခံအောင်မြင်၍ တသက်တကျွန်းအဖြစ်သို့ လွှဲ ပြောင်းကျခံခဲ့ရာမှ ၉ နှစ်အကြာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွတ်မြောက်လာခြင်းခြင်းဖြစ်သည်။

နိုင်ယက္ခ မိသားစုဝင်များနှင့် အတူ

နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီ၏ ခရိုင်စည်းရုံးရေးတာဝန်ခံအဖြစ်လည်းကောင် နိုင်မျိုးသွေးမှာ စစ်ဘက်ဆိုင် ရာတွင် ဗိုလ်ကြီးအဆင့်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင် ခဲ့ကြသည်။

“ကျွန်တော်တို့ လွတ်တယ် ဆိုတာ ကြိုမသိခဲ့ဘူး ဒီမနက်မှ သိရတာပါ ၊ကျွန်တော့်ကို သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းပေးတာ သုံးရက်ရှိပြီ၊ ဂျာနယ်တွေ ဖတ်ရကတည်းက လွတ်တော့မယ် ဆိုတာတော့ သိတယ်၊ ဘယ်တော့မှန်းတော့ သေချာ မသိတာပါ” ဟု နိုင်မျိုးသွေးက ဆိုသည်။

၎င်းတို့ကို ၀န်ကြီး ဦးဇော်မင်းက ဦးဆောင်သည့်အဖွဲ့က ခေါ်ဆောင်လာခြင်းဖြစ်ပြီး နေ့လယ် တနာရီဝန်းကျင်တွင် ရန်ကုန်မှ မော်လမြိုင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

မွန်ပြည်သစ်မှ နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို လွှတ်ပေးရန် အတွက် ငြိမ်းချမ်းရေးအဆင့် စတင်ဆွေးနွေးစဉ်က မွန်ပြည်သစ်ပါတီဘက်က တောင်းဆိုခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က စတုတ္ထအကြိမ် အစိုးရနှင့်မွန်ပြည်သစ် ပါတီ ဆွေးနွေးစဉ် အဆိုပါကိစ္စကို ထပ်မံ ဆွေးနွေးခဲ့ရာ အစိုးရဘက်က လွှတ်ပေးရန် သဘောတူညီချက်ရရှိခဲ့ပြိး ၁၉ ရက်အကြာတွင် ယခုကဲ့သို့လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မွန်ပြည်သစ်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ဥက္ကဋ္ဌ နိုင်ထောမွန်က “အပစ်ခတ်ရပ်ပြီးနောက်ပိုင်း လွှတ်ပေးမယ် လွှတ်ပေးမယ်နဲ့ အတိအကျ အချိန်မပေးနိုင်ဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးတယ် ဆိုတာ မသေချာဘူးဆိုရင် ယုံကြည်မှုကို တည်ဆောင်တဲ့အခါမှလည်း အခက် အခဲဖြစ်တယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခုလို လွှတ်ပေးမယ်လို့ ဆွေးနွေးပြီး ဆယ်ရက်အတွင်း ပြန်အပ်ပေးတာ ကျွန်တော်တို့ အနေနဲ့ ၀မ်းသာပါတယ်” ဟု ဆိုသည်။

ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို မွန်ပြည်သစ်အဖွဲ့ ၀င်များ၊ မွန်အမျိုးသား ဒီမိုကရေစီပါတီမှ အဖွဲ့ ၀င်များ ငြိမ်းချမ်းရေး အကျိုးဆောင်များက သောင်းသောင်းဖျဖျကြို ဆိုခဲ့ကြသည်။ ။

Sunday, April 29, 2012

NLD to go Parliament upholding existing regime's swear-in


ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီအမတ်များ မေလတွင် လွှတ်တော်တက်မည်
မိုးမခ သတင်းကောက်နုတ်ချက်၊ ဧပြီ ၃၀၊ ၂၀၁၂
လွှတ်တော်တက်မယ့်အမတ်များအတွက် အခြေခံဥပဒေပါကျမ်းကျိန်လွှာက စကားအသုံးအနှုန်းပြင်ဆင်နိုင်ရေး ကြန့်ကြာမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်များက ဧပြီလ ၂၃ လွှတ်တော်ညီလာခံကို တက်ရောက်ခြင်းမရှိခဲ့သော်လည်း ယခုအခါတွင် လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀၊ ပါတီရုံးချုပ် သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က စကားလုံးပြုပြင်ရေးအတွက်ကြန့်ကြာနေမှုများနောက်ပိုင်း ယခုကဲ့သို့ လွှတ်တော်တက်ရန် ဆုံးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်းဖြေကြားရာတွင် …
“အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ဖြေကြားသည်ဟု ဆိုသည်။
            လက်ရှိပြဋ္ဌာန်းထားသော လွှတ်တော်အမတ်များအတွက် ကျမ်းကျိန်စာအတိုင်း အင်န်အယ်ဒီအမတ်များက လွှတ်တော်တက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျမ်းကျိန်ကြမည်ဖြစ်ပြီး လွှတ်တော်တွင်းဝင်ရောက်ပြီးမှသာ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး စသည့် လုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ကြလိမ့်မည် မျှော်လင့်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ - ဖေ့စ်ဘွတ်စာမျက်နှာ၊ အင်တာနက်)

Photo News

အော်ရီဂွန်ပြည်နယ်က အတာသင်္ကြန်ပွဲ
မိုးမခမိတ်ဆွေ (အောရီဂွန်)
ဧပြီ ၃၀၊ ၂၀၁၂

အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၂၈) ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူးသင်္ကြန်အတာပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတအက အလှ၊ ရိုးရာသံချပ်စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။










ပေါ့လန်းမြို့မြန်မာမိသားစုများရဲ့ ရိုးရာသင်္ကြန်ပွဲတော်ကို နံနက် (၁၁) နာရီတွင် သက်ကြီးပူဇော်ပွဲဖြင့်စတင်ကျင်းပခဲ့ကြပြီး တက်ရောက်လာ သည့် ဘိုးဘွားများမှ ပြည်လည်ကျေးဇူးတင်မေတ္တာပို့သခဲ့ကြပါတယ်။ ပေါ့လန်းမြို့ မျိုးဆက်သစ်လူငယ်များမှ ရိုးရာနှင့် ခေတ်ပေါ်အက တေးသီချင်းများဖြင့်ပျော်ရွှင်စွာဧည့်ခံခဲ့ကြပါပြီး ပေါ့လန်းမယ်၊ ပေါ့လန်းမောင် သံချပ်အဖွဲ့များနှင့်အတူ စီရယ်တဲလ်မြို့မှ မြန်မာ့ဒီမိုကရေစီအင်း အားစုများမှလည်း မြန်မာ့ခေတ်စံနစ်ကိုထင်ဟတ်စေသော ရိုးရာသံချပ်များဖြင့် အစည်အလာမပျက်တင်ဆက်ခဲ့ကြပါတယ်။ ကရင်တိုင်း ရင်းသားများမှလည်း ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်သွားခဲ့ကြပါတယ်။ တက်ရောက်လာသူပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် အမေရိ ကန်မိတ်ဆွေများအား မြန်မာ့ရိုးရာအစားသောက်စုံလင်စွာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်သို့ လူဦးရေ (၅၀၀) ခန့်တက်ရောက်အားပေးခဲ့ကြပြီး ပြည်သူ့ဂုဏ်အသင်း အော်ရီဂွန်ဌာနခွဲမှ မိတ်ဆွေများမှလည်း မြန်မာ့ရိုးရာအစားအသောက်များဖြင့်တည်ခင်းဧည့်ခံခြင်း၊ ရံပုံငွေပန်းကုန်းများရောင်းချခြင်းနှင့် အော်ရီဂွန်မြန်မာမျိုးဆက်သစ်လူငယ်များရဲ့ ရံပုံ ငွေတီရှပ်များကို တက်ရောက်လာသူများမှ အားပေးဝယ်ယူခဲ့ကြပါတယ်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ညနေ (၆) နာရီအထိ စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရပါတယ်။

MoeMaKa - Photo News

နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဆန်းဒေးကမ်ပိန်း
မိုးမခမိတ်ဆွေ (နိုင်/ကျဉ်းဟောင်း)
ဧပြီ ၃၀၊ ၂၀၁၂

နိုင်ငံရေးအကျဉ်းသားဟောင်းများမှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လုပ်ဆာင်နေကျဖြစ်သော အကျဉ်းထောင်တွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများအား လိုက်လံအားပေးစကားပြောကြားခြင်းကို ၂၉.၄.၂၀၁၂ ယနေ့နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ကြပါ သည်။











ပထမဦးစွာ နို့ရေလမ်း၊ အမှတ် (၁၄) ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရှိ စောစိုးလင်း (ခ) စောဖိုးချို၏နေအိမ်သို့ရောက်ရှိခဲ့ကြပြီး စောဖိုးချို၏ ဇနီးနှင့် သမီးငယ်နှစ်ဦးတို့အား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပြီး စောဖိုးချိုအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါ သည်။

စောစိုးမင်းထွန်း (ခ) စောဖိုးချို မိသားစုနှင့် ကိုစောဖိုးချို

စောစိုးမင်းထွန်း (ခ) စောဖိုးချိုသည် ၁၇/၁၊၁၃/၁ ပုဒ်မတို့ဖြင့် သရက်ထောင်တွင်အကျဉ်းချခံနေရဆဲဖြစ်ပါသည်။ ယင်းနောက်နိုင်ငံရေးအကျဉ်း သားဟောင်းများသည် အမှတ် ၃၇/၆ ၁၀ လမ်း၊ ၃ ရပ်ကွက် လှိုင်မြို့နယ်ရှိ ကိုအောင်အောင်ဦး၏နေအိမ်သို့ရောက်ရှိခဲ့ကြပြီး ကိုအောင်အောင် ဦးရဲ့မိခင် ဒေါ်မြမြစန်းအား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပြီး ကိုအောင်အာင်ဦးအတွက် လက်ဆောင်များပေးအပ်ခဲ့ပါသည်။ ကို အောင်အောင်ဦးသည် ၅/ည၊ ၁၇/၂၀ ပုဒ်မများဖြင့် ကသာထောင်တွင် အကျဉ်းချခံနေရဆဲဖြစ်ပါသည်။


ကိုအောင်အောင်ဦး၏မိခင်နှင့် ကိုအောင်အောင်ဦး

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်မှ ကိုအောင်အောင်ဦး၏မိခင်အား “နိုင်ငံတော်သမ္မတကြီးအား ဘာများပြောချင်ပါ သလဲလို့” မေးမြန်းရာကိုအောင်အောင်ဦးရဲ့မိခင် ဒေါ်မြမြစန်းမှ “သားသမီိးချင်းကိုယ်ခြင်းစာသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာ သောအားဖြင့်လည်းကောင်း၊ နိုင်ငံတ်ာသမ္မတကြီးမှ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွတ်ပေးစေချင်ကြောင်း” ပြောကြား ခဲ့ပါသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ဘာများအမှာစကားပါးချင်ပါသလဲလို့မေးမြန်းရာ “အန်တီစုကတော့ သူ့သားသမီးတွေ အားလုံး အပြင်ကိုရအောင်ပြန်ထုတ်မှာပဲလို့” ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းဟောင်းများသည် ယင်းကဲ့သို့ အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားမိသားစုများအား လိုက်လံတွေ့ဆုံနေခြင်းကို အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံး တစ်ဦးတစ်ယောက်မကျန် ပြန်လည်လွတ်မြောက်လာတဲ့အထိ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကိုထွန်းကြည်မှ ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားစုစုပေါင်း (၃၄၄) ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများမှပြုစုထားသော စာရင်းများအရသိရှိရပါသည်။

FFSS Yangon calling for volunteers and students for free tuition

နာရေးကူညီမှုအသင်း၏ ပညာဒါန နှိုးဆော်ချက်
မိုးမခရွာဆော်ကြီး၊ ဧပြီင်္ ၃၀၊ ၂၀၁၂
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဇွန်လ ပထမအပတ်မှ စတင်၍ တက္ကသိုလ်ဝင်တန်း (၁၀) တန်း ကျောင်းသား/သူများအတွက် ပညာဒါန စာသင် စာကျက်ဝိုင်း ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စား ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော စေတနာ့ဝန်ထမ်း ဆရာ/မများနှင့် စာသင်စာကျက် ဝိုင်း တက်ရောက်လိုသော ကျောင်းသား/သူများ မေလကုန် နောက်ဆုံးထား၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၅၈၀၁၃၃၊ ဒေါ်ဧရာမောင်မောင် - ၀၉ ၇၃၀ ၃၁၁၈၂ သို့အား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အများ ပြည်သူသို့ အသိပေး နှိုးဆော်အပ်ပါသည်။

Nay Myo Aye - No Turn Back

ကာတွန်နေမျိုးအေး - နောက်ပြန်မလှည့်ကြေး ...
ဧပြီ ၃၀၊ ၂၀၁၂

Photo Htet - Articles

နာကျဉ်စေသော ကစားကွင်းများ
ဖိုးထက်
ဧပြီ ၃၀၊ ၂၀၁၂



ကျနော်သည် အလွန် အပျင်းကြီးသော အကောင်ဖြစ်သည်။ ကျနော်ပျင်းသောကိစ္စများကို ချရေးပြရလျှင် စာမျက်နှာအများကြီး အလဟဿ ဖြစ်သွားနိုင်သဖြင့် အကျယ်မရှင်းလိုတော့။ ပျင်းသောအကြောင်းအရာတွေက အသက်အရွယ်အရ အပြောင်းအလဲ ရှိနိုင်သည်။ ငယ်ငယ်က စွန်းဝုခုံးလို၊ ရမ်ဘိုလို ဗွီဒီယိုဇာတ်လမ်းများကြည့်ရမှာမပျင်းပေမယ့် အသက်ကြီးလာသော အခုအရွယ်မှာလှည့်တောင် မကြည့်ချင်တော့။ သို့သော် အသက်ကြီးလာသော်လည်း မပြောင်းမလဲ ပျင်းမြဲ ပျင်းလျှက် ပျင်းဆဲကိစ္စများမှာ ကျက်စာများကြည့်ရခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းဖြစ်သည်။

အသက်ကြီးလာပြီး အလုပ်လုပ်နေသော ကျနော့်အတွက် ကျက်စာများ အလွတ်ကျက်မှတ်ရသော ဒုက္ခမှလွတ်ကင်းလာသောကြောင့် အ ရေးမကြီး။ သို့ပေသိ အသက်အရွယ်ရလာလေ ကိုယ်လက်လှုပ်ရှား တစ်ခုခုလုပ်သင့်သည်ကို သိလာလေဖြစ်သောကြောင့် ထိုအပျင်းကြီး သောကိစ္စကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်လာရသည်။

ကျန်းမာရေးရှုထောင့်က ကြည့်ကြည့်၊ စိတ်ဖိစီးမှုလျော့ကျဖို့ဘဲကြည့်ကြည့် ကိုယ်လက်လှုပ်ရှားလုပ်ခြင်းသည် အလွန်သင့်တော်မှန်း သိ သည်။ မိုးရွာသည်တောင် တစ်သက်လုံးလိုလို လမ်းလျှောက်မပျက်သော လူထုဦးလှ၊ ရွှေဥဒေါင်းကြီးတို့ထက် မလျော့သောအသိဖြင့် ကိုယ် လက်လှုပ်ရှားလုပ်သင့်သည်ကို သိသည်။ အသိသည် အသိဖြစ်သည်။ အလုပ် မဟုတ်။ ကျနော်ကဖြင့် ပျင်းမြဲ ပျင်းလျက်ရှိသည်။

လူသည် မိမိကိုယ်ကို အလွန်ဖော့ပြီးတွေးသောသတ္တ၀ါဖြစ်သည်။ အလုပ်သွား အလုပ်ပြန် မိနစ် ၃၀ ခန့် လမ်းလျှောက်ရသော ကျနော့်အတွက် အတော်ကြီးပိုလျှံသော ကိုယ်လက်လှုပ်ရှားမှုဟု သတ်မှတ်သည်။ လုံလောက်သည်သာမက ပိုလျှံလွန်းသည်ဟုထင်ပြီး ကျနော့်ကို ကျနော် အလွန်သနားသည်။

အသက်ရလာသည်နှင့်အမျှ ခေါင်းမူးတာလိုလို၊ သွေးတိုးတာလိုလို၊ ခါးအောင့်တာလိုလိုဖြစ်လာပြီး ဗိုက်ကြီးပူလာတာကိုတွေ့တော့ “ငါ အား ကစားတစ်ခုခုလုပ်မှ ဖြစ်တော့မယ်” ဟု တွေးမိသည်။ “သူ့ကျွန်မခံပြီ” “ ကျန်စစ်မင်း” စသည့် မြန်မာ့ရုပ်ရှင်လောကတွင် ၀က်ဝက်ကွဲ နာမည်ကြီးပြီး သောက်သောက်လဲရှုံးသော ရုပ်ရှင်များကြည့်ဘူးသည်။ ထိုရုပ်ရှင်ဇာတ်ကားများထဲမှ ဗိုက်ပူကျန်စစ်သား၊ ဖောသွပ်သွပ် သူရဲကောင်းတွေကြည့်မိပြီး ရုပ်ပြလုပ်စားတဲ့သူတွေတောင် ဗိုက်ပူကြီးတွေကို ဂရုမစိုက်သေးတာ ငါက ဘာအရေးလဲဟု တွေးမိပြန်သည်။

သို့သော် တမြန်မနေ့ အလုပ်ပိတ်ရက် အိပ်ရာထကတည်းက လေးလံနေသော စိတ်နှင့်ကိုယ်ခန္ဓာကြီးကို ပေါ့ပါးလန်းဆန်းစေရန်အတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို ညနေတော့လုပ်အုံးမှဖြစ်မည်ဟု တေးမှတ်ထားလိုက်သည်။ ညနေရောက်တော့ ဘောင်းဘီတိုဝတ်၊ ကင်း ဗတ်ဖိနပ်လဲကာ ပြေးမလို့ဟုပြောသော ကျနော့်ကို အိမ်ကလူများက လူနာတင်ကားနံပါတ်သိတယ်မို့လားဟု ရွဲ့ကြသည်။ အပျင်းကြီးသော ဒင်းတို့ကို ငပျင်းကျနော်က အထွန့်တက်ပြန်ပြောမနေဘဲ အိမ်နားက ဘောလုံးကွင်းကြီးထဲကို ထွက်ခဲ့သည်။ လောကကြီးမှာ လူတွေသည် ငပျင်းတွေကြီးဘဲဟု တစ်နှစ်တစ်ခါ လေ့ကျင့်ခန်းလုပ်သော ကျနော်က အထက်စီးအတွေးနှင့် တွေးပေးလိုက်သည်။

ဘောလုံးကွင်းထဲရောက်တော့ ဒီနိုင်ငံငယ်လေးမှာ ကျန်းမာရေးလိုက်စားတဲ့သူတွေအတော်များသားဟု တွေ့လိုက်ရသည်။ ဘုစုခရုအရွယ်မှ အစ တစ်လှမ်းချင်းလျှောက်နိုင်သော ဘိုးဘိုး၊ ဘွားဘွားအရွယ်များအထိ အရွယ်စုံလေ့ကျင့်ခန်းလုပ်နေသည်ကို တွေ့ရသည်။ ဖြည်းဖြည်းမှန် မှန်ပြေးသူများရှိသည်။ ပေါ့ပေါ့ပါးပါး စကားတပြောပြော လမ်းလျှောက်နေသူများလဲမရှား။ ပင်ပင်ပန်းပန်းဖြင့် ဘောလုံးကန်၊ အမြန်ပြေး၊ အလေးမနေသူများလဲ အများသား။ ကြောင်တောင်တောင် ကျနော်က ဘောလုံးကွင်းကြီးကို နှစ်ပါတ်ပတ်ပြေးအပြီးမှာတော့ အတော်ဖား သွားသည်။ အကြောလျှော့ရင်း၊ ဟိုဟိုဒီဒီငေးရင်း ရွှေနိုင်ငံကြီးကို သတိတရရှိလာသည်။

ချွေးသံတရွှဲရွှဲ အားရပါးရ ခုန်ပေါက်ဆော့ကစားနေသောကလေးတွေကိုကြည့်ပြီး အိမ်က ကလေးလေးတွေကို အမှတ်ရလာသည်။ ရန်ကုန် ရှိ အိမ်မှကလေးတွေက အလိုလိုက်တတ်သော ကျနော့်ကိုတွေ့တိုင်း ပူဆာသည့်ကိစ္စအများစုမှာ ကစားကွင်းတွေကို လိုက်ပို့ခိုင်းခြင်းဖြစ် သည်။ တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာနေကြသော သူတို့၏ကွင်းပြင်ကျယ်ကျယ်ကြီးများကို မက်မောစိတ်ကို ကိုယ်ချင်းစာမိသည်။ သို့ သော် သူတို့လေးတွေ၏ ဆူဆူညံညံအသံများ၊ ရန်ဖြစ်သံများ၊ အလိုဆန္ဒများကြောင့် ကျနော်က တွန့်ဆုတ်တတ်သည်။ ဒင်းလေးတို့သွားဖို့ ပြင်ရဆင်ရ လုပ်ရသည်ကို စောင့်ရသည့်အပြင် အငှားကားငှားရ၊ မပျောက်မရှရအောင် ဂရုစိုက်ရတာတွေကြောင့်လဲ ပါသည်။

ကျနော့်ရှေ့ဘောလုံးကွင်းကြီးထဲရှိ ကလေးလေးတွေကတော့ အုပ်ထိန်းသူ လူကြီးသူမပင် ပါကြသူ သိပ်မတွေ့ရ။ အပူအပင်မရှိ သောင်း ကျန်းကြသည်။ အခန့်မသင့် ဒင်းလေးတို့ ဆော့ကစားရင်း ကျိုးပြုသွားရင်လဲ ပြည့်စုံ လုံလောက်သော ခေတ်မှီဆေးဝါးကုသမှုတွေက မပူမ ပင်ရ။ ကွင်းပြင်ကျယ်ကျယ်ကြီးထဲမှာ ကစားရင်း ကျိုးတယ်ပြုတယ်ဖြစ်ရအောင်လည်း တစ်ယောက်နဲ့တစ်ယောက် ရိုက်ချိုးမှသာ ဖြစ်နိုင် မည်။ ဒီတော့ အားရပါးရ ဆော့ကြစမ်း၊ ကမြင်းကြစမ်း။

ကျနော့်ဘေးရှိ အဘွားအရွယ် အမေကြီးတစ်ယောက်ကတော့ ဘောလုံးကွင်းကြီးကို နောက်တပါတ်ထပ်ပြီး လမ်းလျှောက်ဖို့ ပြင်နေသည်။ ကျနော် ရန်ကုန်မှာရှိနေစဉ်က အသက်အရွယ်ရလာသောအမေ့ကို မနက်စောစောလမ်းလျှောက်ဖို့သွေးဆောင်ရတာကို သတိရသည်။ အမေက သားဖြစ်သူနှင့်အတူတူ မနက်ခပ်စောစောထပြီး လမ်းလျှောက်ပေမယ့် မှောင်မှောင်မည်းမည်း အနိမ့်မြင့်အတက်ကျ များလှသော လမ်းတွေကို စိတ်အပျက်ကြီးပျက်ကာ ဘယ်လိုခေါ်ခေါ် မလိုက်တော့။ နဂိုကမှ အပျင်းဓာတ်ခံရှိသောအမေသည် “ငါ့ဘာသာ အိမ်ထဲဘဲ နေ ပါ့မယ်။ နင့်လမ်းတွေနဲ့ ငါ့ချော်လဲကျိုးကန်းသွားမှဒုက္ခ” ဆိုသော အကြောင်းပြချက်နှင့်အတူ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့သာ အချိန်ကုန် တော့သည်။ အထပ်မြင့်မြင့်တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာနေပြီး သွေးတိုး၊ ဆီးချိုရှိသော အမေ့ကျန်းမာရေးအတွက် မကောင်းမှန်း သိပေ မယ့် လှေခါးအမြင့်ကြီးတွေကို အတက်အဆင်းလုပ်ဖို့မလွယ်သောကြောင့် ကျနော်ကလဲ ထပ်ပြီးမကြိုးစားချင်။

ဒီနိုင်ငံငယ်လေးမှာက ကျောင်းတိုင်း၊ ကျောင်းတိုင်းမှာ ဘောလုံးကွင်းအကြီးကြီးတကွင်းတော့ ရှိစမြဲ။ ရပ်ကွက်တိုင်း၏ မနီးမဝေးမှာ ကစား ကွင်းလေးတွေ ရှိသည်။ ယုတ်စွအဆုံး လူနေတိုက်ခန်းကြီးတွေ၏ အနီးနားတွေမှာ အားကစားလုပ်စရာ မြေနေရာကွက်လပ်လေးတွေနှင့် အားကစားလုပ်ဖို့ ကိရိယာတန်ဆန်ပလာ အကြမ်းထည်တွေကို လုပ်ပေးထားသည်။ ကျနော် အလုပ်သွားရာလမ်းရှိ ဈေးသက်သက်သာ သာဖြင့် လူတိုင်း ၀င်ကစားလို့ရသော တင်းနစ်ကွင်းကြီးများကို မြင်ယောင်မိသည်။ တင်းနစ်ကစားနေကြသောလူများ၏ အ၀တ်အစား၊ ခေါင်းစီး၊ ဖိနပ်များက ကျနော်အရူးအမူး နှစ်သက်သော မိထွားကြီး ရှာရာဗိုဗာ၊ ရာဖေးလ်နာဒယ်တို့ စတိုင်လ်ထက် သာလွန်ကြသည်။ တင်း နစ်ကစားတော့ ဘောလုံးက ထန်းတစ်ဖျား။ ဘယ်လောက်ဘဲကစားတာညံ့ညံ့ ထိုလူများ၏ ရီသံလွင်လွင်လေးများကို ကျနော်သတိထား မိသည်။ ပျော်ရွှင်ကြည်နူးနေကြသော သူတို့ကိုတွေ့တိုင်း ကျနော့်ရင်က ဘာကိုနာလို့နာမှန်းမသိ။

ကျနော့်အတွေးတွေချော်နေစဉ်မှာ ကျနော်ရောက်နေသောဘောလုံးကွင်းကြီးကို အမှောင်ထုက ဖုံးလွှမ်းလာသည်။ အားကစားကွင်း ထောင့်လေးထောင့်တွင်ရှိသော မီးဆိုင်းတိုင်ကြီးတွေမှ မီးရောင်များ ဖြာဆင်းကျလာသည်။ နေညိုချိန်မှာ အိမ်ပြန်မှဖြစ်တော့မည်။ အိမ် ရောက်ရင် ရန်ကုန်က အိမ်ကိုဖုန်းဆက်ရအုံးမည်။ ကျနော်ငယ်စဉ်က ပညာသင်ကြားခဲ့သော မူလတန်းကျောင်းဝင်းလေး၏ ဘောလုံးကွင်း ကျဉ်းကျဉ်းလေးကို ၀န်းရံကာဆောက်နေသည့်တိုက်ခန်းများထဲမှ တိုက်ခန်းတစ်ခန်းလောက် ၀ယ်ဖို့ ကြိုးစားနေသော အမေ့ကို တားဆီးမည်။ ဒီလ ဘီယာဖိုးလျှော့ကာ ကလေးတွေကို ကစားကွင်းလိုက်ပို့ဖို့ ပိုက်ဆံပိုပြီး ပို့လိုက်မည့်အကြောင်း အသိပေးလိုက်မည်။ အိမ်က ကလေး တွေ၏ “ဟေး” ဆိုသည့် တီတီတာတာအော်ဟစ်သံများကိုတော့ ကျနော် ကြားနိုင်မှာတော့မဟုတ်။ သူတို့၏ဝေးရာသို့ ရောက်နေသော ကျ နော့်ရင်ဘတ်ကြီး အတွင်းကျကျဆီမှ အောင့်လာတာကို ဒင်းလေးတို့ မသိနိုင်ပါစေနဲ့လို့ ဆုတောင်းရင်း အိမ်အပြန်လမ်းဆီသို့ ဦးတည်မိသည်။ ကျနော့် ကျော နောက်မှာတော့ ပျော်ရွှင်ကြည်နူးစွာဖြင့် ကိုယ်လက်လှုပ်ရှားပြုလုပ်နေကြသော ကျနော့်သွေး၊ ကျနော့်သားများမဟုတ်သည့် လူများ ကျန်နေရစ်ခဲ့သည်။

Ku Mojo - Cartoon

ကဲ ... ခုတော့ ဘယ်နှယ်ရှိစ ...
ကာတွန်း - ကူမိုးကြိုး
ဧပြီ ၃၀၊ ၂၀၁၂


Kyaw Thu - FFSS Yangon Activity,

အနာဂတ်အတွက် ပရဟိတဆေးပညာရှင်များ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၃၀၊ ၂၀၁၂

“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်အံ့” ဟူသည့်ဆောင်ပုဒ်အား ပညာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထား သည်နှင့်အညီ ပညာရေးကဏ္ဍသည် အရေးပါသော အဓိကကျသောကဏ္ဍတစ်ရပ်ဖြစ်သည်။ အောင်မြင်တိုးတက်ပြီး ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်ဖို့ ပညာရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျှက်ရှိပေသည်။ ထို့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှလည်း လွှတ်တော်အစည်းအဝေးတွင် ပြည်သူ/သားအားလုံးတို့အား “သေနတ်အစား တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ကြပါစေ” ဟူ၍ ပညာရေးကဏ္ဍအား ပညာရေးအသုံးစာရိတ်များတိုးမြင့်မည်ဟု တရားဝင်ပြောကြားခဲ့သည်။





ပညာသင်ကြားမှု အခန်းကဏ္ဍများတွင် ဆေးပညာရပ်သည် အရေးပါသောအခန်းကဏ္ဍတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆို နိုင်ငံတော် သစ်ထူထောင်ရာတွင် အများပြည်သူတို့၏ လူ့စွမ်းအားအရင်းအမြစ်အား တိုးမြှင့်နိုင်ရန်အတွက် လူသားတို့သည် ကျန်းမာသန်စွမ်းဖို့ အဓိက ဖြစ်သည်။ ကျန်းမာသန်စွမ်းပါမှ မိမိတတ်မြောက်ထားသော အင်ဂျင်နီယာပညာရပ်၊ ဗိသုကာပညာရပ်၊ စက်မှုလက်မှုပညာရပ် စသည့် ထူးချွန်ထက်မြက်သော ပညာရပ်များအား အသုံးချပေးဆပ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးသည် လာဘ်တစ်ပါးဟူသော စ ကားရပ်လည်းရှိခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နိုင်ငံတော်သစ်ထူထောင်ရာတွင် အဓိကလိုအပ်မှုတစ်ခုဖြစ် သော ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍနှစ်ခုအား မြင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ပထမဦးစွာ ဆေးပညာရပ်အား သင်ကြားနေသော ဆရာဝန်လောင်းများအတွက် ပထမဦးဆုံး အစီအစဉ်တစ်ခုပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်မှာ ဆေးပညာရေးထူးချွန်ဆု (Medical Student Scholarships) ပေးမည့်အစီအစဉ်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ဆေးပညာ ရေးထူးချွန်ဆု (Medical Student Scholarships) အား တက္ကသိုလ် ဝင်တန်းအား ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ချိန်တွင်လည်း ကိုယ့်ဒူးကိုယ်ချွန်ဖြင့် ပညာရေး အား အပတ်တကုတ်ကြိုးစားလျှက် မိဘဆွေမျိုးများအား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနေကြသော ဆေးတက္ကသိုလ်ကျောင်းသား/သူများ အား နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်တန်း အောင်မြင်နေသ၍ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဆေးပညာရေးထူးချွန်ဆုကို ဘွဲ့ရသည်အထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။

ထိုသို့ ဆေးပညာရေး ထူးချွန်ဆုကို ယခု ၂၀၁၂ ခုနှစ် ပထမအကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မကွေးဆေးတက္က သိုလ်များသို့ တက်ရောက်နေကြသော ကျောင်းသား/သူ (၁၁) ဦးတို့အား ချီးမြှင့်ပေးခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ် (၂) တွင် ဆေးပညာ သင်ကြားနေသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေ တစ်သိန်းခွဲနှင့် မကွေးဆေးတက္ကသိုလ်တွင် ဆေးပညာသင်ကြားနေသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေ နှစ်သိန်းကျပ်တို့အား ပထမနှစ်ဝက်အတွက် ပညာသင်ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ပေးအပ်ဂုဏ်ပြုခဲ့ သည်။

ထပ်မံ၍လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘ/က)၊ ပရဟိတစာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ/မများအတွက်လည်း ဂုဏ်ပြုလစာငွေများအား ချီးမြှင့်ပေးရန် ဆောင်ရွက်နေပြီဖြစ်သည်။ ဘ/ကကျောင်းများနှင့် ပရဟိတစာသင်ကျောင်းများ တွင် ပညာသင်ကြားပေး လျှက်ရှိသော ဆရာ/မများသည် ပရဟိတပညာရေးကျောင်းများမှ ချီးမြှင့်ပေးသော ပညာဒါနအလှူငွေ (လစာ)များသည်လည်း မိမိတို့ဘဝရပ်တည်ရေးအတွက် နည်းပါးနေခြင်းတို့ကြောင့် ပြင်ပအချိန်များတွင် ကျူရှင်များ၊ ဝိုင်းများသင်ကြားမှုဖြင့် ရပ် တည်မှုကို ရှာဖွေနေရသည့်အတွက် ဘ/ကကျောင်းများ၊ ပရဟိတ စာသင်ကျောင်းများတွင် ကလေးသူငယ်များအား ပညာသင်ကြားရာတွင် နောက်ဆံတင်းခြင်း၊ ပညာရေး အား ပြည့်ဝစွာမသင်ကြားပေးနိုင်ခြင်းတို့ဖြစ်ပေါ်နေသောကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နောင်တိုင်းပြည်၏ အနာဂတ်လူငယ်များအတွက် အဓိကကျသော ပညာရေးကဏ္ဍအား မြှင့်တင်ပေးလိုသောဆန္ဒဖြင့်လည်းကောင်း၊ ပညာသင်ကြားနေ သော ဆရာ/မများအတွက်လည်း ပညာသင်ဂုဏ်ပြု ငွေများချီးမြှင့်ပေးလိုခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်အရပ်ရပ်ရှိ ပညာဒါန ပရဟိတကျောင်းများမှ ပညာသင်ကြားပေးနေသော ဆရာ/မများအား စိစစ်၍ ဂုဏ်ပြုငွေများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။





ထိုသို့ ဆေးပညာရေးထူးချွန်ဆု (Medical Student Scholarships) ရရှိကြသည့် ဆေးကျောင်းသူ/ သားများအား နာရေးကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ချုပ်ချယ်ကန့်သတ်မှုများမပြုလုပ်ပဲ မိမိတို့တတ်မြောက်လာကြမည့် ဆေးပညာဒေါက်တာဘွဲ့များဖြင့် ပရဟိတစိတ်ဓါတ် အခြေခံပြီး မိဘပြည်သူအပေါင်းတို့အား အလုပ်အကျွေးပြုကြပါရန်နှင့် မိမိတို့တာဝန်ကျရာ နေရာဒေသများတွင်လည်း အများပြည်သူတို့၏ ကျန်းမာရေးအတွက် အစွမ်းကုန်ကုသပေးနိုင်ရန် တိုက်တွန်းနှိုးဆော်မှုကို ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အာမခံချက်ရှိသည့် ပညာရေးကဏ္ဍတစ်ရပ်ဖြစ်လာရန်အတွက်လည်းကောင်း၊ အများပြည်သူ ကျန်းမာရေးအတွက် အုတ် မြစ်ခိုင်မာသော ဆေးပညာရပ်အား တည်ဆောက်နိုင်ရေး၊ ပရဟိတစိတ်ဓါတ်ရှိသော ဆေးပညာရှင်များပေါ်ပေါက်လာရေးတို့အတွက် ကျွန် တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် အတူ ပြည်တွင်း/ပ အလှူရှင်များအားလုံးမှ ဝိုင်းဝန်းကြိုးစားပံ့ပိုးပေးသွားကြမည် ဖြစ်တော့ သည်။

Mar Mar Aye

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၀)
မာမာအေး
ဧပြီ ၊ ၂၀၁၂


“---- သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်၊ ချစ်သူ့ရင်ခွင်ကြား နားနားနေနေ၊ ရေမြေအလိုက် စိုက်စိုက်ပါလို့ မျောလိုလဲ မျောပါစေ၊ ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ၊ သစ္စာတရားထွန်းကါးရာ ငြိမ်းချမ်းသာယာသောနယ်မြေ---”

Myanmar ICT to host information courses

မြန်မာ အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ MIDO မှ အိုင်စီတီနည်းပညာ သင်တန်းများပြုလုပ်သွားမည်
မိုးမခ အထောက်တော်၊ ရန်ကုန်။ ဧပြီ ၂၉၊ ၂၀၁၂ 
မကြာမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဘလော့ဂါ နေဘုန်းလတ်နှင့် အခြား အိုင်စီတီပညာရှင်များက မြန်မာ အိုင်စီတီနည်းပညာ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ MIDO Myanmar ICT Development Organization မှ မြန်မာနိုင်ငံနည်းပညာ ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ကွန်ပျူတာ အခြေခံအသုံးပြုနည်း၊ အင်တာနက် အခြေခံအသုံးပြုနည်းများ သင်တန်းများ ပေးသွားမည်ဟု ယနေ့နံနက်ပိုင်း ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ 
စေတနာ့ဝန်ထမ်း လုပ်ဆောင်ပေးလိုသူများကိုလည်း ဖိတ်ခေါ်လိုက်ပြီး နယ်မြို့များမှ သင်တန်းလုပ်ဆောင်လိုသူများလည်း ဆက်သွယ်နိုင်ကြောင်း ပြောဆိုသည်။  ပထမဆုံး နယ်သင်တန်းတခုကို မကြာသေးမီက ကရင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည်ဟုလည်း ကိုနေဘုန်းလတ်က ပြောသည်။ 
ကိုနေဘုန်းလတ်က ၎င်းအဖွဲ့အနေဖြင့် သင်တန်းများ အပြင် ရေရှည်အားဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆက်သွယ်ရေး ဆိုင်ရာမူဝါဒများ ပေါ်ထွန်းလာဖို့ အကြံပြုသွားမည့် ရည်ရွယ်ချက်မျိုးအထိ ထားရှိသည်ဟု ပြောဆိုသည်။ 
သာဓကအနေဖြင့် ၎င်းကပြောရာတွင် “ကျွန်တော်တို့ကို ထောင်ချတဲ့ အီလက်ထရွန်းနစ် အက် ဥပဒေ ၃၃ (က) ၊ (ခ) ဆိုရင် စာကြောင်း ၇ ကြောင်းလောက်ပဲရှိတယ် လူတယောက်ကို ထောင် ၁၅ နှစ်ချမယ့် ဥပဒေပုဒ်မမျိုးဟာ အဲလောက်ကြီး တိုတိုလေးတော့ မဖြစ်သင့်ဘူး” ဟုပြောဆိုသွားသည်။ 
ယမန်နှစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီးနောက် မြန်မာနိုင်ငံတွင် မီဒီယာဖြေလျော့မှုများ လုပ်ဆောင်လာသည့်နောက် အိုင်စီတီ ဖွံ့ဖြိုးရေးသည် သတင်းမီဒီယာ ကဏ္ဍတွင် ပိုမိုအရေးပါလာခဲ့သည်။ 
(ယနေ့နံနက်ပိုင်းက MIDO Myanmar ICT Development Organization က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာ ပြုလုပ်တဲ့ စေတနာ့ဝန်ထမ်း လုပ်ဆောင်လိုသူများနှင့် တွေ့ဆုံပွဲ မှာ ကိုနေဘုန်းလတ် စကားပြောနေစဉ် )

Saturday, April 28, 2012

Than Win Hlaing - Articles

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း - အပိုင်း (၉)
သန်းဝင်းလှိုင်
ဧပြီ ၂၉၊ ၂၀၁၂



၁၉၈၈ခုနှစ်မှစ၍ အာဏာသိမ်းပိုက်ခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့တဖြစ် လဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၂ နှစ်အကြာ ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံ၍ ရွေး ကောက်ပွဲကျင်းပပြီးနောက် ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့၌ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားသော ဦးသိန်း စိန်ခေါင်း ဆောင်သည့် ပြည်ထောင်စုအစိုးရသစ်ထံ အာဏာလွှဲပြောင်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက် ကြောင်း ကြေညာခဲ့သည်။

ယင်းနေ့မှာပင် သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများ၊ ပြည်ထောင်စုအဆင့်ဖွဲ့ အစည်းဝင်များ၊ ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့ မှောက်တွင် ကတိသစ္စာပြုပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဝင်များစာရင်းကို ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဦးသိန်းစိန် - နိုင်ငံတော်သမ္မတ
(၂) သီဟသူရဦးတင်အောင်မြင့်ဦး - ဒုတိယသမ္မတ
(၃) ဒေါက်တာစိုင်းမောင်ခမ်း (ခ) မောင်အုန်း - ဒုတိယသမ္မတ
(၄) ဗိုလ်ချုပ်လှမင်း - ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၅) ဒုတိယဗိုလ်ချုပ်ကြီးကိုကို - ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(၆) ဗိုလ်ချုပ်သိန်းဋ္ဌေး - ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန
(၇) ဦးဝဏ္ဏမောင်လွင် - ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး
(၈) ဦးကျော်ဆန်း - ဝန်ကြီး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန
(၉) ဦးမြင့်လှိုင် - ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန
(၁ဝ) ဦးဝင်းထွန်း - ဝန်ကြီး၊ သစ်တောရေးရာဝန်ကြီးဋ္ဌာန
(၁၁) ဦးလှထွန်း - ဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန
(၁၂) ဦးခင်မောင်မြင့် - ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန
(၁၃) ဦးတင်နိုင်သိန်း - ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဋ္ဌာန
(၁၄) ဦးဝင်းမြင့် - ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန
(၁၅) ဦးသိန်းထွန်း - ဝန်ကြီး၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဋ္ဌာန
(၁၆) ဦးအောင်ကြည် - ဝန်ကြီး၊ အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန
(၁၇) ဦးသိန်းထိုက် - ဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးဋ္ဌာန
(၁၈) ဦးအုန်းမြင့် - ဝန်ကြီး၊ သမဝါယမဝန်ကြီးဋ္ဌာန
(၁၉) ဦးဉာဏ်ထွန်းအောင် - ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာန
(၂ဝ) ဦးတင့်ဆန်း - ဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာနနှင့် အားကစားဝန်ကြီးဋ္ဌာန
(၂၁) ဦးကျော်စွာခိုင် - ဝန်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဋ္ဌာန၊ (၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်နေ့တွင် သမ္မတရုံးဝန်ကြီးဋ္ဌာနသို့ပြောင်းလဲခန့်အပ်၍ ၂ဝ၁၂ ခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျန်းမာရေးအခြေအနေကြောင့် နှုတ်ထွက်သွားသည်။)
(၂၂) ဦးစိုးသိန်း - ဝန်ကြီး၊ အမှတ် (၂) စက်မှုဝန်ကြီးဋ္ဌာန၊ (၂ဝ၁၁ ခုနှစ် သြဂုတ်လ၁ဝရက်နေ့တွင် အမှတ် (၁) စက်မှုဝန်ကြီးဋ္ဌာနဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်စေခဲ့သည်)
(၂၃) ဦးအောင်မင်း - ဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဋ္ဌာန။
(၂၄) ဦးသန်းဌေး - ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဋ္ဌာန။
(၂၅) ဦးဇော်မင်း - ဝန်ကြီး၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန။
(၂၆) ဦးခင်မောင်စိုး - ဝန်ကြီး၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန။
(၂၇) ဒေါက်တာမြအေး - ဝန်ကြီး၊ ပညာရေးဝန်ကြီးဋ္ဌာန။
(၂၈) ဒေါက်တာဖေသက်ခင် - ဝန်ကြီး၊ ကျန်းမာရေးးဝန်ကြီးဌာန။
(၂၉) သူရဦးမြင့်အောင် - ဝန်ကြီး၊ သာသနာရေးဝန်ကြီးဋ္ဌာန။
(၃ဝ) ဦးအေးမြင့် - ဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဋ္ဌာန။
(၃၁) ဦးခင်ရီ - ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန။
(၃၂) ဦးသိန်းညွှန့် - ဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဋ္ဌာန။
(၃၃) ဦးစိုးမောင် - ဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဋ္ဌာန။
(၃၄) ဒေါက်တာထွန်းရှင် - ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး။
(၃၅) ဦးတင်မျိုးကြည် - အတွင်းရေးမှူး၊ အစိုးရအဖွဲ့ရုံး။

Reflection from Maung Wuntha & Kyaw Win


စာရေးဆရာ မောင်ဝံသနဲ့ စာရေးဆရာကျော်ဝင်းတို့ရဲ့ “အင်န်အယ်ဒီ၊ လွှတ်တော်နဲ့ ကျမ်းကျိန်စာသား သဘောထား” ကောက်နုတ်ချက်
မိုးမခ၊ ဧပြီ ၂၉ ၊ ၂၀၁၂
ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အင်န်အယ်ဒီအမတ် ၄၃ ဦးက ဧပြီ ၂၃ မှာ ကျင်းပတဲ့ လွှတ်တော်ညီလာခံကို တက်ရောက်ခြင်း၊ ကျမ်းကျိန်ခြင်း၊ တာဝန်စတင်ထမ်းဆောင်ခြင်းများ မပြုနိုင်ခဲ့ဘူး။ အဓိကအချက်ကတော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေပြင်ဆင်ချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဆိုတဲ့ စာသားကို လွှတ်တော်တက်အမတ်များ ကျမ်းကျိန်လွှာမှာ ဆက်လက်ပြင်ဆင်ပေးခြင်းကို လက်ရှိအစိုးရနဲ့ လွှတ်တော်တို့က မဆောင်ရွက်ပေးလို့ ဖြစ်ပါတယ်။
အဲသည်အကြပ်အတည်းကာလမှာ အမျိုးမျိုးသော သဘောထားအမြင်များ ပြောဆိုနေကြချိန်မှာ နိုင်ငံရေးအတွေးအမြင်များ ထုတ်ဖော်ရေးသားသူ ဆရာမောင်ဝံသနဲ့ ဆရာကျော်ဝင်းတို့က ၎င်းတို့ရဲ့ သဘောထားများကို ဖေ့စ်ဘွတ်နဲ့ အီမေးများမှာ ထုတ်ဖော်ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုပါ အာဘော်တို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 
မောင်ဝံသ၊ ဖေ့စ်ဘွတ်၊
ဒီချုပ်အမတ်များ လွှတ်တော်ဝင်ရေး (မောင်ဝံသ)
by Maung Wuntha on Tuesday, 24 April 2012 at 01:38 ·
ဧပြီ ၂၆ ၂၀၁၂ ရက်စွဲနဲ့ ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ အမှတ် ၉၁က ဒီနေ့ စောထွက်သွားပါပြီ။ ခါသင်္ကြန်ပွဲတော်ရက်များမှာ ၂ ပတ်နားခဲ့တဲ့ ပြည်သူ့ခေတ်ကို ပရိသတ်များလက်သို့ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်ဇောနဲ့ စောစောထွက်လိုက်တော့ လွှတ်တော်အမတ်များ ကတိသစ္စာပြုခြင်းဆိုင်ရာ စာသား ပြင်ဆင်ရေးနဲ့ ဒီချုပ်အမတ်များ လွှတ်တော်ထဲ ၀င်မ၀င် သတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို မပြောလိုက်ရသေးဘူးဗျာ။
            ဒီရက်ထဲ ဟိုက ဒီကမေးတာတချို့ကိုတော့ ဖြေလိုက်ပါတယ်။ မနေ့က မြန်မာတိုင်းမ်ဂျာနယ်က မေးတော့ ဗြိတိသျှပါလီမန်မှာ ၂၀၀၉ခုနှစ်က မြောက်အိုင်ယာလန် ဆင်ဖိန်း အမတ် ၅ ယောက် ကျမ်းသစ္စာမဆိုနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ပြန်ပြောပြလိုက်သေးတယ်။ သူတို့ကတော့ ဗြိတိသျှဘုရင်မကြီး၏ သစ္စာတော်ကို စောင့်သိရိုသေပါမည်လို့ သစ္စာဆိုရတာကိုး။ ဘယ်လိုက်နာနိုင်ပါ့မလဲ။အခြေအတင်တွေ ဖြစ်ခြဲ့ပီးမှ နောက်တော့  ဆင်ဖိန်းတွေနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းခြင်းဖြင့် ပြေလည်ခဲ့ပါတယ်။ ဆင်ဖိန်းရဲ့ လက်နက်ကိုင်အုပ်စုဖြစ်တဲ့  အိုင်အာအေ (IRA) တွေနဲ့တောင် ငြိမ်းချမ်းရေးရအောင်လုပ်ခဲ့ပြီးမှ လွှတ်တော်ထဲ ဆင်ဖိန်းတွေ ၀င်ရေးကို စကားလုံးကြောင့် ပြသနာ အဖြစ်မခံတဲ့ ဗြိတိသျှများရဲ့ နိုင်ငံရေးရင့်ကျက်မှုကို သာဓကပြချက်တစ်ခုပါပဲ။ 
            ကျွန်တော်တို့ဆီမှာက အဲသလို ပြသနာမဟုတ်ပါဘူးဗျာ။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။
(၁) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။
(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။  (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)
(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။
(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ  ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)
(၄) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့  အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။
 အဲဒီဆောင်းပါး face book မှာ ဆက်တင်ပေးပါမယ်။
မောင်ဝံသ (maungwuntha@gmail.com )     

 
ကျော်ဝင်း၊ အီးမေးပေးစာ
တစ်ဖက်ပိတ်လမ်းအန္တရာယ်
(ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ)
နှစ်ကူးမှ နှစ်ဦး
မြန်မာနိုင်ငံရေးနှစ်ဦးမှာ ‘တစ်နေ့ရွှေ၊ တစ်နေ့ငွေ’ ဆိုရမည်လားမသိ။ ကြည့်လေ …၊
သင်္ကြန်မတိုင်မီနှစ်ကူးရက်များကပင် အားတက်မျှော်လင့်ဖွယ်ရာအပြည့်။ ဟော -
သင်္ကြန်အပြီး နှစ်ဦးလည်းရောက်ရော၊ သို့လော … သို့လော ဖြစ်ရပြန်သည်။
အားလုံးသိကြသည့်အတိုင်း ဧပြီ ၁ ရက်နေ့က၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ
ကျင်းပဖြစ်သည်။ ဤရွေးကောက်ပွဲမှာ အမတ်နေရာအားလုံး၏ ၇%နီးပါးမျှသာ
ကိုယ်စားပြုသော်လည်း အရေးကြီးသော တိုးတက်မှုခြေလှမ်းတစ်ရပ်ဟု ပြည်တွင်းပြည်ပ
လေ့လာစောင့်ကြည့်သူများက အလေးထားကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါဝင်ယှဉ်ပြိုင်သည်ဖြစ်၍ မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး
အကျုံးဝင်သောရွေးကောက်ပွဲ ဖြစ်သွားသည်။
ပို၍အားတက်ဖို့ကောင်းသည်မှာ ‘လွတ်လပ်ပြီးတရားမျှတသော
ရွေးကောက်ပွဲ’ ဆိုသည့် ပြည်တွင်းပြည်ပအကဲဖြတ်ချက်များပင်ဖြစ်သည်။ ဤအတိုင်းဆိုလျှင်
သင်္ကြန်အပြီးဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ပေတော့မည်။ လွှတ်တော်တွေမှာ မြန်မာ့နိုင်ငံရေးအင်အားစုများ ငြင်းကြ၊ ခုံကြ၊ ညှိကြ၊ နှိုင်းကြ၊ ဆွေးနွေးကြရာ ဒီမိုကရက်တစ်ဖိုရမ်ကြီးဖြစ်သွားပေတော့မည်။ အားတက်စရာအပြည့်၊
မျှော်လင့်စရာအပြည့် …။
သို့တစေ၊ သင်္ကြန်ပြီးသည်နှင့် လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်၊ သို့မဟုတ်
ကျမ်းသစ္စာဆိုချက် ပုံစံ (ဇယား ၄) ပါ စကားလုံးအသုံးအနှုံး နှင့် ပတ်သတ်ပြီး
အငြင်းပွားစရာပေါ်လာသည်။ ထိုမှတဆင့် NLD ပါတီမှ အနိုင်ရ အမတ်များ
လွှတ်တော်မတက်တော့ ဖြစ်လာသည်။ စာရေးသူလို ဘေးမှရပ်ကြည့် အားတက်နေရသူများအတွက်
နှစ်ကူးကမျှော်လင့်ချက်တွေမှာ နှစ်ဦးအရောက်မှာပင် “တန်ခူးလေနှင့် လျှောတော့သည်” ဖြစ်ရလေတော့သည်။

တစ်ဖက်ပိတ်လမ်း

နိုင်ငံရေး၊ အထူးသဖြင့် ဥပဒေတွင်း နိုင်ငံရေးတွင် ဆုံးဖြတ်ချက်တစ်ခုမချမီ အထပ်ထပ်အခါခါ ဘက်ပေါင်းစုံမှ လှည့်ပတ်စဉ်းစားကြရသည့် အမှားခံလို့မဖြစ်သော ကိစ္စမျိုးတွေ မကြာခဏဆိုသလို ကြုံရတတ်ပါသည်။ Dead End ဟုခေါ်သည်။ ‘တစ်ဖက်ပိတ်လမ်း’ ဆိုပါဆို့။ မိမိဆုံးဖြတ်ချက်ကြောင့် မိမိကိုယ်ကို ချောင်ပိတ်မိစေသော၊ အဆင်မသင့်လျှင် မိမိ ‘လှုပ်ရှားခွင်’ (space) ကိုပင်
စတေးရဖွယ်ရှိသော ကိစ္စမျိုးကိုဆိုလိုသည်။ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဤသို့သောပေါ်လစီမျိုးကို တတ်နိုင်သလောက်ရှောင်သည်။ အခြားရွေးစရာ ဘာတစ်ခုမျှ မရှိတော့မှ၊ ‘နောက်ဆုံးအားထားရာ’ (last resort) အဖြစ် မလွှဲမရှောင်သာ ရွေးလေ့ရှိသည်။
ပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်စဉ်က စာရေးသူဘ၀င်မကျခဲ့သည်မှာ တစ်ဖက်ပိတ်လမ်းထဲ မရောက်စေလို၍ဖြစ်သည်။ Dead End နှင့်တိုးမှာစိုးသောကြောင်ဖြစ်သည်။ တကယ့်လက်တွေ့တွင်လည်း တစ်ဖက်မှမျှော်လင့်သည်ထက် ပို၍သဘောထားပျော့ပြောင်းလာသောကြောင့်သာ စာရေးသူစိုးရိမ်သလို မဖြစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလအထိ၊ ဤမျှအခြေနေကောင်းလာလိမ့်မည်ဟု ဘယ်သူမျှ မျှော်လင့်ခဲ့ကြသည်မဟုတ်။
ယခုကိစ္စ (လွှတ်တော်တက်ရေး မတက်ရေး) မှာလည်း တစ်ဖက်ပိတ်လမ်း
အန္တရာယ်ရှိသည်ဟုမြင်သည်။ ယခုကိစ္စမှာ ယခင်ကိစ္စ (၂၀၁၀ ရွေးကောက်ပွဲကိစ္စ) မှာလို
ခေါင်းဆောင်တစ်ဦးနှစ်ဦး၏ သဘောထားပျော့ပြောင်းမှုမျှလောက်နှင့်လည်း ပြေလည်နိုင်ဖွယ်ရာမရှိ။ ပုဒ်မ ၁၂၅ နှင့် ဇယား ၄ တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဖြစ်သည်။ နိုင်ငံရေးပါတီဥပဒေလို
အလွယ်တကူပြင်လို့မရ။ လွှတ်တော်အတွင်းက ပြင်မှရပါလိမ့်မည်။ သို့အတွက်
ပထမဆုံးလွှတ်တော်ထဲရောက်ဖို့လိုသည်။ ဒါတောင် USDP ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုလိုလိမ့်ဦးမည်။ ရှင်းရှင်းပြောရလျှင်၊ ယခုလောလောဆယ် လွယ်မည်မထင်သေးပါ။ ဤသို့ဆိုလျှင် NLD ဘာလုပ်မည်နည်း။ တစ်ဖက်ပိတ်လမ်း အန္တရာယ်ကိုထည့်သွင်းစဉ်းစားပေးကြပါဟု မေတ္တာရပ်ခံလိုပါသည်။

စကားလုံးတစ္ဆေ
မြန်မာ့နိုင်ငံရေးတွင် ‘နှုန်းစံအခြေပြုစဉ်းစားနည်း’ (normative thinking) များ လွှမ်းမိုးတွင်ကျယ်နေသလား၊ မကြာခဏဆိုသလို စဉ်းစားမိသည်။ ၀ိပ္ပဿနာတွင် ‘စာခံ’
နေလျင် ဥာဏ်စဉ်တက်ဖို့ခက်တတ်သည်ဟု ကြားဖူးသည်။ နိုင်ငံရေးတွင်လည်း ‘စံခံ’
နေကြလျင် လိုခရီးရောက်ရေးအတွက် အဟန့်အတား ဖြစ်လိမ့်မည်ထင်သည်။ အဆိုပါ
‘နှုံးစံအခြေပြုစဉ်းစားနည်း’ နှင့် ကျွဲကူးရေပါဖြစ်လေ့ရှိသည်မှာ စကားလုံးတွေကို အသေကိုင်ပြီး ကိုယ့်ဖာသာကိုယ် ပြန်လန့်နေတတ်ခြင်းဖြစ်သည်။
ယခုပြဿနာကိုပဲကြည့် …။
‘နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်’ ဆိုသော
စကားလုံးများ အပေါ်ဗဟိုပြုနေသည်ကိုတွေ့ရသည်။ အခြားနိုင်ငံများ၏ အခြေခံဥပဒေများတွင် ဘယ်လိုရှိသည်သိချင်၍ လွယ်လွယ်ရှိသော Encarta တွင်ရှာကြည့်မိသည်။ လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်ကိုတော့ မတွေ့။
အမေရိကန်သမ္မတများ ကျမ်းသစ္စာကျိန်ဆိုကြသည့် စာသားကိုသာတွေ့သည်။ သူတို့တွင်လည်း “Preserve, protect and defend the Constitution of United States” ဆိုသော
စကားရပ်ပါသည်သာဖြစ်သည်။ (Preserve, protect and defend ဆိုသော အဓိပ္ပါယ်မနီးယိုးစွဲ
စကားလုံးသုံးလုံးကြီးများတောင် သုံးထားသည်။) သို့တစေ ပြင်သင့်ပြင်ထိုက်၊ ပြင်စရာရှိလျင်မူ ပြင်ခဲ့ကြသည်သာဖြစ်ပါသည်။ ဤသို့ပြင်ဆင်ရင်းဖြင့်သာ အမေရိက၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည့်စုံကောင်းမွန်လာခြင်းဖြစ်သည်။
ပြောရလျင် စိတ်ကောင်းစေတနာနှင့် ပြင်ကြသည်မှာ အခြေခံဥပဒေကို ဖျက်စီးသည်မဟုတ်။
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာရောက်သည် မဟုတ်ပါလော…။ ဒီမိုကရက်တစ်နည်းကျ
ပြင်ဆင်နိုင်ကြဖို့ပဲလိုမည်ထင်ပါသည်။
စာရေးသူအနေနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနှင့်ကြုံတိုင်း၊ ‘ဗိုလ်ချုပ်အောင်ဆန်း
ဘာတွေလုပ်ခဲ့သည်’ ကိုပြန်ကြည့်လေ့ရှိသည်။ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအဆင့်တွင် ဗိုလ်ချုပ်ကိုယ်တိုင် ဘုရင်ခံအမှုဆောင်ကောင်စီတွင် ပါခဲ့သည်။ ဘုရင်ခံက ဥက္ကဌ။ ဗိုလ်ချုပ်ကဒုဥက္ကဌ။ ဘုရင်ခံမှာ ဗိုလ်ချုပ်အထက်ကလူ။ ဘုရင်ခံသစ္စာခံထားသည်က ဗြတိသျှအစိုးရ။ နှုံးတွေ၊ စံတွေ၊ စကားလုံးတွေနှင့် ကြည့်လျင် အဓိပ္ပါယ်တစ်မျိုး။
သို့သော် ဗိုလ်ချုပ်က ဒါတွေကို အသေမကိုင်။ ‘လက်တွေ့အခြပြုစဉ်းစားနည်း’ (pragmatic thinking) ဖြင့်ချဉ်းကပ်သည်။ သူတို့မျိုးဆက်ထဲတွင် ဗိုလ်ချုပ်က သူများထက် ခေါင်းတစ်လုံးမြင့်သည်မှာ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်တတ်သောကြောင့် ဖြစ်လိမ့်မည်ဟု
စာရေးသူကနားလည်ထားသည်။ သူက ‘စံ’ တွေကို အသေမကိုင်၊ စကားလုံးတစ္ဆေမကြောက်။

မေတ္တာရပ်ခံချက်

ဝန်ခံရလျင် စာရေးသူအနေနှင့် ယခုစာစုကို မ၀ံ့မရဲ ရေးရခြင်းဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များလည်းဖြစ်၊ ဥပဒေပညာရှင်များလည်း ဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများအနေနှင့် စာရေးသူလို အနုံညာတ တစ်ယောက်ထက် ပိုသိ၊ ပိုတတ်၊ ပိုစဉ်းစားနိုင်ကြမည်မှာ သေချာပါသည်။
သို့နှင့်အမျှ ‘မိချောင်းမင်းရေခင်းပြ’ သလိုဖြစ်မှာကိုလည်း အမှန်ပင်စိုးရိမ်ပါသည်။ အမှန်စင်စစ်၊ ‘နိုင်ငံရေးအကျပ်အတည်း တစ်ခုများ ကြုံလေဦးမလား’ ဆိုသော စိုးရိမ်သောကကြောင့် ရေးမိရေးရာ ရေးလိုက်မိသော၊ ဘေးမှရပ်ကြည့်သူတစ်ဦး၏ အတွေးစများသာဖြစ်သည်။
တစ်ဆက်တည်း၊ နှစ်ဘက်ခေါင်းဆောင်အားလုံးကိုလည်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ အစဉ်အလာ၊ မဲဆန္ဒရှင်များ၏ မျက်နှာကို ထောက်ရှု၍ ဒုတိယအကြိမ် ပြန်လည်စဉ်းစားပေးပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို လေးစားစွာ တောင်းပန်အပ်ပါသည်။
၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များကိုလည်း နောက်ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခု မကြုံရလေအောင် အတတ်နိုင်ဆုံး ညှိနိုင်းဆောင်ရွက်ပေးပါဟု အားကိုးမျှော်လင့်စွာ တောင်းပန်အပ်ပါသည်။
ကျော်ဝင်း
၂၄ ဧပြီ ၂၀၁၂